နောက်ရက်များတွင် ချန်လော့သည် ရွှင်ယန်မြို့ အပြင်ဘက်ရှိ သားရဲတစ်ရာတောင် ပေါ်တွင် ကျင့်ကြံခဲ့သည်။
ဝင်္ကပါ ပညာရပ် များနှင့် တိမ်လိပ်ဓားသိုင်း အပြင် သူက လေပြင်းလက်ကွက် နှင့် ရေအောက်အသက်ရှူကျင့်စဉ် တို့ကိုလည်း တစ်ခါတစ်ရံ ကျင့်ကြံလေ့ ရှိ၏။
ထို့အပြင် ချန်လော့သည် မြေလျှိုးကျင့်စဥ် ဟု ခေါ်သော မန္တာန် တစ်ခုကို ဝယ်ယူရန် ဝိညာဉ်ကျောက်တုံး ၁၀ တုံးကို သီးသန့် အသုံးပြုခဲ့သည်။
မြေလျှိုးကျင့်စဥ် မှာ ထွက်ပြေးရာတွင် အသုံးပြုသော မန္တာန် တစ်မျိုး ဖြစ်ပြီး ၎င်းကို အသုံးပြုပြီးနောက် မြေကြီးထဲသို့ လျှိုးဝင်ကာ ထွက်ပြေးရန် အခွင့်အရေး ယူနိုင်သည်။
သူ့တွင် လေပြေအရိပ် ရွေ့လျားမှုသိုင်းကွက် မှ ရွေ့လျားမှုသိုင်းကွက် တစ်ခု ရှိနေပြီး ဖြစ်သော်လည်း နောက်ထပ် တစ်စုံ သင်ယူထားခြင်းက အဆိုးတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေ အသက်ကယ်နိုင်သော ကျွမ်းကျင်မှုများ များလွန်းသည်ဟု မည်သူကမျှ ညည်းညူမည် မဟုတ်ချေ။
ထို့အပြင် သွေးသဲကန္တာရ မှာ သဲများဖြင့် လုံးဝ ဖုံးလွှမ်းနေသော မြေမျက်နှာသွင်ပြင်မျိုး ဖြစ်သဖြင့် မြေလျှိုးကျင့်စဥ် က ထွက်ပြေးရန်အတွက် လုံးဝ အသင့်တော်ဆုံး နည်းလမ်း ဖြစ်ပေသည်။
နောက်ထပ် ရက် ၂၀ ကျော်ကြာသည့်တိုင်အောင် ချန်လော့သည် နေ့ရော ညပါ ကျင့်ကြံနေခဲ့၏။
ဤတစ်ကြိမ်တွင် သူသည် ကုန်သွယ်ရေး ယာဉ်တန်းနှင့် အတူ ထွက်ခွာမည် ဖြစ်သော်လည်း လမ်းခရီးတွင် မမျှော်လင့်ထားသော အခြေအနေများနှင့် ကြုံတွေ့ရနိုင်သည်မှာ ရှောင်လွှဲ၍မရနိုင်သော ကိစ္စပင်။
အပို ခွန်အား အနည်းငယ် ရှိနေခြင်းက မိမိကိုယ်ကိုယ် ကာကွယ်ရာတွင် အပို ယုံကြည်မှု အနည်းငယ် ရှိနေခြင်းကို ဆိုလိုသည်။
…
၂၉ ရက်မြောက်နေ့ သားရဲတစ်ရာတောင် ပေါ်၌။
ချန်လော့သည် ချီသန့်စင်ခြင်းအဆင့် မိစ္ဆာသားရဲ ငါးကောင် သို့မဟုတ် ခြောက်ကောင်၏ အရှေ့တွင် မျက်လုံးများကို အနည်းငယ် မှိတ်ကာ မလှုပ်မယှက် ရပ်နေ၏။
ထိုမိစ္ဆာသားရဲများက ချန်လော့၏ အားနည်းချက်များကို ရှာဖွေနေသည့်အလား သူ၏ ပတ်လည်တွင် အဆက်မပြတ် ဝဲပျံနေကြသည်။
သို့သော် ထိုအချိန်မှာပင် ချန်လော့က ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။
သူ၏ အရှေ့ရှိ မိစ္ဆာသားရဲ အနည်းငယ်ကို ကြည့်ရင်း သူသည် လက်တစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်သည်။
“သွေးသတ်ကွင်းဝင်္ကပါ... စုစည်းစမ်း...”
