“မင်းက သူတော်စင် တစ်ပါးဖြစ်နေတော့ရော ဘာဖြစ်လဲ၊ ဒါက ငါတို့မျိုးနွယ်စုရဲ့ ပါရမီရှင်ကို သတ်ပိုင်ခွင့် မင်းမှာ ရှိတယ်လို့ ဆိုလိုတာလား၊ မင်းက လူသားတွေနဲ့ မိစ္ဆာတွေကြားမှာ စစ်ပွဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဆွပေး နေတာလား”
“အဲ့ဒီလိုဆိုရင်တော့ မနက်ဖြန်ကျရင် ငါတို့မိစ္ဆာမျိုးနွယ်စု တစ်စုလုံး ကျူးကျော်ဝင်ရောက်ပြီး မင်းတို့လူသားနိုင်ငံ တစ်ခုလုံးကို အရင်ဆုံး အမြစ်ပြတ် သတ်ပစ်မယ်၊ ဘာပဲဖြစ်ဖြစ် မင်းတို့လူသားတွေမှာ အရာအားလုံး ပေါများပေမဲ့ လူဦးရေကတော့ အများဆုံးပဲ မဟုတ်လား”
ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ်၏ အစေခံတစ်ဦးသည် ရှေ့သို့ တိုးထွက်လာပြီး ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
“ပုရွက်ဆိတ်တစ်ကောင်ကတောင် စကားပြောရဲသေးတယ်ပေါ့”
ယဲ့ဖန်က ငေါက်လိုက်ပြီး ထိုအစေခံကို ရုတ်တရက် လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
“ဝုန်း”
နေမင်းထက်ပင် ပိုမိုတောက်ပလှသော မီးလျှံတံဆိပ်တစ်ခုမှာ ရုတ်တရက် ကျရောက်လာတော့သည်။
“ဖြောင်း”
ထိုအစေခံမှာ ချက်ချင်းပင် သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားရရှာသည်။ သူသည် အင်မော်တယ် ဧကရာဇ် အဆင့်တွင် ရှိနေသော်လည်း ထိုရိုက်ချက်ဒဏ်ကို လုံးဝမခံနိုင်ဘဲ ဖုန်မှုန့်အဖြစ် ဘဝနိဂုံးချုပ်သွားရချေပြီ။
*ဒါက...*
ဤမြင်ကွင်းကြောင့် မိစ္ဆာအားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏ မျက်နှာများမှာလည်း ချက်ချင်းပင် ပျက်သွားကြတော့သည်။
မိစ္ဆာများမှာ နောက်ထပ် စကားတစ်လုံးပင် မဟဝံ့ကြတော့ချေ။ အကယ်၍ သူတို့သာ မောက်မာသည့် စကား တစ်ခွန်း ပြောမိပါက ထိုအစေခံကဲ့သို့ အဆုံးသတ်သွားမည်ကို ကြောက်ရွံ့နေကြသည်။
သူတို့ ကောင်းကောင်းကြီး သဘောပေါက်သွားကြသည်။
ထိုအစေခံသည် သူတော်စင် ချီရှီး၏ ဘေးနားတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူတော်စင်၏ အကာအကွယ် ရှိနေသည်ဟု ထင်မှတ်ကာ ရဲရဲတင်းတင်း စကားပြောခဲ့သော်လည်း နောက်ဆုံးတွင်မူ လက်ဝါးဖြင့် ရိုက်သတ်ခြင်း ကိုသာ ခံလိုက်ရသည်။
ယဲ့ဖန်၏ တိုက်ကွက်ကို သူတော်စင်ကိုယ်တိုင်ပင် ကြိုတင်သတိမထားမိခဲ့ပါချေ!
