ဝူမုရှီးသည် သွားများကို တင်းတင်းကြိတ်လိုက်သည်။ အကယ်၍ ဝူမုထျန်းလျိုကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့၏ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်သည် ဤကဲ့သို့သော ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။
“ဝှစ် ဝှစ် ဝှစ်”
သို့သော်လည်း ထိုအခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် အားလုံးသည် လဲကျသွားသော သစ်ပင်ပေါ်မှ မျောက်များ ကဲ့သို့ အရပ်မျက်နှာအနှံ့သို့ အလုအယက် ထွက်ပြေးကြတော့သည်။
ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်သည် ပြီးဆုံးသွားပြီ ဖြစ်ရာ သူတို့အနေဖြင့် ၎င်းနှင့်အတူ အသေမခံ ချင်ကြပါချေ။
“ထွက်ပြေးချင်တာလား၊ မင်းတို့ထဲက တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး”
ယဲ့ဖန်က အေးစက်စွာ ပျက်ရယ်ပြုလိုက်သည်။ နဂါးကိုးကောင် မီးလင်းဖိုသည် ပြင်းထန်စွာ တုန်ခါသွားပြီးနောက် နဂါးကိုးကောင် ထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ ဖျက်ဆီးလိုသော ဖိအားများသည် ချက်ချင်းပင် ကြီးမားလှသော သတ်ဖြတ်ခြင်း အစီအရင် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် ကမ္ဘာ လောကကြီးကို လုံးဝ ပိတ်ဆို့လိုက်တော့သည်။
နေရာတင်ပင် မိစ္ဆာဧကရာဇ် အမြောက်အမြားမှာ ထိုအစီအရင်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး အသားစများမှာ ကောင်းကင်ယံမှ ကြွေကျလာတော့သည်။
သေဆုံးသွားကြလေပြီ။ အသက်တစ်ကြိမ် ရှူစာအတွင်းမှာပင် မိစ္ဆာဧကရာဇ် အမြောက်အမြားမှာ ရက်စက်စွာ သေဆုံးသွားခဲ့ရလေပြီ။
၎င်းတို့သည် တစ်ကိုယ်လုံး အကောင်းပကတိပင် မကျန်တော့ဘဲ ရက်စက်စွာ သေဆုံးသွားခဲ့ရသည်။
ဘိုးဘေး ထျန်းဟယ်ပင်လျှင် သတ်ဖြတ်ခြင်း အစီအရင်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး လုံးဝ ထွက်ပြေး၍ မရတော့ချေ။
အားကိုးရာမဲ့ခြင်း။ အလွန်အမင်း ခိုကိုးရာမဲ့သွားခဲ့သည်။
သူတို့ မနိုင်နိုင်ပါ။ ထွက်ပြေးဖို့ လမ်းလည်း မရှိတော့ပါ။
ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် ကလဲ့စားချေမည့် မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ရောက်ရှိလာပြီး တောင်တန်း များကိုပင် ဖြိုခွဲနိုင်သည့် အားပါသော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်ရာ ဘိုးဘေး ထျန်းဟယ်မှာ လွင့်စင် သွားတော့သည်။
သွေးများမှာ နေရာအနှံ့ လွင့်စင်သွားတော့သည်။
ဘိုးဘေး ထျန်းဟယ်၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ နေရာတင်ပင် ပြတ်တောက်သွားပြီး အူများနှင့် အတွင်း ကလီစာ များမှာ အပြင်သို့ ပန်းထွက်လာတော့သည်။
“အား...”