ချန်လော့၏ လက်ထဲတွင် သွေးရောင် ဝင်္ကပါ တံဆိပ်တစ်ခု ချက်ချင်း စုစည်းလာ၏။
ထိုမိစ္ဆာသားရဲ အနည်းငယ်မှာ ဘာဖြစ်သွားသည်ကိုပင် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။
နောက်တစ်စက္ကန့်တွင် သူတို့ထံသို့ ဓားများနှင့် သန်လျက်များ လင်းလက်သွားသကဲ့သို့ သွေးရောင် အလင်းတန်း တစ်ခု ရုတ်တရက် ပေါ်လာပြီး ခုတ်ပိုင်းချလာသည်ကို သူတို့ တွေ့လိုက်ရသည်။
မိစ္ဆာသားရဲများမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ဧရာမ ဝင်္ကပါ ကြီး အတွင်းရှိ သွေးရောင် အလင်းတန်းများ၏ သတ်ဖြတ်ခြင်းကို အပြည့်အဝ ခံလိုက်ရပြီ ဖြစ်၏။
ထိုအချိန်မှာပင် ချီသန့်စင်ခြင်းအဆင့် နှောင်းပိုင်း၏ အထွတ်အထိပ် သို့ ရောက်ရှိနေသော ဝံပုလွေမိစ္ဆာ တစ်ကောင်က ချန်လော့၏ အနောက်တွင် ရုတ်တရက် ပေါ်လာပြီး သူ့ထံသို့ ခုန်အုပ်လိုက်သည်။
သို့သော် ၎င်းက ခုန်အုပ်လိုက်သည့် အချိန်နှင့် တစ်ပြိုင်နက်လိုလိုပင် ချန်လော့၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
“ငါ မင်းကို စောင့်နေတာ...”
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချန်လော့၏ အရိပ်သည် ဝှစ်ခနဲ ရုတ်တရက် ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် မြေစာပုံ သေးသေးလေး တစ်ခုသာ ကျန်ရစ်ခဲ့သည်။
ဝံပုလွေမိစ္ဆာသည် ချန်လော့ ပျောက်ကွယ်သွားသော နေရာကို အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်လိုက်၏။ ဘာဖြစ်သွားသည်ကို သူ နားမလည်နိုင်မီမှာပင် နောက်တစ်စက္ကန့်တွင် ချန်လော့သည် သူ၏ အနောက်ဘက် မြေကြီးထဲမှ ထွက်ပေါ်လာသည်။
“တိမ်လိပ်ဓားသိုင်း...”
အဖြူရောင် အလင်းတန်း တစ်ခုနှင့်အတူ ဓားတစ်လက်က ခုတ်ပိုင်းသွားသည်ကိုသာ တွေ့လိုက်ရပြီး ဝံပုလွေမိစ္ဆာ၏ ခေါင်းမှာ တိုက်ရိုက် ပြတ်ထွက်သွားတော့၏။
ခေါင်းပြတ်သွားသော ဝံပုလွေမိစ္ဆာကို ကြည့်ရင်း ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။
“ငါ့ရဲ့ လက်ရှိ ဝင်္ကပါ စွမ်းအားက ပထမအဆင့် ဝင်္ကပါဆရာ ရဲ့ အထွတ်အထိပ် နဲ့ ညီမျှလောက်ပြီ ထင်တယ်...”
“ငါ့ရဲ့ ကိုယ်ပိုင် ချီသန့်စင်ခြင်းအဆင့် နဝမအဆင့် ကျင့်ကြံမှု၊ အဆင့်ခုနစ်ဆင့်ရှိသော ကြေးအရေပြား နဲ့ ယန်ချန်ထျန်း ဆီက ငါ လုယူလာတဲ့ ဝိညာဉ်အဆင့်နိမ့် ဓားရှည် ကိုပါ ပေါင်းထည့်လိုက်ရင် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်အဆင့် မိစ္ဆာသားရဲ တစ်ကောင်နဲ့ တွေ့ရင်တောင်မှ ငါ့မှာ ယှဉ်တိုက်နိုင်စွမ်း ရှိတယ်...”
“လေပြေအရိပ် ရွေ့လျားမှုသိုင်းကွက် နဲ့ မြေလျှိုးကျင့်စဥ် တွေကိုလည်း ပြီးပြည့်စုံအဆင့် ထိ ကျင့်ကြံထားပြီးပြီ ဆိုတော့ တကယ်လို့ ငါ မနိုင်ရင်တောင် ထွက်ပြေးလို့ ရသေးတယ် အမြန်နှုန်းကို အားပြုတဲ့ မိစ္ဆာသားရဲ မဟုတ်သရွေ့ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း တစ်ကောင်တောင် ငါ့ကို မိအောင် ဖမ်းနိုင်မှာ မဟုတ်ဘူး...”
