“ချူခွမ်းရန်... ဒီနေရာကို လာတဲ့လမ်းကို မင်း ဘယ်လို ရှာတွေ့ခဲ့တာလဲ...”
ဓားသမားယင်မှာ ဘာမျှမသိတော့ပေ။
ချူခွမ်းရန်ထံ သတင်းအမှားများ ပေးပို့ရန် ကျန့်ချန်ဖုန်းကို သူတို့ အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း သူက ဤနေရာသို့ လာရာလမ်းကို မည်သို့ ရှာတွေ့ခဲ့သေးသနည်း။
“ခန့်မှန်းကြည့်ချင်လား...”
“မင်းမှာ ဓားကလန်ထဲက နောက်ထပ် သူလျှို တစ်ယောက် ရှိနေသေးတာလား...”
အခြေအနေများကို ချိတ်ဆက် စဉ်းစားမိသွားသောအခါ ဓားသမားဂူမှာ အံ့အားသင့်သွား၏။
“ခစ်...”
အုပ်စုထဲမှ အငြိုးတကြီး ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ဓားသမားဂူ သတိမထားမိလိုက်မီမှာပင် ဓားသမားမိန်က ဓားကလန်က ကျင့်ကြံသူ နှစ်ယောက်ကို ရုတ်တရက် သတ်ဖြတ်လိုက်၏။
တစ္ဆေတစ်ကောင်ကဲ့သို့ပင် သူမက အရိပ်များထဲသို့ ပျောက်ကွယ်သွားပြီးနောက် ပြန်လည် ထွက်ပေါ်လာကာ ချူခွမ်းရန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဂါရဝပြုပါတယ် သခင်...”
မေးရိုးပြုတ်ကျမတတ်မြင်ကွင်းက ဓားကလန်၏ ကျင့်ကြံသူများကို လမ်းကြောင်းလွဲသွားစေ၏။
ကျန့်ချန်ဖုန်း တစ်ယောက်တည်းသာဆိုလျှင် ထားလိုက်တော့ချေ။
သို့သော်လည်း ဓားသမားမိန်ကပင်လျှင် ချူခွမ်းရန်ထံ သစ္စာခံလိုက်ပုံရသည်။ ၎င်းက လုံးဝကို ယုံကြည်နိုင်စရာမရှိပေ။
ဓားသမားမိန်က ကျန့်ချန်ဖုန်းနှင့် နှိုင်းယှဉ်ပါက များစွာ ပို၍ ထူးချွန်သော ကောင်းကင်သမီးတော်တစ်ယောက် ဖြစ်၏။ အမှောင်ထုသက်ဆင်းခြင်းခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည့်အတွက် သူမက ဓားကလန်၏ အနာဂတ်မဏ္ဍိုင် ဖြစ်လာရမည် ဖြစ်သည်။
ထို့အပြင် ဓားတာအိုသခင် အပေါ်ထားရှိသော သူမ၏ မသေနိုင်သည့် စွဲလမ်းမှုကို ကျင့်ကြံသူများက ကောင်းစွာ သိရှိထားကြ၏။
သူမ၏ ယိမ်းယိုင်ခြင်းမရှိသော သစ္စာတရားက ယခုအခါ အခြား ယောက်ျားတစ်ယောက်ထံ မည်သို့ ရောက်ရှိသွားရသနည်း။
“ဘာတွေ ဖြစ်နေတာလဲ...”
“ဓားသမားမိန်နဲ့ ကျန့်ချန်ဖုန်း... ဓားကလန်ရဲ့ တောက်ပတဲ့ ကောင်းကင်သားတော်နှစ်ယောက်က ချူခွမ်းရန်ကို သူတို့ရဲ့ သခင်အဖြစ် အသိအမှတ်ပြုလိုက်ကြတယ်ပေါ့လေ...”
ဓားသမားဂူ၏ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့သွားသည်။
“ချူခွမ်းရန်... ဓားသမားမိန်နဲ့ ကျန့်ချန်ဖုန်းကို မင်း ဘာတွေ လုပ်လိုက်တာလဲ...”
ဓားသမားယင်က ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။
ချူခွမ်းရန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“သူတို့ကို မင်းဘာသာ မေးကြည့်ပါလား...”
