“ရွှစ် ရွှစ် ရွှစ်”
ဝေးကွာလှသော အတိတ်ကာလဆီမှ ရှေးဟောင်း မိစ္ဆာဆိုးကြီးများသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ် လာကြပြီး၊ ရှိနေသော မိစ္ဆာများထံသို့ ရက်စက်ကြမ်းကြုတ်စွာ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်ကြတော့သည်။
တစ်ဆယ်၊ ရာဂဏန်း၊ ထောင်ဂဏန်း။
သောင်းဂဏန်းအထိပင်။
သူတို့၏ အရေအတွက်မှာ လျင်မြန်စွာပင် ဆက်လက် တိုးပွားနေဆဲ ဖြစ်သည်။
သူတို့၏ ကျင့်စဉ်အဆင့်အတန်းများမှာလည်း နတ်ဘုရင်၊ အင်မော်တယ် ဧကရာဇ်၊ သူတော်စင် အဆင့်များပင် ပါဝင်နေသေးသည်။
ဤမြင်ကွင်းမှာ ရှိနေသော မိစ္ဆာအားလုံး၏ ကျောရိုးထဲအထိ စိမ့်ဝင်သွားအောင် ချောက်ချားသွားစေပြီး သူတို့၏ မျက်နှာများမှာ ပြာနှမ်းကုန်ကြတော့သည်။
သူတို့ စကားတစ်လုံးမှပင် မဟနိုင်ကြတော့ဘဲ လုံးဝကို ဆွံ့အမှင်တက်နေကြရသည်။
“သူတော်စင် ချီရှီး ... ခင်ဗျား အိုကြီးအိုမ ယုတ်မာတဲ့ကောင်၊ ခင်ဗျား ကျုပ်တို့ကို လှည့်စားလိုက်တာပဲ”
“ငါတို့က မျိုးနွယ်တူတွေလေ၊ ခင်ဗျား ဘာလို့ ဒီလိုလုပ်ရတာလဲ”
မိစ္ဆာများမှာ မရပ်မနား အော်ဟစ်ငိုကြွေးနေကြသည်။ ဤနေရာရှိ ရှေးဟောင်းမိစ္ဆာများမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပြီး အတိတ်ကာလက အသူရာ ဧကရာဇ် တစ်ပါးတည်းသာလျှင် ၎င်းတို့ကို ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်က ဒေါင်းမင်းသည် ဤခြိမ်းခြောက်မှုများကို ဖယ်ရှားရန် ကြိုးစားခဲ့ဖူးသည်။ သူသည် မိစ္ဆာ သူတော်စင် များနှင့် မိစ္ဆာဧကရာဇ် အမြောက်အမြား၏ အင်အားကို စုစည်းခဲ့သော်လည်း ရလဒ်မှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပြီး သူကိုယ်တိုင်ပင် ဤမြေရိုင်းကြီးထဲတွင် သေလုနီးပါး ဖြစ်ခဲ့ရသည်။
ထို့နောက်ပိုင်းတွင် ဤမြေရိုင်းကြီးမှာ သက်ရှိများအတွက် တားမြစ်နယ်မြေ ဖြစ်လာခဲ့ပြီး မည်သူမျှ အလွယ်တကူ ခြေမချရဲကြတော့ပါချေ။
သို့သော်လည်း ယခုအခိုက်အတန့်တွင် သူတော်စင် ချီရှီးသည် ဤနေရာရှိ မိစ္ဆာအားလုံးကို နှိုးလိုက်ခြင်းဖြစ်ရာ ၎င်းမှာ သူတို့အတွက် လုံးဝကို အိပ်မက်ဆိုးကြီးပင် ဖြစ်တော့သည်။
ကြောက်မက်ဖွယ်ကောင်းလှသော ယုတ်မာညစ်ထေးသည့် စွမ်းအင်များမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဧရိယာ တစ်ခုလုံးသို့ ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။
မိစ္ဆာများ၏ ဟိန်းဟောက်သံများမှာ နားကွဲလုမတတ် ကျယ်လောင်လှပေသည်။
သူတော်စင် ချီရှီး၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
“အားလုံးပဲ ငါ့ကို ရက်စက်တယ်လို့ မပြစ်တင်ကြပါနဲ့။ ဒီကောင်ကို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့် လုံးဝ ပေးလို့မဖြစ်ဘူး”
