ဆယ်ရက် အကြာ ချန်လော့၏ အခန်းတွင်း၌။
ချန်လော့သည် လက်သီးတစ်ချက် ထိုးချလိုက်ရာ လက်သီးလေဟုန်မှာ အလွန် ပြင်းထန်လှ၏။ ဤလက်သီးချက်တွင် အနည်းဆုံး သုံးနှစ်စာ ကျင့်ကြံမှု စွမ်းအားများ ပါဝင်နေသည်။
“ထျန်းကန်းလက်သီး က အကြီးစားအောင်မြင်မှုအဆင့် ကို ရောက်သွားပြီ ဆိုတော့ ငါ လက်စားချေလို့ ရလောက်ပြီ...”
ချန်လော့သည် ထိုသို့ ပြောလိုက်ရင်းနှင့် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ၊ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဆယ်ရက်တိုင်တိုင် ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်တွင် ချန်လော့၏ ကျင့်ကြံမှုမှာ ယခုအခါ ချီသန့်စင်ခြင်းအဆင့် ၏ နဝမအဆင့်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
သူ အရင်က သင်ယူခဲ့သော မီးလုံးသိုင်းကွက်၊ ထျန်းကန်းလက်သီး နှင့် လေပြေအရိပ် ရွေ့လျားမှုသိုင်းကွက် တို့ကိုလည်း အကြီးစားအောင်မြင်မှုအဆင့် သို့တိုင်အောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်၏။
အမှန်အားဖြင့် ချန်လော့သည် အခြေခံတည်ဆောက်ခြင်းအဆင့် သို့ တိုက်ရိုက် ဖောက်ထွက်ရန် မူလက ရည်ရွယ်ထားသော်လည်း ၊ ကံမကောင်းစွာဖြင့် အဆင့်တက်ရန်အတွက် ကောင်းကင်နှင့် မြေကြီးမှ အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းများ၏ အကူအညီကို လိုအပ်နေခဲ့သည်။ ချန်လော့တွင် ထိုအရာများ မရှိသဖြင့် သူ၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်းအဆင့် ၏ နဝမအဆင့်တွင်သာ ရပ်တန့်နေခဲ့ရ၏။
သို့သော်လည်း ချန်လော့အတွက်မူ ဤသည်ကပင် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုကျန်းချီ၏ ကျင့်ကြံမှုမှာ ချီသန့်စင်ခြင်းအဆင့်၏ သတ္တမအဆင့်တွင်သာ ရှိနေသည် မဟုတ်လော။
ယခုအခါ သူ၏ ကျင့်ကြံမှုသည် တစ်ဖက်လူထက် ပိုမို မြင့်မားနေရုံသာမက ၊ သူ ကျင့်ကြံထားသော သိုင်းကွက်များ အားလုံးကို အကြီးစားအောင်မြင်မှုအဆင့် သို့ ရောက်ရှိစေရန် ကျင့်ကြံမှု အဆတိုးပွားစေသော စနစ် ကို အသုံးပြုထားသေး၏။
“သူ့ကို မနိုင်ဘူး ဆိုတာ ငါ မယုံဘူး”
“ထားလိုက်တော့ ငါ သွားပြီး လက်စားချေရမယ်...”
ထိုသို့ ပြောလိုက်ပြီးနောက် ချန်လော့သည် တံခါးပေါက်မှ တိုက်ရိုက် ပြေးထွက်သွားတော့၏။
လမ်းမေးမြန်းပြီးနောက် ကျန်းချီ ရှိနေသည့် နေရာကို သိရှိသွားသောအခါ သူသည် ထိုနေရာသို့ တန်းတန်းမတ်မတ် ထွက်သွားလေသည်။
ထိုအချိန် ယွင်ထျန်းဂိုဏ်း အတွင်းရှိ အရက်ဆိုင် တစ်ဆိုင်၌။
ကျန်းချီသည် ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်နေပြီး သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ကိန်းအောင်းနေ၏။
သူ၏ ဘေးတွင်ကား သူ၏ နောက်လိုက် အနည်းငယ် ရှိနေကြသည်။
“ဘာလို့လဲ ဘာလို့ ယီယီက ငါ့ကို ဒီလောက်တောင် မုန်းနေရတာလဲ သူမက ငါ့ကို စကားတောင် မပြောချင်တော့ဘူး...”
