“သေ... သေပြီလား”
ဝူမုဖန်သိုက်သည် လုံးဝကို မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲ့လူရဲ့ အစွမ်းနဲ့ဆိုရင် ဒီလောက်အထိ အားနည်းနေစရာ အကြောင်း မရှိပါဘူး*
၎င်းကို ကြားလိုက်ရသောအခါ ဝူမုထျန်းလျိုနှင့် အခြားသူများမှာမူ အတိုင်းထက်အလွန် ဝမ်းသာသွား ကြတော့သည်။
ထို့နောက် သူတို့က ဘိုးဘေး ထျန်းဟယ်ကို လက်မထောင်၍ ချီးကျူးလိုက်ကြသည်။
“မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဘိုးဘေးက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ လက်ဖျားနဲ့တောင် မတို့ဘဲ သူတော်စင် တစ်ပါးကို အပြတ်ရှင်းလိုက်နိုင်တာပဲ။ ဒီသတင်းသာ အပြင်ကို ပျံ့သွားရင်... ရှီးလင် တစ်ခွင်လုံးမှာ ဟိုးလေးတကျော် ဖြစ်သွားမယ့် သူရဲကောင်းပုံပြင်တစ်ပုဒ် ဖြစ်လာမှာ မဟုတ်ဘူးလား”
“ဒါပေါ့၊ ဘိုးဘေးကတော့ နှိုင်းယှဉ်လို့ မရအောင် ဉာဏ်ပညာ ကြီးမားလှပါတယ်။ သူတော်စင်တစ်ပါးရဲ့ ခေါင်းကို ဖြတ်ယူရတာက အိတ်ထဲက ပစ္စည်းကို နှိုက်ယူရသလိုပဲ လွယ်ကူနေတာပဲ”
ဝူမုထျန်းလျိုက ချက်ချင်းပင် မြှောက်ပင့်ပြောဆိုလိုက်တော့သည်။
ယဲ့ဖန် သေသွားပြီဖြစ်ရာ သူ့အတွက် တစ်ဦးတည်းသော ခြိမ်းခြောက်မှုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဝူမုဖန်သိုက်ကိုသာ ရှင်းပစ်လိုက်လျှင် မျိုးနွယ်စု အကြီးအကဲ ရာထူးမှာလည်း သူ့အတွက် လက်တစ်ကမ်း အလိုမှာပင် ရှိတော့သည်။
ဘိုးဘေး ထျန်းဟယ်က ဝူမုရှီးကို စိတ်ပျက်သောအကြည့်ဖြင့် ကြည့်လေသည်။
“ငါ့ဆီကနေ သေချာ သင်ယူထားစမ်း၊ ခေါင်းပူမခံနဲ့ဦး။ ပြဿနာတစ်ခုခု ကြုံလာတိုင်း ဓားတွေ၊ သေနတ်တွေကိုပဲ သုံးဖို့ သိမနေနဲ့”
“ဟုတ်ကဲ့ ... ဟုတ်ကဲ့ပါ ဘိုးဘေးကြီး ...”