“‘ထာဝရ မသေမျိုးပန်းက သူ့လက်ထဲ လုံးဝ မရောက်စေရဘူး။ မိစ္ဆာမျိုးနွယ်စုရဲ့ အနာဂတ်အတွက်၊ ဒါကြောင့် ကျေးဇူးပြုပြီး မင်းတို့အားလုံး သေပေးကြပါ”
သူသည် ဤမိစ္ဆာအားလုံးကို သူနှင့်အတူ အသေခံစေလိုခြင်းပင် ဖြစ်သည်။
“သောက်အဘိုးကြီး၊ ငါ သေသွားရင်တောင် သရဲအဖြစ်နဲ့ မင်းကို လိုက်ခြောက်မယ်”
မိစ္ဆာဧကရာဇ် တစ်ပါးမှာ တောဝက်မိစ္ဆာကြီး၏ ဆွဲဖြဲခြင်းကို ခံရပြီး နှစ်ပိုင်းပြတ်မသွားမီတွင် အဆက်မပြတ် အော်ဟစ် သွားရှာသည်။
“သရဲလား၊ လူသားတွေပဲ သရဲဖြစ်နိုင်တာ၊ မိစ္ဆာတွေကတော့ မဖြစ်နိုင်ဘူး”
သူတော်စင် ချီရှီးက ရူးသွပ်စွာ တဟားဟား ရယ်မောလိုက်ပြီး သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှု များဖြင့် ပြည့်နှက်လျက် ယဲ့ဖန်ကို စိုက်ကြည့်လေသည်။
“ဒီနေ့တော့ ငါတို့အားလုံး ငရဲကို အတူတူ သွားကြတာပေါ့”
သို့သော် ယဲ့ဖန်ကမူ သူ့ကို အေးစက်တည်ငြိမ်စွာဖြင့် တစ်ချက်သာ ကြည့်လိုက်တော့သည်။
ထိုအကြည့်တစ်ချက်တည်းကပင် သူတော်စင် ချီရှီးကို ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားစေရန် လုံလောက် ခဲ့ပေသည်။
ယဲ့ဖန်၏ မျက်လုံးများထဲရှိ သတင်းစကားကို သူ ရှင်းရှင်းလင်းလင်း ဖတ်လိုက်ရသည်။
အထင်အမြင်သေးခြင်း။
ယဲ့ဖန်က သူ့ကို လုံးဝ အရေးမလုပ်ဘဲ အောက်ခြေလွတ်နေသူဟု သတ်မှတ်လိုက်ခြင်းပင်။
ချက်ချင်းပင် သူတော်စင် ချီရှီး၏ မျက်နှာမှာ လုံးဝ မှောင်ကျသွားပြီး အမုန်းတရားများဖြင့် ပြည့်နှက်သွားသည်။
“ဟမ့် ဟန်ဆောင်နေလိုက်တာ၊ နေနှင့်ဦးပေါ့၊ မင်း ဘယ်လောက်အထိ တည်ငြိမ်နိုင်ဦးမလဲဆိုတာ ငါ ကြည့်ရ သေးတာပေါ့”
သွေးမြူတိမ်တိုက်များမှာ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
မိစ္ဆာများ၏ ခန္ဓာကိုယ်များမှာ တစ်ခုပြီးတစ်ခု ဆွဲဖြဲခံလိုက်ရပြီး ရှေးဟောင်းမိစ္ဆာကြီးများ၏ အရှင်လတ်လတ် ဆွဲဖြဲခြင်းကို ခံရကာ သူတို့၏ အသားစများနှင့် ကိုယ်လက်အင်္ဂါများမှာ နေရာအနှံ့ လွင့်စင်ကုန်တော့သည်။
“ဝုန်း”
ထိုအခိုက်အတန့်တွင် မိစ္ဆာတိုင်းမှာ ဦးရေခွံများ ထုံကျင်သွားကြရသည်။
“ပြေးကြ”
မိစ္ဆာတိုင်းမှာ ထိတ်လန့် တုန်လှုပ်ကုန်ကြသည်။
သူတို့သည် ဤရှေးဟောင်း မိစ္ဆာဆိုးကြီးများကို လုံးဝ မယှဉ်နိုင်ပါချေ။ ထို့ကြောင့် သူတို့အားလုံးသည် ကြောက်လန့် တကြားဖြင့် ဤဆိတ်သုဉ်းမြေရိုင်းကြီးထဲမှ အသက်လု ထွက်ပြေးရန် ကြိုးစားနေကြတော့သည်။
အသူရာ ဧကရာဇ်မှလွဲ၍ မည်သူမျှ ဤကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီးများကို မနှိမ်နင်းနိုင်ပါချေ။
၎င်းတို့တွင် အသိဉာဏ် မရှိသော်လည်း ၎င်းတို့၏ အင်အားမှာမူ အလွန်ပင် ကြီးမားလှပေသည်။
တစ်ကောင်ချင်းစီတိုင်းမှာ အလွန်ပင် ရှေးကျလှသော သတ္တဝါကြီးများ ဖြစ်ကြသည်။
ဝူမုဖန်သိုက်နှင့် ကျန်သောသူများမှာလည်း ထွက်ပြေးချင်နေကြပြီ ဖြစ်သည်။
သို့သော်လည်း
“အားးးးး!!!”
