ထိုနဂါးကန်က ရိုးရိုးရှင်းရှင်း ပြောရလျှင် ပိုရန်ရေကန် အောက်ခြေရှိ ကြီးမားသော ဂူကြီး တစ်ခု ဖြစ်သည်။ အကယ်၍ ရေမရှိပါက ယင်းကို ရေကန် အောက်ခြေရှိ တွင်းနက်ကြီး တစ်ခုနှင့် ခွဲခြားမရနိုင်ပေ။ ထိုသို့ ကြီးမားသော ဂူကြီးသာ ပင်လယ်ထဲတွင် ပေါ်လာပါက ယင်းကို အပြာရောင်တွင်းဟု ခေါ်ကြပေလိမ့်မည်။
နဂါးကန်က ပိုရန်ရေကန်၏ အနက်ရှိုင်းဆုံး နေရာများထဲမှ တစ်ခု ဖြစ်နေပြီးသားပင်။ ရေမျက်နှာပြင်မှ ရေကန်ကြမ်းပြင်အထိ မီတာ သုံးဆယ်နီးပါး နက်ရှိုင်းကာ ရေအောက်ဂူထဲသို့ ဝင်ရောက်ပြီးနောက် ပိုမို နက်ရှိုင်းစွာ ဆင်းသွားလျှင်ပင် ထိုဂူ တကယ်တမ်း မည်မျှ နက်ရှိုင်းသည်ကို မည်သူမျှ မသိပေ။
ထိုအခိုက်အတန့်တွင် လင်းရန် နဂါးကန် အတွင်း မီတာ တစ်ရာကျော် အနက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ ရေကန်ကြမ်းပြင်မှ မျက်နှာပြင်အထိ အနက်ကို ထည့်ပေါင်းလိုက်ပါက သူက ရေမျက်နှာပြင်အောက် မီတာ တစ်ရာ့လေးဆယ်နီးပါး အနက်တွင် ရှိနေပြီး ယင်းက လူသားများအတွက် အကူအညီမပါဘဲ လွတ်လပ်စွာ ရေငုပ်ခြင်း၏ ကန့်သတ်ချက်ကို ကျော်လွန်နေပြီ ဖြစ်၏။
လူသားများ လွတ်လပ်စွာ ရေငုပ်ခြင်း ဆိုသည်မှာ မည်သည့် စက်ပစ္စည်းမျှ မပါဘဲ၊ အောက်ဆီဂျင်ဘူးများ အသုံးမပြုဘဲ၊ ဆင်းသက်ခြင်း သို့မဟုတ် အပေါ်တက်ခြင်းအတွက် မည်သည့် ပြင်ပ ကိရိယာကိုမျှ အားမကိုးဘဲ မိမိ၏ ကာယခွန်အားနှင့် အသက်အောင့်ခြင်းကိုသာ အသုံးပြု၍ ပင်လယ်နက်ထဲသို့ ငုပ်လျှိုးခြင်းကို ရည်ညွှန်းခြင်း ဖြစ်၏။
လက်ရှိတွင် ထိုကန့်သတ်ချက်က မီတာ တစ်ရာ့တစ်ဆယ့်သုံးမီတာ ဝန်းကျင်တွင် ရှိသည်။
ထိုအနက်တွင် ရေအောက် ဖိအား အလွန် ကြီးမားပြီး သာမန်လူများအတွက် မခံမရပ်နိုင်အောင် ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ပြိုင်ဘက်ကင်းခန္ဓာကိုယ် ပိုင်ဆိုင်ထားသော လင်းရန်အတွက်မူ ထိုဖိအားမှာ အဝတ်အစား တစ်ထပ် ထပ်ဝတ်ထားခြင်းနှင့် မခြားနားပေ၊ သူတွင် အင်္သချေ ရေအင်မော်တယ် ကျင့်စဥ် ရှိနေသည်ကို ထည့်မပြောလျှင်ပင် ဖိအားက သူ့အတွက် ဖြုံလောက်စရာ မရှိချေ။
အင်္သချေ ရေအင်မော်တယ် ကျင့်စဥ်က မူလက ကျင့်ကြံခြင်းလောကတွင် ပင်လယ်ရပ်ခြား အင်မော်တယ်ကျွန်းပေါ်တွင် နေထိုင်သော ထိပ်တန်း ကျင့်ကြံခြင်းဂိုဏ်း တစ်ခု၏ အဓိက ကျင့်စဥ်တစ်ခုပင်။ ယင်းကို တိုက်ခိုက်ရန်အတွက်သာ အသုံးပြုခြင်း မဟုတ်ပေ၊ ကျင့်ကြံသူများ ထိုကျင့်စဥ်ကို ကျွမ်းကျင်ပြီးနောက် သူတို့က ရေထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်ပြီး ကုန်းပေါ်တွင်ကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ကာ ငါးများနှင့် ပုစွန်များထက်ပင် ပိုမို သက်တောင့်သက်သာ ရှိပေသည်။
