“ဒါပဲလား”
ထိုသို့ အရေးမစိုက်ဘဲ အထင်သေးလွန်းလှသော အသံ ထွက်ပေါ်လာချိန်တွင် ရှိနေသော မိစ္ဆာတိုင်းသည် ဦးရေပြားများ တစိမ့်စိမ့်နှင့် ထုံကျင်သွားသလို ခံစားလိုက်ရသည်။
သူတို့၏ ဦးနှောက်များမှာ လျှပ်စီးအချက်ပေါင်းများစွာ အပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်ချောက်ချားသွားရချေပြီ။
သူတို့အားလုံးမှာ ချက်ချင်းပင် မှင်တက်သွားကြရသည်။
*ဒေါင်းမွေး ယပ်တောင်ကတောင် ဒီလူကို မသတ်နိုင်ပါလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဒါက အမြင့်မြတ်ဆုံး သူတော်စင် လက်နက်တစ်ခုလေ*
“ဒါ မဖြစ်နိုင်ဘူး”
မိစ္ဆာမင်းသားကိုယ်တိုင်ပင် လုံးဝဥဿုံ ဆွံ့အသွားတော့သည်။
*ဒါက လုံးဝ မဖြစ်နိုင်ဘူး*
သူ၏ အစွမ်းရှိသမျှ အကုန်ထုတ်သုံးလိုက်တာတောင်မှ ရန်သူကို ဒဏ်ရာအနည်းငယ် ရအောင်ပင် မလုပ်နိုင်ခဲ့ပေ။
ခဏချင်းမှာပင် သူ့မျက်နှာမှာ သေလူတစ်ယောက်လို ဖြူဖျော့သွားတော့သည်။
*ပါရမီရှင် ဟုတ်လား*
*ငါ့ကိုယ်ငါ ပါရမီရှင်တစ်ယောက်လို့ မှတ်ယူခဲ့တာလား*
*ဒါဆိုရင် ငါ့ရှေ့က ဒီအရာက ဘာလဲ*
*မိစ္ဆာကောင်လား*
ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ်ဘက်တွင် လူတိုင်း တုန်လှုပ်နေကြသည်။
မူလက ယဲ့ဖန်ကို ခက်ခဲသော ရန်သူတစ်ယောက်ဟု သူတို့ သတ်မှတ်ခဲ့ကြသည်။
သို့သော် ယခုအခါ၌ သူသည် ခက်ခဲသော ရန်သူတင်မကဘဲ အိပ်မက်ဆိုးကြီး တစ်ခု ဖြစ်နေသည်။
သူတို့အားလုံးအတွက် အိပ်မက်ဆိုးကြီးပင်။
“ပြီးပြီ၊ ငါတို့ရဲ့ ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ်တော့ သွားပြီ”
“ဒီလို မိစ္ဆာဆန်တဲ့သူကို ရန်စမိမှတော့ ငါတို့ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ”
ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ်၏ မိစ္ဆာစစ်သူကြီးများ အားလုံး မျက်နှာ ပြာနှမ်းနေကြသည်။
မိစ္ဆာမင်းသား မနိုင်နိုင်သော တည်ရှိမှုတစ်ခုကို သူတို့ ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ်က ဘယ်လိုလုပ် ခုခံနိုင်ပါမည်နည်း။
“မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ ငါတို့မှာ အခွင့်အရေး ရှိသေးတယ်၊ ဘိုးဘေးသာ ကူညီပေးမယ်ဆိုရင် သူ့ကို သေချာပေါက် သတ်နိုင်မှာပဲ၊ သူက မိစ္ဆာမင်းသားကို နိုင်ရင်နိုင်မယ်၊ ဒါပေမဲ့ သူတော်စင်နဲ့ တွေ့ရင်တော့ သေရမှာပဲ! ဟဲဟဲ... ဟဲဟဲဟဲ...”