နာကျင်စွာ အော်ဟစ်သံများမှာ ဟိန်းထွက်သွားပြီး မိစ္ဆာများမှာ တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်ထဲသို့ လဲကျ ကုန်ကြတော့သည်။
တစ်ယောက်၊ တစ်ဆယ်၊ တစ်ရာ။
မကြာမီမှာပင် မိစ္ဆာပေါင်း တစ်ရာခန့်မှာ ရှေးဟောင်းမိစ္ဆာကြီးများ၏ အရှင်လတ်လတ် ဝါးမြိုခြင်းကို ခံရပြီး အသက် ပျောက်သွားရရှာသည်။
ယခုအခိုက်အတန့်တွင် သေခြင်းတရားသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ပင် ပျံ့နှံ့နေတော့သည်။
မိစ္ဆာများသည် ထွက်ပြေးရင်း တစ်ကောင်ပြီး တစ်ကောင် အဖမ်းခံရကာ အပိုင်းပိုင်း အဆွဲဖြဲခံရပြီး အသက်ရှင်လျက် ဝါးမြိုခြင်းကို ခံနေကြရသည်။
သွေးချောင်းစီးနေသည့် မြင်ကွင်း။
ကြောက်မက်ဖွယ်ကောင်းလှသည်။
အားလုံးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြလေပြီ။
“မဟုတ်ဘူး၊ ဝေးဝေးသွားစမ်း”
ဝူမုထျန်းလျိုက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ရှုံ့မဲ့နေတော့သည်။ သူ၏ ဝိညာဉ်မှာလည်း ခန္ဓာကိုယ်ထဲတွင် မရှိတော့သကဲ့သို့ပင်။ သူတို့ လွတ်မြောက်ရန် လမ်းမရှိတော့ကြောင်း သူ ကောင်းကောင်း သိလိုက်သည်။
ထိုမိစ္ဆာဆိုးကြီးများထဲတွင် အလွန်မြန်ဆန်သော အရှိန်ရှိသူများလည်း ပါဝင်နေရာ သူတို့ကို ဖမ်းဆီးရန်မှာ အလွယ်တကူပင် ဖြစ်တော့သည်။
သူ၏ နောက်လိုက်များမှာ သူနှင့် သူ၏ညီမကို ထွက်ပြေးနိုင်ရန် ကာကွယ်ပေးနေရင်း တစ်ယောက်ပြီး တစ်ယောက် အသတ်ခံ လိုက်ကြရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ မိစ္ဆာဆိုးများ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရလေသည်.