ဝူမုရှီးက ခေါင်းငုံ့ကာ ရိုရိုသေသေ ခေါင်းညိတ်လိုက်ပြီး မည်သည့် ကန့်ကွက်စကားမျှ မပြောရဲပါချေ။
“ဘိုးဘေးကြီး ... ဒီသစ္စာဖောက်မကို ကျွန်တော်တို့ ဘယ်လို စီရင်ကြမလဲ”
ဝူမုထျန်းလျိုက ဝူမုဖန်သိုက်ကို ယုတ်မာစွာ ပြုံးကြည့်ရင်း မေးလိုက်သည်။
ဘိုးဘေး ထျန်းဟယ်က ဝူမုဖန်သိုက်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ရက်စက်လှသော စကားတစ်ခွန်းကို ပြောလိုက်သည်။
“သတ်ပစ်လိုက်”
၎င်းမှာ အလွန်ပင် သာမန်ကာလျှံကာဖြစ်ပြီး မည်သည့် ခံစားချက်မျှ မပါရှိပါချေ။
ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့ပင်။
၎င်းကို ကြားလိုက်ရသောအခါ ဝူမုဖန်သိုက်မှာ ခါးသီးစွာသာ ပြုံးနိုင်တော့သည်။
*ဒါက သူမ ငယ်စဉ်ကတည်းက ကြီးပြင်း လာတာကို စောင့်ကြည့်ခဲ့တယ်ဆိုတဲ့ ဘိုးဘေး ထျန်းဟယ်ရဲ့ စကား တွေတဲ့လား*
သူကိုယ်တိုင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသော ကလေးတစ်ယောက်ကို အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိဘဲ သတ်ရန် အမိန့်ပေးလိုက်လေသည်။
ဤသည်မှာ သူ၏ မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်သည်။
“မင်းတို့အားလုံး ဘာရပ်ကြည့်နေတာလဲ, အခုချက်ချင်း မင်းတို့ရဲ့ သခင်မလေးကို နောက်ဆုံးခရီး ပို့ပေး လိုက်ကြစမ်း”
ဝူမုထျန်းလျိုက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်မှ မိစ္ဆာဧကရာဇ်များသည် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ဝူမုဖန်သိုက် ထံသို့ တဖြည်းဖြည်း နီးကပ်လာကြတော့သည်။
ဝူမုဖန်သိုက်သည် ဝူမုရှီးကို လှမ်းကြည့်လိုက်သော်လည်း ဝူမုရှီးကမူ သူမ၏ အကူအညီတောင်းခံမှုကို လျစ်လျူ ရှုကာ အခြားတစ်ဖက်သို့ မျက်နှာလွှဲထားလိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါ ဝူမုဖန်သိုက်သည် လုံးဝ စိတ်ပျက်အားငယ်သွားပြီး ခေါင်းငုံ့ကာ ခါးသီးစွာ ပြုံးလိုက် တော့သည်။ သူမ မည်သည့်စကားမျှ ထပ်မပြောတော့ပါချေ။
တစ်ချိန်တည်းမှာပင် ဘိုးဘေး ထျန်းဟယ်သည် ထျန်းယင်နှင့် အခြားသူများကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်လုံး များထဲတွင် ပြင်းထန်သော လောဘရိပ်များဖြင့် ပြည့်နှက်နေသည်။
သူ့တွင် ယုတ်မာသော ရည်ရွယ်ချက်များ ရှိနေသည်။
“ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်ရဲ့ အစွမ်းက ဒီလောက်ပဲလား၊ ရှင်တို့ မိစ္ဆာမျိုးနွယ်စုဝင်တွေက ထင်သလောက် မမြင့်မြတ်ကြပါလား”
အိုးရန်ယွင်သော်က မထီမဲ့မြင်ပြုသော အပြုံးဖြင့် လှောင်ပြောင်လိုက်သည်။
သို့သော်လည်း ဘိုးဘေး ထျန်းဟယ်ကမူ ၎င်းကို ဂရုမစိုက်ဘဲ အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့အားလုံးကို သတ်ပြီးသွားရင်... ငါ ဘာလုပ်ခဲ့တယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ”
