ထို့နောက် ဝူမုဖန်သိုက်သည် မယုံကြည်နိုင်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏မောင်ဖြစ်သူကို စိုက်ကြည့်လိုက်မိသည်။
“ထျန်းလျို၊ နင် ... နင်”
သူမ၏ မောင်အရင်းက သူမကို အမှန်တကယ် နာကျင်အောင် လုပ်လိမ့်မည်ဟု သူမ လုံးဝ မယုံကြည်နိုင် ဖြစ်နေပုံရသည်။
ဝူမုထျန်းလျိုကမူ ထိုအချိန်တွင် ဖျာပေါ်၌ နေရာယူထားပြီးဖြစ်ကာ အေးစက်စွာ သရော်လေသည်။
“အရူး၊ မင်း သေချင်ရင် သေလေ၊ ငါ့ကိုတော့ ဆွဲမထည့်နဲ့”
ဤကလေးစုတ်နှစ်ယောက်ကို ခေါ်သွားခြင်းသည် သူ၏ခရီးစဉ်ကို မည်မျှအထိ ကြန့်ကြာစေမည်ကို မည်သူမှ မသိနိုင်ရာ သူကတော့ ထိုစွန့်စားမှုကို မလုပ်လိုပါချေ။
ဝူမုဖန်သိုက်က သူတို့ကို ကာကွယ်ရန် ဆုံးဖြတ်ထားမှတော့ သူတို့နှင့်အတူသာ အသေခံလိုက်ဖို့ သူက ရွေးချယ် ပေးလိုက်ခြင်း ဖြစ်သည်။
“ငါက နင့်ရဲ့ အစ်မလေ၊ နင် ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ”
ဝူမုဖန်သိုက်က မယုံကြည်နိုင်စွာ ပြောလိုက်မိသည်။
ငယ်စဉ်ကတည်းက ဝူမုထျန်းလျို ပြဿနာရှာသမျှ သူမကသာ အမြဲတမ်း လိုက်လံဖြေရှင်းပေးခဲ့ရသည်။ သူ အပြစ်ပေးခံရတိုင်း သူမကသာ အမြဲတမ်း အစားဝင်ခံပေးခဲ့သည်။
သူမသည် သူမ၏ မောင်ဖြစ်သူအတွက် အရာရာကို ပေးဆပ်ခဲ့ပြီး သူ့ကို အဖိုးတန် ကျောက်မျက် ရတနာတစ်ခုကဲ့သို့ပင် ပြုစုစောင့်ရှောက်ခဲ့သည်။ သို့သော် ယခုမူ... သူက သူမကို ဤသို့ ဆက်ဆံနေသည်လား။
ဝူမုဖန်သိုက်မှာ လုံးဝ ဆွံ့အသွားရသည်။
“မင်းက ငါ့အစ်မဆိုတာ ငါ ကောင်းကောင်းသိတာပေါ့၊ ပြီးတော့ ဒီနှစ်တွေအတွင်း မင်း ငါ့ကို စောင့်ရှောက်ခဲ့ တာတွေကိုလည်း ငါ သိပါတယ်။ ဒါကြောင့် ငါပြန်ရောက်တဲ့အခါ ဘိုးဘေးကြီးတွေကို မင်းက ငါ့ကို ကယ်တင်ရင်း သေဆုံးသွားခဲ့တာပါလို့ ပြောပြလိုက်မယ်၊ တကယ့်ကို သူရဲကောင်းဆန်တဲ့ လုပ်ရပ်ပေါ့”
“ပြီးတော့ မင်းက ဟိုမျိုးမစစ်ကောင် လူသားကြောင့် သေခဲ့ရတာလို့ ငါ ပြောမယ်၊ ပြီးတော့မှ မျိုးနွယ်စုကို ဦးဆောင်ပြီး အဲ့ဒီကောင်ကို လိုက်သတ်ခိုင်းမယ်”
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။
သူသည် သူမကို မကူညီခဲ့သည့်အတွက် သံသယ ကင်းရှင်းသွားမည့်အပြင် ယဲ့ဖန်ကိုပါ ရှင်းပစ်နိုင်မည် ဖြစ်ရာ အဘယ်ကြောင့် မလုပ်နိုင်ရမည်နည်း။
ထို့ပြင် ဝူမုဖန်သိုက်သာ မရှိတော့လျှင် သူသည် နောက်နောင်တွင် ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ် မျိုးနွယ်စု၏ တစ်ဦးတည်းသော အကြီးအကဲ ဖြစ်လာပေတော့မည်။