ဘိုးဘေး ထျန်းဟယ်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရင်း မြေပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။
သူ၏ ခန့်ညားထည်ဝါသော ယခင်အသွင်အပြင်များမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များ၊ သွေးအလိမ်းလိမ်းနှင့် ရှုံ့မဲ့နေသော မျက်နှာတို့ကြောင့် သူသည် အလွန်ပင် သနားစဖွယ် ကောင်းနေတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ ဝူမုရှီးနှင့် အခြားသူများမှာ ပို၍ပင် အားကိုးရာမဲ့သွားကြရသည်။ သူတို့မျိုးနွယ်စု၏ အင်အား အကြီးဆုံး ဘိုးဘေးမှာပင် ဤလူသားသူတော်စင်၏ ရှေ့၌ ရွှံ့ဖြင့်လုပ်ထားသော ကြက် သို့မဟုတ် ရွှံ့ခွေး တစ်ကောင်ကဲ့သို့ပင် အားနည်းလွန်းလှသည် မဟုတ်ပါလား။
“မင်း ... မင်း ငါ့ကို သတ်လို့မရဘူး၊ ငါက မိစ္ဆာသူတော်စင်တစ်ပါးပဲ၊ အကယ်၍ မင်း ငါ့ကို သတ်လိုက်ရင် မင်းက မိစ္ဆာ မျိုးနွယ်စု တစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်၊ မင်း ရှီးလင်ကနေ ဘယ်တော့မှ အရှင်ထွက်သွားနိုင်မှာ မဟုတ်ဘူး”
ဘိုးဘေး ထျန်းဟယ်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
“ထာဝရ မသေမျိုးပန်းကို ငါ အပိုင်ရအောင် ယူမယ်၊ ငါ့ကို တားတဲ့သူမှန်သမျှ သေရမယ်”
ယဲ့ဖန်သည် လွှမ်းမိုးချုပ်ကိုင်မှုအပြည့်ဖြင့် ရှေ့သို့တစ်လှမ်း တိုးလိုက်ပြီး ဘိုးဘေး ထျန်းဟယ် ၏ ဦးခေါင်းထိပ် တည့်တည့်သို့ ပြင်းထန်သော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်တော့သည်။
သူသည် ဘိုးဘေးကို နေရာတင်ပင် အပြတ်ရှင်းရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
“မလုပ်နဲ့...”
ဘိုးဘေး ထျန်းဟယ်သည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ပြီး သူ၏တစ်ကိုယ်လုံးမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်နေတော့သည်။
သို့သော်လည်း ရုတ်တရက်ဆိုသလိုပင်။
“ဘယ်လောက်တောင် ထောင်လွှားလိုက်သလဲ! ရှီးလင်မှာ ဘယ်သူမှ မရှိတော့ဘူး မင်း တကယ်ပဲ ထင်နေတာလား”
ဝေးကွာလှသော မိုးကုပ်စက်ဝိုင်းဆီမှ ဒေါသတကြီး ငေါက်ငမ်းသံ တစ်ခုသည် ပြင်းထန်စွာ ထွက်ပေါ် လာတော့သည်။
၎င်းမှာ လှိမ့်ဝင်လာသော မိုးခြိမ်းသံကဲ့သို့ပင် အနှိုင်းမဲ့သော သတ်ဖြတ်လိုသည့် အရှိန်အဝါများကို သယ်ဆောင် လာခဲ့သည်။
ထို့နောက် ရောက်ရှိနေသူ အားလုံး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်ကြီး သုံးခုသည် ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်ထံသို့ ရုတ်တရက် ဆင်းသက် လာကြတော့သည်။