ထိုသို့သောအချိန်၌ ဝူမုထျန်းလျိုသည် မဲ့ပြုံးနှင့် အတင်းရယ်နေသော်လည်း သူ့ရဲ့ အမူအရာကတော့ အလွန်အမင်း တောင့်တင်းနေသည်။
တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသလိုပင်။
*ဒီလူက လုံးဝကို လူမဟုတ်ဘူး*
“မဖြစ်နိုင်ဘူး၊ ဒါတွေက အတုတွေ၊ သေစမ်း၊ သေလိုက်စမ်း”
မိစ္ဆာမင်းသားသည် လုံးဝကို ဒေါသပေါက်ကွဲပြီး ရူးသွပ်သွားလေသည်။ သူ့လက်ထဲမှ ဒေါင်းမွေး ယပ်တောင်ကို အဆက်မပြတ် ဝှေ့ယမ်းနေပြီး အရောင်ငါးမျိုး စွမ်းအင်လှိုင်းကြီးတွေက တရဟော စီးဆင်းလာသည်။
ဟင်းလင်းပြင် လောင်ကျွမ်းသွားလေသည်။ မြေသည်လည်း အက်ကွဲကုန်သည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် နာကျင်စွာ အော်ဟစ်ညည်းတွားသံများနှင့် ပြည့်နှက်သွားသည်။
ယခုအချိန်တွင် မိစ္ဆာမင်းသားသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပါချေ။ သူ၏ မျိုးနွယ်များ ထိခိုက်သေဆုံးကုန်သည်ကိုပင် သူ လုံးဝ အရေးမစိုက်တော့ဘဲ ပစ်ပယ်ထားလေသည်။
သူ၏စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိတော့သည်။ ၎င်းမှာ ယဲ့ဖန်ကို သတ်ပစ်ရန်ပင်။
၎င်းမှလွဲ၍ ကျန်သည့်အရာအားလုံးကို သူ ဂရုမစိုက်တော့ပါ။
“ဝုန်း ဝုန်း ဝုန်း”
ဤနေရာတစ်ခုလုံးတွင် တစ်ခုပြီး တစ်ခု ပေါက်ကွဲကုန်ပြီး ရွှံ့နွံများနှင့် ဖုန်မှုန့်များမှာ နေရာအနှံ့သို့ လွင့်စင်သွားကာ လေထုထဲတွင်လည်း ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ ကြည့်ရသည်မှာ ကမ္ဘာပျက်ကပ်တစ်ခုကို ဖြတ်သန်း နေရသည့်အလား အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများမှာ ယဲ့ဖန်ထံသို့ ပြင်းထန်စွာ တိုးဝင်သွားကြပြီး အသေအကြေ တိုက်ခိုက်မည်မှာ သေချာနေတော့သည်။
သို့သော် ထိုအချိန်၌ ယဲ့ဖန်ထံသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်နေသော အရောင်စုံ စွမ်းအင်အဟုန်ကြီးမှာ မိစ္ဆာ မင်းသား ထံသို့သာ တစ်စတစ်စ ပြန်လည် နီးကပ်လာနေတော့သည်။ တစ်စုံတစ်ခုက ၎င်းကို ပိတ်ဆို့ ထားသကဲ့သို့ပင်။
အရောင်စုံ စွမ်းအင် အဟုန်ကြီးကိုယ်တိုင်ကပင် မိစ္ဆာမင်းသားထံသို့ တဖြည်းဖြည်း ပြန်လည် နီးကပ်လာနေခြင်း ဖြစ်သည်။
“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ယဲ့ဖန်က ထိုစွမ်းအင်လှိုင်းကြီးကို ပိတ်ဆို့ထားသူဖြစ်ကြောင်း အရူးတစ်ယောက်ပင်လျှင် သိနိုင်ပေသည်။
သူ မသေသေးပေ။
ထို့အပြင် သူက ပိုပြီးတော့တောင် နီးကပ်လာနေသည်။
မီတာ တစ်ရာ၊ ဆယ်မီတာ၊ ငါးမီတာ၊ တစ်မီတာ။
“ဂျွတ်”