“အောက်တန်းစား ... ကျွန်မတို့ ဆရာကို တရားသဖြင့် မရင်ဆိုင်ရဲလို့ ဒီလို ယုတ်မာတဲ့နည်းလမ်းတွေကို သုံးရတာပေါ့။ ရှင့်ကို တကယ် ရွံတယ်”
ထျန်းယင်က ပြန်လည် တုံ့ပြန်လိုက်သည်။
“နိုင်တဲ့သူက ဘုရင်၊ ရှုံးတဲ့သူက ရန်သူပဲ။ ငါက အသက်ရှင်မယ်၊ မင်းတို့က သေရမယ်။ ဒါဟာ လက်တွေ့ပဲ၊ စကားတွေ အများကြီး ပြောမနေနဲ့တော့။ ဘယ်သူ အရင် သေမလဲ”
ဘိုးဘေး ထျန်းဟယ်က ခနဲ့လိုက်သည်။ သူသည် စကားများများပြောပြီး အချိန်ဖြုန်းနေရန် ပျင်းရိနေပုံရသည်။
*သူတို့က အရှက်မရှိဘူးဆိုရင်ရော ဘာဖြစ်လဲ*
သူသည် အင်အားကြီးမားသော ရန်သူတစ်ဦးကို အားစိုက်စရာမလိုဘဲ အပြတ်ရှင်းနိုင်ခဲ့သည်။ ၎င်းမှာ သူ၏ စွမ်းဆောင်ရည်ပင် ဖြစ်သည်။ ဤကဲ့သို့သော စွမ်းရည်မျိုးကို မည်သူက ယှဉ်နိုင်ဦးမည်နည်း။
သူသာ မပြောလျှင် ယဲ့ဖန်ကို မည်သို့ သတ်ခဲ့သည်ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
သူတော်စင် ချီရှီးပင်လျှင် ယဲ့ဖန်ကို မနှိမ်နင်းနိုင်ခဲ့သော်လည်း သူကမူ အလွယ်တကူပင် ကိုင်တွယ်နိုင်ခဲ့သည်။ ဤကိစ္စပြီးနောက် ဘိုးဘေး ထျန်းဟယ်၏ အမည်မှာ ရှီးလင်တစ်ခွင်လုံးတွင် ဟိုးလေးတကျော် ကျော်ကြား လာပေတော့မည်။
မိစ္ဆာသူတော်စင် အားလုံးကလည်း သူ့ကို အစွမ်းကုန် ရိုသေကြရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“ရှင် နောင်တ ရလိမ့်မယ်။ ကျွန်မတို့ဆရာ ပြန်လာတဲ့အခါ ရှင့်ကို အသေနှိပ်စက်လိမ့်မယ်၊ ကျွန်မတို့ဆရာက လှောင်ပြောင် ခံရတာကို အမုန်းဆုံးပဲ။ ခင်ဗျားတော့ သွားပြီ”
ထျန်းယင်က ဘိုးဘေး ထျန်းဟယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“သောက်ကလေးစုတ်... သေတွင်းတူးနေတာပဲ၊ မင်းကို အရင်ဆုံး ဝါးစားပစ်မယ်”
ဘိုးဘေး ထျန်းဟယ်က ကြိမ်းမောင်းလိုက်ပြီး ထျန်းယင်ကို လှမ်းဖမ်းကာ တစ်ကိုယ်လုံး ဝါးမြိုပစ်ရန် ကြံစည် တော့သည်။
ထျန်းယင်၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားပြီး သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
“ငါ့ ဂျူနီယာ ညီမလေးကို လွှတ်စမ်း”
ထိုအခိုက်အတန့်မှာပင် အိုးရန်ယွင်သော်သည် ရုတ်တရက် ရှေ့သို့ ပြေးထွက်လာပြီး ထျန်းယင်း၏ရှေ့တွင် ကာကွယ် ရပ်တည်ကာ ဘိုးဘေး ထျန်းဟယ်ကို လက်ဝါးနှစ်ဖက်ဖြင့် ဒေါသတကြီး ရိုက်ချလိုက်တော့သည်။
“ဟဲဟဲ...”
ဘိုးဘေး ထျန်းဟယ်က သူမကို မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပယ်ချလိုက်ပြီး သူ၏ တိုက်ကွက်မှာ ပိုမို ပြင်းထန် ကာ လွှမ်းမိုးချုပ်ကိုင်မှု ရှိလာတော့သည်။
“ဝုန်း”
မျက်စိတစ်မှိတ်အတွင်းမှာပင် အိုးရန်ယွင်သော်သည် လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက် သွားကာ နေရာတင်ပင် သွေးများ အန်ထုတ်လိုက်ရတော့သည်။
“အိုး...”
