“ဂိုဏ်းတူ အစ်ကို ကျွန်တော် နားမလည်ဘူး ဘာလို့ အဲ့တပည့်ကို ဝိညာဉ်ကျောက်တုံး ၁၀ တုံး ပေးလိုက်ရတာလဲ...”
သူတို့ ထွက်ခွာလာပြီး မကြာမီမှာပင် ဂိုဏ်းတူ ညီအစ်ကို တစ်ယောက်က ယန်ချန်ထျန်း ကို မနေနိုင်ဘဲ မေးလိုက်၏။
“ဟုတ်တယ် ဂိုဏ်းတူ အစ်ကို ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆိုတာ ကျွန်တော်တို့ရဲ့ လစဉ်ကြေး နှစ်လစာနော် ပြီးတော့ ကျွန်တော်တို့ ထွက်လာပြီးရင် သူ့ကို နောက်ထပ် အတုံး ၂၀ ထပ်ပေးရဦးမှာ ဒါက များလွန်းပါတယ်...”
လူတိုင်း၏ နားမလည်နိုင် ဖြစ်နေမှုများကို ရင်ဆိုင်ရသောအခါ ယန်ချန်ထျန်း က လှောင်ပြုံး ပြုံးလိုက်သည်။
“ဟားဟား သူ့ကို ငါက နောက်ထပ် ဝိညာဉ်ကျောက်တုံး ၂၀ တကယ် ပေးမယ်လို့ မင်းတို့က ထင်နေတာလား...”
“အဲ့ခွေးကောင် ထွက်ပြေးပြီး ငါတို့ရဲ့ မစ်ရှင်ကို ဖျက်ဆီးပစ်မှာ စိုးရိမ်လို့ သူ့ကို ငြိမ်နေအောင် ဝိညာဉ်ကျောက်တုံး ၁၀ တုံး သုံးပြီး ထိန်းထားလိုက်တာ...”
“ငါတို့ အဲ့ဒီသားရဲဘုရင်ကို သတ်ပြီးသွားရင် ဝိညာဉ်ကျောက်တုံး ၂၀ ဆိုတာ မပြောနဲ့ အရင်ပေးထားတဲ့ ၁၀ တုံးကိုတောင် ငါ နှစ်ဆ ပြန်ယူဦးမှာ...”
ဤစကားကို ကြားလိုက်ရသောအခါ လူအနည်းငယ်မှာ ချက်ချင်းပင် သဘောပေါက်သွားကြ၏။
“ဂိုဏ်းတူ အစ်ကို ပီသပါပေတယ် တကယ့်ကို တွေးခေါ်မြော်မြင် တတ်တာပဲ...”
“ဂိုဏ်းတူ အစ်ကိုဆီက စကားတစ်ခွန်း ကြားရတာက ဆယ်နှစ်လောက် စာသင်ရတာထက် ပိုကောင်းတယ်...”
“အဲ့အရူးကောင်လေးကတော့ သူ့ရင်ထဲမှာ ခိုးပြီး ပျော်နေလောက်ပြီ...”
လူတိုင်းက ယန်ချန်ထျန်း ကို မြှောက်ပင့် ပြောဆိုနေကြသော်လည်း ဤအခိုက်အတန့်တွင် ချန်လော့မှာ ထွက်ပြေးရန် အသင့်ဖြစ်နေပြီ ဆိုသည်ကို သူတို့ မသိရှိကြပေ။
“သေစမ်း ဒီစုတ်ပြတ်နေတဲ့ မစ်ရှင်က ငါ့ကို ဝိညာဉ်ကျောက်တုံး ၁၀ တုံး ပေးတယ်တဲ့လား သေချာပေါက် လှည့်ကွက် တစ်ခုခု ရှိရမယ်...”
“ပြီးတော့ သူ ငါ့ကို ဝိညာဉ်ကျောက်တုံးတွေ ပေးတုန်းက သူ့ရဲ့ မျက်လုံးတွေက ရိုးသားတဲ့ ပုံမပေါ်ဘူး...”
“လူကောင်း တစ်ယောက် မဟုတ်ခဲ့တဲ့ ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ ဒီကောင်က သေချာပေါက် ပြဿနာ ရှိတယ်...”