ဤနေရာတွင် သူတော်စင်မှလွဲ၍ ကျန်သည့်သူ မည်သူ့ကိုမဆို ယဲ့ဖန်အနေဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။
“မင်းက တကယ်ပဲ ဘယ်သူလဲ၊ ဘာကြောင့် ငါတို့ မိစ္ဆာနယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာရတာလဲ”
သူတော်စင် ချီရှီးသည် ဤအခိုက်အတန့်တွင် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။ တစ်ဖက်လူမှာ သူတော်စင် တစ်ပါး ဖြစ်နေသည့်အတွက် တစ်စုံတစ်ရာ ရည်ရွယ်ချက် ရှိရမည်ဟု သူ ယူဆလိုက်သည်။ ထို့ကြောင့် တစ်ဖက်လူ ဘာအလိုရှိသနည်းဆိုသည်ကို သူ စုံစမ်းရန် လိုအပ်လာသည်။
“ငါ တစ်ခုခု လာယူတာ”
ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘာပစ္စည်းလဲ”
“လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက အသူရာ ဧကရာဇ် မင်းတို့ဆီမှာ ခဏ ငှားထားခဲ့တဲ့ အရာပေါ့”
*ဘာ*
မိစ္ဆာအားလုံး၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်နှာများမှာလည်း မည်းမှောင်သွားကြတော့သည်။ သူတို့သည် ယဲ့ဖန်ကို ဒေါသနှင့် မုန်းတီးမှုများဖြင့် စိုက်ကြည့်နေကြသည်။
ယဲ့ဖန် ဘာကို ပြောနေသလဲဆိုသည်ကို သူတို့ ကောင်းကောင်း သိကြသည်။
၎င်းမှာ... ထာဝရ အင်မော်တယ် ကြာပန်းပင် ဖြစ်တော့သည်။
ယဲ့ဖန် ရည်ညွှန်းနေသည်မှာ ထာဝရ အင်မော်တယ်ပန်းပင် ဖြစ်သည်။
၎င်းမှာ မိစ္ဆာမျိုးနွယ်စု၏ အခြေခံ အုတ်မြစ်ပင် ဖြစ်သည်။
မိစ္ဆာမျိုးနွယ်စုအနေဖြင့် နှစ်ပေါင်းများစွာတိုင်အောင် ကောင်းကင်ဘုံ၏ ဝါးမြိုခြင်းကို မခံရဘဲ ရှောင်ရှား နိုင်ခဲ့သည်မှာ ဤထာဝရ မသေမျိုးပန်းကြောင့်ပင် ဖြစ်သည်။
၎င်းမှာ အသူရာ ဧကရာဇ်၏ ကျင့်စဉ်ခန္ဓာ၊ သူ၏ အခြေခံနှင့် သူ၏ မူလ ဇစ်မြစ်တို့ ပေါင်းစပ်ဖြစ်တည်လာခြင်း ဖြစ်သည်။
အတိုင်းအဆမဲ့သော စွမ်းအား။ ကျယ်ပြော နက်နဲလှသော စွမ်းအင်။
ဤမသေမျိုး ပန်းအောက်တွင် တရား ကျင့်ကြံခြင်းမှာ တစ်ရက်တည်းနှင့်ပင် တစ်နှစ်စာနှင့် ညီမျှသော တိုးတက် မှုကို ရရှိစေသည်။
ထို့ထက်ပိုသည်မှာ ၎င်းသည် မိစ္ဆာမျိုးနွယ်စု၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်သည်။ မိစ္ဆာအားလုံးသည် ၎င်းကို မဖြစ်မနေ ဝတ်ပြုကိုးကွယ်ကြရသည်။
ဆိုရလျှင် ၎င်းသည် မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး၏ အရာခပ်သိမ်းပင် ဖြစ်တော့သည်။ ဤထာဝရ မသေမျိုးပန်းသာ မရှိတော့လျှင် သူတို့၏ မိစ္ဆာမျိုးနွယ်စုသည် လျင်မြန်စွာပင် ဆုတ်ယုတ်ပျက်စီးသွားပေလိမ့်မည်။
“ထင်တဲ့အတိုင်းပဲ၊ မင်းက ပြဿနာ လာရှာတာပဲ”
သူတော်စင် ချီရှီး၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်လာတော့သည်။ တစ်ဖက်လူမှာ သူ၏ ရည်ရွယ်ချက်ကို အတိအလင်း ပြောဆိုရဲပြီး မိစ္ဆာမျိုးနွယ်စု၏ အထွတ်အမြတ်ထားရာ အရာဝတ္ထုကို ယူဆောင်ရန် ကြိုးစားနေသည် မဟုတ်ပါလား။
ဒါက ... လုံးဝ ခွင့်မလွှတ်နိုင်စရာပင်။
မောက်မာလှသည်။ အလွန်အမင်းကို မောက်မာလွန်းလှသည်။
ဤမျှ တရားသေဆုပ်ကိုင်ပြီး လာရောက်ခိုးယူရန် ကြိုးစားနေခြင်းမှာ သူတို့၏ မိစ္ဆာမျိုးနွယ်စုတွင် မည်သူမျှ မရှိတော့ဟု ထင်နေသလား။
“လူသားသူတော်စင် ... မကြာခင် မင်း ဒီနေရာမှာပဲ အသက်ပျောက်ရလိမ့်မယ်။ ငါတို့မျိုးနွယ်စုရဲ့ အထွတ်အမြတ် ထားရာကို မင်း လုံးဝ ယူသွားလို့မရစေရဘူး၊ မင်းရဲ့ အသက်ကိုတော့ ငါတို့ သိမ်းယူလိုက်မယ်”
