ဘာသာပြန် - Heavenly Dao Translation Sect
ချန်လော့သည် မသေမျိုးကျင့်ကြံခြင်းလောကသို့ မတော်တဆ ကူးပြောင်းရောက်ရှိသွားခဲ့ပြီးနောက် ၊ စနစ် သည် နိုးထလာခဲ့၏။
စနစ်၏အကူအညီပါသော ဇာတ်လိုက်မင်းသားတစ်ပါးအနေအဖြစ် ၊ ချန်လော့သည် မသေမျိုးကျင့်ကြံခြင်း ခရီးစဉ်ကို စတင်ခဲ့သည်။
သို့သော် သူ၏ မသေမျိုးကျင့်ကြံခြင်း ခရီးစဉ်သည် ယခင်လူဟောင်းများ၏ လမ်းစဉ်များနှင့် မတူညီဘဲ ကွဲပြားခြားနားနေပုံပေါ်၏။
မဟာသူတော်စင်ကြီး က ဆိုရှာသည်။
"ချန်လော့နဲ့ မတွေ့ခင် ငါ့ရဲ့ဘဝကြီးက သိပ်ကို ပင်ပန်းဆင်းရဲတယ်လို့ အမြဲထင်နေခဲ့တာ... ဘယ်ဟုတ်မလဲ သူလည်း ပေါ်လာရော ငါ့ဘဝကြီးက တကယ်တော့ တော်တော်လေး လွယ်ကူတယ်ဆိုတာကို သဘောပေါက်သွားတော့တယ်"
ပိုင်မု ကောင်းကင်သခင် က ထောက်ခံ၏။
"လောကကြီးမှာရှိတဲ့ အရာအားလုံးကို ငါ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လို့ အစက ထင်ထားခဲ့တာ...ဘယ်ဟုတ်မလဲ... ဒါက ချန်လော့ကို မမြင်ခင်အချိန်ထိပဲ.... အဲ့ဒီတော့မှ သူ့စိတ်နှလုံးက ပိုပြီးတော့တောင် မှောင်မိုက်နေပြီး ထိုးထွင်းသိမြင်ဖို့ ပိုခက်ခဲတယ်ဆိုတာကို တွေ့လိုက်ရတယ်လေ"
ခံစားချက်ကင်းမဲ့သော ဓားသမား က ညည်းညူလေသည်။
"ငါက ခံစားချက်မရှိတဲ့ ဓားသမားတစ်ယောက်လို့ အစက ထင်ထားခဲ့တာ.. ချန်လော့နဲ့လည်း တွေ့ရော ငါလည်း ဒေါသထွက်တတ်သေးတာပဲဆိုတာကို နားလည်သွားတော့တယ်"
လူအများ က ဤသို့ဆို၏။
"ချန်လော့က လုံးဝကို နတ်ဆိုးပဲ"
နတ်ဆိုးလောကသားများ ကလည်း ထောက်ခံကြသည်။
"မင်းတို့တွေ ငါတို့ရဲ့ နတ်ဆိုးလောကကို လာမစော်ကားနဲ့ကွ"
သို့သော် ချန်လော့ကမူ - "ငါ့ရဲ့ မသေမျိုးဖြစ်ဖို့ လျှောက်လှမ်းဖို့ခရီးစဉ်က မှန်ကန်တဲ့ ရှုထောင့်သုံးခုပေါ်မှာ အခြေခံထားတာလေ"
“ပိုင်ရှင်ကို ရှာဖွေတွေ့ရှိပါပြီ... ကျင့်ကြံမှု အဆတိုးပွားစေသော စနစ်ကို အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ...”
“သင့်ရဲ့ ကျင့်ကြံမှုက အဆတစ်ရာ တိုးပွားလာပါမယ်... တစ်ကြိမ် ကျင့်ကြံတာက ပုံမှန် အကြိမ်တစ်ရာ ကျင့်ကြံတာနဲ့ ညီမျှပါတယ်...”