ထိုသို့ ပြောလိုက်ရင်းနှင့် ကျန်းချီသည် အရက်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
သူ၏ ဘေးရှိ လက်အောက်ငယ်သား အနည်းငယ်မှာ စကားမဆိုကြသော်လည်း သူတို့၏ ရင်ထဲတွင်မူ မှန်တစ်ချပ်သဖွယ် ရှင်းရှငိးလင်းလင်း သိထားကြသည်။
“မင်းက သူမ သဘောကျတဲ့သူကို ရိုက်နှက်ထားပြီးတော့ သူမက ဘာမှ မဖြစ်ခဲ့သလို နေပေးမယ်လို့ မျှော်လင့်နေသေးတာလား ဘာတွေ အအိပ်မက်မက်နေတာလဲ”
“မင်းရဲ့ နောက်ကွယ်က အကြီးအကဲသာ မရှိရင် မင်းက ဒီနေရာမှာ ဘာမှ မဖြစ်ခဲ့သလို အရက် ထိုင်သောက်နေနိုင်ဦးမယ်လို့ ထင်နေသလား”
သို့သော်လည်း သူတို့သည် သဘာဝကျကျပင် ဤအကြောင်းကို သူ့အား ပြောပြကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြောခြင်းက သူတို့အတွက် အနည်းငယ်မျှ အကျိုးရှိမည် မဟုတ်သောကြောင့် ဖြစ်သည်။
“ပိုင်ယီယီ ဘာလို့ ငါ့နှလုံးသားကို နာကျင်အောင် လုပ်တာလဲ ဘာလို့လဲ မင်းက သိပ်ရက်စက်တာပဲ...”
ကျန်းချီသည် သူ၏ ဤဘဝတွင် အချစ်ကို နောက်ထပ် မယုံကြည်တော့မည့်အလား နှလုံးကွဲကြေမတတ် အော်ဟစ်လိုက်၏။
အမှန်တော့ သူမသည် အစမှ အဆုံးတိုင်အောင် သူ့ကို မည်သည့်အခါကမျှ အဖက်မလုပ်ခဲ့ဖူးပေ။
ဤသည်ကို မြင်သောအခါ သူ၏ ဘေးရှိ လက်အောက်ငယ်သားများက ချက်ချင်းပင် သဘောတူ ထောက်ခံလိုက်ကြသည်။
“ဆရာ အဲ့ပိုင်ယီယီက မိန်းမဆိုး တစ်ယောက်ပါ ကျွန်တော်တို့ ဆရာ့အတွက် သူမထက် ပိုကောင်းတဲ့သူကို ရှာပေးပါ့မယ်...”
“ဟုတ်တယ် ၊ ပိုင်ယီယီက မိန်းမဆိုး တစ်ယောက်ပဲ ဆရာနဲ့ မတန်ဘူး...”
သို့သော်လည်း ကျန်းချီသည် ဤစကားကို ကြားလိုက်ရသောအခါ ဒေါသတကြီးဖြင့် အရက်ခွက်ကို ကောက်ကိုင်၍ မြေပြင်ပေါ်သို့ ရိုက်ခွဲပစ်လိုက်၏။
“သူမကို မိန်းမဆိုးလို့ ခေါ်တာ ငါ ခွင့်မပြုဘူး...”