သူတော်စင် ချီရှီး၏ သတ်ဖြတ်လိုသော အဟုန်မှာ ကောင်းကင်သို့တိုင် မြင့်တက်သွားပြီး သူ၏ အကြည့်များမှာ စူးရှကာ မိစ္ဆာတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်နေတော့သည်။
အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့နောက် ချက်ချင်းပင် သူသည် ဒေါသအဟုန်ဖြင့် ကောင်းကင်ယံကို လက်သီးဖြင့် ထိုးခွဲလိုက်ပြီး ဟင်းလင်း ပြင်ကြီးကို ဆွဲဖြဲကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
“ဒါ အစကတည်းက အသူရာ ဧကရာဇ် မင်းတို့ကို ခဏငှားပေးထားခဲ့တဲ့အရာပဲ၊ ဘယ်တုန်းကများ မင်းတို့ရဲ့ အထွတ်အမြတ်ထားရာ ဖြစ်သွားတာလဲ”
ယဲ့ဖန်က နှာခေါင်းရှုံ့ရင်း လှောင်ပြောင်လိုက်သည်။
“ပြီးတော့ မင်းလည်း ဒါကို လာယူဖို့ ဒီမှာ ရှိနေမသင့်ဘူး”
သို့သော် ထိုအခိုက်အတန့်မှာပင် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ထွက်ပေါ်လာတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ ရှိနေသော မိစ္ဆာအားလုံးမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်တက်သွားပြီး ပါးစပ်များမှာလည်း ကြက်ဥတစ်လုံး ငုံထားနိုင်လောက်အောင် အံ့ဩတကြီးဖြင့် ပွင့်ဟလာကြသည်။
သူတို့အားလုံးမှာ လုံးဝကို ထိတ်လန့်တုန်လှုပ်သွားကြရသည်။
ထူးဆန်းသော ဖြစ်စဉ်တစ်ခု ... ရှေးဟောင်း မသေမျိုး ပန်းတစ်ပွင့်။
သူတော်စင် ချီရှီးသည်လည်း သူ၏ တိုက်ခိုက်မှုကို ချက်ချင်းပင် ရပ်တန့်လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
“ဒါ ... ဒါ မဖြစ်နိုင်ဘူး”
ကွင်းတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားတော့သည်။
လူတိုင်းမှာ မှင်တက်ဆွံ့အကုန်ကြပြီး သူတို့ မြင်နေရသည့်အရာကို သူတို့ကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်နေ ကြရသည်။
လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ ‘ဒါ လုံးဝ မဖြစ်နိုင်ဘူး’ ဆိုသည့် အတွေးပင်။
သို့သော် ယခု သူတို့ မြင်တွေ့နေရသည့် အရာက သူတို့ကို မဖြစ်မနေ ယုံကြည်ရန် ဖိအားပေးနေတော့သည်။
တစ်ဖက်လူ ပိုင်ဆိုင်ထားသည်မှာ အမှန်တကယ်ပင် အသူရာ ဧကရာဇ်၏ ထူးခြားဖြစ်စဉ်ပင် ဖြစ်သည်။
ရှေးဟောင်း မသေမျိုးပန်း တစ်ပွင့်။
သို့သော် လူသားတစ်ယောက်က မိစ္ဆာဧကရာဇ်တစ်ပါး၏ ထူးခြားဖြစ်စဉ်ကို ဘယ်လိုလုပ်ပြီး နားလည် သဘောပေါက် နိုင်နေလေသလဲ။
*ဒါ ဘာတွေ ဖြစ်ကုန်တာလဲ*
*ဒါ အရမ်းကို တုန်လှုပ်စရာ ကောင်းလွန်းတယ်*
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းလုံးလုံး မိစ္ဆာမျိုးနွယ်စုထဲတွင် မည်သူမျှ အသူရာ ဧကရာဇ်၏ အမွေအနှစ်ကို မဆက်ခံနိုင်ခဲ့ကြချေ။ တစ်ချိန်က တန်ခိုးကြီးလှသော ဒေါင်းမင်းပင်လျှင် မတတ်နိုင်ခဲ့ပါချေ။
သို့သော် ယခုအခါ၌ သူ၏ အမွေအနှစ်ကို လူသားတစ်ယောက်က ဆက်ခံသွားခဲ့လေပြီ။
ယင်းက ငြင်းပယ်၍ မရနိုင်သော ကံကြမ္မာ၏ လှောင်ပြောင်မှုတစ်ခုပင်။
“ဒါ မဖြစ်နိုင်ဘူး၊ နတ်ဆိုးတွေပဲ အသူရာ ဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်တာ။ မင်းလို လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး...”