“ဒါပေမဲ့ အခုထိ လုံခြုံမှု မရှိသေးဘူးလို့ ခံစားရတုန်းပဲ...”
တစ်ခဏမျှ စဉ်းစားပြီးနောက် ချန်လော့က သူ၏ သိုလှောင်အိတ် ကို ဖွင့်လိုက်၏။
အထဲရှိ ဝိညာဉ်ကျောက်တုံး များကို သူ ရေတွက်ကြည့်လိုက်ရာ နောက်ဆုံး ကျန်ရှိနေသော ၁၀ တုံးသာ ရှိတော့သည်။
တစ်လတာ ပြင်းပြင်းထန်ထန် ကျင့်ကြံမှုအတွက် ၃၀ ကုန်ကျခဲ့ပြီး မြေလျှိုးကျင့်စဥ် ကို ဝယ်ယူရန် ၁၀ တုံး ကုန်ကျခဲ့ကာ ခန္ဓာကိုယ်ကျင့်ကြံမှု အတွက် ဆေးဖက်ဝင် အပင်များနှင့် ဝင်္ကပါ များ တည်ဆောက်ရန် ပစ္စည်းများအတွက် တစ်ခုလျှင် ၁၅ တုံးစီ ကုန်ကျခဲ့၏။
ယခုအခါ ၁၀ တုံးကို ချွေတာနိုင်ခြင်းက နည်းပါးသော ပမာဏတော့ မဟုတ်ပေ။
“ငါက အသက်ကယ်နိုင်တဲ့ မှော်လက်နက် တချို့ ဝယ်ဖို့ မျှော်လင့်နေတုန်းပဲ...”
“ငါ အရမ်း တွေးနေမိတာ ထင်တယ်...”
ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်သော်လည်း ပိုမိုကောင်းမွန်သော မှော်လက်နက် အချို့နှင့် နှိုင်းယှဉ်ပါက အနည်းငယ် မလုံလောက်သေးပေ။
ထို့အပြင် ချန်လော့၏ လက်ရှိ ကျင့်ကြံမှုဖြင့် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်အဆင့် နှင့်ပင် ယှဉ်တိုက်နိုင်စွမ်း ရှိပြီး အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း ထံမှပင် ထွက်ပြေးနိုင်စွမ်း ရှိ၏။
ထို့ကြောင့် အကယ်၍ သူသည် တစ်ခုခု ဝယ်မည် ဆိုပါက ရွှေမြုတေအဆင့် မိစ္ဆာသားရဲများ၏ လိုက်လံ ဖမ်းဆီးမှုမှ လွတ်မြောက်နိုင်မည် သို့မဟုတ် ပြိုင်ဘက်ကို အပြင်းအထန် ဒဏ်ရာရစေနိုင်မည့် မှော်လက်နက် မျိုးကို သေချာပေါက် ဝယ်ယူရန် လိုအပ်သည်။
သို့သော် ၁၀ တုံးမှာ နည်းလွန်းသည်က သိသာလှ၏။
“ထားလိုက်ပါတော့ အရင်ဆုံး အစ်ကိုလျူ ကို ရှာပြီး သွေးသဲကန္တာရ ကို ဖြတ်မယ့် အဖွဲ့ထဲ ဝင်ဖို့ စီစဉ်ခိုင်းလိုက်မယ်...”
ထိုသို့ ပြောလိုက်ပြီးနောက် ချန်လော့သည် မိစ္ဆာသားရဲ အလောင်းများကို သူ၏ သိုလှောင်အိတ် ထဲသို့ ထည့်ကာ ရွှင်ယန်မြို့ သို့ ပျံသန်းသွားခဲ့သည်။
နာရီဝက် ကြာပြီးနောက်။
ရင်းနှီးနေသော အရက်ဆိုင်ထဲတွင်ပင် ချန်လော့နှင့် လျူချီရီ တို့သည် သူတို့၏ ပုံမှန် နေရာတွင် ထိုင်နေကြ၏။
“လာ အစ်ကိုလျူ ဆက်သောက်ကြစို့...”