နောက်တစ်စက္ကန့်တွင် ထိုပြင်းထန်လှသော စွမ်းအင်လှိုင်းများထဲမှ လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး မျက်စိ တစ်မှိတ်အတွင်းမှာပင် မိစ္ဆာမင်းသား၏ လည်ပင်းကို ကျစ်ကျစ်ပါအောင် ဆွဲညှစ်လိုက်ပြီးနောက် လိမ်ချိုးလိုက်လေသည်။
သူ၏ လည်ပင်းရိုးမှာ လုံးဝ ကျိုးထွက်သွားလေသည်။
မိစ္ဆာမင်းသားသည် ချက်ချင်းပင် အသက်ပျောက်သွားလေ၏။
သူ၏ မျက်လုံးများထဲတွင် နာကျည်းမှုများနှင့် လုံးဝ မယုံကြည်နိုင်မှုများမှာ ယခုတိုင် အရိပ်ထင်နေဆဲ ဖြစ်သည်။
သူသည် လူသားတစ်ယောက်၏ လက်ချက်ဖြင့် အရေးနိမ့်သွားခဲ့သည်ဆိုသည်ကို သူ မယုံကြည်နိုင်ခဲ့ပေ။
သူသည် လက်တစ်ဖက်တည်းဖြင့် ချေမှုန်းသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဆိုသည်ကိုလည်း သူ မယုံကြည် နိုင်ခဲ့ချေ။
ထို့နောက်တွင်မူ ယဲ့ဖန်သည် ထိုအလောင်းကို ကောင်းကင်ယံထက်မှနေ၍ ပေါ့ပေါ့ပါးပါးပင် အောက်သို့ ပစ်ချ လိုက်တော့သည်။
“ဗွမ်း”
အလောင်းမှာ ရွှံ့နွံအိုင်ထဲသို့ ပြုတ်ကျသွားလေသည်။
ပါရမီရှင်တစ်ဦး ကြွေလွင့်သွားခဲ့ပြီ။
ထိုမျှမက အလွန်ပင် သနားစရာကောင်းလှသည့် အခြေအနေဖြင့် သေဆုံးခဲ့ရကာ သူ၏ ခန္ဓာကိုယ်မှာ ရွှံ့နွံများ ထဲတွင် ပုပ်သိုးသွားရတော့မည် ဖြစ်သည်။
ဤမြင်ကွင်းမှာ လူတိုင်းကို ဆွံ့အမှင်တက်သွားစေတော့သည်။
တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
မိစ္ဆာအားလုံးမှာ ကြက်သေသေနေကြရသည်။
ကွင်းတစ်ခုလုံးမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုကြီး ဖုံးလွှမ်းသွားတော့သည်။
မိစ္ဆာမင်းသား၊ မိစ္ဆာမျိုးနွယ်စု၏ အနာဂတ်။ အမြင့်မြတ်ဆုံးနှင့် အစွမ်းထက်ဆုံးသော တည်ရှိမှုသည် သေဆုံး သွားချေပြီ။
ထိုမျှမက လက်တစ်ဖက်တည်းဖြင့် ချေမှုန်းသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
အစမှအဆုံးတိုင် လုံးဝဥဿုံ ဖိနှိပ်ခြင်း ခံလိုက်ရကာ အစွမ်းမရှိ ပြန်လည်ခုခံနိုင်စွမ်းလည်း လုံးဝမရှိဘဲ သေဆုံး သွားခဲ့ရခြင်းပင်။
*ဒါက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ*
မိစ္ဆာအားလုံး၏ မျက်နှာများမှာ ကြောက်ရွံ့မှုများကြောင့် ရှုံ့မဲ့နေကြပြီး သူတို့၏ လှောင်ပြုံးများမှာလည်း လုံးဝကို ခဲသွားတော့သည်။
“နောက်တစ်ယောက်... ဘယ်သူလာဦးမလဲ”
ယဲ့ဖန်၏ အမူအရာမှာ တည်တင်းသွားပြီး သူ၏ မောက်မာမှုမှာလည်း လျော့ပါးသွားခြင်းမရှိဘဲ ပတ်ဝန်းကျင်ကို ရုတ်တရက် ဝေ့ကြည့်လိုက်တော့သည်။
မိစ္ဆာအားလုံးသည် တစ်ပြိုင်နက်တည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။
ထိတ်လန့်ခြင်း။ မလုံခြုံခြင်း။
သို့သော် ဤမြင်ကွင်းမှာ အိုးရန်ယွင်သော်နှင့် အခြားသူများအတွက်မူ အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေတော့သည်။
