လင်းရန် သွေးမိစ္ဆာနဂါး စိတ်ဓာတ်ကျနေသည့် အကြောင်းရင်းကို ကောင်းကောင်းသိပေသည်။ သူ သွေးမိစ္ဆာနဂါး ရှေ့တွင် ရပ်လိုက်ပြီး ရေကာနေရာက ခန္ဓာကိုယ် အများစုကို လွှမ်းခြုံသွားကာ နဂါးခေါင်းကို တည့်တည့် မျက်နှာမူလျက် ပြုံးလျက် ပြောလိုက်သည်။
"ဘာလို့လဲ သခင်..."
သွေးမိစ္ဆာနဂါး ချက်ချင်းပင် လင်းရန်၏ စိတ်ထဲသို့ အတွေးတစ်ခု ပေးပို့လိုက်သည်။
"ဘာလို့လဲဆိုတော့ လုံမိသားစု... အဲ... နဂါးတွေကို ဖမ်းရတာ ကြိုက်တဲ့ မိသားစုက ငါ နဂါးကန်ထဲ ဝင်သွားတာကို သိသွားပြီလေ... တစ်ရက်အတွင်းမှာ သူတို့ မိသားစုဝင်တွေ အများအပြား ဒီနဂါးနန်းတော်ကို စူးစမ်းလေ့လာဖို့ လာကြလိမ့်မယ်... သူတို့ မင်းကို ဒီမှာ ရှိနေသေးတာ တွေ့ရင် မင်းကို သေချာပေါက် ဖမ်းသွားကြမှာပဲ..."
"ဒါကြောင့် မင်းနဲ့ ရှောင်ဟေးရဲ့ လုံခြုံရေးကို ထည့်သွင်း စဉ်းစားပြီး မင်းတို့နှစ်ယောက် ဒီအချိန်ကစပြီး ပိုရန်ရေကန်မှာ လုံးဝ ပုန်းအောင်းလို့ မရတော့ဘူး... ငါ မင်းတို့အတွက် တခြား နေရာတစ်ခု ရှာပေးမယ်..."
သွေးမိစ္ဆာနဂါး လင်းရန် ပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီး ကြီးမားသော နဂါးခေါင်းကြီးဖြင့် နှစ်ကြိမ် ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် နားလည်ပါတယ် သခင်..."
"အရမ်း ကောင်းတယ်... ဒါဆို သွားကြစို့..."
စကားပြောပြီးနောက် လင်းရန် တစ်ဖန် နဂါးကျောပေါ်တွင် ရပ်လိုက်သည်။ သွေးမိစ္ဆာနဂါး သူ့ကို သယ်ဆောင်လျက် နဂါးနန်းတော်မှ လျင်မြန်စွာ ထွက်ခွာသွားပြီး နဂါးကန်သို့ ပြန်လည် ရောက်ရှိသွားကာ အပေါ်သို့ ပျံတက်သွား၏။
ခဏအကြာမှာပင် လူတစ်ယောက်နှင့် နဂါးတစ်ကောင်တို့ နဂါးကန်မှ ထွက်ပေါ်လာပြီး ပိုရန်ရေကန် အောက်ခြေသို့ ပြန်လည် ရောက်ရှိသွားကြသည်။
သို့သော် ဤတစ်ကြိမ်တွင် လင်းရန် ညွှန်ကြားချက်များ ပေးထားပြီး ဖြစ်သောကြောင့် သွေးမိစ္ဆာနဂါးက မည်သည့် လှုပ်ရှားမှုကိုမျှ မဖြစ်စေဘဲ ရေကန် အောက်ခြေလည်း အလွန် တည်ငြိမ်နေပေသည်။
လင်းရန် ရေကာပုလဲနှင့် ရွှေနဂါးလှံတံကို သိမ်းဆည်းထားပြီး ဖြစ်သည်။ သူ သွေးမိစ္ဆာနဂါးကို စိတ်ဖြင့် ဆက်သွယ်လိုက်၏။ "အရင်ဆုံး ရှောင်ဟေး... အဲဒီ နဂါးနက်လေးကို သွားရှာ... ပြီးတော့ သူ့ကို ခေါ်သွား... အဲဒီ ထူးဆန်းတဲ့ ရေပြင်ကို ရှောင်ကွင်းသွားဖို့ နည်းလမ်းရှာ... ပြီးတော့ ပိုရန်ရေကန် နဲ့ ရန်ကျိမြစ် ဆုံရာမှာ ငါ့ကို စောင့်နေ..."
