ယခု ဒူးထောက်နေသူမှာ အခြားသူမဟုတ်ဘဲ ဝူမုဖန်သိုက် ဖြစ်နေသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
“မင်းက ငါ့ရဲ့ သည်းခံမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား”
၎င်းကို ကြားလိုက်ရသောအခါ ဝူမုဖန်သိုက်မှာ တုန်ရီသွားပြီး သူမ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာ တော့သည်။
သူမတို့ ကျိုးပျက်တိမ်တိုက် ကောင်းကင်မြစ် အဖွဲ့သည် ယဲ့ဖန်အား အခက်အခဲမျိုးစုံ ပေးခဲ့သည့်အပြင် သူ့ကို သတ်ရန်ပင် ကြိုးစားခဲ့ကြသည်။ ယဲ့ဖန်က သူမကို အသက်ချမ်းသာပေးထားသည်မှာပင် အံ့ဩစရာ ကောင်းလှ ပေပြီ။ ယခုကဲ့သို့ အခြေအနေတွင် အခြားသူများအတွက် ရှေ့ထွက်ပြောဆိုခြင်းမှာ အမှန်တကယ်ပင် အခွင့်ကောင်း ယူလွန်းရာ ရောက်နေတော့သည်။
“ကျွန်မက အရှင့်ကို ထာဝရ မသေမျိုးပန်း ရှိရာဆီ ခေါ်ဆောင်သွားပေးဖို့ အသင့်ရှိပါတယ်။ ကျေးဇူးပြုပြီး... အရှင်... အပြစ်မဲ့တဲ့ ကျွန်မတို့ရဲ့ မျိုးနွယ်စုဝင်တွေကိုတော့ အသက်ချမ်းသာပေးပါ”
ယဲ့ဖန်သည် ဝူမုဖန်သိုက်ကို နက်နဲသောအကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
“ဝူမုဖန်သိုက်၊ မင်းက မိစ္ဆာမျိုးနွယ်စုကို သစ္စာဖောက်ရဲတယ်ပေါ့! မိစ္ဆာသူတော်စင်တွေက မင်းကို ဘယ်လိုမှ လွှတ်ပေးမှာ မဟုတ်ဘူး”
ချက်ချင်းပင် အကြီးအကဲအချို့မှာ ဝူမုဖန်သိုက်ကို ဒေါသတကြီး ကြိမ်းမောင်းလိုက်ကြသည်။ သူတို့၏ မျက်လုံး များမှာ ရက်စက်မှုနှင့် အငြိုးအတေးများဖြင့် ပြည့်နှက်နေတော့သည်။
“တော်စမ်း”
ယဲ့ဖန်သည် ငေါက်ငမ်းလိုက်ပြီး လက်ညှိုးတစ်ချက် ထိုးလိုက်ရာ ရွှေရောင်အလင်းတန်းများ ထွက်လာပြီး ထိုမိစ္ဆာဧကရာဇ် အိုကြီးကို ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ကြေမွသွားစေကာ ဤလောကမှ လုံးဝ ပျောက်ကွယ် သွားစေတော့သည်။
“နောက်ထပ် ဘယ်သူ ကန့်ကွက်ချင်သေးလဲ ရှေ့ကို ထွက်ခဲ့စမ်း”
ယဲ့ဖန်၏ အေးစက်သော မျက်လုံးများက ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်ရာ သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ လက်ဆုပ်လက်ကိုင်ပြ၍ ရလောက်အောင်ပင် ပြင်းထန်လှသည်။
မည်သူမျှ ပြန်လည် ဖြေကြားရန် မဝံ့ရဲကြပါချေ။ ဤလူသည် ရှီးလင်သို့ ရောက်ရှိလာခြင်းမှာ သူတို့ မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ သူတော်စင် ချီရှီးပင်လျှင် ထိတ်လန့်တုန်လှုပ်ပြီး ဒူးထောက်ကာ အသက်ချမ်းသာခွင့် တောင်းခဲ့ရသည် မဟုတ်ပါလား။