ထိုသို့ ပြောလိုက်ရင်း သူသည် ထရပ်ကာ ထွက်သွားရန် ပြင်လိုက်၏။
သို့သော် ခြေလှမ်း အနည်းငယ်မျှပင် မလျှောက်ရသေးမီ ချန်လော့သည် ရုတ်တရက် ရပ်တန့်သွားသည်။
“ငါ ဒီအတိုင်း ထွက်သွားလိုက်ရင် သူ့အတွက် သိပ်လွယ်လွန်းနေမလား...”
ထို့ကြောင့် အတန်ကြာ စဉ်းစားပြီးနောက် ချန်လော့သည် နောက်သို့ ပြန်လှည့်သွား၏။
“မိစ္ဆာသားရဲတွေ လာတဲ့အထိ ငါ စောင့်မယ် သူတို့ကို အထဲဝင်ခွင့် ပေးပြီးမှ ငါ ထွက်သွားမယ်...”
“ငါ အကျိုးအမြတ် တချို့တောင် ရနိုင်သေးတယ်...”
…
မိနစ်အနည်းငယ် ကြာပြီးနောက် မိစ္ဆာသားရဲတောအုပ် ၏ အနက်ပိုင်းမှ မိစ္ဆာသားရဲ တစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသောအခါ တိုက်ပွဲ စတင်နေပြီ ဖြစ်ကြောင်း ချန်လော့ သိလိုက်၏။
“အခြေခံတည်ဆောက်ခြင်းအဆင့် မိစ္ဆာသားရဲ တစ်ကောင်ကို ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ သူ့ကို ယှဉ်တိုက်နိုင်မလား မသိဘူး...”
“ငါ့ရဲ့ ပါရမီက မသန်မာပေမဲ့ စနစ်ရဲ့ အကူအညီနဲ့ ကျင့်စဉ်တွေ၊ သိုင်းကွက်တွေကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ပြီး ဝင်္ကပါ ပညာရပ်တွေနဲ့ တခြားအရာတွေကို သင်ယူထားမယ် ဆိုရင် ငါ့ထက် အဆင့်မြင့်တဲ့ ရန်သူတွေကို သတ်ဖြတ်တာက ပြဿနာ မဖြစ်လောက်ဘူး မဟုတ်လား...”
“ဒါပေမဲ့ တကယ်တော့ ဝင်္ကပါ တွေနဲ့ သိုင်းကွက်တွေ ဆိုတာက သီးခြားကျင့်ကြံသူ တစ်ယောက် အနေနဲ့ ရရှိဖို့ မလွယ်ကူဘူး...”
သီးခြားကျင့်ကြံသူ တစ်ယောက် ဖြစ်ရခြင်းက လွတ်လပ်ပြီး လွယ်ကူသော်လည်း အရင်းအမြစ်များကို ရရှိရန်မှာမူ ခက်ခဲလှသည်။
သီးခြားကျင့်ကြံသူ အနည်းငယ်ကို သတ်ဖြတ်ခြင်းက ကောင်းမွန်သော အရာများကို ရရှိနိုင်သော်လည်း အရည်အသွေးမှာ မညီမညာ ဖြစ်နေပြီး ဂိုဏ်းတစ်ခုလောက်တော့ မကောင်းနိုင်ပေ။
ထို့အပြင် ပြဿနာ တစ်ခုခု ဖန်တီးမိပါက သင့်နောက်တွင် မည်သူကမျှ ကျောထောက်နောက်ခံ ပြုပေးမည် မဟုတ်ဘဲ သင် ကိုယ်တိုင်သာ အပြစ်အားလုံးကို ခံယူရမည် ဖြစ်၏။
“ငါ ဂိုဏ်းတစ်ခု ရှာဖို့ လိုသေးတယ်...”
သူ တွေးနေစဉ်မှာပင် မြေကြီးသည် ရုတ်တရက် တုန်ခါသွားသည်။
ချန်လော့သည် မော့ကြည့်လိုက်ရာ သူ့ထံသို့ ပြေးဝင်လာသော မိစ္ဆာသားရဲ ဆယ်ကောင်ခန့်ကို တွေ့လိုက်ရ၏။
“သေစမ်း ဒီမိစ္ဆာသားရဲတွေက တကယ်ကို မနည်းပါလား...”