သူတော်စင် ချီရှီးမှာ မှင်တက်နေတော့သည်။ အသူရာ ဧကရာဇ်၏ အမွေအနှစ်မှာ အလွန်စင်ကြယ်လွန်းသဖြင့် နတ်ဆိုးများမှလွဲ၍ မည်သူမျှ နားလည်နိုင်ခြင်း မရှိသည်ကို သူ အသိဆုံး ဖြစ်သည်။
သို့သော် ... သူ၏ရှေ့မှ ဤလူသားက ၎င်းကို မည်သို့ နားလည်သွားခဲ့သနည်း။
“အဲ့ဒါ မင်းနဲ့ မဆိုင်ဘူး။ မင်း သိထားဖို့က ငါ အခု အသူရာ ဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံထားပြီးသား၊ ဒါကြောင့် သူ ချန်ထားခဲ့တဲ့ ရတနာကို ယူဖို့ ငါ့မှာ အရည်အချင်း အပြည့်ရှိတယ် ဆိုတာပဲ”
ယဲ့ဖန်က ရယ်မောလိုက်သည်။
“အသူရာ ဧကရာဇ် မင်းတို့ကို ဘာမှာခဲ့လဲဆိုတာ မမေ့နဲ့ဦး”
၎င်းကို ကြားလိုက်ရသောအခါ သူတော်စင် ချီရှီး၏ မျက်နှာမှာ မည်းမှောင်သွားသည်။ အကယ်၍ တစ်နေ့တွင် တစ်စုံတစ်ယောက်က သူ၏ အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့လျှင် ထိုသူအား ‘ထာဝရ မသေမျိုးပန်း’ ကို ပေးအပ်ရမည်ဟု အသူရာ ဧကရာဇ် မှာကြားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
အကယ်၍ ယဲ့ဖန်သာ လူသား မဟုတ်ခဲ့လျှင် သူသည် မည်သည့် တွန့်ဆုတ်မှုမှ မရှိဘဲ ထာဝရမသေမျိုးပန်းဆီသို့ ခေါ်ဆောင်သွားမိမှာ အသေအချာပင်။
သို့သော် ယဲ့ဖန်က လူသားတစ်ယောက် ဖြစ်နေသည်။
လူသားတွေကသာ သူတို့၏ အထွတ်အမြတ် ရတနာကို ယူသွားခဲ့မယ်ဆိုရင် မိစ္ဆာမျိုးနွယ်စုအတွက် အသက်ကယ် ရတနာ မရှိတော့ဘဲ ကျန်ရစ်ခဲ့မှာ မဟုတ်ပါလား။
မိစ္ဆာအားလုံးမှာ နာကျည်းမှုများဖြင့် ပြည့်နှက်နေကြသည်။
ထာဝရ မသေမျိုးပန်း မရှိလျှင် သူတို့ ကျင့်ကြံရန် နေရာ ရှိတော့မည် မဟုတ်။ အကယ်၍ ကောင်းကင်ဘုံ ကိုးလွှာမှ တစ်စုံတစ်ယောက်ကသာ ထပ်မံ ရောက်ရှိလာခဲ့လျှင် သူတို့ မည်သို့ ခုခံနိုင်ပါတော့မည်နည်း။
“ဘာလဲ၊ မင်းတို့အားလုံးက အသူရာ ဧကရာဇ်ရဲ့ စကားကို လျစ်လျူရှုမလို့လား”
ယဲ့ဖန်က အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ဆုံးဖြတ်ချက်မှာ တစ်ဖက်လူ၏ သေခြင်း၊ ရှင်ခြင်းကို တိုက်ရိုက် အဆုံးအဖြတ်ပေးနိုင်သောကြောင့် ဖြစ်သည်.