"ပြဿနာ မရှိဘူးမလား..."
"စိတ်ချပါ သခင်... ကျွန်တော် အဲဒီ ထူးဆန်းတဲ့ ရေပြင်ကို ဖြတ်သန်းသွားဖို့ နည်းလမ်း ရှာလိုက်ပါမယ်..."
လင်းရန် ကျေနပ်စွာ ပြုံးလိုက်သည်။ မည်သို့ပင်ဆိုစေ ယင်းက နဂါးတစ်ကောင် ဖြစ်သည်၊ ရေထဲတွင် အန္တရာယ် ရှောင်ရှားရန် အခက်အခဲ မရှိနိုင်ပေ။ ထို့ကြောင့် သူ လုံးဝ စိုးရိမ်ခြင်း မရှိပေ။ သူ နဂါးခေါင်းကို ညင်သာစွာ ပုတ်လိုက်၏။ "ဒါဆို မင်း အရင် သွားနှင့်... ငါ မကြာခင် ရောက်လာမယ်..."
စကားပြောပြီးနောက် လင်းရန် ချက်ချင်းပင် နေရာရွှေ့ပြောင်းပြီး ရေထဲမှ ပစ်ထွက်သွားသည်။
ထိုအချိန်တွင် အပြင်ဘက် ကောင်းကင် လင်းထိန်နေပြီ ဖြစ်သည်။ ရီတျန်းရှောက်က သာမန်လူများ တွေ့ရှိမည်ကို စိုးရိမ်သဖြင့် ရေပေါ်တွင် ဆက်လက် မသွားရဲတော့ပေ။ ထိုအခိုက်အတန့်တွင် သူ နဂါးကျောက်စိမ်းတောင်ပေါ်ရှိ ရှန်းလုံစေတီ အောက်တွင် ပုန်းအောင်းနေပြီး စေတီကို အသုံးပြု၍ မိမိကိုယ်ကို ဖုံးကွယ်ထား၏။
ရီတျန်းရှောက်အပြင် ထိုနေရာတွင် နောက်တစ်ယောက် ရှိနေသည်။ ယင်းမှာ ရီရှင်းချန်မှလွဲ၍ အခြား မည်သူမျှ မဟုတ်ပေ။ သူမက လင်းရန် အပ်နှင်းခဲ့သော ကိစ္စများကို ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် စိတ်မအေးနိုင်သေးသဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။
ရေထဲတွင် ရှိနေစဉ် လင်းရန် သူတို့၏ ပုန်းအောင်းရာ နေရာကို သူ့ နတ်ဘုရားအာရုံဖြင့် ရှာဖွေတွေ့ရှိထားပြီး ဖြစ်သဖြင့် ရေထဲမှ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ် လက်ခနဲ ဖြစ်သွားကာ ထိုနှစ်ယောက် ဘေးတွင် ဆင်းသက်လိုက်သည်။
"မရီး... ကျွန်တော် ပြောမယ်... ခင်ဗျား အဲဒီကောင် လင်းရန်အတွက် လုံးဝ စိတ်ပူစရာ မလိုဘူး... နဂါးကန်ထဲက နဂါးကို သူ နှိမ်နင်းပြီးပြီ... သူ အဲဒီကို ရတနာတွေ လုယက်ဖို့ ဆင်းသွားတာ... ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး... သူ ထွက်လာရင် နဂါးကန်ထဲမှာ ဘာရတနာတွေ တွေ့ခဲ့လဲ ဆိုတာ သူ့ကို မေးရမယ်... 'တွေ့ရင် တစ်ဝက်စီ ခွဲ' ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ မဟုတ်လား... ကျွန်တော် သူ့အတွက် အလကား စောင့်ပေးနေရုံနဲ့တော့ မဖြစ်ဘူးလေ... အဲ..."
ရီတျန်းရှောက်က လက်ရှိတွင် ရီရှင်းချန်ကို တတွတ်တွတ် ပြောနေသောကြောင့် သူမ စိတ်အနှောင့်အယှက် ဖြစ်ကာ ကောင်းကင်နတ်ဆိုးအမွှာဓားကို သူ့အပေါ် အသုံးပြုလုနီးပါး ဖြစ်သွားသည်။ ထိုစဥ် သူတို့ မျက်စိရှေ့တွင် အရိပ်တစ်ခု ဝေဝါးသွားပြီး လင်းရန် ပေါ်လာ၏။
"တွေ့ရင် တစ်ဝက်စီ ခွဲ ဟုတ်လား... ဟုတ်တာပေါ့... ပြဿနာ မရှိဘူး... ဒါပေမဲ့ ... အောက်မှာ ဘာမှမရှိဘူး... ငါ နဂါးကန် အောက်ခြေမှာ နဂါးချီးပုံကြီး တစ်ပုံပဲ တွေ့ခဲ့တယ်... အနည်းဆုံး ကီလိုဂရမ် ထောင်ချီ ရှိတယ်... မင်း လိုချင်လား..."