ချန်လော့ ကြည့်လိုက်ရာ မိစ္ဆာသားရဲ အရေအတွက်မှာ နှစ်ဆယ်ခန့် ရှိလေသည်။
သူတို့၏ ကျင့်ကြံမှု အဆင့်များမှာ အခြေခံအားဖြင့် ချီသန့်စင်ခြင်းအဆင့် တွင်သာ ရှိကြပြီး အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ကောင်မှ မပါဝင်ပေ။
သို့သော် ဤသည်ကလည်း သဘာဝကျပေသည်။ မည်သို့ပင်ဆိုစေကာမူ မိစ္ဆာသားရဲတောအုပ် ဆိုသည်မှာ နေရာငယ်လေး တစ်ခုသာ ဖြစ်ပြီး ၊ အခြေခံအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကြီးစိုးနိုင်ပြီ ဖြစ်သည်။
ထို့အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲဘုရင် တစ်ကောင် ရှိနေပြီ ဆိုသည်နှင့် သူ၏ အုပ်စိုးမှု နေရာကို ခြိမ်းခြောက်လာနိုင်မည့် ဒုတိယမြောက် အခြေခံတည်ဆောက်ခြင်းအဆင့် မိစ္ဆာသားရဲ တစ်ကောင် ပေါ်လာမည်ကို ၎င်းသညိ လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤမိစ္ဆာသားရဲများ အားလုံး ချီသန့်စင်ခြင်းအဆင့် တွင် ရှိနေခြင်းက ထူးဆန်းလှသည် မဟုတ်ချေ။
သို့သော် ထိုမိစ္ဆာသားရဲများသည် ချန်လော့ကို မြင်လိုက်ရသောအခါ ချက်ချင်း ရပ်တန့်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် သတိထားနေသည့် အရိပ်အယောင်များ ပေါ်လာ၏။
“ဝင်္ကပါ က သူတို့အပေါ် ဟန့်တားနိုင်တဲ့ အာနိသင် တချို့ ရှိနေတုန်းပဲ ထင်တယ်...”
“ဒါပေမဲ့ ကိစ္စမရှိပါဘူး ငါ လုပ်စရာရှိတာ လုပ်မယ်...”
ထိုသို့ ပြောလိုက်ရင်း ချန်လော့သည် ဝင်္ကပါ ၏ နေရာမှ တိုက်ရိုက် လျှောက်ထွက်သွားပြီးနောက် သူတို့ကို အထဲဝင်ရန် ဖိတ်ခေါ်သည့် လက်ဟန်အမူအရာ တစ်ခု လုပ်ပြလိုက်သည်။
သို့တိုင်အောင် မိစ္ဆာသားရဲများက အထဲဝင်ရန် ရည်ရွယ်ချက် မရှိသေးဘဲ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်ပုံရ၏။
“ဝင်္ကပါ ကို မရုတ်သိမ်းရသေးလို့များလား...”
“ဒီမိစ္ဆာသားရဲတွေက ဘယ်လို ကောင်တွေလဲ သူတို့ရဲ့ ဆရာက သေတော့မလို့ ဖြစ်နေတာကို သူတို့က ကြောက်နေတုန်းပဲ...”
သက်ပြင်းချလိုက်ရင်း ချန်လော့မှာ မိစ္ဆာသားရဲများရှေ့ရှိ ဤဝင်္ကပါ ထောင့်ကို တိုက်ရိုက် ရုတ်သိမ်းလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
“ကဲပါ လေးစားအပ်တဲ့ မိစ္ဆာသားရဲ ညီအစ်ကိုတို့ ကျေးဇူးပြု၍ အထဲဝင်ကြပါ...”
ဤမြင်ကွင်းကို မြင်သောအခါ မိစ္ဆာသားရဲများက ချန်လော့၏ ရည်ရွယ်ချက်ကို သိပ်နားမလည်သည့်အလား ဝေခွဲမရသော မျက်နှာများဖြင့် ချန်လော့ကို ကြည့်နေကြ၏။
“ဝေါင်း...”