“ဓားသမားမိန်... ချူခွမ်းရန်က မင်းကို ဘာတွေများ ကမ်းလှမ်းခဲ့လို့လဲ... ဒါမှမဟုတ် ချူခွမ်းရန်က မင်းကို တစ်ခုခု အသုံးချပြီး အကျပ်ကိုင်ထားတာလား...”
ကျင့်ကြံသူများအနက်မှ တစ်ယောက်က ဓားသမားမိန်ကို မေးလိုက်၏။
“သခင့်အပေါ် သစ္စာခံတာက လုံးဝကို ကျွန်မရဲ့ ဆုံးဖြတ်ချက်ပဲ... သခင်က ကျွန်မအတွက် အရာအားလုံးပဲ...”
ဓားသမားမိန်က ပြောလိုက်သည်။ သူမက ချူခွမ်းရန်ကို ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများက ဓားတာအိုသခင်ကို သူမ ကြည့်လေ့ရှိစဉ်ကထက် များစွာ ပိုမို နက်ရှိုင်းသော ခံစားချက်၊ လေးစား အားကျမှုတို့ဖြင့် လောင်ကျွမ်းနေ၏။
ကျင့်ကြံသူများမှာ သူတို့၏ ခြေဖျားမှနေ၍ ဦးရေပြားထိ တွားသွားတက်လာသော ကြက်သီးထဖွယ် ခံစားချက်တစ်ခုကို မခံစားရဘဲ မနေနိုင်ကြပေ။
ဓားသမားကူကဲ့သို့သော အတွေ့အကြုံရင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် နက်ရှိုင်းလှသော ကြောက်ရွံ့မှုများ လွှမ်းမိုးခြင်း ခံလိုက်ရသည်။
ချူခွမ်းရန်က အလွန်တရာ ဆိုးယုတ်လွန်း၏။
“မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ဓားကလန်ကို သစ္စာဖောက်တဲ့သူတွေ သေရမယ်...”
ဓားသမားယင်က ပြောလိုက်ပြီး လေထုထဲသို့ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဓားသမားယင်က ကိုယ်ပျောက်နည်းစနစ်များတွင် ကျွမ်းကျင်သော ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး အရိပ်ဓားသမားများအဆင့်တွင် အတော်ဆုံး လုပ်ကြံသတ်ဖြတ်သူများထဲမှ တစ်ယောက်ဖြစ်၏။
သူ၏ သားကောင်အများစုမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ သူ၏ လက်ထဲတွင် ပျက်သုဉ်းသွားတတ်ကြသည်။
ရွှစ်...
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားအလင်းတန်း တစ်ခုက ချူခွမ်းရန်ထံ ပစ်ဝင်လာ၏။
၎င်း၏ အရှိန်နှင့် ကောက်ကျစ်စဉ်းလဲသော ပစ်မှတ်ထားရာထောင့်က ဓားသမားယင်၏ ထူးခြားပြောင်မြောက်လှသော လုပ်ကြံသတ်ဖြတ်ရေး နည်းစနစ်များ၏ ပြယုဂ်ပင် ဖြစ်သည်။
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ မီးပွားများ လွင့်စင်သွားသည်။
သို့သော်လည်း ဓားသမားယင်၏ တိုက်ခိုက်မှုကို ကြိုဆိုလိုက်သူမှာ ချူခွမ်းရန် မဟုတ်ဘဲ ဓားသမားမိန် ဖြစ်နေ၏။
“သခင်နဲ့ တိုက်ခိုက်ဖို့ နင်က အရည်အချင်း မမီပါဘူး... ကိုယ်ပျောက်နည်းစနစ် ဟုတ်လား... အဲဒီကစားပွဲကို နှစ်ယောက်စလုံး ကစားလို့ ရတာပေါ့...”
ဓားသမားမိန်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ထဲမှ အမှောင်ချီများ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
“ဟွန့်... ဒါဆိုလည်း မင်းကို အရင် အဆုံးသတ်ပေးရတာပေါ့ သစ္စာဖောက်မ...”