သူတို့ နှစ်ယောက်သည် အရက်ပန်းကန်လုံးများကို ကိုင်ကာ တစ်ခွက်ပြီး တစ်ခွက် မော့သောက်နေကြသည်။
“ဘယ်လိုလဲ စိတ်တိုင်းကျ သောက်ရရဲ့လား...” ချန်လော့က ပြုံးလျက် မေးလိုက်၏။
လျူချီရီ မှာ ချက်ချင်းပင် ရယ်မောလိုက်ပြီး “စိတ်တိုင်းကျ သောက်ရတာပေါ့ တကယ်ကို စိတ်တိုင်းကျ သောက်ရတယ်...”
“အဲဒါဆို ကုန်သွယ်ရေး ယာဉ်တန်းထဲ ငါ ဝင်မယ့် ကိစ္စရော...”
“စိတ်မပူပါနဲ့ မင်းအတွက် အားလုံး စီစဉ်ပြီးပါပြီ မနက်ဖြန် လာခဲ့လိုက်ရုံပဲ...”
ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။
“ဘာမှ ထပ်မပြောနဲ့တော့ နောက်တစ်ခွက်...”
ထိုသို့ ပြောလိုက်ပြီးနောက် သူတို့ နှစ်ယောက်သည် နောက်တစ်ခွက် ထပ်သောက်လိုက်ကြသည်။
သေချာသည်မှာ ချန်လော့၏ ပန်းကန်လုံးထဲရှိ အရက် တစ်စက်မျှ သူ၏ ဗိုက်ထဲသို့ မရောက်ခဲ့ဘဲ အားလုံးမှာ သူ၏ ပါးစပ်ထောင့်မှ စီးကျသွားခဲ့ခြင်းပင်။
တဖြည်းဖြည်းနှင့် အရက် သုံးပတ်လှည့်ပြီးနောက် လျူချီရီ မှာ တစ်ဝက်မူး တစ်ဝက်နိုး အခြေအနေသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်၏။
သူသည် စားပွဲကို ရုတ်တရက် ပုတ်လိုက်ပြီးနောက် ချန်လော့ကို ကြည့်လိုက်သည်။
“ညီလေး အစ်ကိုကြီးက မင်းကို အကြံပေးချင်သေးတယ် ဒီတစ်ကြိမ် ခရီးစဉ်အတွက်တော့ တတ်နိုင်ရင် မသွားပါနဲ့...”
ဤစကားကို ကြားလိုက်ရသောအခါ ချန်လော့မှာ မှင်တက်မသွားဘဲ မနေနိုင်တော့ပေ။
“ဘာလို့လဲ...”
“အော့...” လျူချီရီ က လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဆက်ပြောသည်။ “ဒီတစ်ကြိမ်တော့ ကျောက်မိသားစု က ဟိုကို ကုန်သွယ်ရေး သွားလုပ်မှာ မဟုတ်ဘူး...”
“ကုန်သွယ်ရေး သွားလုပ်မှာ မဟုတ်ဘူးလား...” ချန်လော့မှာ အနည်းငယ် ရှုပ်ထွေးသွားပြီး သူ၏ ဆိုလိုရင်းကို သိပ်နားမလည်သေးသည့် ပုံပေါ်၏။
လျူချီရီ သည် ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခိုးနားထောင်နေသူ မရှိကြောင်း သေချာစေပြီးနောက် ချန်လော့၏ နားအနီးသို့ တိုးကာ တိုးတိုးလေး ပြောလိုက်သည်။
“ဒီတစ်ကြိမ် ကျောက်မိသားစု က သူတို့ရဲ့ သမီးကြီး ကျောက်မန် ကို ချန်ရှင်းဂိုဏ်း မှာ တပည့် သွားခံဖို့ ပို့ပေးမှာ...”
“ဟင်...” ဤတစ်ကြိမ်တွင် ချန်လော့မှာ ပို၍ပင် ရှုပ်ထွေးသွားတော့၏။
သို့သော်လည်း လျူချီရီ သည် ချန်လော့၏ တုံ့ပြန်မှုအတွက် အံ့အားသင့်မသွားခဲ့ပေ။
“ကျောက်မိသားစု ရဲ့ သမီးကြီးမှာ လောကမှာ ရှားပါးတဲ့ အဆိပ်တစ်သောင်းခန္ဓာ ရှိတယ် အဆိပ်တစ်သောင်းခန္ဓာ အကြောင်း မင်း သိတယ် မဟုတ်လား...”