၎င်းကို ကြားလိုက်ရသောအခါ သူတော်စင် ချီရှီးမှာ တုန်လှုပ်သွားရသည်။ ဤအခိုက်အတန့်တွင် ကတိ ဖျက်ခြင်းသည် အသူရာ ဧကရာဇ်ကို သစ္စာဖောက်ခြင်းပင် ဖြစ်လိမ့်မည်။
မိစ္ဆာအားလုံး၏ ဘိုးဘေးကြီး။ မိစ္ဆာအပေါင်း၏ ဖန်ဆင်းရှင်ကို သစ္စာဖောက်ရာ ရောက်ပေလိမ့်မည်။
သို့သော် ယဲ့ဖန်ကို ထာဝရမသေမျိုးပန်း ယူသွားခွင့်ပြုလိုက်ခြင်းသည် မိစ္ဆာမျိုးနွယ်စု၏ အနာဂတ်ကို ဘေးဒုက္ခ တွင်းထဲသို့ တွန်းပို့လိုက်သကဲ့သို့ပင် ဖြစ်နေတော့သည်>
“သူတော်စင်ကြီး၊ သူ့စကားကို နားထောင်နေစရာ မလိုပါဘူး။ အသူရာ ဧကရာဇ် ကွယ်လွန်သွားတာ ဒီလောက်တောင် ကြာလှပြီပဲ။ အခုအချိန်မှာတော့ မိစ္ဆာမျိုးနွယ်စု တစ်စုလုံးရဲ့ အကျိုးစီးပွားကိုပဲ ဦးစားပေး ရပါမယ်။ ထာဝရမသေမျိုးပန်းသာ မရှိရင် ကျွန်တော်တို့တွေ ကောင်းကင်ဘုံ ကိုးလွှာကို ဘယ်လိုမှ ပြန်ပြီး တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး”
ဝူမုထျန်းလျိုသည် မိစ္ဆာမျိုးနွယ်စုအပေါ် အလွန်ပင် သစ္စာရှိပြီး တရားမျှတသူတစ်ဦးအလား အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။
တကယ်တမ်းတွင်မူ သူသည် ယဲ့ဖန်နှင့် သူတော်စင် ချီရှီးတို့ကြား ပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ဆောင် နေခြင်းသာ ဖြစ်သည်။ ထိုသို့ဖြစ်မှသာ သူကိုယ်တိုင် အသက်ရှင်လွတ်မြောက်ရန် အခွင့်အရေး ရရှိမည် မဟုတ်ပါလား။
ဤစကားများသည် ထိုနေရာရှိ မိစ္ဆာအားလုံး၏ စိတ်ကို ချက်ချင်းပင် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
“မှန်ပါတယ် သူတော်စင်ကြီး။ အသူရာ ဧကရာဇ် အဲ့ဒီတုန်းက ပြောခဲ့တဲ့စကားတွေက မိစ္ဆာမျိုးနွယ်စုဝင် တွေအတွက်ပဲ ရည်ရွယ်ခဲ့တာ ဖြစ်မှာပါ။ တစ်နေ့မှာ လူသားတစ်ယောက်က သူ၏ အမွေအနှစ်ကို ဆက်ခံပြီး မသေမျိုးပန်းကို လာယူလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ ထင်ထားခဲ့မှာ မဟုတ်ပါဘူး။ ဒါ အသူရာ ဧကရာဇ်ရဲ့ တွက်ချက်မှု မှားယွင်းသွားတာပဲ ဖြစ်ရမယ်၊ ဒါကြောင့် ဒါကို ထည့်တွက်နေလို့ မဖြစ်ဘူး”
မိစ္ဆာဧကရာဇ် တစ်ပါးကပင် မောက်မာစွာဖြင့် ဝင်ပြောလိုက်သည်။
“ထာဝရ မသေမျိုးပန်းက ငါတို့ မိစ္ဆာမျိုးနွယ်စုရဲ့ အပိုင်ပဲ၊ ဘယ်သူမှ ယူသွားလို့ မရဘူး၊ အသူရာ ဧကရာဇ် ကိုယ်တိုင် လူကိုယ်တိုင် လာယူမှပဲ ရမယ်”
၎င်းကို ကြားလိုက်ရသောအခါ မိစ္ဆာအားလုံးက လှောင်ပြောင်လိုက်ကြသည်။
*အသူရာ ဧကရာဇ်က လူကိုယ်တိုင် လာယူရမယ် ဟုတ်လား*
အသူရာ ဧကရာဇ် ကွယ်လွန်သွားသည်မှာ မည်မျှ ကြာနေပြီနည်း။ သူက ဘယ်လိုလုပ် လူကိုယ်တိုင် လာယူနိုင်မည်နည်း။