သူ၏ စိတ်ထဲမှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသောအခါ ပတ်တီးများ ရစ်ပတ်ထားဆဲ ဖြစ်သည့် ချန်လော့သည် ကုတင်ပေါ်မှ ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
“အသုံးမကျတဲ့ လူငယ်လေး တစ်ယောက်က ပြန်လည် တန်ပြန်တိုက်ခိုက်မယ့် ဇာတ်လမ်းမျိုးပဲ... ဒီဇာတ်ညွှန်းကို ငါ ရင်းနှီးပြီးသားပဲလေ...”
ဝါရင့် အွန်လိုင်းဝတ္ထု ဖတ်ရှုသူ တစ်ယောက် အနေဖြင့် ချန်လော့သည် ဤဇာတ်ညွှန်းနှင့် အလွန်ပင် ရင်းနှီးသည်။
“ငါက ဘယ်သူလဲ၊ ဘယ်နေရာကို ရောက်နေတာလဲ ဆိုတာကို မသိပေမဲ့ ငါ ဘာလို့ ကူးပြောင်းလာရသလဲ ဆိုတာကိုတော့ ပိုလို့တောင် မသိသေးဘူး...”
“ဒါပေမဲ့ ငါ အခု စတင်ပြီး စွမ်းရည်တွေ ထုတ်ပြရတော့မယ် ဆိုတာကိုတော့ သိတယ်...”
“ဒါနဲ့ နေပါဦး... တကယ်တော့ ငါက ဘယ်သူပါလိမ့်...”
ထို့နောက် ချန်လော့သည် သူ၏ စိတ်ထဲတွင် ကျန်ရစ်နေသော ယခင်လူ၏ မှတ်ဉာဏ်များကို ဆယ်မိနစ်ကျော်ခန့် အချိန်ယူ၍ နားလည်အောင် ကြိုးစားလိုက်၏။
ယခင်လူ၏ အမည်မှာလည်း ချန်လော့ပင် ဖြစ်ပြီး ၊ ယွင်ထျန်းဂိုဏ်းမှ သာမန် အပြင်ဂိုဏ်းသား တစ်ယောက် ဖြစ်ကာ သာမန် ပါရမီနှင့် သာမန် ကျင့်ကြံမှုသာ ရှိသူ ဖြစ်သည်။
ရုတ်တရက် ကြည့်လိုက်လျှင် သူသည် နောက်ခံ ဇာတ်ကောင် တစ်ယောက်နှင့် အတော်လေး တူနေ၏။
သို့သော်လည်း အနည်းငယ် ကွဲပြားနေသည့် တစ်ခုတည်းသော အချက်မှာ သူ့တွင် ပိုင်ယီယီ အမည်ရသည့် ငယ်ချစ်သူ တစ်ယောက် ရှိနေခြင်း ဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်ခန့်က သူတို့ နှစ်ယောက်စလုံးသည် ရွာထဲတွင် ယွင်ထျန်းဂိုဏ်းမှ အကြီးအကဲ တစ်ဦး၏ ရွေးချယ်ခြင်းကို ခံခဲ့ရပြီး ဂိုဏ်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
သူတို့သည် တစ်ရွာတည်းသားများ ဖြစ်ကြသော်လည်း ၊ သူတို့၏ ပါရမီများမှာမူ ကောင်းကင်နှင့် မြေကြီးသဖွယ် ကွာခြားလှ၏။
ချန်လော့၏ သာမန်ဖြစ်မှုနှင့် မတူဘဲ ပိုင်ယီယီမှာမူ အလွန် ထူးချွန်သော ပါရမီ ရှိပြီး ၊ သူမ၏ ကျင့်ကြံမှုအရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။
ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး သုံးနှစ်အတွင်း ချန်လော့သည် ချီသန့်စင်ခြင်းအဆင့်၏ တတိယအဆင့်သို့သာ ဝင်ရောက်နိုင်သေးသော်လည်း ၊ ပိုင်ယီယီသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ နဝမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ကာ ၊ အကြီးအကဲ ချင်းရွှေ၏ တိုက်ရိုက်တပည့် အဖြစ်ပင် လက်ခံခြင်း ခံခဲ့ရသဖြင့် သူမ၏ အနာဂတ်မှာ ခန့်မှန်း၍မရနိုင်အောင်ပင် တောက်ပနေခဲ့ပြီ ဖြစ်သည်။