၎င်းကို ကြားလိုက်ရသောအခါ ဝူမုဖန်သိုက်သည် သွေးဆာနေသော မျက်လုံးများဖြင့် သူမ၏မောင်ကို စိုက်ကြည့် လိုက်သည်။ သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။
သူမကို စွန့်ပစ်လိုက်ပြီ ဖြစ်သည်။
“ဝူမုဖန်သိုက်... မင်းက သူတို့နဲ့အတူ သေဖို့ ရည်ရွယ်ထားမှတော့... နှုတ်ဆက်ခဲ့ပါတယ်”
ထိုသို့ပြောပြီးနောက် ဝူမုထျန်းလျိုသည် နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
“တိရစ္ဆာန်ထက်တောင် ယုတ်ညံ့တယ် ဆိုတဲ့စကားက လူသားတွေကိုတင် ပြောတာ မဟုတ်ဘူးထင်တယ်”
အိုးရန်ယွင်သော်က လှောင်ပြောင် သရော်သော လေသံဖြင့် ရယ်မောလိုက်သည်။
ဝူမုဖန်သိုက်မှာ ခါးသီးစွာ ပြုံးလိုက်ရုံမှလွဲ၍ စကားတစ်လုံးမှပင် မပြောနိုင်တော့ပေ။
မျှော်လင့်မထားဘဲ သေခါနီးအချိန်မှ မိမိ၏ မောင်အရင်းထံမှ သစ္စာဖောက်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။
ထိုအခိုက်အတန့်မှာပင် ကြောက်မက်ဖွယ် ကောင်းလှသော သားရဲကြီးများသည် ယဲ့ဖန်၏ ရှေ့မှောက်သို့ တစ်ကောင်ပြီး တစ်ကောင် ပေါ်ထွက်လာကြတော့သည်။
၎င်းတို့သည် အစွယ်များကို ထုတ်ပြကာ လက်သည်းများကို ဖြန့်လျက် မရပ်မနား ဟိန်းဟောက်နေကြသည်>
မိစ္ဆာအမြောက်အမြားမှာ ထိုမြင်ကွင်းကို ကြည့်ရန်ပင် မလိုချေ။ ထိုအသံများကို ကြားရုံနှင့်တင် ကျောရိုးထဲအထိ စိမ့်ဝင်အောင် ချောက်ချားသွားကြရသည်။
သူတို့အားလုံးမှာ ကြောက်လန့်လွန်းသဖြင့် အသက်ပင် ထွက်လုမတတ် ဖြစ်နေကြရပြီ။
ထိုအခိုက်အတန့်မှာပင် သူတော်စင် ချီရှီးသည် ကျေနပ်အားရသော အပြုံးတစ်ခုကို ထုတ်ဖော်ပြလိုက်သည်။
“သေစမ်း၊ သေလိုက်ကြစမ်း၊ ဒီမိစ္ဆာတွေရဲ့ ဝါးမြိုခြင်းကို ခံရပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားစမ်း”
သူ၏မျက်နှာမှာ ဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေတော့သည်။
သူ၏မျက်လုံးထဲတွင် ယဲ့ဖန်မှာ သေလူတစ်ယောက် ဖြစ်နေလေပြီ။
သို့သော် လူတိုင်းက ယဲ့ဖန် သေချာပေါက် အဆုံးသတ်သွားပြီဟု ထင်မှတ်နေကြချိန်မှာပင် သူက စကားတစ်ခွန်း ပြောလိုက်သည်။
ရိုးရှင်းသော စကားနှစ်လုံးသာ။
သို့သော် ၎င်းသည် အာဏာရှင်ဆန်သော စွမ်းအား ဆိုသည်မှာ အဘယ်နည်း၊ ‘ဂုဏ်သိက္ခာ’ ဆိုသည်မှာ အဘယ်နည်း ဆိုသည်ကို အပြည့်အဝ ဖော်ကျူးနေတော့သည်။
“ဒူးထောက်စမ်း”