ကြေကွဲဖွယ်ရာ ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ တိုက်ခိုက်ခံရပြီးနောက် နာကျင်စွာ အော်ဟစ်လိုက်သော သားရဲဘုရင်၏ အသံဖြစ်ကြောင်း သိသာထင်ရှားလှသည်။
ချန်လော့နှင့် မလှမ်းမကမ်းတွင် ရပ်နေသော မိစ္ဆာသားရဲများမှာ ဟိန်းဟောက်သံကို ကြားပြီးနောက် စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာများ ပေါ်လာကြ၏။
အကယ်၍ သူတို့ ဤနေရာတွင် ဆက်လက် ရပ်နေကြမည် ဆိုပါက သူတို့၏ သားရဲဘုရင် သေဆုံးသွားသည်ကို အမှန်တကယ် စောင့်ကြည့်နေရဖွယ် ရှိသည်။
ထို့ကြောင့် မိစ္ဆာသားရဲ တစ်ကောင်က ချန်လော့ ရှင်းပေးထားသော လမ်းကြောင်းဆီသို့ ရုတ်တရက် ပြေးဝင်သွားတော့၏။
ချန်လော့ကမူ ဘေးမှနေ၍ မလှုပ်မယှက် စောင့်ကြည့်နေခဲ့သည်။
မကြာမီမှာပင် ထိုမိစ္ဆာသားရဲက တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။
ဤသည်ကို မြင်သောအခါ အခြား မိစ္ဆာသားရဲများ၏ မျက်လုံးများသည် ချက်ချင်း အရောင်လက်သွားကြ၏။
စကားတစ်ခွန်းမျှ မဆိုကြဘဲ အားလုံးက ထိုနောက်သို့ လိုက်ပါသွားကြတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။
“ဂိုဏ်းတူ အစ်ကို အမြန်ဆုံး အရှုံးပေးပြီး စောစောစီးစီး အေးအေးချမ်းချမ်း လူဝင်စားနိုင်ပါစေလို့ မျှော်လင့်ပါတယ်...”
မိစ္ဆာသားရဲများ အားလုံး ထွက်သွားပြီးနောက် ချန်လော့ကလည်း တိတ်တဆိတ် နောက်မှ လိုက်သွားခဲ့သည်။
အကယ်၍ ယန်ချန်ထျန်း သာ အသတ်ခံလိုက်ရပါက သူ၏ ကိုယ်ပေါ်မှ သိုလှောင်အိတ် ကို သူ ယူနိုင်ကောင်း ယူနိုင်လိမ့်မည်။
အကယ်၍ ယန်ချန်ထျန်း သည် မိစ္ဆာသားရဲများကို အသေအလဲ သတ်ဖြတ်နေပါက သူသည် ယန်ချန်ထျန်း ကို သွားရာလမ်းသို့ ပို့ဆောင်ပေးနိုင်ပြီး သူ၏ သိုလှောင်အိတ် ကို တစ်ပါတည်း ယူဆောင်သွားနိုင်မည် ဖြစ်၏။
“ငါ့လိုမျိုး ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှု ပေးတဲ့သူက သိပ်မများပါဘူး...”
မကြာမီမှာပင် ချန်လော့သည် မိစ္ဆာသားရဲများ၏ နောက်မှလိုက်ကာ မိစ္ဆာသားရဲတောအုပ် ၏ အနက်ပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
သူသည် ကောက်ကွေးနေသော သစ်ပင် တစ်ပင်ကို ရှာတွေ့သွားပြီး အပေါ်သို့ တက်ကာ တောင်ပေါ်မှ ကျားနှစ်ကောင် သတ်ပုတ်နေသည်ကို စတင် စောင့်ကြည့်နေတော့၏။
ဤအခိုက်အတန့်၌ ယန်ချန်ထျန်း မှာ ကျားနှင့်တူသော သားရဲဘုရင် တစ်ကောင်ကို တိုက်ခိုက်ရန် အာရုံစိုက်နေစဉ် မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံများနှင့်အတူ ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။
ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ထံသို့ ပြေးဝင်လာသော မိစ္ဆာသားရဲ အကောင် ၂၀ ကျော်ကို တွေ့လိုက်ရ၏။
“သေစမ်း တိုက်နေတာ ငါးမိနစ်တောင် မပြည့်သေးဘူး ဒီအမှိုက်ကောင်က မတောင့်ခံနိုင်ဘူးပဲ...”