ချန်လော့ အရိုက်ခံရသည့် အကြောင်းရင်းမှာ ဂိုဏ်းထဲတွင် ပိုင်ယီယီကို သဘောကျနေသော ကျန်းချီ အမည်ရသည့် အတွင်းဂိုဏ်းသား တစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။
ပိုင်ယီယီသည် သူ့အပေါ် အမြဲတမ်း အေးစက်စက်သာ ဆက်ဆံပြီး ပုံမှန်အားဖြင့် အခြားသူများနှင့် ဆက်ဆံရသည်ကို မနှစ်သက်သော်လည်း ၊ ချန်လော့ကိုမူ အထူးတလည် ဂရုစိုက်ကာ သူ့ထံ မကြာခဏ လာရောက် ရှာဖွေတတ်၏။
ကျန်းချီသည် ထိုအကြောင်းကို ကြားသိသွားသောအခါ တမုဟုတ်ချင်း ဒေါသထွက်သွားပြီး ၊ အပြင်ဂိုဏ်းသားများ နေထိုင်ရာ နယ်မြေသို့ တိုက်ရိုက် သွားရောက်ကာ ချန်လော့ကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်။
ယခင်လူမှာ ပြင်းထန်သော ရိုက်နှက်မှု ဒဏ်များကို မခံနိုင်သောကြောင့် ပြန်ပို့ခံရပြီး မကြာမီမှာပင် သေဆုံးသွားခဲ့ရာမှ ကူးပြောင်းလာသူ ချန်လော့အတွက် အခွင့်အရေး ရသွားခဲ့ခြင်း ဖြစ်သည်။
“ကျစ်... သူက မင်းကို အထင်သေးတာလေ... သူ့ကို သွားရိုက်ပေါ့... ဘာလို့ ငါ့ကို လာရိုက်ရတာလဲ...”
ဤအခိုက်အတန့်၌ ချန်လော့မှာ ဒေါသထွက်လွန်းသဖြင့် သွားကြိတ်ထားမိသည်။
ဤလူများ၏ စဉ်းစားတွေးခေါ်ပုံကို သူ နားမလည်နိုင်အောင် ဖြစ်ရ၏။
“အဲ့ဒီမိန်းကလေးက မင်းကို အထင်သေးတာကို မင်းကိုယ်မင်း တိုးတက်အောင် ကြိုးစားပြီး သက်သေပြရမယ့်အစား ငါ့ကို လာရိုက်ရသလား...”
“ဘာလဲ... ငါ့ကို ရိုက်လိုက်ရင် အဲ့မိန်းကလေးက မင်းကို သဘောကျသွားမှာမို့လို့လား...”
“မင်းက ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်ကို ရိုက်နှက်နေတာ မဟုတ်ဘူး... သူမ သဘောကျတဲ့သူကို ရိုက်နှက်နေတာ...”
“လူတစ်ယောက်ကို ရိုက်နှက်တာက မင်းကို ပိုမုန်းသွားစေရုံပဲ ရှိမယ်... မင်းအပေါ် ဘာခံစားချက်မှ ဖြစ်လာစေမှာ မဟုတ်ဘူး...”
“ငါ့ကို ရိုက်နှက်နေမယ့်အစား ငါ့ကို မျက်နှာချိုသွေးပြီး မင်းတို့ နှစ်ယောက် နီးစပ်သွားအောင် အောင်သွယ်ပေးဖို့ တောင်းဆိုတာကမှ ပိုပြီး လက်တွေ့ကျဦးမယ်...”
“ကျစ်... တွေးလေ ဒေါသထွက်လေပဲ... သေစမ်း...”
“အခု ငါ့မှာ စနစ် ရှိနေပြီ... မင်းကို မနိုင်ဘူး ဆိုတာ ငါ မယုံဘူး...”