ဓားသမားယင်က လှောင်ပြောင်လိုက်ပြီး ဓားသမားမိန်နှင့် ဓားချင်း ယှဉ်ခုတ်တော့၏။ သူတို့ နှစ်ယောက်က လေထဲတွင် တိုက်ခိုက်မှုများကို ဖလှယ်ကြပြီး ဓားအခြေခံ တာအိုစည်းချက် လှိုင်းလုံးများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ကြသည်။
ချူခွမ်းရန်က ဓားသမားကူနှင့် ကျန်သည့်လူများကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါ့မှာ အချိန်သိပ်မရှိဘူး... အားလုံး တစ်ပြိုင်နက်တည်းသာ ဝင်ခဲ့ကြ...”
ချူခွမ်းရန်က လွယ်ကူသော ပြိုင်ဘက် မဟုတ်ကြောင်း ကျင့်ကြံသူများက သိထားကြသဖြင့် သူ့ကို တစ်ယောက်တည်း တိုက်ခိုက်ရန် ရည်ရွယ်မထားကြပေ။
ဓားကလန် ကျင့်ကြံသူများက သူတို့၏ ဓားချီများကို စတင် ထုတ်လွှတ်လိုက်ကြပြီး ၎င်းတို့က စုပေါင်းကာ လေထဲတွင် သိမ်မွေ့သော ပိုက်ကွန်တစ်ခုအဖြစ် ဖွဲ့စည်းသွားကာ ချူခွမ်းရန်ထံ ပစ်လွှတ်လိုက်ကြ၏။
၎င်းက ဓားကလန် ကျင့်ကြံသူများ၏ စုပေါင်း ဓားအခြေခံ တာအိုစည်းချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် ဓားပိုက်ကွန်က သိသိသာသာကို အင်အားကြီးမားလှသည်။
အင်ပါယာတစ်ပိုင်း အဆင့်တစ်ယောက်ပင်လျှင် ၎င်း၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်ရန် လွယ်ကူမည် မဟုတ်ပေ။
သို့သော်လည်း ချူခွမ်းရန်က ဓားချီကြိုးမျှင် တစ်ချောင်းကိုသာ ထုတ်လွှတ်၍ တုံ့ပြန်လိုက်ရာ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားပိုက်ကွန်ကြီးမှာ ချက်ချင်းပင် အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရ၏။
ထိုမျှသာမက ဓားချီက အရှိန်အဟုန် ကောင်းနေဆဲ ဖြစ်ပြီး ဓားကလန်၏ ကျင့်ကြံသူများထံ ဆက်လက် တိုးဝင်သွားသည်။
သွေးမြူတိမ်တိုက် အမြောက်အမြားက ရုတ်တရက် ပေါက်ကွဲထွက်သွား၏။
“ဘာ...”
“ကြောက်စရာကောင်းလိုက်တဲ့ ဓားချီပဲ...”
ကျင့်ကြံသူများမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ဓားတာအိုသခင်၏ ခွန်အားများကို သူတို့က ကောင်းစွာ ရင်းနှီးထားကြသဖြင့် ဝင်ပေါက်ကိုးခု ဓားနှလုံးသားခန္ဓာက မည်မျှ အင်အားကြီးမားကြောင်း သူတို့ သိထားကြ၏။ သို့သော်လည်း ဓားတာအိုသခင်၏ ဓားချီက ချူခွမ်းရန်၏ ဓားချီထက် များစွာနိမ့်ကျနေသည်။
“သတ်...”
ဓားသမားကူက ကျယ်လောင်သော စစ်သည်တော် ဟစ်ကြွေးသံနှင့်အတူ တိုက်ခိုက်လိုက်သည်။
သူက သူ၏ ဓားကို ရှေ့သို့ လွှဲခုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များနှင့် ပွက်ပွက်ဆူနေသည့် မီးခိုးရောင် ဓားအလင်းတန်းတစ်ခု ပစ်ထွက်သွား၏။ ဓားအလင်းတန်းက ကောင်းကင်ယံကို ထိုးဖောက်၍ ချူခွမ်းရန်ထံ အညှာအတာမဲ့စွာ ဦးတည်သွားသည်။
ဓားကလန်အတွင်းရှိ အသန်မာဆုံး စစ်သည်တော်တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူ၏ ကျင့်ကြံခြင်း အဆင့်က အထွတ်အထိပ်အင်ပါယာတစ်ပိုင်း အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။ တာအိုအပေါ် နားလည်သဘောပေါက်မှု အပိုင်းတွင် သူက အရှင်သခင်အဆင့် တစ်ယောက်ထက်သာ အားနည်းခြင်း ဖြစ်၏။
“ကျွမ်းကျင်သူ တာအိုလား...”