ယခုအချိန်တွင် မိစ္ဆာသူတော်စင်များသာလျှင် ဤလူကို တားဆီးနိုင်တော့မည်ဟု သူတို့ ထင်မှတ်နေကြသည်။ သူတို့၏ ခဏတာ ရဲတင်းမှုမှာ အဓိပ္ပာယ်မရှိပါ၊ ၎င်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
“လမ်းပြစမ်း”
ယဲ့ဖန်က ဝူမုဖန်သိုက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်မ ... ကျွန်မမှာ တောင်းဆိုချက်တစ်ခု ရှိပါသေးတယ်”
ဝူမုဖန်သိုက်က ယဲ့ဖန်ကို မော့မကြည့်ဝံ့ဘဲ တိုးညှင်းစွာ ပြောလိုက်သည်။
“ဪ ပြောကြည့်လေ”
ယဲ့ဖန်၏ မျက်လုံးများထဲတွင် အအေးဓာတ်တစ်ခု ဖြတ်သန်းသွားသည်။
“ကျွန်မတို့ ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်ကို အသက်ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်။ အကယ်၍ အရှင်က သူတို့ကို ချမ်းသာပေးမယ်ဆိုရင် ကျွန်မက အရှင့်ရဲ့ ကျွန်အဖြစ် အမှုထမ်းပါ့မယ်”
ဝူမုဖန်သိုက်သည် သွားကို တင်းတင်းကြိတ်ထားမိသည်။ သူမ၏ မိသားစုဝင်များ၏ အသက်ကို ကာကွယ်ရန် အတွက် သူမကိုယ်သူမ စတေးရန် ရွေးချယ်လိုက်ခြင်းပင်။
ယဲ့ဖန်က တန်း၍ ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ၊ ငါ ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်ကို ထပ်ပြီး အခက်အခဲ မပေးတော့ဘူး”
“တကယ်လား”
ဝူမုဖန်သိုက်မှာ အလွန်အမင်း ဝမ်းသာသွားသည်။ ယဲ့ဖန်က သူမ၏ တောင်းဆိုချက်ကို ဤမျှလွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
“ဒါပေမဲ့ ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်ဘက်က ငါ့ကို အရင် လာမတိုက်ခိုက်ဖို့တော့ လိုလိမ့်မယ်”
ယဲ့ဖန်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“စိတ်ချပါ၊ ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်က အရှင့်ကို အခက်တွေ့အောင် ဘယ်တော့မှ လုပ်ရဲမှာ မဟုတ်ပါဘူး”
ဝူမုဖန်သိုက်က ဝမ်းသာအားရဖြင့် ကမန်းကတန်း ခေါင်းငြိမ့်လိုက်သည်။ သရဲမြင်ဖူးသူအတွက်တော့ အမှောင်ထုက ကြောက်စရာ မဟုတ်တော့ပါ။
ထို့နောက် ဝူမုဖန်သိုက်သည် ပျော်ရွှင်စွာဖြင့် ရှေ့မှ လမ်းပြသွားတော့သည်။
“ဆရာ... အဲဒီလူယုတ်မာကို တကယ်ပဲ လွှတ်ပေးတော့မှာလား?”
အိုးရန်ယွင်သော်သည် ဝူမုထျန်းလျိုအပေါ် နာကျည်းချက်များ ရှိနေဆဲဖြစ်သဖြင့် မကျေမနပ်ဖြင့် လျှောက်လာကာ မေးလိုက်သည်။
အကယ်၍ ဝူမုထျန်းလျိုသာ မရှိခဲ့လျှင် သူတို့အားလုံး သေလုနီးပါး ဖြစ်ခဲ့ကြမည် မဟုတ်ပေ။ အကယ်၍ ယဲ့ဖန်သာ မရှိခဲ့လျှင် သူတို့အားလုံး သေဆုံးသွားလောက်ပြီ ဖြစ်သည်!