ဤစကားလုံး ကောင်းကင်ယံကို ဖြတ်သန်းသွားသော မိုးကြိုးသံကြီးကဲ့သို့ မကြာမီမှာပင် ၎င်းသည် နေရာ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
ကြာမြင့်စွာ ပဲ့တင်ထပ်နေဆဲပင်။
ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ် ဖိအားတစ်ခုမှာလည်း ပျံ့လွင့်လာပြီး တိုက်ခိုက်လာသော ရှေးဟောင်း မိစ္ဆာအားလုံးကို ထိုဖိအားအောက်တွင် ဝါးမြိုလိုက်တော့သည်။
*ဒူးထောက်ရမယ် ဟုတ်လား*
ထိုစကားကို ကြားလိုက်ရချိန်တွင် သူတော်စင် ချီရှီးမှာ ချက်ချင်းပင် တဟားဟား အော်ရယ်လိုက်တော့သည်။
*ဒီမိစ္ဆာတွေမှာ အသိဉာဏ်မှ မရှိတာ၊ သူတို့က မင်းပြောတာကို ဘယ်လိုလုပ် နားလည်မှာလဲ*
*နားလည်တယ်ပဲ ထားဦး၊ သူတို့က ဘာလို့ မင်းစကားကို နားထောင်ရမှာလဲ*
*စကားနှစ်လုံးတည်းနဲ့ ဒီသောင်းနဲ့ချီတဲ့ မိစ္ဆာတွေကို ခြောက်လှန့်နိုင်မယ်လို့ ထင်နေတာကတော့ ဟာသပဲ*
သို့သော်လည်း ထိုအချိန်တွင်။
“ဒုန်း ဒုန်း ဒုန်း”
လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ထိုဧရာမ သတ္တဝါကြီးများသည် တစ်ကောင် ပြီး တစ်ကောင် ဒူးထောက်လိုက်ကြပြီး ယဲ့ဖန်၏ ရှေ့မှောက်တွင် အရိုအသေပေး ဦးညွှတ် လိုက်ကြတော့သည်။
*သူတို့ တကယ် ဒူးထောက်လိုက်ကြတာပဲ*
မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ သုသာန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
အသက်လု ထွက်ပြေးနေကြသော မိစ္ဆာများမှာ လုံးဝကို မှင်တက်ဆွံ့အကုန်ကြသည်။
*ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဒီမိစ္ဆာတွေမှာ အသိဉာဏ် မရှိတာ ရှင်းနေတာပဲ*
*သူတော်စင်တွေတောင် သူတို့ကို မကိုင်တွယ်နိုင်တာ၊ သာမန်လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး အမိန့်ပေး နိုင်ရတာလဲ*
*ဒါ အမြင်မှားတာပဲ၊ ဒါ သေချာပေါက် အမြင်မှားတာ ဖြစ်ရမယ်*
သူတို့ မိစ္ဆာမျိုးနွယ်စုက နှစ်ပေါင်း သောင်းချီကြာအောင် မနှိမ်နင်းနိုင်ခဲ့သော သတ္တဝါဆိုးကြီးများသည် ယခုအခါ၌ ယဲ့ဖန်၏ အရှေ့တွင် ခွေးအုပ်ကြီးတစ်အုပ်လို ဒူးထောက်နေကြသည်။
အမြီးနန့်ပြီး အသက်ချမ်းသာခွင့် တောင်းနေကြသလိုပင်။
လက်ရှိတွင် မိစ္ဆာပေါင်းတစ်သောင်းမှာ ယဲ့ဖန်၏ ရှေ့မှောက်၌ တစ်ညီတစ်ညွတ်တည်း ဒူးထောက်လိုက်ကြပြီး တစ်ကောင်ချင်းစီက ထိတ်လန့်တုန်လှုပ်ဖွယ် အော်ဟစ်သံများဖြင့် အသက်ချမ်းသာခွင့် တောင်းခံနေကြ တော့သည်။
သူတော်စင် ချီရှီးမှာလည်း ဆံပင်များ ထောင်ထလာပြီး သူ၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့နေတော့သည်။
