“ခွန်ဖန်လေးက မဟာဧကရာဇ်ကို ဂါရဝပြုပါတယ်”
ဤစကားလုံးများ ထွက်ပေါ်လာသည့်အခါတွင် ရောက်ရှိနေသူ အားလုံးမှာ မှင်တက်သွားကြရသည်။
လေထုတစ်ခုလုံးမှာ လုံးဝကို အေးခဲသွားတော့သည်။
လူတိုင်း၏ မျက်နှာထက်တွင် တညီတညွတ်တည်းသော ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။
သူ ဒူးထောက်လိုက်ပြီ။
အစွမ်းထက်လှသော မဟာသူတော်စင် ခွန်ဖန်သည် အမှန်တကယ်ပင် ဒူးထောက်ချလိုက်ချေပြီ။
၎င်းကို မြင်လိုက်ရသောအခါ ရောက်ရှိနေသူ အားလုံး ကျောချမ်းသွားကြလေသည်။
သူတို့အားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ ယင်းကို သူတို့ မယုံကြည်နိုင်ပါ။
ဤမျှလောက်အထိ အထက်တန်းကျလှသော မဟာသူတော်စင် ခွန်ဖန်သည် ဤလူ၏ ရှေ့မှောက်တွင် အမှန်တကယ်ပင် ဒူးထောက်နေသည်တဲ့လား။
ထို့အပြင် မိမိကိုယ်ကိုယ် ခွန်ဖန်လေး ဟူ၍ပင် ခေါ်ဆိုလိုက်သေးသတဲ့လား။
*ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ခွန်ဖန်လေးတဲ့၊ တကယ့်ကို ရယ်စရာကောင်းလှတဲ့ နာမည်ပြောင်ပဲ*
မဟာသူတော်စင် ခွန်ဖန်နှင့် ကာလရှည်ကြာ သိကျွမ်းခဲ့ကြသော သူတော်စင် ဟုန်ထျန်းနှင့် အခြားသူများပင်လျှင် သူတို့၏ သူငယ်ချင်းတွင် ဤကဲ့သို့သော ရယ်စရာကောင်းသည့် အမည်ပြောင် ရှိနေမှန်း လုံးဝ မသိခဲ့ကြပါချေ။
သူတို့ ဆွံ့အသွားကြရသည်။
ဤမြင်ကွင်းကြောင့် ရောက်ရှိနေသူ အားလုံးမှာ အသက်ရှူရပ်မတတ် ထိတ်လန့်သွားကြရလေသည်။
“ဒီလို ထပ်ဖြစ်ပြန်ပြီ၊ ရွှံ့နွံနတ်ဘုရားတုန်းကလိုပဲ ဒူးထောက်နေရပြန်ပြီ”
ဤအခိုက်အတန့်တွင် ဝူမုဖန်သိုက်သည် နောက်ဆုံး၌ အမှန်တရားကို ထုတ်ဖော်ပြောကြားလိုက်တော့သည်။
ဝူမုထျန်းလျိုနှင့် အခြားသူများမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဝူမုဖန်သိုက် ပြောခဲ့သည့် အရာအားလုံးက အမှန်တရားတွေပင်။
ရွှံ့နွံနတ်ဘုရားကဲ့သို့သော အရှိန်အဝါရှိသူပင်လျှင် ဒူးထောက်ခဲ့ရသည်ဆိုတာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် အဖြစ်မှန်မှာ သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် ရှိနေသောကြောင့် ဖြစ်သည်။
မဟာသူတော်စင် ခွန်ဖန်သည် အမှန်တကယ်ပင် ဒူးထောက်ချလိုက်ချေပြီ။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘိုးဘေး ထျန်းဟယ်၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
သူ၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော်နေတော့သည်။
“ဒါ မဖြစ်နိုင်ဘူး ... ဒါ လုံးဝ မဖြစ်နိုင်ဘူး”
သူသည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏ အသံထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် နေတော့သည်။