ထိုသို့ ပြောလိုက်ရင်းနှင့် ချန်လော့သည် ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။
လတ်တလောတွင် သူ ဒေါသထွက်နေသော်လည်း၊ သို့သော် သူသည် မိုက်မဲသူ တစ်ယောက်တော့ မဟုတ်ချေ။
ထိုလူသည် အရင်က သူ့ကို ရိုက်နှက်နိုင်ခဲ့လျှင် ယခုလည်း သူ့ကို ရိုက်နှက်နိုင်လိမ့်မည်။ ထို့ကြောင့် သူ၏ ကျင့်ကြံမှုကို တိုးတက်လာစေရန် စနစ်အပေါ် အရင် မှီခိုလိုက်သည်က ပိုကောင်းမည် ဖြစ်၏။
ကျင့်ကြံနေရင်းနှင့် ချန်လော့သည် ကျန်းချီနှင့် ပတ်သက်သော အချက်အလက်များကို သူ၏ စိတ်ထဲတွင် ပြန်လည် စဉ်းစားလိုက်သည်။
ကျန်းချီမှာ အတွင်းဂိုဏ်းသား တစ်ယောက်သာ ဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာလည်း ချီသန့်စင်ခြင်းအဆင့်၏ သတ္တမအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ နောက်ခံမှာမူ သာမန် မဟုတ်ပေ။
သူ၏ အဘိုးဖြစ်သူမှာ ယွင်ထျန်းဂိုဏ်းမှ အတွင်းဂိုဏ်း အကြီးအကဲ တစ်ဦး ဖြစ်ပြီး ၊ ရွှေမြုတေအဆင့်၏ သတ္တမအဆင့်အထိ ရောက်ရှိနေသော ထိတ်လန့်ဖွယ်ရာ ခွန်အားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ကံကောင်းသည်မှာ ယွင်ထျန်းဂိုဏ်းသည် နာမည်ကောင်းရှိသော ဖြောင့်မတ်သည့် ဂိုဏ်းတစ်ခု ဖြစ်ခြင်းပင်။ အသက်အန္တရာယ် မရှိသရွေ့ တပည့်များအကြား အငြင်းပွားမှုများတွင် အကြီးအကဲများ အနေဖြင့် တပည့်များကို အကြောင်းမဲ့ ဝင်ရောက် တိုက်ခိုက်ခွင့် မရှိကြောင်း ဂိုဏ်း၏ စည်းမျဉ်းများက ရှင်းလင်းစွာ ပြဋ္ဌာန်းထားသည်။ ထိုသို့ မဟုတ်ပါက တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ဂိုဏ်းမှ နှင်ထုတ်ခံရမည် ဖြစ်၏။
ထိုစည်းမျဉ်းကိုလည်း အတော်လေး တင်းကျပ်စွာ အကောင်အထည်ဖော်ပုံ ရသည်။
“ရွှေမြုတေအဆင့်လောက်ကို သုံးနှစ်အတွင်း ငါ သေချာပေါက် ဖြုတ်ချပစ်မယ်...”
ထိုသို့ ပြောလိုက်ပြီးနောက် ချန်လော့သည် မျက်လုံးများကို မှိတ်၍ စတင် ကျင့်ကြံလိုက်သည်။
“ပိုင်ရှင် ကျင့်ကြံနေသည်ကို တွေ့ရှိပါသည်... အဆတိုးပွားမှုကို ဖွင့်ချင်ပါသလား…”
“ဖွင့်မယ်...”
ချန်လော့မှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ပေ။ အဆတစ်ရာ တိုးပွားမှု။ တစ်ရက် ကျင့်ကြံခြင်းက ရက်တစ်ရာ ကျင့်ကြံခြင်းနှင့် ညီမျှနေသည်ကို သူက ဘာကြောင့် မဖွင့်ဘဲ နေမည်နည်း။
“အဆတိုးပွားမှုကို ဖွင့်ရန် တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး တစ်တုံး လိုအပ်ပါသည်... ပိုင်ရှင် ကျေးဇူးပြု၍ ပေးချေပါ...”
ဤစကားကို ကြားလိုက်ရသောအခါ ချန်လော့မှာ နေရာမှာတင် သွေးအန်တော့မတတ် ဖြစ်သွားသည်။
“သေနာကောင်...”