“ငါ သူ့ကို လွှတ်ပေးမယ်လို့ ဘယ်သူပြောလဲ”
ယဲ့ဖန်က လှောင်ပြုံး ပြုံးလိုက်သည်။
“ဒါပေမဲ့ ဆရာက ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်ကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား”
အိုးရန်ယွင်သော်က အံ့ဩတကြီး မေးလိုက်သည်။
*ယဲ့ဖန်က ကတိဖျက်တော့မှာလား*
“ငါက သူတို့ကို မတိုက်ရင်ရော... သူတို့က ငါ့ကို မတိုက်ဘဲ နေမှာတဲ့လား?”
ယဲ့ဖန်၏ အကြည့်က နက်နဲသွားသည်။
“မင်းသာ ဝူမုထျန်းလျို နေရာမှာဆိုရင် ကိုယ့်လူတွေကို ပစ်ပယ်ပြီး မျိုးနွယ်စုဆီကို ထွက်ပြေးသွားပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ”
အိုးရန်ယွင်သော်မှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
အကယ်၍ သူမသာ ဆိုလျှင် ယဲ့ဖန်ကို နည်းမျိုးစုံဖြင့် နာမည်ဖျက်ပြီး အပြစ်အားလုံးကို ယဲ့ဖန်အပေါ် ပုံချရန် ကြိုးစားပေလိမ့်မည်။
ယဲ့ဖန်သည် အရာအားလုံးကို ကြိုတင်မြင်တွေ့ပြီးသား ဖြစ်နေသည်။ ထိုလူများသည် သူတို့ ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်သို့ သွားသည့်အခါ သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးကြမည် မဟုတ်သည်မှာ သေချာလှသည်။
သိပ်ကို ပါးနပ်လွန်းလှသည်။
အိုးရန်ယွင်သော်၏ ယဲ့ဖန်အပေါ် ကြည်ညိုလေးစားမှုမှာ ပို၍ပင် တိုးပွားလာတော့သည်။
ယဲ့ဖန်သည် ခွန်အားကြီးရုံတင်မကဘဲ သူ၏ ဉာဏ်ပညာနှင့် ပါးနပ်မှုမှာလည်း ထူးကဲလှပေသည်။
...
နေ့တစ်ဝက် ကြာပြီးနောက် ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်၌။
“ဦးလေး ပုတ်သင်... ကျွန်မ အဖေ ဘယ်မှာလဲ”
ဝူမုဖန်သိုက်က ပုတ်သင်ညိုအိုကြီးတစ်ဦးကို မေးလိုက်ရာ ထိုသူက သူမကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်ချင်သည့် အလား ဒေါသတကြီး စိုက်ကြည့်နေတော့သည်။
ဤမြင်ကွင်းက ဝူမုဖန်သိုက်ကို မှင်တက်သွားစေသည်။ ဦးလေးဖြစ်သူက သူမအပေါ် အဘယ်ကြောင့် ဤမျှ ရန်လို နေရသနည်းဆိုသည်ကို သူမ မသိရှိပါချေ။
သို့သော် သူမ ဘာမှ မမေးနိုင်ခင်မှာပင် ပုတ်သင်ညိုအိုကြီးမှာ အမြန် ပြေးထွက်သွားတော့သည်။
“ဦးလေး ဝက်ဝံကြီး၊ ကျွန်မ...”
“အစ်ကို ကျားသစ်နက်...”
“အစ်မ ကြိုးကြာ...”