ကိုယ်တွင်းအင်္ဂါများ၊ ဦးခေါင်းများမှာ အမှိုက်များကဲ့သို့ မြေပြင်ပေါ်တွင် နေရာအနှံ့ လွင့်စင်ကျနေတော့သည်။
သွေးနံ့ စူးရှရှမှာ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး မိစ္ဆာအားလုံး၏ မျက်နှာပြင်များပေါ်တွင် အတိုင်းအဆမဲ့သော ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့ ပေါ်ပေါက်လာစေတော့သည်။
မြင်ကွင်းတစ်ခုလုံးမှာ လုံးဝကို ပရမ်းပတာ ဖြစ်ကုန်တော့သည်။
အော်ဟစ်သံများ၊ ငိုကြွေးသံများနှင့် မိစ္ဆာများ၏ ဟိန်းဟောက်သံများမှာ ကောင်းကင်ယံသို့ ပျံ့နှံ့သွားတော့သည်။
ထိုမြေရိုင်းကြီးမှာ အပြည့်အဝ နိုးထလာခဲ့ပြီ ဖြစ်ရာ သူတော်စင် တစ်ပါးပင်လျှင် အသက်ရှင်နိုင်မည် မဟုတ်ပါချေ။
*ပြေးရမှာလား*
*လုံးဝ ပြေးလို့မရတော့ဘူး*
*အားလုံး ပြီးဆုံးသွားပြီ*
ဝူမုဖန်သိုက်၏ မျက်နှာတွင် ခါးသီးသော အမူအရာများ ပေါ်ပေါက်လာပြီး သူ၏မျက်နှာမှာ ပြာနှမ်းနေသည်။ သူမသည် သူမ၏ ကံကြမ္မာကို ကြိုတင် မြင်ယောင်နေမိပြီ။
“ဝှစ် ဝှစ် ဝှစ်”
ထိုအခိုက်အတန့်မှာပင် လေတိုးသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
မိစ္ဆာအုပ်စုတစ်စုသည် လူအုပ်ကြားထဲတွင် ရပ်နေသည့် ယဲ့ဖန်ကို ရုတ်တရက် စိုက်ကြည့်လိုက်ကြသည်။
ထိုအခိုက်တွင် ဝူမုဖန်သိုက်မှာ လုံးဝ ဆွံ့အသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် လူတိုင်းမှာ ထိတ်လန့်ကြောက်ရွံ့ပြီး အသက်လု ထွက်ပြေးနေကြသည်ကို သူမ သတိထားမိလိုက်သောကြောင့်ပင်!
တစ်ယောက်တည်းသောသူကမူ တည်ငြိမ်အေးဆေးစွာဖြင့် လုံးဝ မလှုပ်မယှက် ရပ်နေခဲ့သည်။ ထိုသူမှာ ယဲ့ဖန်ပင် ဖြစ်သည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဝူမုဖန်သိုက်မှာ လုံးဝ နားမလည်နိုင် ဖြစ်နေသည်။
*ဒီလူက သေချာပေါက် အသက်အန္တရာယ်ရှိနေတာကို ဘာလို့ မပြေးတာလဲ*
*သူ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေတာများလား*
“ဟာသပဲ”
နှစ်ပေါင်းများစွာအတွင်း ရှီလင်က မိစ္ဆာသူတော်စင်ပေါင်းများစွာသည် ဤမြေရိုင်းမြေကြီးကို ခြေမှုန်းဖို့ ကြိုးစား ခဲ့ကြသော်လည်း အားလုံး ရှုံးနိမ့်ခဲ့ကြသည်။ အနည်းဆုံး မိစ္ဆာသူတော်စင် သုံးပါးတောင်မှ ဤနေရာတွင် အသက် ဆုံးရှုံးခဲ့ရသည်။
အသူရာ ဧကရာဇ်မှလွဲ၍ ဤမိစ္ဆာများကို မည်သူမျှ မဖိနှိပ်နိုင်ချေ။
“ဒီကောင်က ဘာကို အားကိုးပြီး ဒီမိစ္ဆာတွေကို ရပ်တန့်နိုင်မယ်လို့ ထင်နေတာလဲ”
ချက်ချင်းပင် ဝူမုဖန်သိုက်က အော်လိုက်သည်။
“ပြေးလေ”
သူမ ဘာကြောင့် ယဲ့ဖန်ကို သတိပေးလိုက်မိသည်ကို သူမကိုယ်တိုင်လည်း မသိပါပေ။ ၎င်းမှာ အလိုအလျောက် ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။
သို့သော် ယဲ့ဖန်က သူမကို ကြည့်ပြီး ညင်သာစွာ ပြုံးပြလိုက်သည်။
*ပြုံးပြတာလား*