လွှမ်းမိုးနိုင်လွန်းလှသည်။ ခန့်ညားထည်ဝါလှပေသည်။
ဤသည်မှာ သူတို့၏ ဆရာသခင်ပင်။
ဤသည်မှာ ဧကရာဇ် ကိုးပါးပင်တည်း။
ကောင်းကင်ဘုံ ကိုးလွှာနှင့် မြေကမ္ဘာ တစ်ခွင်လုံးတွင် ပြိုင်ဘက်ကင်းသူ။
“မဖြစ်နိုင်ဘူး”
ထိုအခိုက်အတန့်မှာပင် စူးရှလှသော အော်ဟစ်ငိုကြွေးသံ တစ်သံ ဟိန်းထွက်လာတော့သည်။
ထို့နောက်တွင်မူ လူအုပ်ထဲမှ ပုံရိပ်တစ်ခု အရှိန်အဟုန်ဖြင့် တိုးထွက်လာပြီး ရွှံ့နွံထဲရှိ မိစ္ဆာမင်းသားထံသို့ တိုက်ရိုက် ပြေးသွားကာ အလောင်းကို ပွေ့ချီလိုက်တော့သည်။
သူ၏ မျက်နှာထက်တွင် မျက်ရည်များ တရဟော စီးကျနေ၏။ သူ၏ မျက်နှာလုံးတွင်လည်း အတိုင်းထက် အလွန် ပူဆွေးသောကရောက်မှုများဖြင့် ပြည့်နှက်နေသည်။
“သူတော်စင် ချီရှီးပါလား”
လူတိုင်း မှင်တက်သွားကြရသည်။
ရောက်ရှိလာသူမှာ အင်အားကြီးမားလှသော မိစ္ဆာကြီးတစ်ဦး ဖြစ်သည်။ သူသည် တစ်ချိန်က ဒေါင်းမင်း နောက်သို့ လိုက်ပါခဲ့ဖူးသော သစ္စာရှိ အစေခံတစ်ဦးလည်း ဖြစ်သည်။
ထို့ပြင် သူသည် မိစ္ဆာမင်းသား၏ အစောင့်အရှောက်လည်း ဖြစ်နေပြန်သည်။
နှစ်ပေါင်းများစွာတိုင်အောင် သူသည် မိစ္ဆာမင်းသားအား ကာကွယ်စောင့်ရှောက်ရန် မြှုပ်နှံထားခဲ့ပြီး တစ်နေ့တွင် မင်းသားလေး အရွယ်ရောက်လာကာ ဒေါင်းမင်းမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သူ ဖြစ်သည်။
သို့သော် ယခုမူ သူ ခဏတာ ထွက်ခွာသွားချိန်အတွင်းမှာပင် မိစ္ဆာမင်းသားမှာ အသက်ပျောက်သွားခဲ့ချေပြီ။ ထိုမျှမက ရွှံ့နွံများထဲတွင် အပုပ်နံ့နံစွာဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
သူ၏ အိပ်မက်များမှာ တစ်စစီ ဖြစ်သွားခဲ့လေပြီ။ သူသည် ဒေါင်းမင်းအပေါ်ထားရှိသော တာဝန်ကို ပျက်ကွက် ခဲ့လေပြီ။
ဒေါင်းမင်း၏ တစ်ဦးတည်းသော သွေးသားမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သကဲ့သို့ မိစ္ဆာမျိုးနွယ်စု ပြန်လည် ထွန်းကားလာရန် မျှော်လင့်ချက်မှာလည်း အတူတူ ပျောက်ကွယ်သွားခဲ့ရပြီ။
“ဘယ်သူလဲ၊ ဘယ်သူက ငါတို့ မိစ္ဆာမင်းသားကို သတ်လိုက်တာလဲ”
သူတော်စင် ချီရှီး ဟိန်းဟောက်လိုက်ရာ သူ၏ မျက်လုံးများမှာ သွေးဆူလျက် နီမြန်းနေပြီး ရက်စက် ကြမ်းကြုတ်လှသော အကြည့်များဖြင့် ပတ်ဝန်းကျင်ကို ဒေါသတကြီး ဝေ့ကြည့်လိုက်တော့သည်။
“သူတော်စင်ကြီးခင်ဗျာ... ဒီလူသား အမှိုက်ကောင်ပါပဲ၊ သူက မိစ္ဆာမင်းသားကို သတ်လိုက်တာပါ”
ဝူမုထျန်းလျိုသည် တစ်ဖန် ပြန်လည် ထကြွလာပြီး သူ၏ လှံရှည်ဖြင့် ယဲ့ဖန်ကို ညွှန်ပြလိုက်သည်။
သူ၏ မျက်နှာပေါ်တွင်လည်း ရူးသွပ်သော အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။