*မဖြစ်နိုင်ဘူး*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
*ဒါတွေက သူတော်စင်တစ်ပါးတောင် မနှိမ်နင်းနိုင်တဲ့ သတ္တဝါဆိုးတွေလေ*
*မဟုတ်မှလွဲရော တစ်ဖက်လူက အသူရာ ဧကရာဇ်ရဲ့ သွေးဆက် ဖြစ်နေလို့လား*
*ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား*
ထို့နောက်တွင်မူ ရွှံ့နွံများထဲမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။
ပုပ်အဲ့အဲ့ အနံ့အသက်ဆိုးများမှာ လေထုထဲတွင် ပြည့်နှက်သွားသည်။
၎င်းမှာ ရွှံ့စိုင်ခဲကြီးတစ်ခုမှ ပုံဖော်ထားသည့် သတ္တဝါဆိုးကြီး တစ်ကောင်ပင်.
“ဒါ... ဒါက ရွှံ့နွံနတ်ဘုရားပဲ”
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာအားလုံးမှာ ဦးရေခွံများ ထုံကျင်သွားကြပြီး သူတို့၏မျက်လုံးများထဲတွင် အတိုင်းအဆမဲ့သော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ရွှံ့နွံနတ်ဘုရား ဆိုသည်မှာ ဤလောကရှိ အညစ်အကြေးအားလုံး၏ မူလအစဟု ဆိုကြသည်။
သူသည် ပုပ်ပွနေသော အလောင်းကောင်များကို စားသုံးပြီး မည်သည့်သက်ရှိမျှ သူ၏ အမဲလိုက်မှုမှ လွတ်မြောက် နိုင်ခြင်း မရှိပါချေ။
တစ်ခါက ရှေးဟောင်းကာလ၌ မိစ္ဆာမြို့တော်တစ်ခုလုံးသည် ကျယ်ပြောလှသော ရွှံ့နွံပင်လယ်ကြီး၏ ဝါးမြိုခြင်းကို ရုတ်တရက် ခံလိုက်ရပြီး မြို့ထဲရှိ မိစ္ဆာပေါင်း တစ်သိန်းမှာလည်း ချက်ချင်းပင် စားသုံးခြင်း ခံလိုက်ရသည်။
ထိုစဉ်က ပုပ်အဲ့အဲ့ အနံ့အသက်များမှာ ကောင်းကင်ယံအထိ ပျံ့နှံ့သွားခဲ့သည်။
ထိုအဖြစ်အပျက်မှာ အလွန်ပင် ကျယ်လောင်ဆိုးဝါးလှသဖြင့် မိုင်ပေါင်းရာချီ ဝေးကွာသော နေရာမှပင် ရှင်းရှင်း လင်းလင်း ကြားခဲ့ရသည်။
သူတော်စင်တစ်ပါး၊ အင်မော်တယ် ဧကရာဇ် ဆယ့်နှစ်ပါး၊ နတ်ဘုရင် ရာပေါင်းများစွာနှင့် အရပ်ရပ်မှ မရေမတွက်နိုင်သော မိစ္ဆာများအားလုံးမှာ အရှင်လတ်လတ် ယဇ်ပူဇော်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်ခဲ့သူမှာ အခြားသူမဟုတ်၊ ဤ ရွှံ့နွံနတ်ဘုရားပင် ဖြစ်သည်။
မိစ္ဆာသူတော်စင် အမြောက်အမြား စုပေါင်းအင်အားသုံးမှသာလျှင် နောက်ဆုံးတွင် သူ့ကို အနိုင်ယူနိုင်ခဲ့သော်လည်း ၎င်းတို့သည် သူ့ကို သတ်ဖြတ်နိုင်ခြင်း မရှိခဲ့ကြပါ။
ထို့နောက်တွင်တော့ ရွှံ့နွံနတ်ဘုရားမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်အခါမျှ ထပ်မံ မြင်တွေ့ခြင်း မရှိတော့ပါချေ။