သို့သော်လည်း ဝူမုဖန်သိုက်သည် ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံတိုင်း စကားစရန် ကြိုးစားသော်လည်း သူတို့အားလုံးက သူမကို အငြိုးအတေးများဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ထွက်ခွာ သွားကြသည်သာ ဖြစ်သည်။
ထို့ပြင် သူတို့အားလုံးသည် ယဲ့ဖန်ကိုလည်း အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်သည့် အကြည့်မျိုးဖြင့် ကြည့်သွားကြသေးသည်။
ဝူမုဖန်သိုက်မှာ လုံးဝကို ဝေခွဲမရ ဖြစ်နေတော့သည်။
*ဘာတွေ ဖြစ်နေတာလဲ*
ယဲ့ဖန်က ချက်ချင်းပင် လှောင်ပြုံးပြုံးလိုက်သည်။
“မင်း အခုထိ သဘောမပေါက်သေးဘူးလား၊ မင်းရဲ့ ချစ်လှစွာသော မောင်လေးက မင်းကို သစ္စာဖောက် လိုက်ပြီလေ”
ဝူမုဖန်သိုက်သည်လည်း ဤဖြစ်နိုင်ခြေကို တွေးတောမိသော်လည်း ယဲ့ဖန်က ဤမျှ ရက်ရက်စက်စက် တိုက်ရိုက် ထောက်ပြလိုက်သောအခါ သူမအတွက် ခံရခက်လွန်းလှသည်။
သွေးစိမ်းရှင်ရှင် ထွက်သွားသကဲ့သို့ပင်။
ယဲ့ဖန်၏ စကားလုံးများသည် သူမ၏ ဝမ်းဗိုက်ကို ဓားဖြင့် မွှေနှောက်လိုက်သကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး စကားတစ်လုံးမျှပင် မဟနိုင်တော့ပါချေ။
သူမ၏ မောင်အရင်းခေါက်ခေါက်က သူမကို ပစ်ပယ်ပြီး အသက်လု ထွက်ပြေးသွားခဲ့သည်။
ယခု ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ်သို့ ပြန်ရောက်သောအခါတွင်လည်း မျိုးနွယ်စုတစ်ခုလုံး၏ ရှေ့မှောက်တွင် သူမ၏ ဂုဏ်သိက္ခာကို အညစ်အကြေးဖြင့် ပက်ဖျန်း နာမည်ဖျက်လိုက်ပြီ ဖြစ်သည်။
“အိုး ... ဒါ ငါ့ရဲ့ သစ္စာဖောက် အစ်မ မဟုတ်လား၊ မင်းက ဘယ်လို မျက်နှာနဲ့ ပြန်လာရဲတာလဲ”
ထိုစဉ်မှာပင် ဝူမုဖန်သိုက်တို့၏ ရှေ့မှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာတော့သည်။
ဝူမုထျန်းလျိုသည် သူတို့၏ရှေ့တွင် ရပ်နေပြီး မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။ သူ၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေတော့သည်။
သူသည် ယဲ့ဖန်ကို သေလူတစ်ယောက်ကဲ့သို့ မှတ်ယူကာ လှောင်ပြောင်သည့် အကြည့်၊ စိန်ခေါ်သည့် အကြည့် မျိုးဖြင့် စိုက်ကြည့်နေသည်။
“ဝူမုထျန်းလျို”
ဝူမုထျန်းလျိုကို မြင်လိုက်ရသည့် ခဏ၌ ဝူမုဖန်သိုက်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်နှင့် ပြင်းထန်သော ဒေါသများ ပြည့်နှက်သွားတော့သည်။
ချက်ချင်းပင် သူမသည် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားပြီး အရောင်အသွေးစုံသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ဝူမုထျန်းလျိုကို တိုက်ခိုက်တော့သည်။ သူမ၏ လက်ချောင်းငါးချောင်းမှာ ချိတ်များကဲ့သို့ ကွေးညွှတ်လျက် ဝူမုထျန်းလျို၏ လည်ပတ်ကို ဒေါသတကြီး လှမ်း၍ ဆုပ်ကိုင်လိုက်သည်။