လင်းရန် သူ ရရှိခဲ့သော အရာများကို ရီတျန်းရှောက်ကို သေချာပေါက် ပြောပြမည် မဟုတ်ဘဲ ပြုံးစိစိဖြင့် ပြောလိုက်သည်။
"နဂါး... နဂါးချီး ဟုတ်လား..."
ရီတျန်းရှောက် ကြောင်သွားသည်။ သူ ခေါင်းကုတ်လိုက်သည်။ "နဂါးတွေလည်း ချီးပါတာလား..."
"ပေါက်ကရတွေ... သူတို့က စားပဲ စားပြီး အညစ်အကြေး မစွန့်ရင် သူတို့က နဂါးတွေ မဟုတ်တော့ဘူး... ပိရှုးတွေပဲ ဖြစ်ရမယ်..." ( ဘာသာပြန်သူ အမှာစာ - ပိရှုးဆိုတာ ရတနာတွေ စားသုံးပြီး ဘယ်တော့မှ ပြန်မစွန့်ထုတ်တော့တဲ့အကောင်လေးပါ ။ တစ်ခါက ကောင်းကင်နန်းတော်မှ မစင်စွန့်မိခဲ့လို့ ကျောက်စိမ်းဧကရာဇ်က သူ့စအိုဝကို လက်နဲ့အုပ်ပြီး ဘယ်တော့မှ မစင်မစွန့်နိုင်အောင် လုပ်ပစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရွှေနဲ့ လက်ပတ်ကြိုးလုပ်ဝတ်တဲ့ အကောင်လေးက ပိရှုးပါ ။ ရတနာတွေကို ဝင်လာစေပြီး ပြန်မထွက်သွားစေဘူး ယုံကြည်ကြပါတယ်။ ကျွန်တော်ရဲ့ Myth Horizon youtude channel ထဲမှာလည်း အဲ့ဒီနတ်ဘုရားသားရဲတွေ အကြောင်းကို တင်ဆက်ပေးထားပါတယ်ဗျ )
လင်းရန် တစ်ဖက်လူကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီးနောက် ရီရှင်းချန်ကို ပြုံးလျက် ကြည့်လိုက်ကာ ညင်သာစွာ ပြောလိုက်သည်။ "ရှင်းချန်... ဘာလို့ ပြန်လာတာလဲ..."
"အင်း... ဒီအတိုင်း လာကြည့်တာ..."
ရီရှင်းချန်က ရီတျန်းရှောက် ရှေ့တွင် စကားများများ ပြောမည် မဟုတ်ပေ။
"ကောင်းပြီ... ဒါဆို သွားကြစို့..."
ထိုသို့ဖြင့် လင်းရန် အချိန်ထပ်မဖြုန်းတော့ပေ။ သူ ရီရှင်းချန်၏ လက်ကို ဆွဲလိုက်ပြီး ရေထဲသို့ ပြန်လည် ခုန်ဆင်းရန် ပြင်လိုက်၏။
"ခန... ခနလေး..."
ရီတျန်းရှောက် ချက်ချင်း စိုးရိမ်သွားသည်။ သူ လင်းရန်ကို အလျင်အမြန် တားလိုက်ပြီး မျက်လုံးပြူးလျက် မေးလိုက်သည်။ "မင်း သွားတော့မလို့လား..."
လင်းရန် ကူကယ်ရာမဲ့ ဖြစ်သွားဟန် သက်ပြင်းချလိုက်၏။ "မိစ္ဆာနှိမ်နင်းအစည်းအဝေး ပြီးသွားပြီ... လုံမိသားစုကိုလည်း ငါ မောင်းထုတ်လိုက်ပြီ... သွားတာကလွဲလို့ ဘာလုပ်လို့ ရဦးမှာလဲ... ဒီမှာ ရပ်ပြီး ရှုခင်း ကြည့်နေရမှာလား..."