အလွန်အမင်း ဝင့်ကြွားနေလေပြီ။
အတိုင်းထက်အလွန် ကျေနပ်အားရနေတော့သည်။
ဝူမုထျန်းလျိုသည် မူလက သူကိုယ်တိုင် သေတွင်းနက်ထဲ ကျရောက်တော့မည်ဟု ထင်မှတ်ထားသော်လည်း မထင်မှတ်ဘဲ အမြဲတမ်း ပြန်လှည့်စရာ လမ်းစရှိနေခဲ့သည်။
သူက သူတော်စင် ရောက်လာလိမ့်မည်ဟု ပြောခဲ့ပြီး ယခု အမှန်တကယ်ပင် သူတော်စင် ရောက်ရှိလာခဲ့ချေပြီ။
ယခုအချိန်တွင် ယဲ့ဖန်သည် မည်မျှပင် ထူးခြားသည့် ပါရမီရှင် ဖြစ်နေပါစေ၊ သူတော်စင် တစ်ပါးကိုမူ လုံးဝ ယှဉ်နိုင်မည်မဟုတ်ဘဲ သေဆုံးရန်သာ ရှိတော့သည်။
ထိုအခါ သူတော်စင်သည် ယဲ့ဖန်ကို စူးစိုက်ကြည့်လာသည်။
“မင်း မိစ္ဆာမင်းသားကို သတ်လိုက်တာလား”
သူ၏ လေသံမှာ အေးစက်စက်ရှိလှပြီး သတ်ဖြတ်လိုသော အဟုန်များဖြင့် ပြည့်လျှံနေတော့သည် ။
၎င်းကို ကြားလိုက်ရသောအခါ ရှိနေသော မိစ္ဆာများမှာ သူတို့၏ အားကိုးရာ တိုင်ကြီးကို ပြန်လည် တွေ့ရှိ သွားသကဲ့သို့ပင် တစ်ဦးချင်းစီ၏ မျက်နှာတွင် ယုတ်မာသော အပြုံးများ ပေါ်လာကြကာ ဝင့်ကြွားလာကြသည်။
ယဲ့ဖန်မှာ သေချာပေါက် အဆုံးစီရင်ခံရတော့မည်ဟု သူတို့ အားလုံးက ထင်မှတ်နေကြပြီ ဖြစ်သည်။
အမှန်တကယ်ပင် သူတော်စင်တစ်ပါးနှင့် အင်မော်တယ် ဧကရာဇ် တစ်ဦးဆိုသည်မှာ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပါချေ။
ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
သူတော်စင် တစ်ပါးသည် ဆံပင်တစ်မျှင်တည်းနှင့်ပင် အင်မော်တယ် ဧကရာဇ် တစ်ဦးကို သတ်ဖြတ်နိုင်သော်လည်း အင်မော်တယ် ဧကရာဇ် တစ်ဦးမှာမူ သူ၏ စွမ်းအားအားလုံးကို ထုတ်သုံးလျှင်ပင် သူတော်စင်၏ ဆံပင်တစ်မျှင်ကိုမျှ ထိခိုက်အောင် မလုပ်နိုင်ပါချေ။
ဒါဟာ အဆင့်အတန်းချင်း ကွာခြားချက်ပင်။
*ဒီကောင်လေးတော့ သေပြီ*
“ငါပဲ”
ယဲ့ဖန်က အနည်းငယ်မျှ ဖုံးကွယ်ခြင်း မရှိဘဲ သူတော်စင် ချီရှီးကို တည့်တည့်စိုက်ကြည့်ကာ တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်လေသည်။
*ဘာ*
မိစ္ဆာများမှာ ချက်ချင်းပင် မှင်တက်သွားကြရသည်။
*သူ ဝန်ခံလိုက်တာလား*
*ဒီလောက် အလွယ်တကူ ဝန်ခံလိုက်တာလား*
ယဲ့ဖန်အနေဖြင့် ထိတ်လန့်တုန်လှုပ်ပြီး ငြင်းဆိုရန် ကြိုးစားလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း ဤမျှ လွယ်လွယ်ကူကူ ဝန်ခံလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။
*ဒီကောင် သေချင်ဇောနဲ့ ရူးသွားတာလား*
“ဝုန်း”
ရုတ်တရက် သူတော်စင် ချီရှီးထံမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အဟုန်များ ပေါက်ကွဲ ထွက်လာတော့သည်။