ဤဆိတ်သုဉ်း မြေရိုင်းကြီးမှာ ရွှံ့နွံနတ်ဘုရား၏ နယ်မြေဖြစ်နေလိမ့်မည်ဟု သူတို့ အနည်းငယ်မျှပင် ထင်မထား ခဲ့ကြပါ။
ရွှံ့နွံနတ်ဘုရားသည် ရွှံ့နွံမိစ္ဆာကြီးတစ်ခု၏ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွက်လာခဲ့ပြီ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နံစော်နေသော ရွှံ့နွံများဖြင့် ဖုံးလွှမ်းထားပြီး ထိုအနံ့မှာ လူတစ်ယောက်ကို ချက်ချင်းပင် သတိမေ့သွားစေနိုင်လောက်အောင် စူးရှလှသည်။ ထိုရွှံ့နွံများကြားတွင် ပုပ်ပွနေသော တိရစ္ဆာန် အလောင်းကောင်များ၊ မိစ္ဆာများ၏ ဦးခေါင်းခွံများနှင့် လူသားပုံသဏ္ဌာန် လက်မောင်းများမှာ ရောနှောလျက် ရှိနေသည်။
တကယ့်ကို ကြောက်မက်ဖွယ် မြင်ကွင်းပါပေ။
သူ့ကို မြင်လိုက်ရသည့် ခဏမှာပင် သူတော်စင် ချီရှီးပင်လျှင် ဆံပင်များ ထောင်ထသွားသည်အထိ ထိတ်လန့် သွားရတော့သည်။
သူသည် တစ်ချိန်က ရွှံ့နွံနတ်ဘုရားကို ဝိုင်းရံတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ဖူးပြီး ထိုစဉ်က ၎င်း၏ ဝါးမြိုခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။
ယခုအချိန်အထိ ထိုအကြောင်းကို ပြန်စဉ်းစားမိတိုင်း သူသည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။
“ဒီမိစ္ဆာတွေအားလုံးကို ရွှံ့နွံနတ်ဘုရားက ထိန်းချုပ်ထားတာလား။ ဒါကြောင့်လဲ သူတော်စင်တစ်ပါးကိုတောင် မမှုတာကိုး”
ထို့နောက်တွင် ရွှံ့နွံနတ်ဘုရားသည် ယဲ့ဖန်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်ကို လူတိုင်း မြင်တွေ့ လိုက်ရသည်။
“ရွှံ့နွံနတ်ဘုရားက သူ့ရဲ့ နယ်မြေအပေါ် အရမ်း စွဲလမ်းသလို အငြိုးအတေးလည်း အရမ်းကြီးတယ်။ အရင်က သူ့ကို နှိမ်နင်းပြီး မောင်းထုတ်ရာမှာ ပါဝင်ခဲ့တဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေထဲက သူတော်စင်တွေကလွဲရင် ကျန်တဲ့သူတွေ အားလုံး နောက်ပိုင်းမှာ ဘေးဒုက္ခတွေနဲ့ ကြုံခဲ့ရတယ်။ သူတို့အားလုံး ရုတ်တရက်ကြီးကို ကြောက်ကြောက် လန့်လန့်နဲ့ သေဆုံးသွားခဲ့ကြတာ”
“အခု ဒီကောင်က ရွှံ့နွံနတ်ဘုရားရဲ့ နယ်မြေကို ကျူးကျော်ရုံတင်မကဘဲ သူ့ရဲ့ ကျွန်တွေကိုပါ နှိမ်နင်းဖို့ ကြိုးစားနေတာ၊ ဒါ ရွှံ့နွံနတ်ဘုရားရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်နေတာပဲ၊ သူတော့ သေချာပေါက် အဆုံးသတ်သွားပြီ”
၎င်းကို ကြားလိုက်ရသောအခါ သူတော်စင် ချီရှီးမှာ ရက်စက်စွာ ပြုံးလိုက်တော့သည်။
