လုံးဝကို မှင်တက်သွားရသည်။
အကြီးအကျယ် အံ့ဩတုန်လှုပ်သွားရသည်။
ဘိုးဘေး ထျန်းဟယ်က ဝူမုထျန်းလျိုကို သူကိုယ်တိုင် ချုပ်နှောင်ထားပြီးပြီဟု ပြောခဲ့သည်မဟုတ်ပါလား။ ထိုသို့ဆိုလျှင် သူက အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရသနည်း။
အိုးရန်ယွင်သော်နှင့် အခြားသူများမှာလည်း ၎င်းသည် လှည့်ကွက်တစ်ခု ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွား ပြီး မျက်နှာများ ပျက်သွားကြတော့သည်။
“ထျန်းလျို၊ မင်းကို ဘိုးဘေးကြီးက အကျဉ်းချထားတယ်ဆို”
ဝူမုရှီးက မယုံကြည်နိုင်စွာ မေးလိုက်သည်။
ဝူမုထျန်းလျိုက ယုတ်မာရက်စက်သော အပြုံးဖြင့် ပြောလိုက်သည်။
“ဘိုးဘေးကသာ အဲဒီလို မပြောခဲ့ရင် အဲဒီကောင်က ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး အယုံသွင်းခံပြီး သူ့သေတွင်းထဲ သူ ဆင်းသွားမှာလဲ”
လူတိုင်းမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤအရာအားလုံးမှာ လှည့်စားမှုတစ်ခုသာ ဖြစ်နေသည် မဟုတ်ပါလား။
ဘိုးဘေး ထျန်းဟယ်သည် ယဲ့ဖန်ကို ထာဝရ မသေမျိုးပန်း အမှန်တကယ် ပေးရန် ရည်ရွယ်ချက်မရှိဘဲ ယဲ့ဖန်ကို အယုံသွင်းရန်သာ ကြံစည်ခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော်... ဘိုးဘေးကြီးက သူမကို ယုံကြည်သည်ဟု ပြောခဲ့ခြင်းမှာလည်း လိမ်လည်မှု၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်နေတော့သည်။
ဝူမုဖန်သိုက်မှာ လုံးဝ ဆွံ့အသွားရချေပြီ။
“အခု ဘိုးဘေးက အဲဒီကောင်ကို ဘယ်ကို ခေါ်သွားတာလဲ”
“ကောင်းကင်မြစ် အစီအရင်ဆီကိုလေ”
ဝူမုထျန်းလျိုက သူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အငြိုးအတေးများဖြင့် ယုတ်မာစွာ ပြုံးလိုက်သည်။
အားလုံး ပင့်သက်ရှိုက်မိသွားသည်။
*ကောင်းကင်မြစ် အစီအရင်လား*
ထိုနှစ်ပေါင်းထောင်ချီ မပျက်မစီး တည်ရှိနေသော မဟာ အစီအရင်ကြီးသည် အတိုင်းအဆမဲ့သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် တစ်ခါက ကောင်းကင်ဘုံ ကိုးလွှာမှ နတ်စစ်သည်နှင့် စစ်သူကြီးပေါင်း တစ်သိန်းကို အမြစ်ပြတ် ချေမှုန်းခဲ့ဖူးပြီး သူတော်စင်များပင်လျှင် ၎င်း၏ လက်တွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါချေ။
၎င်းသည် မိစ္ဆာမျိုးနွယ်စု၏ အံ့ဩဖွယ်အကောင်းဆုံးသော အစီအရင် ဖြစ်သည်။ ဤအစီအရင်ကြောင့်ပင် ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်သည် ရှီးလင် နယ်မြေတွင် နေရာတစ်နေရာ ခိုင်ခိုင်မာမာ ရရှိထားခြင်းဖြစ်ပြီး မိစ္ဆာ သူတော်စင် အားလုံးကပင် ရိုသေကြရသည်။