ဘိုးဘေး ထျန်းဟယ်က အိုးရန်ယွင်သော်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“မင်း မသေဘူးလား”
သူ့ကဲ့သို့သော သူတော်စင် တစ်ပါး၏ တိုက်ကွက်ကို နတ်ဘုရင် အဆင့်ရှိသူတစ်ဦးက မည်သို့ ခံနိုင်ရည် ရှိသွားသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။
၎င်းမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။
ထို့နောက် သူ၏မျက်နှာထက်မှ လှောင်ပြုံးမှာ ပိုမိုပြင်းထန်လာသည်။
“ငါ ထင်တာ မှန်တာပဲ၊ မင်းတို့ဆီမှာ တကယ့်ကို အဖိုးတန် ရတနာတွေ ရှိနေတာကိုး”
ဤကလေးစုတ် သုံးယောက်စလုံးမှာ ခေါင်းစခြေအဆုံးရတနာများပင် ဖြစ်သည်။ အကယ်၍ သူတို့ကို စားလိုက်လျှင် သူ့အတွက် အလွန်ပင် အားရှိစေမည့် ဆေးစွမ်းကောင်းများ ဖြစ်လာပေလိမ့်မည်။
“စီနီယာ အစ်မ”
ကုန်းမင်နှင့် ထျန်းယင်တို့မှာ ပြိုင်တူ အော်ဟစ်လိုက်ကြပြီး ဘိုးဘေး ထျန်းဟယ်ကို အပိုင်းပိုင်း အစအန ဖြစ်သွားအောင် ကိုက်ဖြတ်ချင်သည့်အလား ဒေါသတကြီး စိုက်ကြည့်နေကြတော့သည်။
“ဒီနေ့ မင်းတို့တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး၊ အားလုံးကို ဝါးစားပစ်မယ်”
ဘိုးဘေး ထျန်းဟယ်သည် တဟားဟား ရယ်မောလိုက်ပြီး သူ၏ ကြီးမားလှသော လက်ဝါးဖြင့် နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။
မမျှော်လင့်ထားသော အနှောင့်အယှက်များ မကြုံရလေအောင် အခြားမိစ္ဆာသူတော်စင်များ မရောက်လာမီ ဤကလေးများကို အမြန်ဆုံး ဝါးမြိုပစ်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူ၏ ကြီးမားသော လက်ဝါးမှာ ရွှေရောင်လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး တောက်ပလွန်းလှသလို ကြောက်မက်ဖွယ် ကောင်းသော တာအို စွမ်းအားများလည်း စီးဆင်းနေသည်။
၎င်းမှာ ထျန်းယင်နှင့် အခြားသူများရှိရာသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းလာတော့သည်။
“အား … အား …”
ရုတ်တရက် အော်ဟစ်သံ နှစ်သံ ဟိန်းထွက်လာတော့သည်။
ထျန်းယင်နှင့် အခြားသူများမှာ ချက်ချင်းပင် ဖမ်းဆီးခံလိုက်ရပြီး ဘိုးဘေး ထျန်းဟယ်ထံသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။
ဘိုးဘေး ထျန်းဟယ်၏ မျက်နှာမှာ သွေးဆာနေသော အပြုံးတစ်ခုဖြင့် ရှုံ့မဲ့သွားပြီး အလွန်ပင် ထောင်လွှား နေတော့သည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသော အေးစက်လှသည့် အလင်းတန်းတစ်ခုသည် ပြင်းထန်စွာ ဆင်းသက် လာတော့သည်။
၎င်းသည် ရွှေရောင်လက်ဝါးကြီးကို ထိမှန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အစိပ်စိပ်အမွှာမွှာ ဖြစ်သွား စေခဲ့သည်။