လူသူကင်းမဲ့သော ဤလွင်ပြင်ကြီးတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားရချေပြီ။
ဤမျှ ကြီးမားလှသော သူတော်စင်အရှိန်အဝါကို လုံးဝ တောင့်မခံနိုင်တော့ပါချေ။
မိစ္ဆာအားလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် မီတာတစ်ရာခန့်အထိ နောက်သို့ ဆုတ်ခွာသွားကြပြီး မျက်နှာများမှာ သေလူကဲ့သို့ ဖြူဖျော့သွားကြသည်။
သူတော်စင်၏ အရှိန်အဝါအောက်တွင် သူတို့သည် ပုရွက်ဆိတ်ငယ်များကဲ့သို့ပင်။ သူတော်စင်၏ အသက်ရှူသံ တစ်ချက်သည်ပင် သူတို့ကို သတ်ဖြတ်ရန် လုံလောက်လှပေသည်။
ယဲ့ဖန်သည် တစ်ဖက်လူထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသော အရှိန်အဝါကို ခံစားမိသော်လည်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“မိစ္ဆာမျိုးနွယ်စုထဲမှာ မိစ္ဆာသူတော်စင်တွေ အများကြီး ကျန်တော့တာ မဟုတ်ဘူး။ ငါ မသတ်ချင်ဘူး၊ ငါ့ကို အတင်းအကျပ် ဖိအားမပေးနဲ့”
အေးစက်လှပေသည်။ မောက်မာလှပေသည်။
သူတော်စင် ချီရှီး သူ သေချာပေါက် သတ်နိုင်သည်ဟု ယူဆနေသည့်အလားပင်။
၎င်းကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ဆွံ့အသွားကြရသည်။
သူတို့ နားကြားမှားလေသလားဟုပင် သံသယဝင်သွားကြသည်။
*ဒီလူက သူတော်စင်တစ်ပါးကို မသတ်ချင်ဘူးလို့ တကယ်ပဲ ပြောလိုက်တာလား*
*အင်မော်တယ် ဧကရာဇ်က သူတော်စင်ကို သတ်မလို့လား*
*စိတ်ကူးယဉ်နေတာပဲ*
“ဒီကောင်တော့ ကြောက်လွန်းလို့ ရူးသွားပြီ ထင်တယ်၊ ပေါက်ကရတွေတောင် လျှောက်ပြောနေပြီ”
“အင်မော်တယ် ဧကရာဇ်က သူတော်စင်ကို သတ်မယ်တဲ့လား၊ တကယ့်ကို မောက်မာတဲ့ အရူးပဲ၊ ဒါက လပြည့်ဝန်းရဲ့ တောက်ပမှုနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့ ပိုးစုန်းကြူးလေးလိုပဲ၊ တကယ့်ကို ရယ်စရာ ကောင်းလှတယ်”
နှိမ်ချကဲ့ရဲ့သံများမှာ လေထုထဲတွင် ပျံ့လွင့်သွားတော့သည်။
လူတိုင်းက ယဲ့ဖန်ကို သေလူတစ်ယောက်ကဲ့သို့ အထင်သေးစွာ ကြည့်နေကြသည်။
“သေစမ်း”
ထိုအခိုက်အတန့်တွင် သူတော်စင် ချီရှီးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ပါးစပ်မှ ကြောက်မက်ဖွယ် ကောင်းသော လေပြင်းများ ထွက်ပေါ်လာကာ ယဲ့ဖန်ကို ဝါးမြိုရန် ကြိုးစားတော့သည်။
ဤအခိုက်အတန့်တွင် သူတော်စင် ချီရှီး၏ နီမြန်းသော ဆံပင်များမှာ ကောင်းကင်သို့ ထောင်တက်သွားပြီး မျက်လုံးများမှာ သွေးဆူလျက် နီမြန်းနေကာ သွေးဆာနေသော သေမင်းနတ်ဘုရား တစ်ပါးနှင့်ပင် တူနေ တော့သည်။ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားပြီး အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
“သူတော်စင် ချီရှီး တိုက်ခိုက်ပြီ”