ကောင်းကင်မြစ် အစီအရင်ကို ဘယ်သူမှ မဖောက်ထွင်းနိုင်သော စစ်ခင်းကျင်းမှုဟုပင် လူသိများလှပေသည်။
၎င်း၏ ကျော်ကြားမှုမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဘိုးဘေး ထျန်းဟယ်သည် ထိုလူသားကို ကောင်းကင်မြစ် အစီအရင်ဆီသို့ အဘယ်ကြောင့် ခေါ်သွားသနည်း ဆိုသည့် အကြောင်းရင်းမှာ ရှင်းလင်းလှပါသည်။ သွေးတစ်စက်မျှ မစွန်းဘဲ အနိုင်ယူရန်ပင် ဖြစ်သည်။
ယဲ့ဖန်သာ ကောင်းကင်မြစ် အစီအရင်ထဲသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် သူသည် သူတော်စင်တစ်ပါး ဖြစ်နေပါစေ၊ သေခြင်းတရားမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပါချေ။
အစီအရင်၏ စွမ်းအားက သူ့ကို ဖုန်မှုန့်အဖြစ် ပေါက်ကွဲသွားစေလိမ့်မည်။ အရိုးတစ်စမျှပင် ကျန်ရစ်လိမ့်မည် မဟုတ်ပါ။
*ဒီကောင်စုတ်တော့ သွားပြီ*
“ဟားဟားဟား ... မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဘိုးဘေးက တကယ့်ကို ပါးနပ်လိမ်မာပြီး အမြော်အမြင် ရှိတာပဲ၊ ဒီနည်းနဲ့ဆိုရင် ငါတို့ဘက်က သွေးတစ်စက်မှ မယိုဘဲ အဲဒီကောင်ကို အပြတ်ရှင်းနိုင်ပြီ”
“တကယ်လို့ ဒီအစီအရင်က သူ့ကို မသတ်နိုင်ရင်တောင် အခုလောက်ဆို မိစ္ဆာသူတော်စင်အားလုံး ဒီကို ရောက်နေ လောက်ပြီ။ အဲဒီကောင်တော့ ဘယ်လိုမှ မလွတ်နိုင်တော့ဘူး”
၎င်းကို တွေးမိသည်နှင့် ရှိနေသော မိစ္ဆာအားလုံးမှာ စိတ်လှုပ်ရှားသွားကြတော့သည်။
သူတို့၏ မျက်နှာများတွင် ယုတ်မာသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ကျောရိုးထဲအထိပင် အေးစက်သွားစေသည့် အငွေ့အသက်များ။
ထိုအခိုက်အတန့်တွင် ဝူမုဖန်သိုက်သည်လည်း သူမ၏ ကျောရိုးထဲအထိ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းမှာ ယဲ့ဖန်အတွက် စိုးရိမ်၍ မဟုတ်ဘဲ ဘိုးဘေး ထျန်းဟယ်အတွက် စိုးရိမ်သောကြောင့် ဖြစ်သည်။
ဘိုးဘေး ထျန်းဟယ်သည် အလွန်အမင်း မိုက်မဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်မိလေပြီ။ ၎င်းမှာ ယဲ့ဖန်ကို တိုက်ခိုက်ရန်ပင် ဖြစ်သည်။
ဝူမုထျန်းလျိုသည် စောစီးစွာ ထွက်ပြေးသွားခဲ့သဖြင့် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မမြင်တွေ့ခဲ့ရပါချေ။ ထို့ကြောင့် ထိုလူသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ လုံးဝ မသိရှိပါချေ။
သူသည် လက်တွေ့တွင် စစ်နတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။