“သူက ငါ့ကို အချက်ပြဗုံး တောင် မဖောက်ပေးကြဘူး ငါ သားရဲဘုရင်ကို သတ်ပြီး ပြန်ရောက်ရင် မင်းကို သေချာပေါက် သတ်ပစ်မယ်...”
ထိုသို့ ပြောလိုက်ရင်း သူသည် သားရဲဘုရင်ကို ရုတ်တရက် ကန်ချလိုက်ပြီးနောက် ပြေးဝင်လာသော မိစ္ဆာသားရဲများကို ကိုင်တွယ်ရန် လှည့်လိုက်၏။
“ပြဿနာပေးနေတဲ့ ဒီမိစ္ဆာသားရဲတွေကို အရင်သတ်ပြီးမှ သားရဲဘုရင်ကို သွားရှင်းမယ်...”
သို့သော် သားရဲဘုရင်သည် ယန်ချန်ထျန်း ၏ အတွေးများကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ တစ်ချိန်တည်းမှာပင် သူကလည်း အလွန် ရှင်းလင်းစွာ သိရှိနေ၏။
ပြေးဝင်လာသော ဤမိစ္ဆာသားရဲများကို သတ်ဖြတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ကိုယ်ပိုင် ခွန်အားဖြင့် ယန်ချန်ထျန်း ကို အနိုင်ယူရန် မဖြစ်နိုင်တော့ဘဲ သေလမ်း တစ်ခုတည်းသာ ကျန်ရှိတော့မည် ဖြစ်သည်။
သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ယန်ချန်ထျန်း ကို သတ်ဖြတ်ရန် သူ၏ လက်အောက်ခံများနှင့်အတူ အသေအလဲ တိုက်ခိုက်ရန်ပင် ဖြစ်၏။
ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ သားရဲဘုရင်က ယန်ချန်ထျန်း ထံသို့ ပြင်းပြင်းထန်ထန် ပြေးဝင်သွားတော့သည်။
ဤအချိန်တွင် ယန်ချန်ထျန်း သည် မိစ္ဆာသားရဲ သုံးကောင်ကို သတ်ဖြတ်ပြီး ဖြစ်၏။
သားရဲဘုရင်သည် သူ့ထံ ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
“ကျစ် ဒီတိရစ္ဆာန်တွေ...”
သားရဲဘုရင်၏ ပါဝင်လာမှုနှင့် အခြား မိစ္ဆာသားရဲများ၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ယန်ချန်ထျန်း မှာ တဖြည်းဖြည်း အရေးနိမ့်လာတော့၏။
“သူက အခုထိ ထွက်မပြေးသေးဘူး ဆိုတော့ အသုံးမပြုရသေးတဲ့ အထူးသိုင်းကွက် တစ်ခု ကျန်နေသေးတယ် ထင်တယ်...”
ချန်လော့သည် ကောက်ကွေးနေသော သစ်ပင်ပေါ်တွင် ထိုင်၍ စားကြွင်းစားကျန် ကြက်ကင်ကို ကိုက်စားရင်း ပြောလိုက်သည်။
မည်သို့ပင်ဆိုစေ ဤအခြေအနေကို ရင်ဆိုင်နေရချိန်တွင် သူ့ထံ၌ အထူးသိုင်းကွက် တစ်ခုမှ မရှိလျှင် အခြား မိစ္ဆာသားရဲများ ပြေးဝင်လာသည်ကို မြင်သည်နှင့် သူသည် သေချာပေါက် ထွက်ပြေးမည် ဖြစ်၏။
ထွက်မပြေးခြင်းက သူ့တွင် ယုံကြည်မှု ရှိနေဆဲ ဖြစ်ပြီး ၊ ဤပြေးဝင်လာသော မိစ္ဆာသားရဲများကို အနိုင်ယူကာ နောက်ဆုံးတွင် သားရဲဘုရင်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းကြောင့် ဖြစ်သည်။
***