ဝူမုထျန်းလျိုသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏မျက်နှာမှာ အတိုင်းထက်အလွန် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
*သူတော်စင် ကိုယ်တိုင် လှုပ်ရှားလိုက်ပြီဆိုမှတော့ ဒီကောင် သေချာပေါက် သေရတော့မှာပေါ့*
“အရူး၊ ဒါက ရှီးလင်ကွ၊ မိစ္ဆာမင်းသားကို သတ်ပြီး ဒီကနေ ဒီအတိုင်း အလွယ်တကူ ထွက်သွားနိုင်မယ် ထင်နေတာလား၊ မဖြစ်နိုင်တာ”
“နှမြောစရာပဲ၊ ဒီလူသားကြောင့် ငါတို့ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဆုံးရှုံးခဲ့ရတယ်”
“ဘာကြောက်စရာ ရှိလဲ၊ လူသားမျိုးနွယ်ကလဲ မိစ္ဆာမင်းသားထက်တောင် ပိုထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးရမှာပဲလေ၊ အကျိုးအမြတ်ကို တွက်ကြည့်ရင် ငါတို့က သာသေးတယ်”
မိစ္ဆာအားလုံးမှာ အထင်သေးစွာဖြင့် လှောင်ပြောင်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် ယဲ့ဖန်မှာ သေပြီးသား လူတစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း နောက်ထပ် မြင်ကွင်းက သူတို့ကို... ကြောက်ရွံ့တုန်လှုပ်သွားစေတော့သည်။
ယဲ့ဖန်သည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူတို့ရှေ့တွင် ပိတ်ဆို့ထားလိုက်သည်။ သူ၏ အကြည့် များမှာ အေးစက်ကာ တည်ငြိမ်နေဆဲပင်။
ပြင်းထန်လှသော လေပြင်းများမှာ သူ၏လက်ကို ရိုက်ခတ်သွားသော်လည်း ချက်ချင်းပင် လွင့်စင် ပျောက်ကွယ် သွားတော့သည်။
ပင်လယ်ထဲသို့ ကျဆင်းသွားသော ရွှံ့နွားရုပ်ကဲ့သို့ပင် လှိုင်းဂယက် အနည်းငယ်မျှတောင် မထွက်ပေါ်စေခဲ့ပါချေ။
“သူ ... သူ ခုခံလိုက်နိုင်တယ်”
ဝူမုဖန်သိုက်၏ အမူအရာမှာ ခဲသွားပြီး လုံးဝ မယုံကြည်နိုင် ဖြစ်သွားတော့သည်။
*ဒီလူက လုံးဝ ခုခံနိုင်စရာ အကြောင်းမရှိဘူးလေ*
*ဒါက သူတော်စင်တစ်ပါးရဲ့ လူသတ် တိုက်ကွက်လေ*
*သူတော်စင်တစ်ပါးရဲ့ အသက်ရှူသံက တောင်တန်းတွေကို ဖြိုခွဲနိုင်ပြီး တောင်ထိပ်တွေကို ဖျက်ဆီးနိုင်တာ၊ အင်မော်တယ် ဧကရာဇ် တစ်ဦးတောင် မတွန်းလှန်နိုင်ဘူး*
*ဒါပေမဲ့ အခုတော့ သူ တကယ်ကြီး ခုခံလိုက်နိုင်တာပဲ*
“သူ မသေသေးဘူး၊ သူ တကယ်ကြီး အသက်ရှင်နေတုန်းပဲ”
“ဒါ မဖြစ်နိုင်ဘူး၊ သူ ဘယ်လိုလုပ်လိုက်တာလဲ၊ သူတော်စင်တစ်ပါးရဲ့ တိုက်ကွက်ကို ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ ခုခံနိုင်ရတာလဲ”
“ဒါဆို သူက... သူကလည်း သူတော်စင်တစ်ပါး ဖြစ်နေလို့လား”
မိစ္ဆာများမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့၏ မျက်လုံးများတွင် လုံးဝ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ် လုံးပင် လှုပ်ရှားမရအောင် ဖြစ်နေကြရသည်။