ရီတျန်းရှောက် အံ့ဩစွာ ပြောလိုက်သည်။ "ဒါဆို... အဲဒီ နဂါးနီကရော..."
လင်းရန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ငါ မသိဘူး... ပျောက်သွားပြီ..."
"ဒါဆို မင်း နဂါးကန်ထဲမှာ တကယ် ရတနာ တစ်ခုမှ မတွေ့ခဲ့ဘူးလား..."
ရီတျန်းရှောက်၏ မျက်နှာတွင် သံသယများ ပြည့်နှက်နေပြီး လင်းရန် ပြောသည်ကို လုံးဝ မယုံကြည်ပေ။ သူ မကျေမနပ် ဖြစ်နေပြီး သူ့ မျက်လုံးများက လင်းရန်၏ ဘယ်ဘက် လက်ရှိ သိုလှောင်လက်စွပ်ဆီသို့ အဆက်မပြတ် ရောက်ရှိနေ၏။
"ငါ မင်းကို ပြောပြီးပြီ မဟုတ်လား... နဂါးချီးပုံကြီး တစ်ပုံကလွဲလို့ ဘာမှမတွေ့ခဲ့ဘူး... မင်း မယုံရင် ကိုယ်တိုင် ဆင်းပြီး စုံစမ်းလို့ ရတယ်... ဘာပဲဖြစ်ဖြစ် အထဲမှာလည်း နဂါးတွေမှ မရှိတော့တာ..."
ထိုတစ်ကြိမ်တွင်မူ လင်းရန်က ရီတျန်းရှောက်ကို လှည့်စားရန် အလှည့် ဖြစ်သည်။
ရီတျန်းရှောက်က သဘာဝကျစွာပင် ထောင်ချောက်ထဲ ဝင်မည် မဟုတ်ပေ။ သူ ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်သည်။ "ဒါဆို လင်းရန်... မင်း ငါ့ကို အကျိုးအမြတ် တချို့ ပေးရမယ်... မင်း ငါ့ကို ဒီအတိုင်း ပို့လို့ မရဘူး..."
အဆုံးတွင် ရီတျန်းရှောက် တောင်းပန်လုနီးပါး ဖြစ်လာသည်။ သူ ဘာမှ လုပ်၍ မရပေ၊ သူ လင်းရန်ကို အတော်ကြာအောင် ပူဆာနေတော့၏။ အကယ်၍ သူ လက်ဗလာဖြင့် ပြန်သွားပါက ရီတျန်းတု သူ့ကို သေလောက်အောင် လှောင်ရယ်မည် မဟုတ်လော။
လင်းရန် စိတ်ထဲ၌ ရယ်မောလိုက်သည်။ သူ တမင်တကာ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။ "ဒါဆို ပြော... မင်း ဘာလိုချင်လဲ..."
"သိုလှောင်လက်စွပ်..."
"မရှိဘူး..."
"နုပျိုထိန်းသိမ်းဆေးလုံးနဲ့ အလှတိုးဆေးလုံး..."
"အဲဒါတွေလည်း မရှိဘူး..."
ရီတျန်းရှောက် ချက်ချင်း မျက်လုံးလှန်ကြည့်လိုက်သည်။ "သောက်ကျိုးနည်း... မင်း ငါ့ကို အရင်က ရှိတယ်လို့ ပြောဖူးတယ်လေ... စိတ်မပူနဲ့... ငါ မယူဘူး... ငါ မင်းအစ်မကြီးကို ပေးမလို့..."
လင်းရန် ရယ်မောလုနီးပါး ဖြစ်သွားသည်။ "ငါ့အစ်မကြီးအတွက် ဟုတ်လား... မင်း ဘယ်လိုတောင် စဉ်းစားနိုင်တာလဲ... ငါ့အစ်မကြီးဆီမှာ နုပျိုထိန်းသိမ်းဆေးလုံးနဲ့ အလှတိုးဆေးလုံးတွေ ရှားပါးမယ်လို့ မင်း ထင်နေတာလား..."