ကျန်းချီ၏ ဒေါသတကြီး ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အံ့သြမှင်တက်သွားကြတော့သည်။
သေစမ်း…. အချစ်ရူးတွေက တကယ်ကို ပြိုင်ဘက်ကင်းတာပဲ
ထိုအခိုက်အတန့်မှာပင် အရိပ်တစ်ခုက အရက်ဆိုင်ထဲသို့ ရုတ်တရက် ပြေးဝင်လာသည်။
ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်ရှုပြီးနောက် သူ၏ ပစ်မှတ်ကို ချက်ချင်း ရှာတွေ့သွား၏။
“ကျန်းချီ ထွက်ခဲ့စမ်း တစ်ယောက်ချင်း ချမယ်...”
ရောက်လာသူမှာ တခြားသူ မဟုတ်ဘဲ ချန်လော့ပင် ဖြစ်သည်။ သူသည် အရက်ဆိုင် အပေါက်ဝတွင် ရပ်ကာ ကျန်းချီကို ညာဘက်လက်ညိုးဖြင့် စိန်ခေါ်ဟန်ပြုလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ကို တွေ့လိုက်ရသည်။
ဆူညံသံကို ကြားလိုက်ရသောအခါ အရက်ဆိုင်ထဲရှိ လူတိုင်းက ချန်လော့ထံသို့ လှမ်းကြည့်လိုက်ကြသည်။
“သေစမ်း ဒီလူက ဘယ်သူ့ရဲ့ တပည့်မို့လို့ ဒီလောက်တောင် သတ္တိကောင်းနေရတာလဲ...”
“အပြင်ဂိုဏ်းက ချန်လော့နဲ့ တူတယ် ဒါပေမဲ့ သူက မကြာသေးခင်ကမှ ကျန်းချီရဲ့ ရက်ရက်စက်စက် ရိုက်နှက်တာကို ခံထားရတာ မဟုတ်ဘူးလား...”
“ချန်လော့လား ငါ မှတ်မိပြီ ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်က အပြင်ဂိုဏ်းသားလေ သူက ကျန်းချီကို တကယ်ကြီး စိန်ခေါ်ရဲတယ် ဆိုတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား...”
“ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်က သတ္တမအဆင့်ကို စိန်ခေါ်တာက ဒါ သေချင်နေတာပဲ...”
လူတိုင်းက ချန်လော့ကို ကြည့်လိုက်ကြပြီး ၊ အားလုံးနီးပါးက သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေကြသည်။
သို့သော်လည်း သူတို့ တတ်နိုင်သည်မှာ ဘာမျှ မရှိပေ။ မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော ဆယ်ရက်က ချန်လော့သည် ချီသန့်စင်ခြင်းအဆင့် ၏ တတိယအဆင့်ရှိ အပြင်ဂိုဏ်းသား တစ်ယောက်သာ ဖြစ်နေဆဲပင် မဟုတ်လော။
ယခု ဆယ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ၊ လူတိုင်း၏ အမြင်တွင် သူ၏ ကျင့်ကြံမှုမှာ များများစားစား ပြောင်းလဲသွားနိုင်မည် မဟုတ်ပေ။ ကျန်းချီကို စိန်ခေါ်ခြင်းက သေလမ်း ရှာခြင်း သက်သက်သာ ဖြစ်သည်။
ဤအခိုက်အတန့်၌ ကျန်းချီမှာ ပိုင်ယီယီ၏ ကိစ္စကြောင့် ဒေါသထွက်နေဆဲ ဖြစ်သည်။ ချန်လော့က သူ့ကို လာရောက် ရန်စရဲသည်ကို မြင်လိုက်ရသောအခါ သူသည် တမုဟုတ်ချင်း ဒေါသပေါက်ကွဲသွားတော့၏။
“ခွေးကောင် မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်...”