သို့သော် ဝူမုထျန်းလျိုမှာမူ တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး မျက်နှာတွင် အထင်သေးရွံရှာမှုများဖြင့် ပြည့်နှက် နေသည်။
သူသည် ဝူမုဖန်သိုက်၏ သတ်ဖြတ်လိုသော တိုက်ကွက်ကို လုံးဝ သတိမထားမိသလိုမျိုး အစွမ်းကုန် မထီမဲ့မြင် ပြုနေတော့သည်။
ရုတ်တရက်... ဘေးဘက်မှ သတ်ဖြတ်လိုသော အော်ဟစ်သံတစ်ခု ဟိန်းထွက်လာသည်။
“မင်း လုပ်ရဲလား”
ထို့နောက်တွင်တော့ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရပြီး လန်းဆန်းစိုပြည်ကာ ကြည်လင် တောက်ပနေသော မိုးကုတ်စက်ဝိုင်းရောင် မိုးမခခက်တစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ရိုက်ပုတ် လိုက်တော့သည်။
ယဲ့ဖန်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီးနောက် ဒေါသတကြီးဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်ကာ ဝူမုဖန်သိုက် အတွက် ထိုတိုက်ကွက်၏ အရှိန်အဝါ အတော်များများကို လွှဲဖယ်ပေးလိုက်သည်။
“ဝုန်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝူမုဖန်သိုက်သည် အရှိန်ဖြင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက် သွားကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ ဝူမုထျန်းလျို၏ အေးစက်သော အပြုံးမှာ ပို၍ နက်ရှိုင်းလာသည်။ သူသည် ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားပုံရသည်။
ဝူမုဖန်သိုက်သည် သူမကို တိုက်ခိုက်ခဲ့သူကို မယုံကြည်နိုင်သောအကြည့်ဖြင့် စိုက်ကြည့်နေမိပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
“အဖေ”
သူမကို တိုက်ခိုက်ခဲ့သူမှာ အခြားသူမဟုတ်ဘဲ ဝူမုဖန်သိုက်၏ ဖခင်ဖြစ်သူပင်။
ဝူမုဖန်သိုက်၏ မျက်လုံးများမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ ဖခင်မှာ သူမကို အမှန်တကယ် သတ်ရန် ရည်ရွယ်နေလေသလား။
ထိုနတ်ဘုရားလက်နက်မှာ ကျောက်စိမ်းနဂါးခက်ဟု ခေါ်ပြီး သူမဖခင်၏ အစွမ်းထက်ဆုံး လက်နက်ဖြစ်သည်။ ဖခင်ဖြစ်သူ တိုက်ခိုက်လိုက်ချိန်တွင် မည်သည့်ကရုဏာမျှ မပါဝင်ခဲ့ပါချေ။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှသည်။
အကယ်၍ ယဲ့ဖန်သာ ကြားထဲမှ ဝင်မပါခဲ့လျှင် သူမသည် လွန်ခဲ့သော စက္ကန့်ပိုင်းကတည်းက အသတ်ခံလိုက် ရလောက်ပြီ ဖြစ်သည်။
ဝူမုရှီးသည် ယခုအခါတွင် ဝူမုဖန်သိုက်ကို မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
“သစ္စာဖောက်၊ မင်းမှာ ပြန်လာရဲတဲ့ မျက်နှာ ရှိသေးတယ်ပေါ့”