ကောင်းကင်မြစ် မဟာ အစီအရင်သည် အခြားသော သူတော်စင်များကို ပိတ်လှောင် သတ်ဖြတ်နိုင်ကောင်း နိုင်လိမ့်မည်၊ သို့သော် ထိုလူကို ပိတ်လှောင်သတ်ဖြတ်ရန်မှာမူ လုံးဝ မဖြစ်နိုင်သောအရာပင်။
သူ့ကို အနီးကပ် မမြင်ဖူးသူတစ်ဦးအနေဖြင့် ထိုလူသည် မည်မျှအထိ ထိတ်လန့်စရာကောင်းသည်ကို မည်သို့မျှ သိနိုင်မည် မဟုတ်ပါချေ။
ချက်ချင်းဆိုသလိုပင် ဝူမုဖန်သိုက်၏ မျက်နှာမှာ ဖြူလျော်သွားပြီး၊ အသံများမှာလည်း စိုးရိမ်တုန်လှုပ်မှုများဖြင့် တုန်ရီနေတော့သည်။ သူမသည် ဝူမုရှီး၏ အဝတ်စကို လှမ်းဆွဲကာ ငိုကြွေးမတတ် ပြောလိုက်သည်။
“အဖေ! ဘိုးဘေးအနေနဲ့ ကောင်းကင်မြစ် အစီအရင်ကို သုံးပြီး အဲဒီလူကို သတ်ဖို့ ကြိုးစားတာကို ကျွန်မတို့ ခွင့်ပြုလိုက်လို့ မဖြစ်ဘူး”
“ငါ့လမ်းက ဖယ်စမ်း”
ဝူမုရှီးက ငေါက်ငမ်းလိုက်ပြီး သူ၏ အင်္ကျီစကို ဝှေ့ယမ်းကာ ဝူမုဖန်သိုက်ကို အဝေးသို့ လွင့်စင်သွားအောင် လုပ်လိုက်သည်။ သူက အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။
“အခုထိတောင် မင်းက သူ့ဘက်က ကာကွယ်ပေးနေတုန်းလား၊ ငါ မင်းကို ကျွေးမွေးပြုစုလာရတာ တကယ်ကို အချိန်ကုန်တာပဲ”
“မဟုတ်ဘူး ... ကျွန်မ သူ့ကို ကာကွယ်နေတာ မဟုတ်ဘူး၊ ကျွန်မတို့ရဲ့ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ် အတွက် စဉ်းစားနေတာပါ၊ အဲဒီလူက အဖေတို့ ထင်သလောက် မရိုးရှင်းဘူး”
ဝူမုဖန်သိုက်က အသည်းအသန် အော်ဟစ်လိုက်သည်။ ဘိုးဘေး ထျန်းဟယ်အနေဖြင့် ယဲ့ဖန်၏ လက်ချက်ဖြင့် အသက်ပျောက်သွားမည်ကို သူမ မလိုလားပါချေ။
သူတော်စင်တစ်ပါး မရှိပါက ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်သည် မိစ္ဆာမျိုးနွယ်စုကို အုပ်ချုပ်ရန် မဆိုထားနှင့် နယ်မြေတစ်ခုကို အုပ်စိုးနိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။
သူတို့အားလုံးမှာ ကိုယ့်သေတွင်းကိုယ်တူးနေကြခြင်းသာ ဖြစ်သည်။
“တကယ့်ဟာသပဲ၊ ဘိုးဘေးက ကောင်းကင်မြစ် အစီအရင်ကို အသက်သွင်းတာတောင် အဲဒီကောင်ကို မသတ်နိုင်ဘူးလို့ မင်း ပြောနေတာလား”
ဝူမုထျန်းလျိုက မထီမဲ့မြင် ပြုံးလိုက်သည်။
“ဒါမှမဟုတ် ဒါက မင်းရဲ့ ဆင်ခြေသက်သက်ပဲလား၊ မင်းက အခွင့်အရေးယူပြီး သူ့ကို ကယ်ချင်နေတာမလား”
၎င်းကို ကြားလိုက်ရသောအခါ ဝူမုရှီးနှင့် အခြားသူများသည် ဝူမုဖန်သိုက်ကို သစ္စာဖောက်တစ်ယောက်ကဲ့သို့ ရန်လိုသော အကြည့်များဖြင့် ချက်ချင်း ကြည့်လိုက်ကြတော့သည်။