ထို့ကြောင့် လင်းရန်၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့် သူ၏ အင်္သချေ ရေအင်မော်တယ် ကျင့်စဥ် ကျင့်ကြံမှုက အလယ်အဆင့်ဟုပင် မသတ်မှတ်နိုင်သော်လည်း သေးငယ်သော နဂါးကန် တစ်ခုကို စူးစမ်းလေ့လာရန် လုံးဝ လုံလောက်ပေသည်။
ထိုသည်မှာလည်း လင်းရန် လုံတျန်းဖန်ကို ပိုရန်ရေကန်သို့ လိုက်လံ ဖမ်းဆီးပြီး ရေထဲသို့ ဝင်ရောက် တိုက်ခိုက်ရဲသည့် အကြီးမားဆုံး အားကိုးရာ ဖြစ်ပေသည်။
ထိုနေရာသို့ ရောက်ရှိလာပြီးနောက် လင်းရန် ပိုမို နက်ရှိုင်းစွာ ဆင်းသွားရန် အလျင်မလိုပေ။ ထိုအစား သူက အရပ်လေးမျက်နှာသို့ အလျားလိုက် ရွေ့လျားပြီး တစ်ချိန်တည်းမှာပင် သူ့ မျက်စိအမြင်နှင့် နတ်ဘုရားအာရုံကို အမြင့်ဆုံး အသုံးချကာ ပတ်ဝန်းကျင် အခြေအနေကို စတင် ဆန်းစစ်လိုက်သည်။
"အင်း... အချင်းက မီတာ သုံးရာကျော်နေပြီပဲ..."
လင်းရန် ခေတ္တမျှ ခန့်မှန်းလိုက်ပြီး ထိုအနက်ရှိ နဂါးကန်၏ ဧရိယာက အကြမ်းဖျင်း စက်ဝိုင်းပုံ ဖြစ်နေဆဲ ဖြစ်ပြီး အချင်း မီတာ သုံးရာကျော် ရှိကြောင်း ဆုံးဖြတ်လိုက်သည်။ ထိုသည်မှာလည်း လင်းရန် လုံတျန်းဖန်ကြောင့် နဂါးကန်ထဲသို့ လွင့်စဉ်သွားပြီးနောက် နဂါးနီ ပေါ်လာခဲ့သည့် နေရာပင်။
နဂါးကန်က ရေတွင်းကဲ့သို့ မဟုတ်ပေ၊ ယင်းက သေချာပေါက် အပေါ်အောက် ဖြောင့်တန်းနေခြင်း မဟုတ်ပါချေ။ ထိုအစား ပြောင်းပြန်လှန်ထားသော ကတော့ပုံသဏ္ဍာန်နှင့် တူချေသည်။ ဝင်ပေါက်က အချင်း ဆယ်မီတာသာ ရှိသော်လည်း ပိုမို နက်ရှိုင်းလေလေ အချင်း ပိုမို ကြီးမားလာလေ ဖြစ်သည်။ သို့မဟုတ်ပါက နဂါးတစ်ကောင် နေထိုင် လှုပ်ရှားရန် မသင့်တော်ဘဲ ဝင်ရောက်သည်နှင့် ထောင်ချောက်မိသော နဂါး ဖြစ်သွားပေလိမ့်မည်။
နဂါးနီက ဒုက္ခမပေးတော့သောကြောင့် ထိုနေရာရှိ ရေက အလွန် တည်ငြိမ်နေသည်။ သို့တိုင် ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်နေ၏။ လင်းရန် စိတ်မရှုပ်လိုသဖြင့် သိုလှောင်လက်စွပ်ထဲမှ ညလင်းပုလဲ ခြောက်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး နတ်ဘုရားအာရုံဖြင့် အသက်သွင်းကာ သူ့ အထက်၊ အောက်၊ ရှေ့၊ နောက် နှင့် ဘေးနှစ်ဖက် မီတာ တစ်ဒါဇင် အကွာတွင် ထားလိုက်ပြီး သူ့ ပတ်ဝန်းကျင် ဧရိယာကို လင်းထိန်သွားစေသည်။ ထို့နောက် သူ ရေတံခါးကို ဆက်လက် ဖွင့်ပြီး နဂါးကန်၏ အနက်ပိုင်းဆီသို့ ထပ်မံ တိုးဝင်သွားလိုက်၏။