ဝူမုဖန်သိုက်၏ လှပချောမောသော မျက်နှာလေးမှာ ချက်ချင်းပင် အေးခဲသွားပြီး ခေါင်းကို အမြန်ခါယမ်းလေသည်။
“ကျွန်မ ... ကျွန်မ သစ္စာဖောက် မဟုတ်ပါဘူး”
“မင်းက ငြင်းဦးမလို့လား၊ အဲဒီတုန်းက မင်းက ဒီလူသားဘက်ကနေ ရပ်တည်ပြီး ငါတို့လူတွေကို သတ်ဖို့ ပူးပေါင်းခဲ့တာပဲ။ အကယ်၍ ငါကသာ ပါးပါးနပ်နပ်နဲ့ မလွတ်မြောက်ခဲ့ရင် မင်းလက်ထဲမှာ ငါလဲ အသက်ပျောက် နေလောက်ပြီ”
ဝူမုထျန်းလျိုက ရှေ့သို့ လှမ်းတက်လာပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ ဝူမုဖန်သိုက်ကို ဒေါသတကြီး စိုက်ကြည့် လိုက်သည်။
“အစ်မ... ကျွန်တော်က မျိုးနွယ်စု အကြီးအကဲ ရာထူးအတွက် အစ်မနဲ့ ယှဉ်ပြိုင်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး၊ ဒါပေမဲ့ အစ်မက ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ၊ ကိုယ့်မောင်အရင်းကိုတောင် သတ်ဖို့ ကြိုးစားရတာလဲ”
၎င်းကို ကြားလိုက်ရသောအခါ ဝူမုရှီး၏ မျက်နှာမှာ ပို၍ပင် မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားပြီး သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။
သူသည် ဝူမုဖန်သိုက်အပေါ် အဆုံးစွန်ထိ စိတ်ပျက်သွားပြီမှာ ထင်ရှားလှပေသည်။
“နင် လျှောက်ပြောနေတာ”
ဝူမုဖန်သိုက်မှာ အလွန်အမင်း စိုးရိမ်တုန်လှုပ်သွားသဖြင့် မျက်ရည်များ တဖြိုင်ဖြိုင် ကျလာတော့သည်။ သူမသည် ဝူမုထျန်းလျိုအပေါ် စိတ်ရင်းမှန်ဖြင့် ကာကွယ်ပေးခဲ့သော်လည်း၊ အဆုံးသတ်တွင်မူ ဝူမုထျန်းလျိုသည် သူ၏ ကိုယ်ကျိုးအတ္တအတွက် သူမကို ဤကဲ့သို့ နာမည်ဖျက် စွပ်စွဲနေခဲ့ခြင်း ဖြစ်သည်။
သူက သူမကို အမှန်တကယ်ပင် သတ်ပစ်ချင်နေသည်။
ခုနလေးတင်ကပင် ဝူမုဖန်သိုက်သည် ဝူမုထျန်းလျိုကို မသတ်ရက်နိုင်ခဲ့ပေ။
သို့သော်လည်း ဝူမုထျန်းလျိုကမူ အခွင့်အရေးရတိုင်း သူမကို အသေသတ်ရန်သာ ကြိုးစားနေတော့သည်။
“ရှီးလင် တစ်ခွင်လုံးမှာ ဒီသတင်းတွေက ပျံ့နှံ့နေပြီ၊ မင်းက အခုထိ ငြင်းချင်သေးတာလား”
ဝူမုရှီးက အော်ငေါက်လိုက်သည်။ ဝူမုဖန်သိုက်သည် လူသားတစ်ဦးကို ခေါ်ဆောင်လာပြီး သူတို့မိစ္ဆာမျိုးနွယ်စု၏ အထွတ်အမြတ် ပစ္စည်းဖြစ်သော ထာဝရ မသေမျိုးပန်းကို ခိုးယူရန် ကြံစည်နေသည်ဟူသော ကောလာဟလများမှာ အရပ်ရပ်၌ ပျံ့နှံ့နေပြီဖြစ်သည်။
ယခု ဝူမုဖန်သိုက်သည် ယဲ့ဖန်တို့အဖွဲ့နှင့်အတူ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ၊ ဝူမုရှီးသည် ဝူမုဖန်သိုက်က သူတို့ကို သစ္စာဖောက်လိုက်ပြီဟု တထစ်ချ သတ်မှတ်လိုက်တော့သည်။
“ကျွန်မ ဒီလို လုပ်တာ သူတို့ကို ကယ်ဖို့အတွက်ပါ”
ဝူမုဖန်သိုက်သည် အစွမ်းကုန် ငြင်းဆိုလိုက်သော်လည်း သူမကိုယ်သူမ လုံးဝကို အကူအညီမဲ့နေသကဲ့သို့ ခံစား နေရသည်။