“မဟာသူတော်စင် ခွန်ဖန်”
“သူတော်စင် ဟုန်ထျန်း”
“သူတော်စင် လုံဖာ”
ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်မှ မိစ္ဆာအားလုံးမှာ ချက်ချင်းပင် မျက်နှာအမူအရာများ ပြောင်းလဲ သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုဆင်းသက်လာသူများသည် ရှီးလင်တွင် အလွန်ပင် ကျော်ကြားလှသော သူတော်စင်ကြီးများ ဖြစ်နေသောကြောင့်ပင်။
စီနီယာအဆင့်အတန်းအရဆိုလျှင် ၎င်းတို့မှာ သူတို့၏ ဘိုးဘေး ထျန်းဟယ်ထက်ပင် များစွာ သာလွန်ကြသည်။ ၎င်းတို့မှာ သူတို့၏ ဘိုးဘေးကိုယ်တိုင်ပင်လျှင် စီနီယာဟု ရိုသေစွာ ခေါ်ဆိုရမည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
၎င်းကို မြင်လိုက်ရသောအခါ ဝူမုထျန်းလျိုမှာ ချက်ချင်းပင် လေသံပြောင်းသွားပြီး မြေပြင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ၏ မျက်နှာထက်မှ ကြောက်ရွံ့မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ထောင်လွှားသော အသွင်က အစားထိုးဝင်ရောက်လာသည်။
“ဟားဟားဟား၊ ကံတရားက ငါတို့ဘက်မှာ ရှိနေတုန်းပဲ။ သူက ငါတို့ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်ကို ဖျက်ဆီးချင်သေးတယ်ပေါ့၊ အခုတော့ သူတော်စင်တွေအားလုံး ရောက်လာပြီဆိုတော့ သူ ငါတို့ကို ဘယ်လို သတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”
၎င်းကို ကြားလိုက်ရသောအခါ မိစ္ဆာဧကရာဇ်များ အားလုံးမှာလည်း သက်ပြင်းချနိုင်သွားကြတော့သည်။ မဟာမိစ္ဆာ သူတော်စင်ကြီး သုံးပါးနှင့် ဘိုးဘေး ထျန်းဟယ်တို့ ပေါင်းလိုက်လျှင် ဤလူသားသူတော်စင်သည် မည်မျှပင် အစွမ်းထက် နေပါစေဦးတော့၊ သူသည် ဧကန်မုချ သေဆုံးရပေလိမ့်မည်။
သူတို့အားလုံး အသေအချာ သေရတော့မည်ဟု ထင်မှတ်ထားကြသော်လည်း မထင်မှတ်ဘဲ မျှော်လင့်ချက် ရောင်ခြည် တစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။
သို့သော်လည်း ဝူမုဖန်သိုက်ကမူ သူမ၏ မောင်ဖြစ်သူကို အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက် ပြီးနောက် ခေါင်းကို ခါယမ်းကာ လှောင်ပြောင်လိုက်သည်။
“တကယ့်ကို ယုတ်မာတဲ့ လူယုတ်မာပဲ”
ဝူမုထျန်းလျိုကတော့ သူ ခုနလေးတင် ဘာတွေလုပ်ခဲ့သလဲဆိုတာကို မေ့သွားပုံရသည်။
အခြေအနေ မဟန်တော့လျှင် ဒူးထောက်တောင်းပန်သည်။
အောင်ပွဲက လက်တစ်ကမ်းအလို ရောက်ပြီဆိုလျှင်တော့ ပြန်ပြီး ဘဝင်မြင့် ထောင်လွှားပြန်သည်။
အောက်တန်းကျပြီး အရှက်မရှိလှပေ။ ယုတ်ညံ့သည့် အပြုအမူမျိုးပါတကား။