“အဖေ၊ ကျွန်မရဲ့ အကြံပေးတာကို ကျေးဇူးပြုပြီး နားထောင်ပါဦး၊ အဲဒီလူက တကယ့်ကို ကြောက်စရာ ကောင်းတာပါ။ ရွှံ့နွံနတ်ဘုရားနဲ့ သူတော်စင် ချီရှီးတို့တောင် သူ့ရှေ့မှာ ဒူးထောက်ပြီး အမူအရာပျက်အောင် ရိုကျိုးခဲ့ကြတာ၊ ကျွန်မတို့ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်က ဘယ်လိုလုပ်ပြီး အဲဒီလို တည်ရှိမှုမျိုးကို သွားပြီး စော်ကားလို့ ရမှာလဲ”
“အဓိပ္ပာယ် မရှိလိုက်တာ”
ဝူမုရှီးက ဟိန်းဟောက်လိုက်ပြီး ဝူမုဖန်သိုက်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။
“မင်းက အဲဒီ သူစိမ်းကောင်ကို ကယ်ဖို့အတွက် ဒီလောက်အထိ လိမ်ညာရဲတယ်ပေါ့”
“ရွှံ့နွံနတ်ဘုရား ဆိုတာ ရှေးဟောင်း မိစ္ဆာနတ်ဘုရားတစ်ပါးပဲ။ မိစ္ဆာ သူတော်စင်အားလုံး စုပေါင်းတိုက်ခိုက်မှသာ သူ့ကို အနိုင်ယူနိုင်ခဲ့တာ။ သူက အစအနမကျန် ပျောက်ကွယ်သွားခဲ့တာလေ။ ဘယ်လိုလုပ်ပြီး ပြန်ပေါ်လာ နိုင်မှာလဲ”
“သူတော်စင် ချီရှီးဆိုရင်လဲ သူ့ရဲ့ မာန်မာနနဲ့ ကြမ်းကြုတ်တဲ့ စရိုက်ကို ဘယ်သူမသိဘဲ နေမလဲ၊ သူက အသေ သာခံမယ္၊ ဘယ်တော့မှ အရှုံးပေးမယ့်သူ မဟုတ်ဘူး။ သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း အစအနဖြစ်အောင် လုပ်ရင်တောင် သူက ဘယ်သူ့ရှေ့မှာမှ ခေါင်းငုံ့မယ့်သူ မဟုတ်ဘူး”
“မင်းက အဲဒီလို လူစားမျိုး နှစ်ယောက်က ဒူးထောက်မယ်လို့ ထင်နေတာလား”
လူတိုင်းက လှောင်ပြုံးပြုံးလိုက်ကြပြီး ဝူမုဖန်သိုက်အပေါ်ထားသည့် သူတို့၏ အငြိုးအတေးများမှာ ပိုမိုပြင်းထန် လာတော့သည်။ ဝူမုဖန်သိုက်၏ လိမ်ညာမှုမှာ အလွန်ပင် ရိုးရှင်းလွန်းလှသည်ဟု သူတို့ ယူဆနေကြသည်။
“ကျွန်မ အမှန်အတိုင်း ပြောနေတာပါ၊ ကျွန်မကို ယုံကြပါဦး၊ အကယ်၍ ဘိုးဘေးသာ တစ်ခုခု လုပ်လိုက်ရင်... ကျွန်မတို့ရဲ့ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ် ဇာတ်သိမ်းသွားလိမ့်မယ်”
ဝူမုဖန်သိုက်သည် ရှိုက်ကြီးတငင် ငိုကြွေးရင်း အော်ဟစ်လိုက်မိသည်။
“ဘာလို့ ကျွန်မကို မယုံကြတာလဲ၊ ဘာလို့ တစ်ယောက်မှ မယုံကြတာလဲ”
"ကျွန်မ တကယ်ပဲ သစ္စာဖောက် မဟုတ်ပါဘူး"
“ပါးစပ်ပိတ်စမ်း၊ မင်း နောက်တစ်ခွန်း ထပ်ပြီး ပေါက်ကွဲဦးမယ်ဆိုရင် ဒီနေရာမှာတင် ငါ ကိုယ်တိုင် သတ်ပစ်မယ်”
ဝူမုရှီးက ရက်စက်စွာ ပြောဆိုလိုက်ပြီးနောက် ဝူမုထျန်းလျိုနှင့် အခြားသူများကို အမိန့်ပေးလိုက်သည်။
“သူတို့ကို သေချာ စောင့်ကြည့်ထားကြ။ ဘိုးဘေး ပြန်လာမှ ငါတို့ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်မယ်”
“ဟုတ်ကဲ့ပါ အကြီးအကဲ!”