“အဖေ ... သူနဲ့ စကားများပြီး အချိန်မဖြုန်းပါနဲ့တော့။ သူက ဒီလူတွေကို ခေါ်လာပြီပဲ။ သူက ကျွန်တော်တို့ မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ်အောင် သတ်ချင်နေတာ”
ဝူမုထျန်းလျိုက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။ ဝူမုဖန်သိုက်ကို ဆက်ပြီး ရှင်းပြခွင့်ပေး၍ မဖြစ်ပါ၊ သို့မဟုတ်ပါက သူ၏ လိမ်လည်မှုများ ပေါ်သွားနိုင်သည် မဟုတ်ပါလား။
ဝူမုရှီးသည် ဝူမုဖန်သိုက်ကို အေးစက်စွာ စိုက်ကြည့်လေသည်။
“စိတ်မကောင်းပါဘူး၊ ငါ့မှာ မင်းကို သတ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိဘူး။ မင်းက လူသားတွေနဲ့ ပူးပေါင်းပြီး ငါတို့ မျိုးနွယ်စုရဲ့ အထွတ်အမြတ်ပစ္စည်းကို လုယူဖို့ ကြိုးစားခဲ့တယ်။ အကယ်၍ ငါကသာ မင်းကို မသတ်ခဲ့ရင် တခြားမျိုးနွယ်စုတွေက ငါတို့ကို သေချာပေါက် လက်တုံ့ပြန်ကြလိမ့်မယ်”
၎င်းကို ကြားလိုက်ရသောအခါ ဝူမုဖန်သိုက်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားပြီး မျက်နှာမှာ ပြာနှမ်း သွားတော့သည်။
သူမ၏ ဖခင်ဖြစ်သူက သူမကို အမှန်တကယ် သတ်ချင်နေသည်ဟူသော အချက်ကို သူမ မယုံကြည်နိုင် လောက်အောင် ဖြစ်နေရသည်။
၎င်းကို ကြားလိုက်ရသောအခါ ဝူမုထျန်းလျို၏ အပြုံးမှာ ပို၍ နက်ရှိုင်းလာတော့သည်။ ဤသို့ဆိုလျှင် မည်သည့် အရာကိုမျှ သက်သေပြနိုင်တော့မည် မဟုတ်ပေ။ ယဲ့ဖန်ကို သတ်ပြီးနောက်တွင် ကျိုးပျက် တိမ်တိုက် ကောင်းကင်မြစ် မိသားစု၏ အနာဂတ် အကြီးအကဲ ဖြစ်လာပေတော့မည်။
နောက်တစ်စက္ကန့်တွင် ဝူမုရှီးသည် ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်တစ်ခုကို စတင်လိုက်ပြီး ဝူမုဖန်သိုက်၏ ဦးခေါင်းခွံကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
၎င်းမှာ တကယ့်ကို အသေသတ်မည့် တိုက်ကွက်ပင် ဖြစ်သည်။
အနည်းငယ်မျှပင် ကရုဏာ မပါဝင်ခဲ့ပါချေ။
ဝူမုဖန်သိုက်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာပြီး သူမသည် ကံကြမ္မာကို အရှုံးပေးလိုက်သည့်အလား မျက်လုံးများကို တိတ်ဆိတ်စွာ ပိတ်လိုက်တော့သည်။
ဖခင်ဖြစ်သူက သူမကို အသေသတ်ချင်နေမှတော့ သူမ သေရုံသာ ရှိတော့သည် မဟုတ်ပါလား။
သို့သော်လည်း
“ဝူး”
ပြင်းထန်ပြီး အာဏာစက်ကြီးမားလှသော လေပြင်းတစ်ခု တိုက်ခတ်လာပြီး၊ မသေမျိုး သန့်စင်သော အလင်းတန်းများ ပွင့်ထွက်လာကာ ဝူမုရှီးကို တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။
ထိုတိုက်ကွက်က ဝူမုရှီးကို အဝေးသို့ လွင့်စင်သွားစေခဲ့သည်။
“ဒုန်း ဒုန်း ဒုန်း”