“နှမြောစရာပဲ... မင်းသာ ပြီးပြည့်စုံသော တာအိုကို ရရှိအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် အများကြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမှာ...”
ချူခွမ်းရန်က သူ၏ လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး လက်ညိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်ကာ မီးခိုးရောင် သေခြင်းတရား ဓားအလင်းတန်းထံ လက်ချောင်းနည်းစနစ် တစ်ခုကို ထုတ်လွှတ်လိုက်သည်။
အင်အားကြီးမားသော ခရမ်းရောင် ဓားအလင်းတန်းတစ်ခု ပစ်ထွက်သွား၏။
ဓားအလင်းတန်းများ အချင်းချင်း ဆုံတွေ့သွားသည့် အခိုက်အတန့်တွင် ခရမ်းရောင် ဓားအလင်းတန်းက မီးခိုးရောင် ဓားအလင်းတန်းကို အားစိုက်ထုတ်စရာမလိုဘဲ ခုတ်ပိုင်းဖြတ်ကျော်သွားပြီး ဓားသမားကူထံ ဆက်လက် ကျူးကျော် ဝင်ရောက်သွားသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ဓားသမားကူက မျက်လုံးများ ပြူးကျယ်သွားပြီး ဝင်လာသော ဓားအလင်းတန်းကို ပိတ်ဆို့ရန် သူ၏ ဓားရှည်ကို လွှဲခုတ်၍ ကမန်းကတန်း တုံ့ပြန်လိုက်၏။
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သူ၏ ဓားရှည်က သူ၏ လက်ချောင်းများကြားမှ လွတ်ကျသွားသည်။ တစ်ချိန်တည်းမှာပင် ဓားသမားကူမှာ နန်းတော် နံရံဆီသို့ လွင့်စင်သွား၏။
နံရံများ အပိုင်းပိုင်း အစအနများအဖြစ် ပြိုကျသွားစဉ် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။ ဓားသမားကူက လတ်ဆတ်သော သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး သူ၏ အရိုးများ အပိုင်းပိုင်း ကျိုးပဲ့သွားသည်ကို ခံစားလိုက်ရသည်။
သူက ချူခွမ်းရန်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေ၏။
ဓားသမားကူက ချူခွမ်းရန်၏ ဇာတ်လမ်းများကို ကြားဖူးထားသည်။ အင်ပါယာလက်နက်ကို သူ ကိုင်ဆောင်ထားစဉ်တွင် အရှင်သခင်အဆင့်အောက်ရှိ မည်သူမျှ သူ့ကို အနိုင်မယူနိုင်ကြောင်း ပြောဆိုကြ၏။
သို့သော်လည်း ချူခွမ်းရန်က ယခုအချိန်တွင် အင်ပါယာလက်နက်ကိုပင် ကိုင်ဆောင်ထားခြင်း မရှိပေ။ သူ လုပ်လိုက်သည့်အရာဟူ၍ လက်ချောင်းကို မြှောက်လိုက်ခြင်းသာဖြစ်ပြီး ဓားသမားကူမှာ ရှုံးနိမ့်သွားခဲ့ရသည်။
ဤသည်က အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
“သူက ကောလာဟလတွေ ပြောတာထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်... ရက်ပိုင်းလေး အတွင်းမှာကို ဒီလောက် အံ့မခန်း တိုးတက်မှုကို သူ ရရှိအောင် လုပ်နိုင်ခဲ့တယ်... အရင်းအမြစ်တွေ အကူအညီရခဲ့တယ် ဆိုရင်တောင် အဲဒါတွေ အားလုံးကို ဘယ်လိုလုပ် ဒီလောက် မြန်မြန် သန့်စင်နိုင်ခဲ့တာလဲ...”
ဓားသမားကူက တည်ငြိမ်နေသော ချူခွမ်းရန်ကို ကြည့်လိုက်ပြီး သူ ယှဉ်နိုင်မည့် ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်သည်။
ဓားသမားကူက သွားကြိတ်လိုက်ပြီး အင်အားကြီးမားသော စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ယခုအခါ သူက အနက်ရောင်သန်းနေသော ကြက်သွေးရောင် မီးလျှံများနှင့်အတူ လောင်ကျွမ်းနေသည်။
“ငါ့အသက်ကို စတေးရမယ်ဆိုရင်တောင် မင်း တာအိုသခင်ကို နှောင့်ယှက်တာမျိုး ငါ ခွင့်မပြုနိုင်ဘူး...”