မိစ္ဆာများသည် ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားကြပြီး ဝူမုဖန်သိုက်နှင့် အခြားသူများ၏ ဘေးတွင် ဝိုင်းရံ လိုက်ကြကာ ရန်လိုသောအကြည့်များဖြင့် စိုက်ကြည့်နေကြတော့သည်။
“စီနီယာ အစ်ကို ... သမီး ဗိုက်ဆာတယ်”
ထျန်းယင်းက ကလေးသံလေးဖြင့် ပြောလိုက်သည်။
ကုန်းမင်က ဝူမုထျန်းလျိုနှင့် အခြားသူများကို ကြည့်လိုက်သည်။
“ဒီမှာ စားစရာ တစ်ခုခု ရှိလား၊ ကျွန်တော့် ညီမလေး ဗိုက်ဆာနေလို့”
*ဘာ*
ဝူမုထျန်းလျိုနှင့် အခြားသူများမှာ ချက်ချင်းပင် ဆွံ့အသွားကြရသည်။
*ဒီကလေးတွေက ဘာကိုမှ မကြောက်ကြဘူးလား၊ သူတို့အားလုံး အသတ်ခံရတော့မယ့် အခြေအနေကို သိနေတာ တောင်မှ ဒီကလေးစုတ်တွေက နည်းနည်းလေးမှ မထိတ်လန့်ကြဘူးလား*
“အကောင်စုတ်တွေ၊ မင်းတို့အားလုံး ခဏနေရင် သေရတော့မှာကိုတောင် အခုထိ အပိုတွေ တောင်းဆို ရဲသေးတယ်ပေါ့”
ဝူမုထျန်းလျိုက သူ၏ အဆိပ်ပြင်းလှသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။ သူသည် ထိုကလေးအုပ်စု အပေါ်တွင် အနည်းငယ်မျှပင် ကရုဏာ မရှိပါချေ။
သို့သော်လည်း ကုန်းမင်က သူ့ကို လှောင်ပြောင်သော အပြုံးဖြင့် စိုက်ကြည့်လေသည်။
“ကျွန်တော့် ညီမလေးကို စားစရာ တစ်ခုခုသာ ပေးမယ်ဆိုရင် ကျွန်တော့်ဆရာ ပြန်လာတဲ့အခါ ခင်ဗျားကို အမြန်ဆုံး သေခွင့်ပေးဖို့ ကျွန်တော် တောင်းဆိုပေးမယ်၊ ဘယ်လိုလဲ”
မိစ္ဆာအားလုံး ဆွံ့အသွားကြရသည်။
*ဒီကလေးက တကယ်ပဲ ကြောက်ရွံ့ခြင်းဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို မသိတာလား*
*သူက ဝူမုထျန်းလျိုကိုတောင် ခြိမ်းခြောက်ရဲတာလား*
ဝူမုထျန်းလျိုက သရော်လိုက်သည်။
“မင်းရဲ့ဆရာက ပြန်လာတော့မှာ မဟုတ်ဘူး၊ မင်းတို့ အားလုံးလဲ မကြာခင် သူ့လိုပဲ ကံဆိုးတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ရတော့မှာ”
“နင်တို့လို အမှိုက်တွေက ငါ့ဆရာကို မသတ်နိုင်ပါဘူး”
ထျန်းယင်က သူမ၏ ခေါင်းကို မော့ကာ ဝူမုထျန်းလျိုကို စိုက်ကြည့်လိုက်သည်။
“ဖြောင်း”
ဝူမုထျန်းလျိုသည် ထျန်းယင်၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သူမသည် မြေပြင်ပေါ်သို့ လဲကျသွား တော့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ထျန်းယင်သည် ငိုကြွေးခြင်း မရှိခဲ့ပေ။
“မင်းလို အသိဉာဏ်မရှိတဲ့ ကောင်စုတ်၊ ဘိုးဘေး ပြန်လာတာနဲ့ မင်းကို ငါ အရှင်လတ်လတ် ဝါးစားပစ်မယ်”