ဝူမုထျန်းလျိုက သူ့အစ်မကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“မိန်းမယုတ်၊ နင် သိပ်ပြီးတော့ ပျော်မနေနဲ့ဦး! အဲဒီကောင် သေသွားတာနဲ့ နောက်တစ်ယောက်က နင်ပဲ ဖြစ်ရမယ်”
“သေမယ် ဟုတ်လား၊ အခုထိတောင် နင်က သူ့ကို အထင်သေးနေတုန်းလား၊ တကယ့် ငတုံးပဲ”
ဝူမုဖန်သိုက်က မထီမဲ့မြင် ပြုံးလိုက်သည်။
သူတို့ရှေ့တွင် ရှိနေသော မဟာသူတော်စင်ကြီးများသည် တကယ်ကို အင်အားကြီးကြပါသည်။ သို့သော် သူတို့ ရင်ဆိုင်နေရသည့် ပြိုင်ဘက်က ရွှံ့နွံနတ်ဘုရား၏ ဆရာ ဖြစ်နေ၏။
*သူကို ဖြုတ်ချဖို့လား*
*ဘယ်လိုလုပ် လွယ်ပါ့မလဲ*
“နင်ကမှ အရူးလို့ ငါ ထင်တယ်၊ မဟာသူတော်စင်ကြီး သုံးပါးလုံး တစ်ပြိုင်တည်း ဆင်းသက်လာတာနော်၊ ပြီးတော့ မဟာသူတော်စင် ခွန်ဖန်က ငါတို့ ရှီးလင်မှာ တတိယမြောက် အစွမ်းအထက်ဆုံး သူတော်စင်ပဲ၊ သုံးယောက် တစ်ယောက် ဆိုတော့ အဲဒီကောင် လုံးဝ မရှင်နိုင်တော့ဘူး”
“အစ်မ၊ အစ်မရဲ့ အားကိုးရာကြီးကတော့ သွားပြီ၊ နောက်ဆုံးမှာ ရယ်မောနိုင်မယ့်သူက ငါတို့ပဲ၊ ဟားဟားဟား”
ဘဝင်မြင့်နေခြင်း။ ထောင်လွှားနေခြင်း။
လွှမ်းမိုးချုပ်ကိုင်လိုခြင်း။
ဝူမုထျန်းလျို၏ မျက်လုံးထဲတွင် ယဲ့ဖန်မှာ သေလူတစ်ယောက် ဖြစ်နေချေပြီ။
“မိတ်ဆွေတို့... ကျွန်တော့်ကို ကယ်ကြပါဦး”
ဘိုးဘေး ထျန်းဟယ်ကလည်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ဘိုးဘေး ထျန်းဟယ်၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသောအခါ သူတော်စင်ကြီး သုံးပါးလုံး မျက်မှောင်ကြုတ် သွားကြသည်။
မည်သို့ပင်ဆိုစေကာမူ ဘိုးဘေး ထျန်းဟယ်မှာ မိစ္ဆာသူတော်စင်တစ်ပါး ဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာမှာ မိစ္ဆာ မျိုးနွယ်စု တစ်ခုလုံး၏ မျက်နှာနှင့် သက်ဆိုင်နေသည်။ ယခုကဲ့သို့ အပြင်းအထန် အရိုက်ခံထားရခြင်းမှာ ရှီးလင် အတွက် ကြီးမားသော အရှက်ရမှု တစ်ခုပင် ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူတို့သည် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
“မင်းက မိစ္ဆာမင်းသားနဲ့ ချီရှီးတို့ကို သတ်ပြီး ထာဝရမသေပန်း ကိုပါ ခိုးယူချင်တယ်လို့ ပြောခဲ့တဲ့သူလား”
“ငါပဲ”
ယဲ့ဖန်က တည်ငြိမ်စွာဖြင့်ပင် ဝန်ခံလိုက်တော့သည်။
“မင်းကများ”
မဟာ သူတော်စင် ခွန်ဖန်က မာန်မဲလိုက်သည်။ တစ်ဖက်လူမှာ အလွန်ပင် ထောင်လွှားလွန်းလှပြီး မည်သည့်ရှင်းပြချက်မျှပင် မပေးတော့ဘဲ တည့်တည့်တိုးကာ ဝန်ခံလိုက်သောကြောင့်ပင်။
“ဒါဆိုရင်တော့... ဒီနေ့ မင်း ဒီနေရာမှာပဲ အသေခံလိုက်တော့”