ရီတျန်းရှောက် ချက်ချင်း ကြောင်အသွားသည်။
ထိုသို့ ပြောလိုက်သော်လည်း ရီတျန်းရှောက်၏ အမူအရာကို ကြည့်ရလျှင် သူ့ကို တစ်ခုခု မပေးပါက ထိုစွဲကပ်နေသော အနှောင့်အယှက်ကို ဖယ်ရှားရန် မဖြစ်နိုင်ပေ။
လင်းရန် ခဏတာ စဉ်းစားလိုက်ပြီးနောက် အလေးအနက်ထား ပြောလိုက်သည်။ "ဒီလို လုပ်ကြစို့... မင်းမှာ အကျိုးဆောင်အမှတ် ဘယ်လောက် ရှိလဲ... ဒါမှမဟုတ် ပိုက်ဆံလည်း ရတယ်... ငါ့ဆီ လွှဲပေး... လုံလောက်ရင် ငါ မင်းအတွက် နောက်ပိုင်း သိုလှောင်လက်စွပ် တစ်ကွင်း ထပ်သန့်စင်ပေးမယ်... အဲဒီ လက်စွပ်ထဲက နေရာလွတ်က ငါ ရီတျန်းတုကို ပေးခဲ့တဲ့ တစ်ကွင်းထက် ပိုကြီးမယ်လို့ ငါ အာမခံနိုင်တယ်..."
ရီတျန်းရှောက် ဒေါသထွက်သွားသည်။ "လင်းရန်... မင်း ငါ့ကို ခြိမ်းခြောက် ငွေညှစ်နေတာပဲ..."
လင်းရန် အလွန် တည့်တိုး ခေါင်းညိတ်လိုက်ပြီး ရီတျန်းရှောက် မှန်ကြောင်း ညွှန်ပြလိုက်သည်။ သူ လက်ကို မြှောက်လိုက်ပြီး ရီတျန်းရှောက်၏ ပခုံးကို ပုတ်လိုက်၏။ "ဒီမယ် ကိုယ့်လူ ... မင်း သေချာ စဉ်းစားလို့ ရတယ်... ငါ့ရဲ့ သိုလှောင်လက်စွပ်တွေက ကောင်းကင်အဖွဲ့မှာတောင် ဈေးနှုန်း သတ်မှတ်ထားတယ်... အကျိုးဆောင်အမှတ် သုံးသန်း တန်တယ်... ငါ မင်းကို သုံးပုံတစ်ပုံနဲ့ ရောင်းမယ်... အကျိုးဆောင်အမှတ် တစ်သန်းဆို ရပြီ..."
ရိုးရိုးသားသား ပြောရလျှင် ရီတျန်းရှောက်သာ အသိတရား ရှိပါက လင်းရန် နောက်ဆုံးတွင် သူ့ကို သိုလှောင်လက်စွပ် တစ်ကွင်း ပေးမည် ဖြစ်သည်။ သူက ရီတျန်းရှောက်ထံမှ ငွေအချို့ ညှစ်ထုတ်ရန် အခွင့်အရေး ယူနေခြင်းသာ ဖြစ်ပြီး ရီမိသားစုတွင် ငွေများများ ရှိသောကြောင့်ပင်။
သုံးမီတာ ပတ်လည် သိုလှောင်လက်စွပ်က ကောင်းကင်အဖွဲ့တွင် အကျိုးဆောင်အမှတ် သုံးသန်း တန်ပေသည်။ လင်းရန် ရီတျန်းရှောက်ကို တစ်သန်းသာ တောင်းနေခြင်း ဖြစ်၏။ အကယ်၍ သူ ရောင်းချပါက သူ နှစ်သန်း အမြတ်ရမည် ဖြစ်ပြီး ယင်းက ဘီလီယံ ခြောက်ဆယ် တန်ပေသည်။ ထိုအရောင်းအဝယ်က အမှန်တကယ်လည်း အရှုံးမရှိပေ။
သို့သော် ရီတျန်းရှောက်မှာ မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ ရိုးရိုးရှင်းရှင်း ရောင်း၍ မရသောကြောင့်ပင်။ အကယ်၍ သူ ရောင်းချပါက သူ့တွင် တစ်ကွင်းမှ ရှိတော့မည် မဟုတ်ပေ။ ရီတျန်းတုက သိုလှောင်လက်စွပ် တစ်ကွင်း အလကား ရရှိနေစဉ် သူက ဘာကြောင့် အကျိုးဆောင်အမှတ် တစ်သန်း ပေးရမည်နည်း။
ထိုအခိုက်အတန့်တွင် ရီတျန်းရှောက်၏ မုန်းတီးမှုက စကားလုံးများထက် ကျော်လွန်နေပြီး သူ လင်းရန်ကို အစိမ်းလိုက် ဝါးစားချင်စိတ်ပင် ဖြစ်လာမိ၏။
"ကောင်းပြီ... မင်း သဘောတူလား မတူဘူးလား... မလုပ်ရင် ငါ သွားပြီ..."