ဝူမုထျန်းလျိုသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် ငေါက်ငမ်းလိုက်သည်။ ယဲ့ဖန်၏ အစော်ကားခံ ရသည်မှာပင် လုံလောက်နေပြီဖြစ်သော်လည်း ယခုမူ ဤကဲ့သို့သော တိရစ္ဆာန်လေးကပင် သူ့ကို အထင်သေး ရဲသည်တဲ့လား။
ကုန်းမင်သည် ထျန်းယင်၏ ရှေ့သို့ ချက်ချင်းပင် ဝင်ရပ်လိုက်ပြီး ဝူမုထျန်းလျိုကို စိုက်ကြည့်လေသည်။
“ခင်ဗျား လုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် ခင်ဗျား တကယ့်ကို ကြောက်စရာကောင်းတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင် ရလိမ့်မယ်”
“မင်း သေတွင်းတူးနေတာပဲ”
ဝူမုထျန်းလျိုသည် ဒေါသဖြင့် အော်ငေါက်လိုက်ပြီး နောက်တစ်ကြိမ် ရိုက်နှက်ရန် ပြင်လိုက်တော့သည်။
“တော်စမ်းပါ၊ ကလေးတစ်ယောက်ကို ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”
ဝူမုရှီးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
ဝူမုထျန်းလျိုသည် စိတ်မပါဘဲ နောက်သို့ ဆုတ်ခွာသွားခဲ့သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ ပြင်းထန်သော အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။
“မင်းတို့လို တိရစ္ဆာန်လေးတွေ... ငါ့လက်ထဲကို ထပ်မကျလာအောင်သာ ဆုတောင်းထားကြ၊ မဟုတ်ရင်တော့ မင်းတို့ကို သေချင်စိတ်ပေါက်သွားအောင် ငါ နှိပ်စက်ပြမယ်”
…
ထိုအချိန်တွင် ယဲ့ဖန်သည် ဘိုးဘေး ထျန်းဟယ်၏ ခြေရာအတိုင်း လိုက်ပါလာပြီး ကောင်းကင်မြစ် မဟာ အစီအရင် ရှိရာသို့ ရောက်ရှိလာခဲ့ပြီ။
နဂါးကဲ့သို့သော ရေတံခွန် ကိုးသွယ်သည် အရှိန်အဟုန်ဖြင့် စီးဆင်းနေပြီး ဟိန်းဟောက်သံများမှာ နားကွဲမတတ် ပြင်းထန်လှပေသည်။
ရေတံခွန် တစ်ခုစီမှာ ပေပေါင်း တစ်ထောင်ခန့် ရှည်လျားပြီး တိမ်တိုက်များထဲအထိ မြင့်မားကာ ကောင်းကင်မြစ် မှ မြစ်ဖျားခံ လာသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် စိတ်နှလုံးကို တုန်လှုပ်သွားစေနိုင်သည့် အရှိန်အဝါမျိုး ရှိနေသည်။
ဗဟိုချက်တွင်မူ အပြာရောင် ကြာပန်း တစ်ပွင့်သည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး ၎င်း၏ တောက်ပလှပသော အလင်းရောင်များမှာ ဖြာထွက်နေတော့သည်။
ဘိုးဘေး ထျန်းဟယ်က ထိုအပြာရောင်ကြာပန်းကို လက်ညှိုးညွှန်ပြကာ ယဲ့ဖန်ကို ပြောလိုက်သည်။
“တာအို ရောင်းရင်း ... ဒါက မသေမျိုး ပန်းပဲ။ အကယ်၍ မင်း ဒါကို ယူချင်တယ်ဆိုရင် စိတ်ကြိုက်သာ ယူဆောင် နိုင်ပါတယ်”