ဝူမုဖန်သိုက်မှာ လုံးဝ အံ့အားသင့်သွားသည်။
*ဒီလူက တကယ်ပဲ ပြုံးနိုင်သေးတာလား*
*သူ ရူးနေတာလား*
*ဟာသပဲ*
*အရူးပဲ*
*ဒီလူက သေချာပေါက် အရူးပဲ*
ဝူမုဖန်သိုက်သည် အပြစ်ကင်းစင်သော ကလေးငယ်နှစ်ဦးကို ရုတ်တရက် သတိရသွားပြီး ထျန်းယင်နှင့် ကုန်းမင် တို့ထံသို့ ချက်ချင်း ပြေးသွားကာ သူတို့၏ လက်များကို ဆွဲ၍ ထွက်ပြေးရန် ပြင်လိုက်တော့သည်။
သူမ အခုချိန်တွင် မျှော်လင့်ချက်ကို လက်မလွှတ်နိုင်ပါ။ မဟုတ်လျှင် ဤကလေးငယ်နှစ်ဦးမှာ အသက် ဆုံးရှုံးရတော့မည် မဟုတ်ပါလား။
သို့ရာတွင် ထိုကလေးနှစ်ဦးမှာ မလှုပ်မယှက် ရပ်နေရုံတင်မကဘဲ သူမကိုပင် ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
“မြန်မြန် ပြေးလေ၊ ဟိုမိစ္ဆာဆိုးကြီးတွေ ဘယ်လောက် ရက်စက်နေသလဲဆိုတာ မမြင်ကြဘူးလား”
ဝူမုဖန်သိုက်က ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
“မြင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ဆရာက သူတို့ကို ကိုင်တွယ်နိုင်ပါတယ်”
ကုန်းမင်က တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် သူမ၏လက်ကို ရုတ်တရက် ဖယ်ထုတ်လိုက်သည်။
ကယ်တင်ပေးရန် လိုအပ်လျှင် ယဲ့ဖန်က သူတို့ကို ခေါ်သွားလိမ့်မည်။ ယခု ယဲ့ဖန်က ဘာမှ မလှုပ်ရှား သေးသောကြောင့် သူ့တွင် နည်းလမ်းရှိနေမည်ဟု ကုန်းမင်က ယုံကြည်နေခြင်း ဖြစ်သည်။
*ဘာ*
ဝူမုဖန်သိုက်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူက ရူးနေတာ၊ မင်းတို့ကရော သူ့လိုပဲ လိုက်ရူးနေကြတာလား၊ အဲ့ဒီမိစ္ဆာတွေက သာမန်သတ္တဝါတွေ မဟုတ်ဘူး၊ အရင်တုန်းက ရှီးလင် တစ်ခုလုံးရဲ့ အင်အားကို သုံးပြီး ဒီနေရာကို မောင်းထုတ်ခဲ့ရတာ၊ အခုထိတောင် သူတို့ကို အမြစ်ပြတ်အောင် မလုပ်နိုင်ကြသေးဘူး”
“အခု သူတို့အားလုံး လွတ်လာပြီ။ ဒါဟာ သေချာပေါက် ဘေးဒုက္ခကြီးပဲ။ သူတော်စင်တွေတောင် မတောင့်ခံနိုင်ဘူး။ မင်းတို့ ဒီမှာ ဆက်နေရင် သေချာပေါက် သေလိမ့်မယ်”
“ဒါဆိုရင်လည်း ကြည့်နေလိုက်လေ”
ထျန်းယင်းနှင့် ကျန်သောသူများက တည်ငြိမ်စွာ ပြုံးပြလိုက်ပြီးနောက် ဝူမုဖန်သိုက်ကို လျစ်လျူရှု လိုက်ကြတော့သည်။
ဝူမုဖန်သိုက်မှာ ချက်ချင်းပင် ဆွံ့အသွားရသည်။
*ဒီကလေးငယ်တွေက ထိုလူကို မျက်စိမှိတ်ပြီး ယုံကြည်နေကြတာလား*
ချက်ချင်းပင် သူမသည် ယဲ့ဖန်ရှိရာသို့ လှည့်ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်က ဝူမုဖန်သိုက်ကို ကျောချမ်းသွားစေတော့သည်။
မိစ္ဆာအုပ်စုကြီးမှာ ယဲ့ဖန်ထံသို့ တဟုန်ထိုး ပြေးဝင်သွားကြပြီ။
သို့သော် ယဲ့ဖန်သည် သူ၏ဓားကို တစ်ချက်သာ ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရားအလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မိစ္ဆာများကို အပိုင်းပိုင်း ပိုင်းဖြတ်လိုက်လေသည်။