"တူတယ်..."
လင်းရန် တကယ် ထွက်ခွာတော့မည်ကို မြင်သောအခါ ရီတျန်းရှောက် အံကြိတ်ပြီး သဘောတူရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ သူ လင်းရန်ကို စားတော့မလို အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး နာကြည်းစွာ ပြောလိုက်သည်။ "မင်း ငါ့ကို ဘယ်တော့ ပေးမှာလဲ..."
လင်းရန် ခဏတာ စဉ်းစားဟန်ဆောင်လိုက်သည်။ "ငါ မြို့တော်ကို နောက်တစ်ခါ သွားတဲ့အခါ... အများဆုံး သုံးပတ်လောက် ကြာမယ်... ဘယ်လိုလဲ..."
"ကောင်းပြီ..."
ရီတျန်းရှောက် လင်းရန် သူ့ကို ခြိမ်းခြောက် ငွေညှစ်နေကြောင်း သိသော်လည်း သိုလှောင်လက်စွပ်အတွက် လက်ခံရုံသာ တတ်နိုင်တော့သည်။
"ဒါဆို ပိုက်ဆံ အမြန် လွှဲလိုက်..."
လင်းရန် ပြုံးစိစိဖြင့် ပြောလိုက်ပြီး ရီတျန်းရှောက်ကို နှစ်သိမ့်လိုက်သည်။ "ငါ ပြောမယ်... သိပ်ပြီး အံမကြိတ်နဲ့... မင်းက ဘီလီယံ ခြောက်ဆယ် အမြတ်ရနေတာ... ပိုက်ဆံ ရှုံးနေတာ မဟုတ်ဘူး... ပြီးတော့ ငါ သန့်စင်ပေးမယ့် သိုလှောင်လက်စွပ် အသစ်က ရီတျန်းတုရဲ့ တစ်ကွင်းထက် အနည်းဆုံး နှစ်ဆ နေရာ ပိုကျယ်မယ်... မင်း တကယ် အရှုံးမရှိဘူး...အိုကေနော်...."
လင်းရန် ထိုသို့ ပြောသည်ကို ကြားသောအခါ ရီတျန်းရှောက် စိတ်ထဲတွင် များစွာ မျှတသလို ခံစားလိုက်ရသည်။ သူ အလျင်အမြန် ပိုက်ဆံ လွှဲလိုက်ပြီး လင်းရန်ကို နှစ်များတစ်လျှောက် သူ စုဆောင်းခဲ့သော ကြွယ်ဝမှု အများစုကို ပေးလိုက်ရသည်။
အားလုံးမှာ ငွေသား ဖြစ်ပြီး ဘီလီယံ သုံးဆယ်တိတိပင်။
"အကောင်းဆုံးပဲ..."
လင်းရန် ပိုက်ဆံကို ယူလိုက်ပြီး ပြုံးစိစိဖြင့် ပြောလိုက်သည်။ "ငါ မင်းလို ပွင့်လင်းတဲ့ လူတွေနဲ့ စီးပွားရေး လုပ်ရတာ ကြိုက်တယ်..."
"သွားကြစို့..."
လင်းရန် ချက်ချင်းပင် ရီရှင်းချန် လက်ကို ဆွဲလိုက်ပြီး ရေထဲသို့ ထိုးဆင်းပျံသန်းကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။
"ဟမ့်... လင်းရန်... ငါ အခု မင်းကို မယှဥ်နိုင်ဘူး... ဒါပေမဲ့ အနာဂတ်မှာ ငါ မင်းအစ်မကြီးကို လက်ထပ်တဲ့အခါ မင်းကို တစ်နေ့ ရှစ်ကြိမ် မရိုက်ရင် ငါ ရီမျိုးနွယ် မဟုတ်တော့ဘူး..."
လင်းရန် သူ့ နတ်ဘုရားအာရုံ အတိုင်းအတာမှ လုံးဝ ပျောက်ကွယ်သွားပြီးနောက် ရီတျန်းရှောက် ခြေထောက်ကို ပြင်းပြင်းထန်ထန် ဆောင့်လိုက်ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ဝှစ်....
စိတ်ဖြေပြီးနောက် ရီတျန်းရှောက် မီတာ လေးထောင် အမြင့်သို့ ပျံတက်သွားပြီး ထွက်ခွာသွားတော့၏။
အခန်း ၁၅၄၃ ပြီး
***