ချန်လော့က ခေါင်းညိတ်လိုက်၏။ သူ ကြားဖူးသော်လည်း ၎င်းနှင့် ပတ်သက်၍ သိပ်မသိဘဲ အလွန် ရှားပါးသော ကိုယ်ထည်တစ်ခု ဖြစ်ကြောင်းကိုသာ သိရှိလေသည်။
သင့်တော်သော ကျင့်ကြံခြင်း နည်းလမ်းကို ရရှိသရွေ့ ကျင့်ကြံရာတွင် အားထုတ်မှု တစ်ဝက်ဖြင့် နှစ်ဆ အကျိုးသက်ရောက်မှု ရှိစေပြီး ကျင့်ကြံမှု အဆင့်မှာလည်း မြင့်တက်လာမည် ဖြစ်၏။
“ အဆိပ်တစ်သောင်းခန္ဓာ အတွက် ကျင့်ကြံခြင်း နည်းလမ်းတွေက လမ်းကြောင်း နှစ်ခု ခွဲခြားထားတယ် ဖြောင့်မတ်သော လမ်းစဉ်ရဲ့ မြင့်မြတ်နှလုံးသား အဆိပ်ဖြေခန္ဓာ နဲ့ နတ်ဆိုးလမ်းစဉ် ရဲ့ မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ တို့ပဲ...”
“ဒီ ကျင့်ကြံခြင်း နည်းလမ်း နှစ်ခုသာလျှင် အဆိပ်တစ်သောင်းခန္ဓာ ရဲ့ အလားအလာကို အမှန်တကယ် ဖော်ထုတ်ပေးနိုင်တယ် ဒါမှမဟုတ်ရင် အဆိပ်တစ်သောင်းခန္ဓာ က အသုံးမကျတဲ့ ခန္ဓာကိုယ်တစ်ခုလို ဖြစ်သွားပြီး အသုံးမဝင်ရုံတင် မကဘူး ကိုယ်ကိုတိုင်ကိုတောင် ပြန်လည် ထိခိုက်စေနိုင်တယ်...”
“ဒါပေမဲ့ ကျောက်မိသားစု က ဖြောင့်မတ်သော လမ်းစဉ် ဂိုဏ်းတွေ အားလုံးနီးပါးကို စုံစမ်းမေးမြန်းခဲ့ပေမဲ့ အားလုံးမှာ မြင့်မြတ်နှလုံးသား အဆိပ်ဖြေခန္ဓာ အတွက် ကျင့်ကြံခြင်း နည်းလမ်း မရှိကြဘူး တစ်ဖက်မှာကျတော့ ချန်ရှင်းဂိုဏ်း မှာ မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ အတွက် ကျင့်ကြံခြင်း နည်းလမ်း ရှိနေတယ်...”
ဤနေရာသို့ ရောက်သောအခါ ရေငတ်နေသည့်အလား လျူချီရီ က အရက်ကို နောက်တစ်ငုံ ထပ်သောက်လိုက်၏။
“ကျောက်မိသားစု က ချန်ရှင်းဂိုဏ်း နဲ့ စေ့စပ်ညှိနှိုင်းဖို့ လူလွှတ်လိုက်တယ် တစ်ဖက်ကလည်း ကျောက်မန် က သူတို့ရဲ့ တပည့်ခံဖို့ ဆန္ဒရှိသရွေ့ သူတို့က ကျောက်မန် ကို တပည့်အဖြစ် လက်ခံပြီး မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ အတွက် ကျင့်ကြံခြင်း နည်းလမ်းကို သင်ပေးဖို့ ဆန္ဒရှိတယ်လို့ ပြောတယ်...”
“တကယ်လို့ အဆိပ်တစ်သောင်းခန္ဓာ မှာ မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ အတွက် ကျင့်ကြံခြင်း နည်းလမ်း ရှိမယ် ဆိုရင် သူမရဲ့ အနာဂတ်က အကန့်အသတ် မရှိ ဖြစ်သွားမှာ သေချာတယ် အနည်းဆုံးတော့ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာလိမ့်မယ် ကျောက်မိသားစု လို မိသားစု တစ်ခုအတွက် ဒါက လုံးဝကို မငြင်းဆန်နိုင်တဲ့ ဆွဲဆောင်မှု တစ်ခုပဲ...”
“ဒါပေမဲ့ မင်း ဘယ်လို ထင်လဲ ဖြောင့်မတ်သော လမ်းစဉ် က အဲ့လူတွေက ကျောက်မန် ကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးပြီး သူတို့ရဲ့ အဓိက ရန်သူတွေရဲ့ ဂိုဏ်းထဲကို ဝင်ခွင့်ပေးလိုက်ပါ့မလား...”
***