ဝူမုရှီးသည် နောက်သို့ ခြေလှမ်းပေါင်းများစွာ ယိုင်တိယိုင်တိုင် ဆုတ်ခွာသွားပြီးမှသာ နောက်ဆုံးတွင် ရပ်တန့် နိုင်ခဲ့သည်။
သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာပြီး ယဲ့ဖန်ကို အံ့ဩတကြီး စိုက်ကြည့်နေမိတော့သည်။
ပေါ့ပေါ့ပါးပါး ကန်ချက်တစ်ချက်တည်းနှင့်တင် သူ လွင့်ထွက်သွားရသည်လား။
*ဒီလူက လုံးဝ သာမန်လူ မဟုတ်ဘူး*
“အဖေ သတိထား၊ သူက သူတော်စင် တစ်ပါးပဲ”
ဝူမုထျန်းလျိုက ချက်ချင်းပင် အော်ဟစ်သတိပေးလိုက်သည်။
“ဘာ၊ သူတော်စင် ဟုတ်လား”
ဝူမုရှီး၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ သူကိုယ်တိုင်မှာ သူတော်စင်တစ်ပိုင်း အဆင့်သာ ရှိသေးသဖြင့် သူတော်စင်တစ်ပါးနှင့် ရင်ဆိုင်ရခြင်းမှာ သေချာပေါက် သေရပေလိမ့်မည်။
အကယ်၍ တစ်ဖက်လူသာ သူ့ကို သတ်ရန် ရည်ရွယ်ခဲ့ပါက သူသည် အခုလောက်ဆို သေဆုံးနေလောက်ပြီ ဖြစ်သည်။
ချက်ချင်းပင် ဝူမုရှီးသည် ဝူမုထျန်းလျိုကို ဒေါသတကြီး စိုက်ကြည့်လေသည်။
“မင်း ဘာလို့ အဲဒါကို စောစောက မပြောတာလဲ”
ဝူမုထျန်းလျိုသည် နောက်သို့ တွန့်ဆုတ်သွားပြီးမှ ပြောလိုက်သည်။
“ကျွန်တော် ခဏလောက် မေ့သွားလို့ပါ”
အမှန်တကယ်တော့ သူ မေ့သွားခြင်း မဟုတ်ပါ၊ ယဲ့ဖန်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိသွားလျှင် ဝူမုရှီးသည် ယဲ့ဖန်ကို မတိုက်ခိုက်ဝံ့တော့မှာကို သူ စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ယဲ့ဖန်၏ အစစ်အမှန်ကို တမင်တကာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးထဲတွင် ဝူမုရှီးနှင့် ယဲ့ဖန်တို့ တိုက်ခိုက်ချိန်၌ ဝူမုရှီးမှာ ယဲ့ဖန်၏ လက်ချက်ဖြင့် အသေသတ်ခံရစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထိုအခါမှသာ သူသည် ဘိုးဘေးကို တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာရန် ဖိတ်ခေါ်ပြီး ယဲ့ဖန်ကို သတ်ခိုင်းနိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဝူမုရှီးအား ရာထူးမှ ဆင်းပေးရန်ပင် သူ တောင်းဆိုစရာ မလိုတော့ဘဲ မျိုးနွယ်စု အကြီးအကဲ ရာထူးကို သူ ချက်ချင်းပင် ဆက်ခံနိုင်တော့မည် မဟုတ်ပါလား။
“အသုံးမကျတဲ့ကောင်”
ဝူမုရှီးသည် သူ၏သားဖြစ်သူက သူ့အား သစ္စာဖောက်ပြီး အသေသတ်ရန် ကြံစည်နေသည်ကို လုံးဝမသိဘဲ ဒေါသတကြီး ဆဲရေးလိုက်လေသည်။
ထိုအခိုက်အတန့်တွင် ဝူမုဖန်သိုက်သည် ဝေခွဲမရသည့် အမူအရာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ယဲ့ဖန်က သူမအား အဘယ်ကြောင့် ကယ်တင်ခဲ့သနည်းဆိုသည်ကို နားမလည်နိုင်ဘဲ စိုက်ကြည့်နေမိတော့သည်။
“မင်း ငါ့ကို ထာဝရမသေမျိုးပန်း ရှိရာဆီ လမ်းမပြရသေးဘူး၊ အဲ့ဒါကြောင့် မင်း သေလို့မရသေးဘူး”