ယဲ့ဖန်သည် ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် အပြာရောင် ကြာပန်းရှိရာသို့ လျှောက်လှမ်းသွားတော့သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူ့နောက်ကွယ်ရှိ ဘိုးဘေး ထျန်းဟယ်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများထဲတွင် ယုတ်မာသော အငြိုးအတေးများဖြင့် ပြည့်နှက်သွားတော့သည်။
“ဝုန်း”
ရုတ်တရက်ဆိုသလို ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ လွှမ်းမိုးသွားပြီး ကောင်းကင်မြစ် အစီအရင် တစ်ခုလုံးမှာလည်း ပြင်းထန်စွာ ဆူပွက်လာတော့သည်။ ကြီးမားလှသော ရေတံခွန် ကိုးသွယ်မှာ စီးဆင်းမှု ရပ်တန့်သွားပြီး လောကတစ်ခုလုံးကို လွှမ်းမိုးထားသည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပေါ်ထွက်လာတော့သည်။
ထိုအချိန်တွင် ဘိုးဘေး ထျန်းဟယ်သည် အေးစက်စွာဖြင့် ဤမြင်ကွင်းကို ကြည့်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ယန်စွမ်းအင်များကို ထုတ်လွှတ်ကာ သတ်ဖြတ်ခြင်း စစ်ခင်းကျင်းမှုကို မရပ်မနား ထိန်းချုပ် မောင်းနှင် နေတော့သည်။
ယဲ့ဖန်က လှည့်ကြည့်လိုက်ပြီး ဘိုးဘေး ထျန်းဟယ်ကို စူးစိုက်ကြည့်လိုက်သည်။
“မင်း ငါ့ကို လိမ်ရဲတယ်ပေါ့”
၎င်းကို ကြားလိုက်ရသောအခါ ဘိုးဘေး ထျန်းဟယ်သည် မထီမဲ့မြင်ပြုသောအသံ၊ ရက်စက်သောအသံများဖြင့် တဟားဟား ရယ်မောလိုက်တော့သည်။
“အရူး၊ ထာဝရ မသေမျိုးပန်းလို အရာမျိုးကို ငါ့ရဲ့ ဒီကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်လို နယ်မြေလေးမှာ ထားမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား၊ ဒါက မသေမျိုးပန်းရဲ့ ပုံရိပ်ယောင် သက်သက်ပဲ၊ ကောင်းကင်မြစ် အစီအရင်ကို ထောက်ပံ့ပေးဖို့အတွက် သုံးထားတာ။ မင်းကို မသေမျိုးပန်းရဲ့ ပုံစံကို မြင်ခွင့်ပေးလိုက်တာက မင်းရဲ့ အိမ်မက်ကို ဖြည့်ဆည်းပေးလိုက်တာပဲ”
ကောင်းကင်မြစ် အစီအရင် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေရခြင်းမှာ မသေမျိုးပန်း၏ စွမ်းအား တစ်စိတ် တစ်ပိုင်းကို အသုံးပြုထားသောကြောင့် ဖြစ်သည်။
မသေမျိုးပန်း၏ စွမ်းအားအောက်တွင် သူတော်စင်များပင်လျှင် ပျက်စီးသွားကြရစမြဲပင်။
သူ့ရှေ့မှ ဤလူသားအရူးကို သတ်ဖြတ်ရန်မှာမူ လက်တစ်ဖက်တည်းနှင့် လုပ်နိုင်သော အရာပင် ဖြစ်သည်။
“မင်း ဒီမှာ သေဖို့ စောင့်နေလိုက်တော့၊ ငါ မင်းရဲ့ တပည့်တွေကို အရင် သွားစားလိုက်ဦးမယ်”
ဘိုးဘေး ထျန်းဟယ်က ရက်စက်စွာ ပြုံးလိုက်သည်။ ယဲ့ဖန်၏ တပည့်များမှာ သာမန်မဟုတ်ကြောင်း သူ သိမြင် ထားပြီး ဖြစ်ရာ၊ သူတို့ကို စားသုံးခြင်းက သူ့အတွက် အလွန်ပင် အားရှိစေပေလိမ့်မည်။