ထိုသို့ ပြောလိုက်ပြီးနောက် သူသည် လက်သီးကို ဆုပ်၍ ချန်လော့ထံသို့ ပြေးဝင်သွားသည်။
ချန်လော့နှင့် အပိုစကားများ ထပ်ပြောမနေတော့ဘဲ သူသည် လက်သီးတစ်ချက် တိုက်ရိုက် ထိုးချလိုက်၏။
ဤသည်ကို မြင်သောအခါ ချန်လော့က လှောင်ပြုံး ပြုံးလိုက်သည်။
သူ၏ ခြေလှမ်းများကို ပြောင်းလဲလိုက်ပြီး ကျန်းချီ၏ လက်သီးချက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
“ဘာ သူက ကျန်းချီရဲ့ လက်သီးချက်ကို တကယ် ရှောင်သွားတာလား...”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်မှာပဲ ရှိတာလေ အဲ့ဒီလက်သီးချက်ကို ဘယ်လိုလုပ် ရှောင်နိုင်ရတာလဲ...”
“မတော်တဆ ဖြစ်မှာပါ သေချာပေါက် မတော်တဆ ဖြစ်မှာပါ...”
လူတိုင်းက ဤမြင်ကွင်းကို ကြည့်နေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကြ၏။
“ဒါက မဖြစ်နိုင်ဘူး...”
ကျန်းချီ၏ မျက်နှာမှာ ပြာနှမ်းသွားပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
“မင်းလို အမှိုက်ကောင်က ငါ့ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ရှောင်နိုင်ရတာလဲ...”
သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ချန်လော့ထံသို့ နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပြန်၏။
သို့သော် ဤတစ်ကြိမ်တွင်မူ ချန်လော့သည် ရှောင်တိမ်းခြင်း မရှိဘဲ သူ့ထံ ဝင်လာသော လက်သီးချက်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ဤသည်ကို မြင်သောအခါ ကျန်းချီသည် ချန်လော့ တစ်ယောက် ကြောက်လန့်တကြား ငိုင်ကျသွားပြီဟု ထင်မှတ်လိုက်ပြီး ၊ သူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် လူတိုင်းကို ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ချန်လော့သည် သူ၏ ဘယ်ဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ကျန်းချီ၏ လက်သီးထံသို့ လှမ်းဖမ်းလိုက်သည်ကို တွေ့လိုက်ရ၏။
“သူက အဲ့လက်သီးချက်ကို ဖမ်းချင်နေတာလား...”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ချန်လော့၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ မြင်တွေ့သွားသည်။
“သူ ရူးနေပြီလား သူ့ရဲ့ ကျင့်ကြံမှုက ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်မှာပဲ ရှိသေးတာကို ချီသန့်စင်ခြင်းအဆင့် သတ္တမအဆင့်က လူတစ်ယောက်ရဲ့ လက်သီးချက်ကို ဖမ်းချင်နေတာလား...”
“အဲ့ဒီလက်သီးချက်နဲ့ဆိုရင် သူ့ရဲ့ လက်တစ်ဖက်လုံး တိုက်ရိုက် ကျိုးသွားလောက်တယ်...”
“ကိုယ့်အဆင့်ကိုယ် မသိတဲ့ ကောင်ပဲ...”
သို့သော်လည်း လူတိုင်းက ချန်လော့၏ လက်မောင်းမှာ လက်သီးချက်ကြောင့် တိုက်ရိုက် ကျိုးပဲ့သွားမည်ဟု ထင်မှတ်နေချိန်မှာပင် မည်သူမျှ မထင်မှတ်ထားသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့၏။
“ခွပ်...”
တုံးတိတိ မြည်သံတစ်သံသာ ထွက်ပေါ်လာပြီး ၊ ချနိးလော့သည် ထိုလက်သီးချက်ကို အမှန်တကယ်ပင် ပိတ်ဆို့ တားဆီးနိုင်ခဲ့သည်။
ထို့အပြင် ချန်လော့၏ လက်ဖဝါးမှာ လုံးဝ အထိအခိုက် မရှိရုံသာမက ကျန်းချီ၏ လက်သီးကိုပါ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ့ကို ရုန်းထွက်ခွင့် မပေးတော့ပေ။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်က သတ္တမအဆင့်ရဲ့ လက်သီးချက်ကို ဖမ်းနိုင်တယ် သူက ဘယ်လို ဘီလူးသရဲမျိုးလဲ...”