*ဒီကောင်လေးကတော့ တကယ့်ကို ကံဆိုးတာပဲ၊ ဤကဲ့သို့သော သတ္တဝါဆိုးကြီးနှင့် တည့်တည့်တိုးရတယ်လို့*
သူကိုယ်တိုင် လက်ဖျားနှင့်တောင် တို့စရာမလိုဘဲ ဒီကောင်လေးတော့ သေရတော့မည်။
ထျန်းယင်နှင့် ကျန်သောသူများပင်လျှင် ကြောက်လန့် တုန်ရီနေကြသည်။
သူတို့အားလုံးသည် ရွှံ့နွံနတ်ဘုရား၏ ဆိုးဝါးလှသော ကျော်ကြားမှုကို ကြားဖူးကြသည်၊ သူ၏ မူလအစမှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှပြီး အဖြေရှာရန် ခက်ခဲလှပေသည်။
သူ ရောက်ရှိလေရာ အရပ်တိုင်းတွင် ပျက်သုဉ်းခြင်းနှင့် သေခြင်းတရားတို့ကသာ လိုက်ပါလာစမြဲ။
သို့သော်လည်း ပို၍ ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
ရွှံ့နွံနတ်ဘုရားသည် ယဲ့ဖန်၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်သည်။
ထို့နောက် သူသည် ဦးခေါင်းကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်ပြီး ယဲ့ဖန်၏ ရှေ့တွင် အမှန်တကယ်ပင် ဒူးထောက် လိုက်တော့သည်။
“ဆရာ၊ ဒီတပည့် ဆရာ့ကို စောင့်နေရတာ ကြာပါပြီ”
တိတ်ဆိတ်သွားလေသည်။
နေရာတစ်ခုလုံးမှာ သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ရှိနေသော မိစ္ဆာအားလုံးမှာ အသိစိတ်ပင် လွတ်သွားကြရသည်။ လုံးဝကို မှင်တက် ဆွံ့အသွားကြခြင်းပင်။
*ရွှံ့နွံနတ်ဘုရားက ဒီလူသားရှေ့မှာ ဒူးထောက်လိုက်ရုံတင်မကဘဲ သူ့ကို ဆရာလို့ပါ ခေါ်လိုက်တာလား*
*ရွှံ့နွံနတ်ဘုရားလို တည်ရှိမှုမျိုးက ဆရာ လိုအပ်လို့လား*
*မလိုအပ်ဘူး*
*ငါတို့ နားကြားမှားတာ ဖြစ်မယ်၊ ငါတို့ နားကြားမှားတာပဲ နေမှာ*
“ဖြန်း”
ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် တစ်ဦးသည် သူ အိပ်မက်မက် နေခြင်း ဟုတ်မဟုတ် သိချင်သောကြောင့် မိမိကိုယ်မိမိ ပါးပြင်းထန်စွာ ရိုက်လိုက်သည်။ သို့သော်လည်း ရလဒ်က သူ့ကို စိတ်ပျက်စေခဲ့သည်။
ဤသည်က အမြင်မှားနေခြင်း မဟုတ်ဘဲ အစစ်အမှန်ကြီး ဖြစ်နေသည်။
ရွှံ့နွံနတ်ဘုရားသည် အမှန်တကယ်ပင် ဦးညွှတ် အရှုံးပေးလိုက်လေပြီ။
သူသည် ကမ္ဘာဦးကာလ၊ မဟာ မြေရိုင်းခေတ်နှင့် နတ်ဘုရားခေတ်တို့ကို ဖြတ်သန်းခဲ့ပြီး အလွန်အမင်း ရှေးကျလှသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။
*အဲ့ဒီလို တည်ရှိမှုမျိုးက လူတစ်ယောက်ကို ဆရာအဖြစ် ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ*