သူတော်စင် ဟုန်ထျန်း၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေတော့သည်။ ဤမျှလောက်အထိ မောက်မာ သောသူမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။ မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးကို လုံးဝ ဂရုမစိုက်ဘဲ ဤနေရာတွင် သူအလိုရှိရာ လုပ်ဆောင်နိုင်သည်ဟု ထင်မှတ်နေပုံရသည်။
သူတော်စင် သုံးပါးလုံးသည် ရုတ်တရက် တိုက်ခိုက်လိုက်ကြပြီး အောက်ဘက်ရှိ မဟာ အစီအရင်ကြီးကို တစ်ပြိုင် နက်တည်း ရိုက်ချလိုက်တော့သည်။
“ဝုန်း”
ရှေးဟောင်း သူတော်စင်ကြီး သုံးပါး၏ ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် သတ်ဖြတ်ခြင်း အစီအရင်ကြီးမှာ ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့သည်။
ထို့နောက် ၎င်းတို့သည် ပြင်းထန်သော အရှိန်အဝါများဖြင့် ဆင်းသက်လာကာ ယဲ့ဖန်ကို အရပ်သုံးမျက်နှာမှ ဝိုင်းရံ ပိတ်ဆို့ လိုက်ကြတော့သည်။
၎င်းတို့၏ မျက်နှာများထက်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ မီးဟုန်းဟုန်းတောက်သကဲ့သို့ပင်။
“သူ့ကို သတ်ကြပါ၊ မိတ်ဆွေတို့ ... သူ့ကို အခုချက်ချင်း သတ်ပစ်လိုက်ကြစမ်းပါ”
ဘိုးဘေး ထျန်းဟယ်၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေတော့သည်။ ယဲ့ဖန်သည် သူ့ကို အပြင်းအထန် ဒဏ်ရာရ စေခဲ့သည့်အပြင် သူ၏ ကျင့်ကြံမှုအခြေခံကိုပါ ထိခိုက်စေခဲ့သည်။ ဤဒဏ်ရာများ ပြန်လည် သက်သာရန် အတွက် အနည်းဆုံး နှစ်ပေါင်းတစ်သောင်းခန့် အချိန်ယူရပေလိမ့်မည်။
“ဝူမုဖန်သိုက်... နင် မြင်လား၊ အဲဒီကောင် သေရတော့မယ်”
ဝူမုထျန်းလျိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“သူ့ရဲ့ ခေါင်းကို ဖြတ်ပြီး ငါတို့ မိစ္ဆာမျိုးနွယ်စုတွေ ထာဝရ မထီမဲ့မြင် ပြုနိုင်ဖို့အတွက် ရှီးလင် တောင်တံခါးဝမှာ ချိတ်ဆွဲထားရမယ်”
“ဘယ်မိစ္ဆာမဆို သူ့ခေါင်းပေါ်ကို အညစ်အကြေးတွေနဲ့ ပက်ဖျန်းလို့ ရတာပေါ့”
လေထုတစ်ခုလုံးသည် ချက်ချင်းပင် အေးစက်တိတ်ဆိတ်သွားတော့သည်။
မိစ္ဆာအားလုံးသည် ယဲ့ဖန်ထံသို့ မလိုတမာ အကြည့်များဖြင့် ကြည့်လိုက်ကြပြီး သူ၏ နိဂုံးကို ကြိုတင် မြင်တွေ့နေရ သကဲ့သို့ပင်။ သူသည် မဟာသူတော်စင်ကြီး သုံးပါး၏ လက်ချက်ဖြင့် အပိုင်းပိုင်း အစိပ်စိပ် အမွှာမွှာ အဖျက်ဆီးခံ ရတော့မည် မဟုတ်ပါလား။
သို့သော်လည်း ယဲ့ဖန်၏ မျက်နှာထက်တွင်မူ နက်ရှိုင်းသော မထီမဲ့မြင်ပြုသည့် အမူအရာမှာ ရှိနေဆဲပင်။
“ဒူးထောက်လိုက်ကြစမ်း၊ ဒါဆိုရင် မင်းတို့ သုံးယောက်လုံး အသက်ချမ်းသာရာ ရလိမ့်မယ်”