ထျန်းယင်နှင့် အခြားသူများမှာလည်း မြေပြင်ပေါ်သို့ ပြန်လည်ကျဆင်းသွားကြတော့သည်။
*ဘာ*
ဘိုးဘေး ထျန်းဟယ်၏ မျက်နှာအမူအရာမှာ အလွန်ပင် ရုပ်ဆိုးသွားပြီးနောက် တိုက်ခိုက်ခဲ့သူကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။
“ဒီမိန်းမယုတ်... မင်း သေတွင်းတူးနေတာပဲ”
ထိုသို့ တိုက်ခိုက်လိုက်သူမှာ အခြားသူ မဟုတ်ဘဲ ဝူမုဖန်သိုက်ပင် ဖြစ်သည်။
“ဝူမုဖန်သိုက် ... မင်း လုပ်ရဲလား”
ဝူမုရှီးက ဒေါသတကြီးဖြင့် ချက်ချင်းပင် ဟိန်းဟောက်လိုက်တော့သည်။
“ကျွန်တော် ပြောသားပဲ... သူက သစ္စာဖောက်နေတာလို့၊ အခုတော့ ကျွန်တော် ပြောတာ မမှားဘူးမလား”
ဝူမုထျန်းလျိုက လှောင်ပြုံးပြုံးလိုက်သည်။
ဤအချိန်တွင် ဝူမုဖန်သိုက်မှာ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
“မင်းတို့အားလုံး အမြန်ပြေးကြတော့၊ ငါ ဒီမှာ သူ့ကို တားထားပေးမယ်”
“သစ္စာဖောက်”
ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်မှ မိစ္ဆာအားလုံးက တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြသည်။ သူတို့ အားလုံးမှာ ဒေါသ အချောင်းချောင်း ထွက်နေကြပြီ ဖြစ်သည်။ ဝူမုဖန်သိုက်သည် သူတို့အားလုံးကို သစ္စာဖောက် လိုက်လေပြီ။
*ဒီမိန်းမ ... သူက အဲဒီလူသားနဲ့ တကယ်ပဲ ပတ်သက်နေတာကိုး*
“မင်း ဘာလို့ ငါတို့ကို သစ္စာဖောက်ရတာလဲ”
ဝူမုရှီးက ဝူမုဖန်သိုက်ကို အော်ဟစ် မေးမြန်းလိုက်သည်။ သူမအနေဖြင့် လူသားတစ်ယောက်အတွက်နှင့် သူမ၏ မျိုးနွယ်စုဝင်များကို အဘယ်ကြောင့် သစ္စာဖောက်ရသနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။
ဝူမုဖန်သိုက်က ခါးသီးစွာ ပြုံးလိုက်သည်။
“ကျွန်မ သစ္စာမဖောက်ဘူးလို့ အမြဲပြောခဲ့တယ်၊ ဒါပေမဲ့ အဖေတို့ကရော ကျွန်မကို တစ်ခါလောက်ပဲဖြစ်ဖြစ် ယုံခဲ့ဖူးလို့လား၊ ဒီကလေးတွေက သူတို့ဆရာကို သစ္စာဖောက်မယ့်အစား သေဖို့ကိုပဲ ရွေးချယ်ခဲ့ကြတာ၊ ဒါပေမဲ့ အဖေတို့ကရော၊ အဖေတို့က ကျွန်မရဲ့ မိသားစုဝင်တွေ မဟုတ်ဘူးလား”
“အခုထိတောင် မင်းက လျှာအရိုးမရှိတိုင်း လိမ်ညာချင်နေသေးတာလား”
ဝူမုရှီးက မထီမဲ့မြင်ပြုကာ နှာခေါင်းရှုံ့လိုက်ပြီးနောက် အလွန်အမင်း စိတ်ပျက်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
“သူ့ကို သတ်ပစ်လိုက်ကြစမ်း”
မိစ္ဆာဧကရာဇ်များက ရှေ့သို့ ခုန်အုပ်လိုက်ကြပြီး သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ဝူမုဖန်သိုက်ကို ချက်ချင်းပင် ဝါးမြိုတော့မည့်အလား လွှမ်းမိုးသွားတော့သည်။