ဓားသမားကူက ခြိမ်းခြောက်နေသော မျက်နှာ အမူအရာဖြင့် ပြောလိုက်သည်။
ချူခွမ်းရန်က ဉာဏ်အလင်းမျက်လုံးကို အသက်သွင်းလိုက်ပြီး ဓားသမားကူက သူ၏ စိတ်ဝိညာဉ်စွမ်းအင်အဆင့်ကို သိသိသာသာ မြှင့်တင်ရန် လျှို့ဝှက် နည်းစနစ်တစ်ခုကို အသုံးပြုထားကြောင်း သိလိုက်ရ၏။
သို့သော်လည်း သူက ဤနည်းစနစ်ကို သူ၏ သက်တမ်းကိုရင်း၍ အသုံးပြုထားခြင်း ဖြစ်သည်။
နည်းစနစ်၏ အလုပ်လုပ်ပုံက ချူခွမ်းရန်၏ သေခြင်းတရားကိုးပါး သွေးလောင်ကျွမ်းခြင်းပညာရပ်နှင့် ဆင်တူသော်လည်း ဤအရာက များစွာ ပိုမို လျှို့ဝှက်ဆန်းကြယ်၏။
“အခု သေလိုက်တော့...”
ဓားသမားကူက ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချူခွမ်းရန်ထံ ပြေးဝင်သွားသည်။ သူ၏ ကြီးမားလှသော ဓားအခြေခံ တာအိုစည်းချက်များ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်နှင့်အမျှ ကြက်သွေးရောင် မီးလျှံများက ပိုမို တောက်ပစွာ လောင်ကျွမ်းလာပြီး ဘေးဒုက္ခ အငွေ့အသက်များ တထောင်းထောင်းထနေသည့် ဧရာမဓားအရိပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။
အစွမ်းကုန် ကြိုးစားမှုဖြင့် ဓားသမားကူက သူ၏ တစ်သက်တာလုံးတွင် အကြီးမားဆုံးသော တိုက်ခိုက်မှုကို ထုတ်လွှတ်ရန် သူ့ကိုယ်သူ ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
“မင်းရဲ့ သတ္တိက ချီးကျူးစရာကောင်းပေမဲ့ နှမြောစရာပဲ... အချည်းနှီး ဖြစ်သွားပြီ...”
ချူခွမ်းရန်က ခပ်တိုးတိုး ပြောလိုက်ရင်း ကောင်းကင်သက်ဆင်းကို ဆွဲထုတ်လိုက်ရာ ညကောင်းကင်ယံတွင် တောက်ပသော လခြမ်းတစ်ခုကဲ့သို့ လင်းလက်သွားသည့် ခရမ်းရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
၎င်းက အံ့သြဖွယ်ကောင်းပြီး ရင်သပ်ရှုမောဖွယ်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၎င်းက ခွင့်လွှတ်မှု ကင်းမဲ့သော သွေးဆာမှုများနှင့်အတူ ပွက်ပွက်ဆူနေ၏။
ဓားသမားကူ၏ ဓားအရိပ်မှာ ထောပတ်တုံးလေး တစ်တုံးကဲ့သို့ ခုတ်ပိုင်းခံလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးမှာ နှစ်ပိုင်း ပြတ်သွားသည်။
သနားစရာကောင်းလိုက်သည့် မြင်ကွင်းပင်ဖြစ်၏။
ဓားကလန်၏ ကျင့်ကြံသူများမှာ ကြောက်ရွံ့မှုများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။ သူတို့အတွက် သူတို့ ရှေ့မှ ချောမောသော ဝတ်ရုံဖြူ လူငယ်လေးက ငရဲပြည်၏ အနက်ရှိုင်းဆုံးနေရာမှ တက်လှမ်းလာသော နတ်ဆိုးတစ်ကောင်၏ ဝင်စားခြင်း ခံထားရသူ တစ်ယောက်နှင့် တူနေတော့သည်။
***