သူသည် ယဲ့ဖန် သေဆုံးတော့မည်ဟု အကြွင်းမဲ့ ယုံကြည်ထားသဖြင့် ယဲ့ဖန် သေသည်အထိပင် စောင့်ကြည့် မနေတော့ချေ။
သူ၏ မှတ်ဉာဏ်ထဲတွင်မူ ဤအစီအရင်ထဲသို့ ခြေလှမ်းလှမ်းမိသူ မည်သူမဆို အသက်ရှင်လျက် ဘေးကင်းစွာ ပြန်ထွက်နိုင်ခဲ့ခြင်း မရှိပါချေ။
တစ်ခါက နတ်စစ်သည်နှင့် စစ်သူကြီးပေါင်း တစ်သိန်းကို သတ်ဖြတ်ခဲ့ဖူးသည့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အစီအရင်။ ၎င်းမှာ အမှန်တကယ်ပင် နောက်ပြောင်နေခြင်း မဟုတ်ပေ။
“မင်း တကယ့်ကို မိုက်မဲတဲ့ ရွေးချယ်မှုတစ်ခုကို လုပ်လိုက်တာပဲ။ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်က မင်းကြောင့်ပဲ ပျက်စီးသွားရလိမ့်မယ်”
ယဲ့ဖန်သည် ထွက်ခွာသွားသော ဘိုးဘေး၏ ကျောပြင်ကို ကြည့်ကာ အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။
သို့သော်လည်း ဘိုးဘေး ထျန်းဟယ်ကမူ နောက်သို့ပင် လှည့်မကြည့်ဘဲ နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
“အရူး... မင်း ဒီအစီအရင်ထဲကနေ အသက်ရှင်လျက် အရင် ထွက်နိုင်အောင် ကြိုးစားစမ်းပါဦး”
ထို့နောက် သူသည် လုံးဝ ပျောက်ကွယ်သွားတော့သည်!
သူသည် ထျန်းယင်နှင့် အခြားသူများကို သတ်ဖြတ်ရန် တကယ်ပင် ထွက်သွားခဲ့သည်။
ယဲ့ဖန်သည် မတတ်သာဟန်နှင့် ခေါင်းကို ခါယမ်းလိုက်ပြီး လေထဲတွင် ဝဲပျံနေသော အပြာရောင်ကြာပန်းကို ပြန်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ လက်ခနဲ ဖြစ်သွားတော့သည်။
“ငါ့ရဲ့ တာအိုကို သုံးပြီး ငါ့ကို ပြန်သတ်ဖို့ ကြိုးစားတာလား... မင်း ဘယ်လောက်တောင် မိုက်မဲရတာလဲ”
၎င်းမှာ ယဲ့ဖန်ကို သူ၏ ကိုယ်ပိုင်လက်ဖြင့် ပြန်သတ်ရန် ကြိုးစားနေသကဲ့သို့ပင်။
လုံးဝကို မဖြစ်နိုင်သောအရာပင်။
တစ်ဖက်တွင်မူ ဘိုးဘေး ထျန်းဟယ်သည် အိုးရန်ယွင်သော်နှင့် အခြားသူများရှိရာသို့ ပြန်ရောက်လာခဲ့သည်။ သူတစ်ယောက်တည်း ပြန်လာသည်ကို မြင်လိုက်ရသောအခါ ဝူမုရှီး၊ ဝူမုထျန်းလျိုနှင့် အခြားမိစ္ဆာများမှာ အတိုင်းထက်အလွန် ဝမ်းသာသွားကြတော့သည်။
“ဘိုးဘေး... အဲဒီလူသားသူတော်စင်ကော ဘယ်မှာလဲ”
ဝူမုရှီးက အလျင်အမြန် ရှေ့သို့တိုးကာ မေးမြန်းလိုက်သည်။ အခြားသော မိစ္ဆာများကလည်း စူးစမ်းလိုသော အကြည့်များဖြင့် သူ့ကို ဝိုင်းကြည့်နေကြသည်။
ဘိုးဘေး ထျန်းဟယ်က မထီမဲ့မြင်ပြုသော အပြုံးဖြင့် စကားတစ်ခွန်းတည်းသာ ပြောလိုက်သည် ။
“သေပြီ”
***