တစ်မိနစ် မပြည့်မီမှာပင် လင်းရန် နောက်ထပ် မီတာ နှစ်ရာ ငုပ်လျှိုးသွားပြီး နဂါးကန်၏ မီတာ သုံးရာ့ခြောက်ဆယ် အနက်သို့ ရောက်ရှိသွားသည်။ သူ အောက်ခြေသို့ မရောက်သေးသော်လည်း ထိုနေရာရှိ ဧရိယာက အလွန် ကျယ်ပြန့်နေပြီး အချင်း မီတာ နှစ်ထောင်ကျော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သုံးရာ့သုံးဆယ့်နှစ်မီတာ၊ ထိုသည်မှာ လက်ရှိ လူသားများ စက်ပစ္စည်းဖြင့် ရေငုပ်နိုင်သော အမြင့်ဆုံး အနက် ဖြစ်သည်။
လင်းရန် နီးကပ်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။ ထိုသည်မှာ နဂါးနီ ပုံမှန် လှုပ်ရှားသည့် နေရာ သေချာပေါက် ဖြစ်ပေမည်။ ယင်းမို့ လင်းရန် အလွန် စိတ်လှုပ်ရှားနေ၏။ သူ့ မျက်လုံးများ တောက်ပနေပြီး ဦးတည်ရာကို ခေတ္တမျှ ဆုံးဖြတ်လိုက်ပြီးနောက် အနောက်ဘက် ကျောက်နံရံဆီသို့ လျင်မြန်စွာ ပြေးဝင်သွားလိုက်သည်။
အကယ်၍ ရေမရှိဘဲ ရီတျန်းရှောက်က ရေမျက်နှာပြင် အထက်မှ မြင်နိုင်ပါက လင်းရန် ဦးတည်နေသော ဦးတည်ရာမှာ နဂါးကန် ဘေးရှိ တောင်၏ အရှေ့ဘက် ချောက်ကမ်းပါး အတိအကျ ဖြစ်ကြောင်း သူ သိပေလိမ့်မည်။
‘နဂါးကျောက်စိမ်းတောင်...’
"ဟဲဟဲ... ဒီမှာပဲ တကယ် ရှိနေတာပဲ..."
လင်းရန် နဂါးကျောက်စိမ်းတောင်၏ ရေအောက် ချောက်ကမ်းပါးသို့ ချဉ်းကပ်သွားပြီး အချင်း နှစ်မီတာခန့် ရှိသော ဂူပေါက်တစ်ခုကို လျင်မြန်စွာ ရှာတွေ့သွားသည်။ ယင်းမှာ မှောင်မိုက်ပြီး နက်ရှိုင်းကာ အနက်ကို မသိနိုင်ပေ။
သွေးမိစ္ဆာနဂါးက ထိုနဂါးဂူ အတွင်း၌ ရှိနေလောက်မှန်း သူ သိသော်လည်း လင်းရန် မဆင်မခြင် ဝင်ရောက်ခြင်း မပြုပေ။ သူက ရွှေနဂါးလှံတံကို တစ်ဖန် ဆင့်ခေါ်လိုက်ပြီးနောက် နဂါးဟိန်းသံကို သုံးလိုက်သည်။
"အနီကြီး... ငါ ရောက်ပြီ..."
နဂါးဟိန်းသံက ငါးနဂါး ပုံရိပ်ယောင်ခြေလှမ်းကဲ့သို့ပင် ကုန်းပေါ်တွင် အသုံးပြုသည်ထက် ရေထဲတွင် အသုံးပြုပါက ပိုမို ထိရောက်ပေသည်။
လင်းရန် အော်ဟစ်လိုက်ပြီးနောက် ခဏအကြာမှာပင် ဂူထဲမှ ရေစီးကြောင်း တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ မကြာမီ အနီရောင် အလင်းတန်း တစ်ခု တောက်ပလာသည်ကို မြင်တွေ့လိုက်ရပြီး သွေးမိစ္ဆာနဂါး ဂူထဲမှ ပေါ်လာ၏။ သူ့ကို မြင်သောအခါ ယင်းက ချက်ချင်း ခေါင်းမော့ပြီး အမြီးယမ်းကာ ပြေးထွက်လာသည်။
သွေးမိစ္ဆာနဂါး နဂါးဂူထဲမှ ပြေးထွက်လာပြီး ကျယ်ဝန်းသော နဂါးကန်ထဲတွင် လင်းရန် ပတ်လည်၌ စက်ဝိုင်းပုံစံ လျင်မြန်စွာ ကူးခတ်လိုက်သည်။ ယင်း အလွန် စိတ်လှုပ်ရှားနေမှန်း သိသာလှပေသည်။
"သခင်... ကျွန်တော် သခင့်ကို ခေါ်သွားမယ်..."