ချက်ချင်းဆိုသလိုပင် လူတိုင်းသည် ယဲ့ဖန်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။ ဤလူသည် ထင်သလောက် လုံးဝ မရိုးရှင်းသည်မှာ သေချာနေလေပြီ။
“ဒီနှစ်တွေအတွင်း မင်းကို ဒီဆိတ်သုဉ်းမြေရိုင်းကို စောင့်ရှောက်ခိုင်းထားခဲ့တာ၊ မင်းအတွက် တော်တော်လေး ပင်ပန်းခဲ့မှာပဲ”
ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ တစ်ချိန်က ရွှံ့နွံနတ်ဘုရားသည် လူစုလူဝေးဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရကာ ထွက်ပြေးခဲ့ရဖူးသည်။ သူ၏ ကျင့်စဉ်အဆင့်မှာ တဟုန်ထိုး ကျဆင်းသွားခဲ့ပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။
ယဲ့ဖန်သည် သူ၏ ခက်ခဲလှသော ကျင့်ကြံမှုကို မြင်သောအခါ သနားမိသဖြင့် သူ၏ဒဏ်ရာများကို ကုသပေးခဲ့ပြီး အသက်ကို ကယ်တင်ကာ ခွန်အားများကို ပြန်လည် နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးခဲ့သည်။
အပြစ်ပေးသည့်အနေဖြင့် ယဲ့ဖန် ပြန်မလာမချင်း ဤဆိတ်သုဉ်းမြေရိုင်းတွင် ကျင့်ကြံနေရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရေတွက်၍မရနိုင်သော နှစ်များစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ရွှံ့နွံနတ်ဘုရားသည် သူ့ဆရာ၏ အမိန့်ကို မည်သည့်အခါမျှ မဖီဆန်ဝံ့ဘဲ ယနေ့တိုင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခု ယဲ့ဖန်၏ အရှိန်အဝါကို ခံစားမိသောကြောင့် သူသည် ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့ခြင်းပင်။
“တပည့်က ဆရာ့ရဲ့ အမိန့်ကို ဘယ်လို ညည်းညူမှုမျိုးမှမရှိဘဲ နာခံမှာပါ”
ရွှံ့နွံနတ်ဘုရားက ရိုသေစွာ ပြောလိုက်သည်။ အကယ်၍ ယဲ့ဖန်သာ မရှိခဲ့လျှင် သူသည် မသေခဲ့လျှင်တောင် ဒုက္ခိတ တစ်ယောက် ဖြစ်နေလောက်သည်။
အသက်ကို ကယ်တင်ခဲ့သည့် ကျေးဇူး၊ အသစ်တဖန် မွေးဖွားပေးခဲ့သည့် ကျေးဇူးမှာ တိုင်းတာ၍ မရနိုင် လောက်အောင်ပင်။
ရွှံ့နွံနတ်ဘုရားသည် သူ၏ တစ်သက်တာတွင် မည်သူ့ကိုမျှ မကြောက်ဖူးခဲ့ချေ။ ကောင်းကင်ဘုံ ကိုးလွှာမှ မောက်မာ ဝင့်ကြွားနေသော ကောင်များပင်လျှင် သူ၏ အကြည့်အောက်တွင် အရာမဝင်ပါချေ။
သို့သော် သူတို့သည် ယဲ့ဖန်ကိုမူ အဆုံးစွန်ထိ ရိုသေကြောက်လန့်ကြပါသည်။
သူတော်စင် ချီရှီးမှာမူ စကားပင် မပြောနိုင်တော့ဘဲ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီနေတော့သည်။ ကြောက်ရွံ့မှုများက သူ၏နှလုံးသားကို ဖမ်းဆုပ်ထားပြီး ကျောရိုးထဲအထိ စိမ့်အောင် ချမ်းစိမ့်သွားစေသည်။