တိတ်ဆိတ်သွားသည်။ သုသာန်အလား ငြိမ်သက်သွားခြင်းပင်။
“ခွီး ... ဟားဟားဟား”
ချက်ချင်းဆိုသလိုပင် တစ်ကွင်းလုံးရှိ လူများအားလုံးထံမှ လှောင်ပြောင်ရယ်မောသံများ ပေါက်ကွဲ ထွက်ပေါ် လာတော့သည်။
*ဘာ*
*သူတော်စင်ကြီး သုံးပါးကို ဒူးထောက်ခိုင်းတာလား*
*ဒီကောင် ရူးသွားပြီလား*
“ဒူးမထောက်ရင် သေရမယ်တဲ့ ... ဘယ်သူက သူ့ကို ဒီလောက် သတ္တိတွေ ပေးလိုက်တာလဲ”
“မဟာသူတော်စင် သုံးပါးလုံးကို ရင်ဆိုင်နေရတာတောင် ဒီလို စကားမျိုး ပြောရဲသေးတယ်၊ သူ့ရဲ့ သတ္တိကိုတော့ ငါ ချီးကျူးရမှာပဲ”
ဝူမုထျန်းလျိုက လှောင်ပြောင်သရော်လိုက်သည်။
“သေတွင်းတူးချင်တဲ့ သတ္တိပေါ့”
“ကောင်းပြီ၊ ကောင်းပြီ၊ မင်းက ဒီလိုဖြစ်ချင်နေမှတော့ သေဖို့သာ ပြင်ပေတော့”
မဟာ သူတော်စင် ခွန်ဖန်သည် အလွန်ပင် ဒေါသကြီးသူဖြစ်ရာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သတ်ဖြတ် လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာကာ ယဲ့ဖန်၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိ သွားတော့သည်။
ခွန်ဖန် သူတော်စင်သိုင်းကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။
ရှေးဟောင်း ကာလများကတည်းက အနှိုင်းမဲ့လှပြီး နတ်ဘုရားများနှင့် တစ္ဆေများကိုပင် တုန်လှုပ်စေနိုင်သည့် ဤကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ကွက်ဖြင့် ယဲ့ဖန်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။
သို့သော်။
“ခွန်ဖန်လေး... မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ”
ထိုအခိုက်အတန့်တွင် ယဲ့ဖန်သည် မိုးခြိမ်းသံကဲ့သို့ ရုတ်တရက် ဟိန်းဟောက်လိုက်တော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အသံမှာ တကယ့်ကို မိုးခြိမ်းသံကြီးတစ်ခုကဲ့သို့ပင်။
ချက်ချင်းဆိုသလိုပင် မဟာသူတော်စင် ခွန်ဖန်၏ လက်သည် ယဲ့ဖန်နှင့် တစ်စင်တီမီတာပင် မဝေးတော့သော နေရာတွင် ရုတ်တရက် ရပ်တန့်သွားတော့သည်။
ထို့နောက်တွင် မဟာသူတော်စင် ခွန်ဖန်၏ မျက်နှာထက်တွင် နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက် သွားတော့သည်။
အလွန်အမင်း ပျာယာခတ်သွားခြင်းပင်။ မသိလျှင် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။
သူ၏ မျက်နှာကြွက်သားများမှာ ထူးဆန်းသော အကြိမ်ရေဖြင့် တဆတ်ဆတ် တုန်ယင်နေသည်ကို လူတိုင်းက ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။
“မင်း ... မင်းက ...”