“စိတ်မကောင်းပါဘူး၊ ထာဝရ မသေမျိုးပန်းကို မင်းကို ပေးလို့မရဘူး”
သူတော်စင် ချီရှီးထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများ တစ်ကျော့ပြန် ပေါက်ကွဲထွက်လာပြန်သည်။
အလွန်ပင် ကြမ်းတမ်းရက်စက်လှပေသည်။ ပြိုင်ဘက်ကင်းလောက်အောင် ပြင်းထန်လှသည်။
ယဲ့ဖန်၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ ချက်ချင်း ဖြတ်ပြေးသွားသည်။
“ဒါဆိုရင်... မင်းတို့က ကတိဖျက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့”
သူတော်စင် ချီရှီးက တဟားဟား ရယ်မောလိုက်သည်။
“ငါ မင်းကို သတ်လိုက်ပြီးရင် ငါတို့ မိစ္ဆာမျိုးနွယ်စုက ယုံကြည်လို့မရတဲ့သူတွေ ဖြစ်နေတယ်ဆိုတာ ဘယ်သူ သိတော့မှာလဲ”
“အရှက်မဲ့လိုက်တာ”
ထျန်းယင်က ဒေါသတကြီး ပြောလိုက်သည်။
“မိစ္ဆာမျိုးနွယ်စုကတော့ တော်တော်လေး စိတ်ကြီးဝင်နေတာပဲ၊ အသူရာ ဧကရာဇ် ကွယ်လွန်ပြီးကတည်းက မင်းတို့တွေ စည်းကမ်းဆိုတာကို မေ့သွားကြပုံရတယ်”
ယဲ့ဖန်၏ သတ်ဖြတ်လိုသော စိတ်များ မြင့်တက်လာပြီး သူ၏ မျက်လုံးများမှာလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။
“ဒီလိုဆိုမှတော့ စည်းကမ်းဆိုတာ ဘာလဲဆိုတာ ငါ မင်းတို့ကို သင်ပေးရတာပေါ့”
မိစ္ဆာများမှာ ဒေါသ ပေါက်ကွဲကုန်ကြသည်။
*ဒီကောင်က တကယ်ပဲ သူ့ကိုယ်သူ အထင်ကြီးနေတာလား*
*သူတော်စင်တစ်ပါးရဲ့ ရှေ့မှာတောင် ဒီလောက်အထိ မောက်မာရဲတယ် ဟုတ်လား*
“ကောင်းပြီ၊ ကောင်းပြီ ... မင်းက တကယ်ပဲ သေတွင်းကို မမြင်တဲ့ အရူးပဲ။ ဒီလောကမှာ ငါတို့ မျိုးနွယ်စုကို မင်းလိုမျိုး စော်ကားရဲတဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ အခုပဲ သေလိုက်စမ်း”
သူတော်စင် ချီရှီးက အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီး ယဲ့ဖန်၏ သေဒဏ်ကို တိုက်ရိုက် ကြေညာလိုက်တော့သည်။
သူတော်စင် ချီရှီး၏ ဦးခေါင်းအထက်တွင် နေနှင့် လတို့သည် ရုတ်တရက် ပေါ်ထွက်လာပြီး နေရောင်ခြည်နှင့် လရောင်ခြည်များကို ဖြာထွက်စေသည်။
၎င်းတို့မှာ အစစ်အမှန် နေနှင့် လတို့ပင် ဖြစ်သည်။ နတ်ဘုရားစွမ်းအားများဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။
အရွယ်အစားသာ သေးငယ်သော်လည်း ၎င်းတို့၏ စွမ်းအားမှာ အစစ်အမှန် နေနှင့် လတို့ထက်ပင် မလျော့ပါချေ။
“ငါ သေမှာလား? ဒါမှမဟုတ် မင်း သေမှာလား?”
ယဲ့ဖန်က နှာခေါင်းရှုံ့လိုက်ပြီး၊ မျိုးစေ့များ ကြဲလိုက်သကဲ့သို့ပင် သူ၏လက်ကို ဝှေ့ယမ်းလိုက်တော့သည်!