*ဆရာ*
*တပည့်*
*ငါ့ရှေ့က ဒီလူသားကောင်လေးက တကယ်ပဲ ရွှံ့နွံနတ်ဘုရားရဲ့ ဆရာ ဖြစ်နေတာလား*
ချက်ချင်းပင် သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားတော့သည်။ သူ မိုးကြိုး အပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
“ဆရာ ... ဆရာ့ရဲ့ ကျင့်စဉ်အဆင့်က ဘာလို့ ဒီလောက်အထိ တဟုန်ထိုး ကျဆင်းသွားရတာလဲ”
ရုတ်တရက် ရွှံ့နွံနတ်ဘုရားသည် တစ်စုံတစ်ခုကို သတိထားမိသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
*ဘာ၊ ကျင့်စဉ်အဆင့်က တဟုန်ထိုး ကျဆင်းသွားတာ ဟုတ်လား*
၎င်းကို ကြားလိုက်ရသောအခါ မိစ္ဆာအားလုံး မှင်တက်သွားကြသည်။
*ဒီလူက အခုတောင် ဒီလောက်အထိ သန်မာပြီး အာဏာရှိနေတာ၊ သူတော်စင်တစ်ပါးကို အနိုင်ယူတာက လက်ဖျောက်တစ်ချက်တီးသလောက် လွယ်ကူနေတာတောင် ဒါက သူ့ရဲ့ မူလခွန်အား မဟုတ်သေးဘူးလား*
*ပြင်းထန်တဲ့ ဒဏ်ရာတွေရပြီး ကျင့်စဉ်အဆင့်တွေ အများကြီး ကျဆင်းနေတာတောင် ဒီလောက်စွမ်းနေရင်၊ အကယ်၍ သူသာ အထွတ်အထိပ် ခွန်အားမှာ ရှိနေမယ်ဆိုရင် သူတော်စင်တစ်ပါးကို သတ်ဖို့ဆိုတာ စိတ်ကူး လိုက်ရုံနဲ့ တင် ပြီးသွားမှာ မဟုတ်ပါလား*
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှိနေကြသော မိစ္ဆာအားလုံး၏ မျက်နှာပေါ်ရှိ အမွေးအမျှင်များမှာ ထောင်ထသွား ကြသည်အထိ ထိတ်လန့်သွားကြရသည်။
သူတို့၏ မျက်နှာများမှာ အတိုင်းအဆမဲ့သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။
ယခင်က သူတို့သည် ယဲ့ဖန်ကို သူတို့မျိုးဆက်၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဟုသာ ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် သူတို့ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားသော၊ ပြိုင်ဘက်ကင်းသည့် ဝါစဉ်ရှိသည့် ရှေးဟောင်း မိစ္ဆာကြီးတစ်ပါး ဖြစ်နေပါလား။
သူသည် အဘယ်ကြောင့် ဤမျှအထိ မောက်မာရဲရသနည်း၊ အဘယ်ကြောင့် ထာဝရ မသေမျိုးပန်းကို သိမ်းပိုက်မည်ဟု တိုက်ရိုက် ကြေညာရဲသနည်းဆိုသည်မှာ မထူးဆန်းတော့ပါချေ။ သူ့တွင် ထိုသို့ ပြောနိုင် လောက်သည့် ခိုင်မာသော နောက်ခံအင်အား ရှိနေသောကြောင့်ပင်။
မိစ္ဆာအားလုံးသည် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရကြသည်။
မိစ္ဆာမျိုးနွယ်စုကြီးမှာ ရှောင်လွှဲမရနိုင်သော ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်နေရလေပြီ။