“ဘာလို့ ဒီစုတ်ပြတ်နေတဲ့ စနစ်ကလည်း ပိုက်ဆံ လိုရတာလဲ...”
ဝိညာဉ်ကျောက်တုံး တစ်တုံး ဆိုသည်မှာ အစပိုင်းတွင် များပြားသည်ဟု မထင်ရသော်လည်း ချန်လော့သည် သာမန် အပြင်ဂိုဏ်းသား တစ်ယောက်သာ ဖြစ်ကြောင်း သင် သိထားရမည် ။
ယွင်ထျန်းဂိုဏ်း၏ သာမန် အပြင်ဂိုဏ်းသားများမှာ လစဉ်ကြေး အဖြစ် ဝိညာဉ်ကျောက်တုံး တစ်တုံးကိုသာ ရရှိကြသည်။
ထို့အပြင် သူ၏ ပါရမီကလည်း သာမန်သာ ဖြစ်သဖြင့် ဝိညာဉ်ကျောက်တုံး ရရှိပြီးသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် ချက်ချင်း လဲလှယ်လိုက်လေ့ ရှိ၏။
သုံးနှစ်အတွင်း သူသည် ဝိညာဉ်ကျောက်တုံး တစ်တုံးကိုမျှ စုဆောင်းထားနိုင်ခဲ့ခြင်း မရှိပေ။
“ပိုင်ရှင်က ဆင်းရဲမွဲတေနေသူ ဖြစ်ကြောင်း တွေ့ရှိရပါသည်... စနစ်သည် လုံးဝ ပိတ်သိမ်းတော့မည် ဖြစ်ပါသည်...”
ဤစကားကို ကြားလိုက်ရသောအခါ ချန်လော့မှာ နေရာမှာတင် သွေးအန်မတတ် ဖြစ်ခဲ့ရသည်။
“မသွားပါနဲ့ ညီအစ်ကိုရာ... ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိပါတယ်... ရှိပါတယ်...”
ထိုသို့ ပြောလိုက်ရင်းနှင့် ချန်လော့သည် ကုတင်ဘေးသို့ အလျင်အမြန် ပြေးသွားကာ ကုတင်အောက်မှ သစ်သားပြား တစ်ပြားကို မ၍ အတွင်းမှ သေတ္တာငယ် တစ်လုံးကို ထုတ်ယူလိုက်သည်။
သေတ္တာငယ်ကို ဖွင့်လိုက်သောအခါ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ထဲတွင် ရှိနေသည်ကို တွေ့လိုက်ရ၏။
သို့သော်လည်း ဤဝိညာဉ်ကျောက်တုံးများက ချန်လော့ ပိုင်ဆိုင်သည်များ မဟုတ်ဘဲ အခြားသော အပြင်ဂိုဏ်းသား နှစ်ယောက်၏ အရာများ ဖြစ်သည်။
ထိုသူ နှစ်ယောက်စလုံးမှာ ဂိုဏ်းအတွင်းရှိ ချန်လော့၏ ညီအစ်ကိုကောင်းများ ဖြစ်ကြပြီး ၊ သူတို့သည် မစ်ရှင်များကို အတူတကွ သွားရောက်လုပ်ဆောင်လေ့ ရှိကြသည်။
သို့သော် လွန်ခဲ့သော တစ်လခန့်က သူတို့ သုံးယောက်သည် မစ်ရှင်တစ်ခုကို လုပ်ဆောင်နေစဉ် တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည်။
ထိုနှစ်ယောက်စလုံးမှာ မိစ္ဆာသားရဲ တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ချန်လော့ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့၏။
နောက်ဆုံးတွင် သူတို့သည် မိစ္ဆာသားရဲကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ၊ နှစ်ယောက်စလုံးမှာ အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်းကို ခံစားလိုက်ရသည်။
မသေဆုံးမီ ၎င်းတို့ နှစ်ယောက်သည် သူတို့၏ ဝိညာဉ်ကျောက်တုံးများကို ချန်လော့ထံ လွှဲပြောင်းပေးခဲ့ပြီး ၊ ဤဝိညာဉ်ကျောက်တုံးများကို လောကီနယ်ပယ်ရှိ သူတို့၏ မိသားစုများထံ ချန်လော့က ပေးအပ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
ချန်လော့သည် သူ၏ လက်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ကြည့်လိုက်ရာ ၊ သူ၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေတော့၏။
“ငါ့ညီအစ်ကိုတွေက ငါ့အပေါ် အလွန်ကောင်းကြတာပဲ... ငါ ဝိညာဉ်ကျောက်တုံးတွေ လိုအပ်မယ့် နေ့တစ်နေ့ ရှိလာမယ် ဆိုတာကို သိလို့ သူတို့ မသေခင် ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ တမင်တကာ ပေးခဲ့ကြတာ...”