ဒိုင်း! ဒိုင်း! ဒိုင်း!
ပြင်းထန်သော ပေါက်ကွဲသံကြီးများသည် ကောင်းကင်ယံထက်တွင် ရုတ်တရက် ဟိန်းထွက်လာပြီး အလွန်အမင်း နားကွဲလုမတတ်ပင်။
ဝင်ရိုးစွန်း နေမင်း မီးလျှံများမှာ ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“အားးးး...”
နာကျင်စွာ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး အစောပိုင်းက အကျယ်လောင်ဆုံး အော်ဟစ် နေခဲ့ကြသော မိစ္ဆာဧကရာဇ်များမှာ ချက်ချင်းပင် တစ်ကိုယ်လုံး ပေါက်ကွဲကုန်ကြသည်။
သူတို့၏ အဝတ်အစားများမှာ ဝင်ရိုးစွန်းနေမင်းမီးလျှံ၏ လောင်ကျွမ်းမှုကြောင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ အသားစများမှာလည်း ဖယောင်းတိုင်များကဲ့သို့ပင် အရည်ပျော် ကျကုန်တော့သည်။
သူတို့သည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် အရိုးစုများအဖြစ် ပြောင်းလဲသွားပြီး ထိုအရိုးများမှာလည်း ထပ်မံ၍ ဖုန်မှုန့် အဖြစ်သို့ ကြေမွသွားတော့သည်။
ထို့နောက် သူတို့အားလုံး ပျောက်ကွယ်သွားကြသည်။
*မြန်လှချေလား*
အလွန်အမင်းကို မြန်ဆန်လှပေသည်။
မိစ္ဆာများသည် ဘာဖြစ်သွားသလဲ ဆိုသည်ကို သတိမပြုမိခင်မှာပင် သူတို့ထဲမှ တစ်ဒါဇင်ကျော်ခန့်မှာ အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
“မင်း”
သူတော်စင် ချီရှီး၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်လာတော့သည်။ ဤနေရာတွင် ရှိနေသူတိုင်းမှာ မိစ္ဆာ မျိုးနွယ်စု၏ ပါရမီရှင်များ ဖြစ်ကြရာ တစ်ယောက်သေဆုံးခြင်းသည်ပင် ပြန်လည် အစားမထိုး၍ မရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်သည်။
ယခုမူ ယဲ့ဖန်က သူတို့အား သတ်ဖြတ်နေသည်။ သူ၏ မျက်စိရှေ့မှောက်တွင်တင် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေခြင်း ဖြစ်သည်။
“မင်းတို့ မိစ္ဆာမျိုးနွယ်စုက သေချင်နေမှတော့ ငါကပဲ မင်းတို့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ယဲ့ဖန်က အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီး သူ၏ လက်ချောင်းများဖြင့် တိုက်ရိုက် ပိုင်းဖြတ်လိုက်သည်။ ဝင်ရိုးစွန်း နေမင်း မီးလျှံများမှာ မီတာတစ်ရာခန့် ရှည်လျားသော ရွှေရောင်အလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ကြီးမား လှသော နတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်ကာ သူတော်စင် ချီရှီး၏ ဦးခေါင်းထက်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားကာ သူ၏ ဦးခေါင်းပေါ်ရှိ နေနှင့် လတို့ကို ရိုက်ခွဲပစ်လိုက်တော့သည်။
“လူသား သူတော်စင်၊ မင်း သေချင်နေပြီပဲ”
သူတော်စင် ချီရှီးက မာန်မဲလိုက်ပြီး သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားကာ နေနှင့် လတို့ကို ထိန်းချုပ်ပြီး ထိုက်ကျိ သင်္ကေတတစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီးကို ဝါးမြိုနိုင်စွမ်းရှိသော နက်နဲ ဆန်းကြယ်သည့် အင်အားစုကြီးဖြစ်ပြီး အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