သူသည် ယဲ့ဖန်ကို ရုတ်တရက် လက်ညှိုးထိုးလိုက်ပြီး သူ၏ မျက်နှာတွင် မသက်မသာဖြစ်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။ ထို့နောက် သူသည် ခေါင်းကို အသည်းအသန် ခါယမ်းလိုက်ရင်း မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူး ... မင်းက သူ မဖြစ်နိုင်ဘူး၊ သူ... သူက ကွယ်လွန်ပြီးသွားတာ အသိသာကြီးပဲလေ”
“ကွယ်လွန်သွားပြီ ဟုတ်လား”
ယဲ့ဖန်က ပျက်ရယ်ပြုလိုက်သည်။
“ဒီလောကကြီးမှာ... ငါကလွဲလို့ ငါ့ကို ဘယ်သူ သတ်နိုင်မှာလဲ”
မဟာသူတော်စင် ခွန်ဖန်၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားပြီး သူ၏ နဖူးပေါ်မှ အေးစက်သော ချွေးစက်များမှာ တစက်စက် စီးကျလာတော့သည်။
*သူပဲ*
*တကယ်ကို သူပဲ*
အဘယ်ကြောင့်ဆိုသော် ထိုစကားစုမှာ သူ၏ ကိုယ်ပိုင်ဆောင်ပုဒ် ဖြစ်နေသောကြောင့်ပင်။ မဟာသူတော်စင် ခွန်ဖန်သည် ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာပြီး နေရာတင်ပင် သူ၏ ဟန်ဆောင်မှုများ အားလုံး ပျက်စီးကာ ငိုကြွေးမိတော့သည်။
ထိုစဉ်အခါက သူ၏ လူမျိုးနွယ်စုများမှာ ကောင်းကင်ဘုံ ကိုးလွှာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သူ၏ မိဘများပင်လျှင် သူ့မျက်စိရှေ့မှောက်မှာတင် သေဆုံးခဲ့ရသည်။
မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
ထိုအချိန်တွင် သူသည် အသက်ငါးနှစ်အရွယ်သာ ရှိသေးပြီး ခွန်ဖန်လေး တစ်ကောင်သာ ဖြစ်သေးသည်။ ကောင်းကင်ဘုံ ကိုးလွှာရှိ နတ်ဘုရားများအတွက် အစားအစာတစ်ခု ဖြစ်လုနီးပါးပင်။
ထိုအချိန်တွင် ဤလူသား ပေါ်ထွက်လာပြီး သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ခွန်ဖန်အတွက် အိမ်မက်ဆိုးများဖြစ်သော နတ်ဘုရားအားလုံးကို သတ်ဖြတ်ပစ်ခဲ့ပြီး တစ်ဦးပြီးတစ်ဦးကို ကောင်းကင်ဘုံ ကိုးလွှာသို့ ပြန်လည် နှင်ထုတ်ပစ်ခဲ့သည်။
ထို့နောက် ထိုလူက သူ့ကို မေးခဲ့သည်။
“မင်း ကလဲ့စားချေချင်သလား”
ထိုအချိန်မှစ၍ မဟာသူတော်စင် ခွန်ဖန်ဟူ၍ ပေါ်ပေါက်လာခဲ့ခြင်းပင်။
ထိုလူသာ မရှိခဲ့လျှင် မဟာသူတော်စင် ခွန်ဖန် ဆိုသည်မှာလည်း ရှိလာလိမ့်မည် မဟုတ်ပေ။
သူသည် ခွန်ဖန်၏ အသက်ကို ကယ်တင်ခဲ့ရုံတင်မကဘဲ ကလဲ့စားချေနိုင်သည့် စွမ်းအားကိုပါ ပေးအပ်ခဲ့သူ ဖြစ်သည်။
သူသည်ကား အသူရာ ဧကရာဇ်ပင် ဖြစ်သည်။
ခွန်ဖန်အတွက်မူ အသူရာ ဧကရာဇ်သည် ဆရာတစ်ဦး ဖြစ်သလို ဖခင်တစ်ဦးလည်း ဖြစ်ပေသည်။