လူတိုင်းက ချန်လော့ကို ဘီလူးသရဲ တစ်ကောင်အား ကြည့်နေသည့်အလား ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်မှုများ ပေါ်လွင်နေကြ၏။
သို့သော်လည်း ချန်လော့က ဤအရာများ တစ်ခုကိုမျှ ဂရုမစိုက်ဘဲ ပြုံး၍သာ ကျန်းချီကို ကြည့်လိုက်သည်။
“မင်းရဲ့ တိုက်ခိုက်မှုက ဒီလောက်ပဲ တတ်နိုင်တာလား...”
“အဲဒါဆို နောက်တစ်လှည့်က ငါ့အလှည့်ပဲ...”
ထိုသို့ ပြောလိုက်ပြီးနောက် ချန်လော့သည် ညာဘက် လက်သီးကို ဆုပ်လိုက်ရာ ပြင်းထန်သော စွမ်းအားတစ်ခုက သူ၏ လက်သီးပေါ်တွင် စုစည်းလာ၏။
“ထျန်းကန်းလက်သီး...”
ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ချန်လော့သည် ကျန်းချီ၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
ကျန်းချီမှာ တုံ့ပြန်ရန် အချိန် လုံးဝ မရလိုက်ပေ။ သူ၏ ရင်ဘတ်ကို ဧရာမ ကျောက်တုံးကြီး တစ်တုံးက ပြင်းပြင်းထန်ထန် ဝင်ဆောင့်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးမှာ ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့် အဝေးသို့ လွင့်စင်ထွက်သွားရ၏။
“ဘုန်း...”
ကျယ်လောင်သော အသံကြီးနှင့်အတူ ကျန်းချီ၏ ခန္ဓာကိုယ်မှာ အရက်စားပွဲ တစ်လုံးပေါ်သို့ ပြုတ်ကျသွားပြီး စားပွဲကို တိုက်ရိုက် ကျိုးပဲ့သွားစေကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်လုံးများ မှိတ်ကျသွားတော့သည်။
ဤမြင်ကွင်းကို မြင်သောအခါ ချန်လော့မှာ မှင်တက်မသွားဘဲ မနေနိုင်တော့ပေ။
“ဒီလောက်ပဲလား လက်သီးတစ်ချက်တောင် မခံနိုင်ဘူးလား...”
သူ၏ ဘေးရှိ လူအုပ်ကြီးမှာလည်း တုန်လှုပ်မသွားဘဲ မနေနိုင်တော့ချေ။
“ချီသန့်စင်ခြင်းအဆင့် သတ္တမအဆင့် ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းနဲ့ သတိလစ်သွားအောင် လုပ်နိုင်တဲ့ စွမ်းအားနဲ့ဆိုရင် သူက တကယ်ပဲ ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်မှာ ရှိနေတာ သေချာလို့လား သူက တကယ်ပဲ အပြင်ဂိုဏ်းသား သက်သက်ပဲလား...”
“ဘာလို့ သူက ငါတို့ အတွင်းဂိုဏ်းသား တွေထက်တောင် ပိုပြီး သန်မာနေတယ်လို့ ခံစားနေရတာလဲ...”
ချန်လော့သည် ကျန်းချီ၏ အနားသို့ လျှောက်သွားပြီး သူ့ကို ဆွဲထူကာ နောက်တစ်ကြိမ် ထပ်ရိုက်ရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွား၏။
သူသည် ကျန်းချီ၏ နှာခေါင်းပေါက် အနီးသို့ လက်ညှိုးဖြင့် တေ့ကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးအိမ်များမှာ ရုတ်ခြည်း ပြူးကျယ်လာခဲ့သည်။
သေ... သေသွားပြီ…
***