“ဒီဝိညာဉ်ကျောက်တုံးတွေက ငါ့အတွက် ငါ့ညီအစ်ကိုတွေ သူတို့ အသက်နဲ့ လဲပြီး ပေးခဲ့တာ ဆိုတော့ သဘာဝကျကျပဲ ငါ ငြင်းဆန်လို့ မရဘူး...”
“ဒီဝိညာဉ်ကျောက်တုံးတွေကို ငါ အားနာနာနဲ့ပဲ လက်ခံလိုက်ပါတော့မယ်...”
ထိုသို့ ပြောလိုက်ရင်းနှင့် ချန်လော့သည် သေတ္တာထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။
“စနစ်... အဆတိုးပွားမှုကို ဖွင့်လိုက်...”
“ဒီဝိညာဉ်ကျောက်တုံး ဆယ်တုံးက အဆတိုးပွားမှု ဆယ်ရက်အတွက် လုံလောက်လောက်ပါတယ်...”
စနစ်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချန်လော့၏ စိတ်ထဲတွင် စာလုံးအနည်းငယ်ကို တဖြည်းဖြည်းချင်း ဖော်ပြလာသည်။
“မင်းက တကယ့်ကို လူမဟုတ်ဘူးပဲ...”
ချန်လော့သည် သူ၏ စိတ်ထဲမှ စာလုံးများကို ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသော်လည်း ၊ ထို့နောက်တွင် ရှက်သွေးဖြာသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
“မင်းက လူကဲခတ်တာ အတော်လေး တော်တာပဲ...”
စနစ်: .…
“ဝိညာဉ်ကျောက်တုံး တစ်တုံး ကုန်ကျပါသည်... အဆတစ်ရာ တိုးပွားမှုကို ဖွင့်လိုက်ပါပြီ...”
စနစ်၏ အသံကို ကြားလိုက်ရသောအခါ ချန်လော့မှာ အချိန် ထပ်မဖြုန်းတော့ပေ။ သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ချီသန့်စင်ခြင်းအဆင့်အတွက် အခြေခံအကျဆုံး ကျင့်စဉ်ဖြစ်သည့် ချီဆွဲဆောင်ခြင်းကျင့်စဉ် ကို စတင် ကျင့်ကြံလိုက်သည်။
မကြာမီမှာပင် တစ်ရက်တာ ကုန်ဆုံးသွား၏။ ချန်လော့သည် မျက်လုံးများကို တဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
“သင် တစ်ရက်လုံး ကျင့်ကြံခဲ့ပါသည်... အဆတစ်ရာ တိုးပွားမှုပြီးနောက် သင်သည် ရက်တစ်ရာ ကျင့်ကြံခဲ့ပြီး ဖြစ်ပါသည်...”
“သင်၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်းအဆင့်၏ စတုတ္ထအဆင့်သို့ တိုးတက်သွားပါပြီ...”
ဤစကားကို ကြားလိုက်ရသောအခါ ချန်လော့၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားပြီး ပြုံးလိုက်၏။
“တစ်ရက် ကျင့်ကြံရုံနဲ့ အဆင့်တစ်ခုကို ဖောက်ထွက်နိုင်ခဲ့ပြီ... မိုက်တယ်ဟေ့...”
ချန်လော့သည် အချိန်မဖြုန်းတော့ပေ။ သူသည် နောက်ထပ် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ချက်ချင်း အသုံးပြုလိုက်ပြီး ဆက်လက် ကျင့်ကြံလိုက်သည်။
***