သို့သော် ဝူမုဖန်သိုက်မှာ လက်မတစ်ဆစ်မျှ နောက်မဆုတ်ခဲ့ပါ။
သူမ၏ မိသားစု။ သူမ၏ မျိုးနွယ်စု။ သူတို့ထဲက တစ်ယောက်မှ သူမကို မယုံကြည်ခဲ့ကြပါ။
သို့သော် ဤကလေးငယ်များကမူ သူတို့၏ ဆရာကို အမြဲတမ်း ယုံကြည်နေခဲ့ကြသည် မဟုတ်ပါလား။
ထို့ကြောင့် သူမအနေဖြင့် ဤကလေးများကို သူမကဲ့သို့ပင် သူမ၏ဆရာအပေါ် ထားရှိသည့် သစ္စာတရားအတွက် ဝဋ်လည်ပြီး ဒုက္ခရောက်သွားစေရန် ခွင့်မပြုနိုင်ပါချေ။
ထိုလူသည် ဤမျှလွယ်လွယ်နှင့် မသေနိုင်ကြောင်းလည်း သူမ အကြွင်းမဲ့ ယုံကြည်ထားသည်။ သူသည် အသက် ရှင်လျက် အသေအချာ ပြန်လာလိမ့်မည်ဖြစ်ရာ သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ အချိန်ဆွဲ ပေးထားရန်သာ ဖြစ်သည်။
“သစ္စာဖောက်မ... မင်းကို အရှင်လတ်လတ် အရေခွံခွာမယ်၊ အကြောတွေကို ဆွဲထုတ်မယ်၊ မင်း သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ရစေမယ်”
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ပုဆိန်နှစ်လက်ကို ကိုင်စွဲထားသော ကြံ့မိစ္ဆာတစ်ကောင်သည် ရှေ့သို့ ပြေးထွက် လာကာ ဝူမုဖန်သိုက်ကို ဒေါသတကြီး ခုတ်ပိုင်းလိုက်ပြီး ပြင်းထန်သော တိုက်ပွဲကို စတင်လိုက်တော့သည်။
“အဲ့လိုဆိုရင်တောင်မှ... ရှင်တို့ကို ဒီကလေးတွေရဲ့ ဆံပင်တစ်ချောင်းတောင် ထိခွင့်မပေးနိုင်ဘူး”
ဝူမုဖန်သိုက်၏ မျက်လုံးများမှာ စူးရှသွားပြီး သူမ၏ ယန်စွမ်းအင်များကို စုစည်းကာ ဓားသွားဖျားသို့ ပို့လွှတ်လိုက် ပြီးနောက် ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ ပြိုင်ဘက်ကို လွင့်စင်သွားစေခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် အားလုံးမှာ တစ်ပြိုင်နက်တည်း ရောက်ရှိလာကြပြီး သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ရက်စက်စွာ ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
“ဘုန်း”
ဝူမုဖန်သိုက်သည် ချက်ချင်းပင် လွင့်စင်သွားရပြီး သွေးများ အန်ထုတ်လိုက်ရတော့သည်။
သူမသည် အဆင့်တူသူများထဲတွင် ပြိုင်ဘက် အနည်းငယ်သာ ရှိသော်လည်း ယခုကဲ့သို့ အင်အားကြီးမားသော ရန်သူ အမြောက်အမြားကို ရင်ဆိုင်ရာတွင်မူ နောက်ဆုံး၌ မယှဉ်နိုင်တော့ဘဲ အတွင်းကလီစာများမှာလည်း ထိခိုက်သွားလေသည်။
၎င်းကို မြင်တွေ့နေရသော်လည်း ဘိုးဘေး ထျန်းဟယ်နှင့် ဝူမုရှီးတို့မှာမူ မည်သည့် ခံစားချက်မျှမရှိဘဲ အေးစက်မြဲ အေးစက်နေဆဲပင်။
အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှပေသည်။