နားကွဲလုမတတ် အသံကြီး တစ်သံ ထွက်ပေါ်လာပြီး နေနှင့် လတို့မှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကာ တောင်တန်းများ တုန်ခါလျက် ဟင်းလင်းပြင်ကြီးပင် ပြိုလဲလုမတတ် ဖြစ်သွားရသည်။
သို့သော်လည်း ယဲ့ဖန်က လက်ချောင်းတစ်ချောင်းဖြင့် ဝေ့ယမ်းလိုက်ရာ ထိုတိုက်ကွက်မှာ လျင်မြန်စွာပင် ဆွဲဖြဲခံ လိုက်ရပြီး ချက်ချင်း ကြေမွသွားတော့သည်။ ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ကျယ်လောင်လှသော ဟိန်းဟောက် သံကြီးမှာ လည်ပင်းကို ညှစ်ခံလိုက်ရသကဲ့သို့ပင် ရုတ်တရက် ရပ်တန့်သွားကာ အသံများမှာလည်း ရုတ်ချည်း ပျောက်ကွယ် သွားတော့သည်။
*ချေဖျက်ခံလိုက်ရတာလား*
မိစ္ဆာများမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤလူသည် လူသားတစ်ယောက် မဟုတ်တော့ဘဲ အတိုင်းအထက်အလွန် ကြောက်မက်ဖွယ်ကောင်းလှသူပင်။
“ရွှစ် ရွှစ် ရွှစ်”
သို့သော် သူတို့ မှင်တက်နေစဉ်မှာပင် နောက်ထပ် မိစ္ဆာဧကရာဇ် တစ်ဒါဇင်ကျော်မှာ ယဲ့ဖန်၏ လက်ချက်ဖြင့် သနားစရာ ကောင်းလောက်အောင် သေဆုံးသွားခဲ့ပြန်သည်။
“ခွေးမသား”
သူတော်စင် ချီရှီးမှာ ဒေါသထွက်လွန်းသဖြင့် ရူးမတတ်ပင်။ မိမိ၏လူများကို မျက်စိရှေ့တွင်ပင် သတ်ဖြတ်ခံ နေရခြင်းမှာ မျက်နှာကို အဖြတ်ခံလိုက်ရသကဲ့သို့ပင် ဖြစ်ရာ တစ်ဖက်လူမှာ အလွန်ပင် မုန်းတီးဖွယ် ကောင်း လှပေသည်။
“ပြေးကြ”
ဝူမုဖန်သိုက်က သူမ၏ မောင်လက်ကိုဆွဲကာ ထွက်ပြေးရန် ကြိုးစားလိုက်တော့သည်။
သို့ရာတွင်။
“ရပ်စမ်း”
ချက်ချင်းပင် သူတို့ မောင်နှမနှစ်ယောက်မှာ ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားပြီး ရွေ့လျား၍ မရတော့ဘဲ တစ်နေရာ တည်းမှာတင် ခဲသွားတော့သည်။
ထိုအခိုက်တွင် ဝူမုထျန်းလျိုနှင့် ဖန်သိုက်တို့၏ မျက်ဝန်းများထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်!
အထူးသဖြင့် ဝူမုထျန်းလျိုမှာ ကြောက်လွန်းသဖြင့် မျက်ရည်ပင် ဝဲနေချေပြီ။
ယဲ့ဖန်က သူတို့ကို အသက်ချမ်းသာပေးထားခဲ့သည်မှာ အဓိကအားဖြင့် သူ့ကြောင့်ဆိုသည်ကို သူ ကောင်းကောင်း သိသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူ့ကို ကိုယ်တိုင် သတ်ချင်နေသောကြောင့်ပင်။
“ပွဲက အခုမှ စတာပဲ ရှိသေးတာ၊ ဒီလောက် အလောတကြီး ထွက်သွားဖို့ မလိုပါဘူး”
ယဲ့ဖန်က ယုတ်မာရက်စက်စွာ ပြုံးလိုက်ပြီးနောက် ကောင်းကင်ယံရှိ သူတော်စင် ချီရှီးကို အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
“ငါ မင်းကို မေးခွန်းတစ်ခုပဲ မေးမယ်... မင်း နောက်ဆုတ်မှာလား၊ မဆုတ်ဘူးလား”
၎င်းမှာ နောက်ဆုံး သတိပေးချက်ကို ထုတ်ပြန်လိုက်သကဲ့သို့ပင်။
ချီရှီး သူတော်စင်က ရက်စက်စွာ ရယ်မောလိုက်သည်။
“နောက်ဆုတ်ရမယ်၊ ဟုတ်တာပေါ့၊ ငါ နောက်ဆုတ်မှာပါ၊ မင်းကို သတ်ပြီးသွားရင်တော့ ငါ နောက်ဆုတ်ရမှာပေါ့”
“ချွင်”
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လောကတစ်ခုလုံးကို တုန်ဟိန်းသွားစေသော ဓားသံကြီး တစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
***