*ဓားတစ်ချက်တည်း*
*မိစ္ဆာတစ်ရာကို သတ်ဖြတ်လိုက်ခြင်း*
မိစ္ဆာပေါင်း ရာနှင့်ချီ၍ ယဲ့ဖန်၏ ဓားချက်အောက်တွင် ခဏချင်းမှာပင် နှစ်ပိုင်းပြတ်သွားကြရသည်။
သွေးများမှာ မြေပြင်ပေါ်သို့ ပန်းထွက်သွားတော့သည်။
တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှချေပြီ။
တိတ်ဆိတ်သွားခြင်း။
တစ်နယ်လုံးတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားတော့သည်။
မိစ္ဆာမျိုးနွယ်များ ဖြစ်စေ၊ ရှေးဟောင်းမိစ္ဆာဆိုးကြီးများ ဖြစ်စေ၊ လူတိုင်းမှာ လုံးဝကို မှင်တက်သွားကြပြီး အားလုံး၏ အကြည့်များမှာ ယဲ့ဖန်ထံသို့သာ စိုက်ရောက်နေကြသည်။
သူတော်စင် ချီရှီးပင်လျှင် အသက်ရှူမှားသွားပြီး သူ၏မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက် သွားတော့သည်။
သူသည် ဤသည်ကို လုံးဝ မယုံကြည်နိုင် ဖြစ်နေပုံရသည်။
သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ လုပ်နိုင်စွမ်း မရှိပါချေ။
ပိုင်းဖြတ်ခံလိုက်ရသည့် မိစ္ဆာများထဲတွင် သူတော်စင်အဆင့်ရှိ မိစ္ဆာနှစ်ကောင်ပင် ပါဝင်နေသည်။
၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုမှာ တိုင်းတာ၍မရနိုင်အောင်ပင်။
သို့သော်လည်း ထိုဓား၏ စွမ်းအားကို သူတို့ မတောင့်ခံနိုင်ကြပါလား။
“မဖြစ်နိုင်ဘူး ... ဒါက အတုပဲ၊ ဒါ သေချာပေါက် အတုဖြစ်ရမယ်၊ ဒီကောင်က ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ”
“ဓားတစ်ချက်တည်းနဲ့ မိစ္ဆာတစ်ရာကို သတ်လိုက်တာလား၊ ဒီကောင်က ဘယ်လိုမျိုး မိစ္ဆာကောင်လဲဟ”
အစောပိုင်းကမှ ရူးသွပ်စွာ တိုက်ခိုက်နေကြသည့် မိစ္ဆာတစ်ရာမှာ ယဲ့ဖန်၏ ဓားချက်အောက်တွင် ခဏချင်းမှာပင် တစ်ကောင်ပြီး တစ်ကောင် အသတ်ခံလိုက်ရသည်ကို သူတို့ မယုံကြည်နိုင်ကြပါချေ။
သူတို့အားလုံး ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြရသည်။
သို့သော် နောက်ထပ် ဖြစ်ပျက်လာသော အရာမှာ မိစ္ဆာအားလုံးကို ပို၍ ထိတ်လန့်သွားစေတော့သည်။
“ဂါး”
ပြင်းထန် ရူးသွပ်လှသော ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
ထို့နောက် ရှေးဟောင်းမိစ္ဆာကြီးများသည် သူတို့၏ သားကောင်များကို တစ်ကောင်ပြီးတစ်ကောင် စွန့်ခွာ လိုက်ကြပြီး ယဲ့ဖန်ထံသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
သူတို့၏ မျက်လုံးများထဲတွင် ပြင်းထန်လှသော ရက်စက်မှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ဖန်သည် သူတို့အတွက် အန္တရာယ်အရှိဆုံး တည်ရှိမှုဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း သိမြင်သွားကြပြီ ဖြစ်သည်။
ထို့ကြောင့် သူ့ကို အရင်ဆုံး သတ်ပစ်ချင်နေကြခြင်းပင်။
“ဝှစ်”
တိုက်ခတ်လာသော လေပြင်းများမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