ထိုအချိန်တွင် ဝူမုထျန်းလျို၏ အပြုံးမှာ ယုတ်မာကောက်ကျစ်နေပြီး ဝူမုဖန်သိုက် တစ်စစီဖြစ်ပြီး သေဆုံးသွားမည့် မြင်ကွင်းကို ကြည့်ရှုရန် အားခဲနေပုံရသည်။
“သခင်မလေး ... ဒါ ကျွန်တော် ခင်ဗျားကို ဒီလိုမျိုး နောက်ဆုံးအကြိမ် ခေါ်ဆိုခြင်းပါပဲ။ ဆက်ပြီး မရုန်းကန် ပါနဲ့တော့၊ အရှုံးပေးလိုက်ပါ၊ ခင်ဗျားကို အမြန်ဆုံး သေခွင့်ပေးပါ့မယ်”
မိစ္ဆာဧကရာဇ် တစ်ဦးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ သူသည် တစ်ချိန်က ဝူမုဖန်သိုက်ကို အလွန် ရိုသေခဲ့သော်လည်း ယခုမူ သူမအပေါ် များစွာ စိတ်ပျက်နေပြီ ဖြစ်သည်။
“သတ်ချင်ရင် သတ်လိုက်စမ်းပါ၊ ဘာလို့ ဒီလောက် စကားတွေ များနေတာလဲ”
ဝူမုဖန်သိုက်က မထီမဲ့မြင် ပြုံးလိုက်သည်။ ဤအချိန်တွင် သူမ နားလည်သွားသည်မှာ ဤမျိုးနွယ်စုဝင် ဆိုသူများသည် သူမ၏ ကြိုးပမ်းအားထုတ်မှုနှင့် ထိုက်တန်သူများ မဟုတ်တော့ပါချေ။
“မင်း သေတွင်းတူးနေတာပဲ”
မိစ္ဆာဧကရာဇ်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြပြီး ရက်စက်စွာ ထပ်မံ တိုက်ခိုက်ကြတော့သည်။ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ် တစ်ခွင်လုံးမှာလည်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါ များဖြင့် ချက်ချင်းပင် ဆူပွက်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ဘိုးဘေး ထျန်းဟယ်သည် ထျန်းယင်နှင့် အခြားသူများရှိရာသို့ တစ်ဖန် ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းဖျားတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။
“ကဲ... အခုတော့ ငါတို့ကို ဘယ်သူမှ လာနှောင့်ယှက်နိုင်တော့မှာ မဟုတ်ဘူး”
“ကျွန်မတို့ဆရာ သေချာပေါက် ပြန်လာလိမ့်မယ်၊ အဲဒီအခါကျရင် ခင်ဗျားတို့အားလုံး သေရလိမ့်မယ်”
ထျန်းယင်က အော်ဟစ်လိုက်သည်။ သူမသည် အလွန်ပင် ဝမ်းနည်းနေမိသည်။ သူမသည် အလွန် အားနည်း လွန်းသဖြင့် သူမ၏ စီနီယာ မောင်နှမများကို မကာကွယ်နိုင်ခဲ့ပါချေ။ သူမကြောင့်ပင် စီနီယာအမကြီး ဒဏ်ရာရ ခဲ့ရသည် မဟုတ်ပါလား။
“မင်းတို့ဆရာကတော့ အခုလောက်ဆို ပြည်ပုပ်ရည်တွေ ဖြစ်ပြီး သေနေလောက်ပြီ။ သူ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး၊ ဟားဟားဟား”
ဘိုးဘေး ထျန်းဟယ်၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးများဖြင့် ပြည့်နှက်နေသည်။
အသူရာ ဧကရာဇ်၏ တာအို ဖိနှိပ်မှုအောက်တွင် ထိုလူသည် သူတော်စင်တစ်ပါး ဖြစ်နေပါစေဦးတော့ သေခြင်း တရား ဟူသော လမ်းတစ်ခုသာ ရှိပေလိမ့်မည်။ သူသည် သတ်ဖြတ်ခြင်း ခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ပါချေ။
“တောက်...”