*သူတော်စင် တစ်ပါးလား၊ ဒါက ဖြစ်နိုင်ပါ့မလား*
*သူတော်စင် တစ်ပါးက မိစ္ဆာမျိုးနွယ်စုရဲ့ သန့်စင်ရာမြေကို လာပြီး သူတို့ရဲ့ ပါရမီရှင်ကို သတ်လိုက်တာလား*
*ဒါ မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးကို စစ်ကြေညာလိုက်တာနဲ့ အတူတူပဲ မဟုတ်လား*
“သူ... သူတော်စင် တစ်ပါးလား”
ဝူမုဖန်သိုက်၏ မျက်နှာ ပြာနှမ်းသွားပြီး သူမ၏ ဘေးနားရှိသူများကို အလောတကြီး ပြောလိုက်သည်။
“မြန်မြန်၊ ဘိုးဘေးကို တံခါးပိတ် ကျင့်ကြံရာကနေ အမြန်ထွက်လာဖို့ သွားပြောလိုက်ကြစမ်း! ဘိုးဘေးကြီး တစ်ယောက်ပဲ ဒီကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်”
တောင်းပန်ရမည်။ တောင်းပန်မှုက မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။
မဟုတ်လျှင် ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ်သည် အဆုံးမရှိသော ဘေးဒုက္ခများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အကယ်၍ တစ်ဖက်လူသာ သူတော်စင်တစ်ပါး အမှန်တကယ် ဖြစ်နေခဲ့လျှင် ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ်သည် ယနေ့မှစ၍ အမြဲတမ်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှင်သန်သွားရတော့မည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတော်စင်တစ်ပါးက ထွက်ပြေးရန် ကြိုးစားလျှင် တားဆီးရန်မှာ အလွန်ပင် ခက်ခဲသောကြောင့် ဖြစ်သည်။
အကယ်၍ ယဲ့ဖန်သာ လွတ်မြောက်သွားပြီး နောင်တစ်ချိန်တွင် ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ်ကို လက်စား ချေရန် ပြန်လာခဲ့လျှင် သူတို့သည် ကျောပေါ်တွင် ဆူးစူးထားသကဲ့သို့ အမြဲတမ်း ဘေးအန္တရာယ်နှင့် ရင်ဆိုင် နေရတော့မည် မဟုတ်ပါလား။
“သူက ဘာလို့ သူတော်စင် ဖြစ်နေရတာလဲ”
ဝူမုထျန်းလျို၏ အပြုံးများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ ဖခင် ဆုံးရှုံးလိုက်ရသကဲ့သို့ပင် မျက်နှာမှာ သွေးဆုတ် ဖြူလျော့ သွားတော့သည်။
ဤမြင်ကွင်းမှာ မည်မျှပင် မျှော်လင့်ချက် ကင်းမဲ့စရာ ကောင်းလှပါသနည်း။
သူတော်စင် ချီရှီးပင်လျှင် ခေတ္တမျှ မှင်တက်သွားရသည်။ ရန်သူမှာ အမှန်တကယ်ပင် သူတော်စင်တစ်ပါး ဖြစ်နေ လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။
ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် ရှေ့သို့ တစ်လှမ်း တိုးလာပြီး သူ၏ ခန္ဓာကိုယ်မှ သူတော်စင်မီးလျှံများမှာ ရုတ်တရက် ဟုန်းဟုန်းတောက် ထွက်ပေါ်လာတော့သည်။ သူ၏ အကြည့်များမှာလည်း ဓားသွားတစ်စင်းကဲ့သို့ စူးရှထက်မြက်နေသည်။
“မင်း ငါ ပြောတာကို နားထောင်ရမယ်”
***