ရာဂဏန်း၊ ထောင်ဂဏန်း၊ သောင်းဂဏန်း။
သူတို့အားလုံး ယဲ့ဖန်ထံသို့ ဦးတည်တိုက်ခိုက်လာကြပြီ ဖြစ်သည်။
သူတို့၏ အရှိန်အဝါမှာ ရက်စက်လှသည်။ သူတို့၏ သတ်ဖြတ်လိုစိတ်မှာ ပြင်းထန်လှသည်။
ယဲ့ဖန်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မည့်အတိုင်းပင်။
“ဒီကောင်လေးက မိစ္ဆာတွေရဲ့ အာရုံကို ဆွဲထားတုန်း ငါတို့ အမြန်ပြေးရမယ်”
မိစ္ဆာများမှာ ချက်ချင်းပင် တုံ့ပြန်လိုက်ကြပြီး အသက်လု ထွက်ပြေးကြတော့သည်။
ထိုအခိုက်အတန့်တွင် ဝူမုထျန်းလျိုမှာလည်း ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ဝူမုဖန်သိုက်ထံသို့ ပြေးသွားသည်။
“အစ်မ၊ ဒီအရူးကောင်တွေကို ဂရုမစိုက်နဲ့တော့။ သူတို့ကို ခေါ်သွားတာက ဝန်ထုပ်ဝန်ပိုးဖြစ်ရုံပဲ ရှိမယ်။ ငါတို့ အမြန် ပြေးကြရအောင်”
“မရဘူး၊ သူတို့ကို ငါနဲ့အတူ ခေါ်သွားရမယ်။ သူတို့က အပြစ် မရှိဘူး”
သို့သော် ဝူမုဖန်သိုက်က ပြတ်သားစွာ ပြောလိုက်သည်။ ဤမျှ ပါရမီရှိသော ကလေးများကို ဤနေရာတွင် အသေ မခံနိုင်ပါ။
ဝူမုထျန်းလျိုက သူမကို ခပ်နက်နက် တစ်ချက် စိုက်ကြည့်လိုက်ပြီး သူ၏လေသံမှာ ရုတ်တရက် အေးစက်သွားသည်။
“မင်း ဒါကို တကယ်လုပ်မှာလား”
“ဒီလိုပဲ လုပ်ရလိမ့်မယ်”
ဝူမုဖန်သိုက်က ဝူမုထျန်းလျို၏ အကြည့်ကို ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြန်လည် ကြည့်လိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင် မင်းရဲ့ အမြန် ခရီးသွားဖျာကို မြန်မြန်ဆင့်ခေါ်လိုက်၊ ငါတို့ အမြန်ဆုံး ထွက်ပြေးမှ ဖြစ်မယ်”
ထိုအခါ ဝူမုဖန်သိုက်က သူမ၏ အမြန်ခရီးသွားဖျာကို ဆင့်ခေါ်လိုက်သည်။ ၎င်းမှာ နတ်ဘုရားအရှိန်အဝါနှင့် တူညီသော အရှိန်ရှိသည့် သယ်ယူပို့ဆောင်ရေးကိရိယာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို သွားနိုင်စွမ်း ရှိသည်။
လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် မိုင်ပေါင်း ထောင်ချီ ခရီးနှင်နိုင်သည်။
သို့သော် ၎င်း၏ တစ်ခုတည်းသော အားနည်းချက်မှာ လူအများအပြား တင်ဆောင်၍မရခြင်းပင်။ အများဆုံး လူတစ်ယောက်နှင့် တစ်ဝက်စာသာ တင်ဆောင်နိုင်ပါသည်။
သို့သော် ဝူမုဖန်သိုက်က ထိုဖျာကို ဆင့်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝူမုထျန်းလျို၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဝူမုဖန်သိုက်၏ ကျောပြင်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချ လိုက်တော့သည်။
“ဘုန်း”
ဝူမုဖန်သိုက်မှာ ဆယ်မီတာကျော်ခန့် လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားတော့သည်။ သူမသည် ထိုနေရာတွင် လဲကျနေရင်း နာကျင်စွာ ညည်းညူကာ ပါးစပ်မှ ရဲရဲနီသော သွေးများကို အန်ထုတ် လိုက်ရသည်။