ဘိုးဘေး ထျန်းဟယ်က ထျန်းယင်တို့ဆီသို့ ချဉ်းကပ်သွားသည်ကို မြင်လိုက်ရသောအခါ ဝူမုဖန်သိုက်၏ မျက်နှာမှာ ပိုမို၍ ရုပ်ဆိုးသွားတော့သည်။
သို့သော် သူမ ထိုသို့ အာရုံလွဲသွားချိန်မှာပင် သူမ၏ ကျောပြင်ကို ဓားတစ်ချက် အားပြင်းစွာ ထိမှန်သွားခဲ့သည်။ ၎င်းမှာ ၁၀ မီတာကျော် ရှည်လျားသော ဒဏ်ရာကြီးဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ကို နေရာတင်ပင် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။
“အခုထိတောင် တခြားသူတွေကို စိတ်ပူပေးနိုင်သေးတယ်ပေါ့၊ ကိုယ့်ကိုယ်ကိုယ်ပဲ အရင် ကြည့်စမ်းပါဦး”
မိစ္ဆာဧကရာဇ်များ အားလုံးက လှောင်ပြုံး ပြုံးလိုက်ကြသည်။
“ဘာကို စဉ်းစားနေဦးမှာလဲ၊ မင်းရဲ့ နောက်ဆုံးစကားကိုပဲ အမြန်ဆုံး ပြောလိုက်တော့”
ဤမိစ္ဆာဧကရာဇ်များ အားလုံးမှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်လှပြီး ဝူမုဖန်သိုက်ကို နောက်ဆုံးခရီး ပို့ဆောင်ရန် အတည်ပြုထားကြပြီး ဖြစ်သည်။
“လာစမ်း... တိရစ္ဆာန်လေးတွေ၊ ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြစမ်း၊ မင်းတို့ကို ဝါးမြိုပြီးသွားရင် ငါက မင်းတို့ရဲ့ အနှစ်သာရတွေကို နောက်ဆုံးတစ်စက်အထိ ညှစ်ထုတ်ပြီး အသေအချာ သန့်စင်ပစ်မယ်”
ဘိုးဘေး ထျန်းဟယ်က တဟားဟား ရယ်မောလိုက်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအိုကြီး တစ်ဦးနှင့် တူလှပြီး သူ၏ ရင်ဘတ်ထဲမှ ထွက်ပေါ်လာသော အသံမှာလည်း အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ဝေးကွာလှသော မိုးကုပ် စက်ဝိုင်းမှ ရုတ်တရက် ဝှေ့ယမ်းဝင်ရောက်လာပြီး အသက်ရှူရုံပင် ခက်ခဲစေမည့် ဖိအားများနှင့်အတူ ဆင်းသက်လာတော့သည်။
နဂါးကိုးကောင် မြေကမ္ဘာသို့ ဆင်းသက်ခြင်း။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားများမှာ ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး အဆုံးမဲ့ တောက်ပသော အလင်းတန်းများမှာလည်း ကောင်းကင်ယံတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုး သွားတော့သည်။ အတိုင်းအဆမဲ့သော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာလည်း ထိုနယ်မြေတစ်ခုလုံးကို ဝါးမြိုသွားတော့သည်။
“ဘိုးဘေး ထျန်းဟယ်... မင်းရဲ့ သေမင်းကို လာပြီး ရင်ဆိုင်လိုက်စမ်း”
***