နောက်ဆုံးတွင် သွေးမိစ္ဆာနဂါး လင်းရန် ဘေးတွင် ရပ်တန့်လိုက်ပြီး သူ့ထံသို့ စိတ်ဖြင့် ဆက်သွယ်လိုက်၏။
လင်းရန် သွေးမိစ္ဆာနဂါး နဂါးဂူထဲတွင် ရတနာများ တွေ့ရှိခဲ့ရမည် ဖြစ်မှန်း သိလိုက်သည်၊ ထို့ကြောင့် ယင်းက ထိုမျှ စိတ်လှုပ်ရှားနေခြင်း ဖြစ်ပေမည်။ သူ ခေါင်းညိတ်လိုက်ပြီး နဂါးကျောပေါ်သို့ တက်ကာ သွေးမိစ္ဆာနဂါး၏ ခေါင်းကြီးကို ညင်သာစွာ ပုတ်လိုက်သည်။
သွေးမိစ္ဆာနဂါးက အမြီးကို ယမ်းလိုက်ပြီး ကျောက်နံရံ နဂါးဂူထဲသို့ တစ်ဖန် တိုးဝင်သွားသည်။ ထို့နောက် ယင်းက ကွေ့ကောက်ကာ ကီလိုမီတာ နှစ်ကီလိုမီတာနီးပါး ကူးခတ်သွားပြီးနောက် သူတို့ရှေ့တွင် နောက်ထပ် ကြီးမားသော ဂူပေါက်တစ်ခု ပေါ်လာခဲ့သည်။ ယင်းသည် တစ်ဖန် စိတ်လှုပ်ရှားလာပုံရပြီး ရုတ်တရက် အရှိန်မြှင့်ကာ ရှေ့သို့ တိုးဝင်သွားသည်။
လင်းရန်၏ အမြင်အာရုံ ရုတ်တရက် ရှင်းလင်းသွား၏။
"သောက်ကျိုးနည်း... နဂါးနန်းတော်..."
ထိုနေရာကို နဂါးဂူဟု လုံးဝ မခေါ်နိုင်တော့ပေ၊ နဂါးဂူဟု ခေါ်လျှင် အလွန် နုံချာလွန်းပေမည်။ ယင်းကို နဂါးနန်းတော်ဟု ခေါ်ရမည် ဖြစ်၏။
ထိုနဂါးနန်းတော်က အလွန် မကြီးမားပေ။ ယင်း၏ ပုံသဏ္ဍာန်က မြေပြင်ပေါ်ရှိ ပြောင်းပြန်လှန်ထားသော အိုးတစ်လုံးနှင့် အလွန် တူသော်လည်း အနည်းငယ် ရှည်မျောမျော ဖြစ်ပြီး မီတာ သုံးရာ ရှည်လျားကာ မီတာ တစ်ရာကျော် ကျယ်ဝန်းသော ကျယ်ပြန့်သည့် နေရာ တစ်ခုပင်။
သို့သော် အရေးကြီးသည်မှာ အရွယ်အစား မဟုတ်ဘဲ အတွင်းရှိ အရာများ ဖြစ်၏။ ရတနာများ အလွန် များပြားလွန်းနေပေသည်။
အလင်းရောင်များက မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး အလွန် ထည်ဝါနေ၏။
လင်းရန်၏ မျက်လုံးထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ ရွှေနှင့် ငွေ တောင်ကြီး တစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် ယင်းက အလွန် ထင်ရှားသောကြောင့်ပင်။ ဂူပေါက်ကို တည့်တည့် မျက်နှာမူထားပြီး ရွှေရောင် တဖိတ်ဖိတ်နှင့် ငွေရောင် တလက်လက်ဖြင့် အလွန် မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ မရေမတွက်နိုင်သော ရွှေနှင့် ငွေတို့ကို အတူတကွ စုပုံထားပြီး အနည်းဆုံး အချင်းဝက်က တစ်ဆယ့်ငါးမီတာနှင့် အမြင့် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာ ရှိနေ၏။ ယင်းက အဓိကအားဖြင့် ရွှေချောင်းများ၊ ရွှေတုံးများနှင့် ရွှေခဲများဖြင့် ဖွဲ့စည်းထားပြီး ငွေနှင့် ငွေခဲများလည်း ရောနှောနေချေသည်။ အရေအတွက် များလွန်းသဖြင့် ရေတွက်ရန်ပင် မဖြစ်နိုင်ပါချေ။
"ဟဲဟဲ... ဒီတစ်ခါတော့ တကယ် ပွပေါက်တိုးပြီ..."
အခန်း ၁၅၄၁ ပြီး
***