ထို့ကြောင့် သူ့ရှေ့တွင် ရှိနေသော ထိုလူကို မြင်လိုက်ရသောအခါ သူသည် နေရာတင်ပင် ဟန်မဆောင်နိုင်တော့ဘဲ ငိုကြွေးမိတော့သည်။
ဒါဟာ တကယ်ပဲလားဆိုတာကိုတောင် သူ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
လူတိုင်း ကြက်သေ သေသွားကြသည်။
*ခွန်ဖန်လေး ဟုတ်လား*
*ဒီကောင်ကတော့ တကယ့်ကို ရဲတင်းတာပဲ၊ မဟာသူတော်စင် ခွန်ဖန်ကို ဒီလို စော်ကားမော်ကား ခေါ်ဝေါ်ရဲ တယ်ပေါ့လေ*
သို့သော်လည်း မဟာသူတော်စင် ခွန်ဖန်မှာ ဒေါသတကြီး ပေါက်ကွဲထွက်လာတော့မည်ဟု လူတိုင်းက ထင်မှတ် ထားကြစဉ်မှာပင် သူသည် ရုတ်တရက်ဆိုသလို ရှိုက်ကြီးတငင် ငိုကြွေးလိုက်ပြီး အလွန်အမင်း ဝမ်းနည်း ပူဆွေးနေသည့် အမူအရာမျိုး ဖြစ်သွားတော့သည်။
*ဒါ... ဘာတွေ ဖြစ်ကုန်တာလဲ*
ချက်ချင်းဆိုသလိုပင် ဝူမုထျန်းလျိုနှင့် ဘိုးဘေး ထျန်းဟယ်တို့၏ မျက်နှာထက်မှ အပြုံးများမှာ လုံးဝကို အေးခဲ သွားတော့သည်။
ထို့နောက်တွင် သူတို့၏ နှလုံးသားထဲ၌ မကောင်းသော နိမိတ်တစ်ခုမှာ အရှိန်အဟုန်ဖြင့် တိုးဝင်လာတော့သည်။
*တစ်ခုခုတော့ မှားနေပြီ*
*ဒါ လုံးဝ မမှန်တော့ဘူး*
သို့သော်လည်း ဝူမုဖန်သိုက်ကမူ တစ်စုံတစ်ခုကို ကြိုတင်သိမြင်ထားသကဲ့သို့ ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ထပ်ဖြစ်လာပြန်ပြီပေါ့”
“ဖြစ်လာပြန်ပြီ ဆိုတာ ဘာကို ပြောတာလဲ၊နင် ဘာတွေ သိထားလို့လဲ”
ဝူမုထျန်းလျိုက ထိတ်လန့်တုန်လှုပ်မှုနှင့် ဒေါသများ ရောပြွမ်းလျက် မေးမြန်းလိုက်သည်။
သို့သော်လည်း ဝူမုဖန်သိုက်ကမူ သူ့ကို မည်သည့်စကားတစ်ခွန်းမျှ မပြောဘဲ အေးစက်စွာသာ တစ်ချက် ကြည့်လိုက် တော့သည်။
ဝူမုရှီးသည်လည်း သူ၏ သမီးဖြစ်သူကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုကို မရေမရာ ခံစားမိလိုက်ပြီး စတင်၍ စိတ်မသက်မသာ ဖြစ်လာတော့သည်။
ဤအခိုက်အတန့်တွင် သူတော်စင် ဟုန်ထျန်းနှင့် သူ၏ အဖော်ဖြစ်သူတို့ပင်လျှင် အံ့အားသင့်ကာ ဆွံ့အ သွားကြရသည်။ သူတို့၏ ညီအစ်ကိုဖြစ်သူ ခွန်ဖန်သည် အဘယ်ကြောင့် ဤမျှအထိ စိတ်လှုပ်ရှားကာ ငိုကြွေးနေ ရသနည်းဆိုသည်ကို သူတို့ လုံးဝ နားမလည်နိုင်ကြပါချေ။
သို့သော်လည်း ပို၍ပင် တုန်လှုပ် ခြောက်ခြားဖွယ် ကောင်းသော အရာတစ်ခုမှာ အမှန်တကယ်ပင် ဖြစ်ပျက် လာခဲ့ချေပြီ။
မဟာသူတော်စင် ခွန်ဖန်သည် ယဲ့ဖန်ရှေ့တွင် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကာ ကိုးကြိမ်တိုင်တိုင် ဦးတိုက်၍ ကြွေးကြော် နှုတ်ဆက်လိုက်သည်။
“ခွန်ဖန်လေးက မဟာဧကရာဇ်ကို ဂါရဝပြုပါတယ်”
***