ဤအချိန်တွင် သူသည်လည်း တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့ပြီ ဖြစ်ကာ သူ၏ နှလုံးသားထဲတွင် မကောင်းသော နိမိတ်တစ်ခုမှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် တိုးဝင်လာတော့သည်။
သူတင်မကဘဲ ကျန်ရှိနေသည့် မိစ္ဆာသူတော်စင် နှစ်ပါးပင်လျှင် မှင်တက်သွားကြပြီး အံ့အားသင့်စွာ မေးမြန်း လိုက်ကြသည်။
“အစ်ကိုကြီး ခွန်ဖန် ... သူ ... သူက တကယ်ပဲ ဘယ်သူလဲ”
“သူက တစ်မျိုးနွယ်စုလုံးကို ကယ်တင်ခဲ့တဲ့သူပဲ”
လုံဖာနှင့် ဟုန်ထျန်းတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားတော့သည်။ သူတို့၏ မျက်ဝန်းအိမ်များမှာ ထိတ်လန့်တုန်လှုပ်မှုများကြောင့် ပြူးကျယ်သွားကြပြီး နက်ရှိုင်းသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။
*တစ်မျိုးနွယ်စုလုံးကို ကယ်တင်ခဲ့တဲ့သူဆိုရင်... ဒါဆို သူက အသူရာ ဧကရာဇ် များလား*
“ဒါ မဖြစ်နိုင်ဘူး၊ အသူရာ ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားပြီလေ၊ သူက ဘယ်လိုလုပ် အသူရာ ဧကရာဇ် ဖြစ်နိုင်မှာလဲ”
သူတို့ လုံးဝ မယုံကြည်နိုင်ကြချေ။
သူတို့ မိစ္ဆာမျိုးနွယ်စုရဲ့ ဘိုးဘေးကြီးက အမှန်တကယ် ပြန်လည် ရောက်ရှိလာလေပြီ။
*အသူရာ ဧကရာဇ်*
၎င်းကို ကြားလိုက်ရသောအခါ ဝူမုရှီးနှင့် အခြားသူများမှာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားပြီး ကြောက်ရွံ့လွန်းသဖြင့် တဆတ်ဆတ် တုန်ယင်နေကြတော့သည်။
*သူတို့ရှေ့မှာ ရှိနေတဲ့ ဒီလူက အသူရာ ဧကရာဇ်တဲ့လား*
*ဒါ ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဝူမုဖန်သိုက်ပင်လျှင် မှင်တက်သွားရလေ၏။
ဒီလူက ... အသူရာ ဧကရာဇ်တဲ့လား*
*ဒါက တကယ်ရော ဖြစ်နိုင်ပါ့မလား*
*ဒီလူက အသူရာ ဧကရာဇ်ရဲ့ ဆက်ခံသူ မဟုတ်ဘဲ အသူရာ ဧကရာဇ် ကိုယ်တိုင် ဖြစ်နေတာလား*
*ဘယ်လိုတောင် ရယ်စရာ ကောင်းလိုက်သလဲ*
ဝူမုဖန်သိုက်သည် ယဲ့ဖန်ကို အတော်လေး အထင်ကြီးထားပြီးပြီဟု ထင်မှတ်ခဲ့သော်လည်း ယဲ့ဖန်၏ ထူးခြား ဆန်းပြားသော စွမ်းပကားများမှာ သူမ၏ စိတ်ကူးစိတ်သန်းများကိုပင် ကျော်လွန်နေလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့မိပါ။
ဤအခိုက်အတန့်တွင် သူမသည် အိပ်မက်မှ နိုးထလာသူတစ်ဦးကဲ့သို့ နောက်ဆုံး၌ အမှန်တရားကို သဘောပေါက် သွားခဲ့ပြီ။
မှန်ပါသည်။ ရေတွက်၍မရနိုင်သော နှစ်ထောင်ပေါင်းများစွာ တစ်လျှောက် မည်သူ တစ်ဦးတစ်ယောက်မျှ အသူရာ ဧကရာဇ်၏ တာအိုကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ပါချေ။
သူကိုယ်တိုင်သာ အသူရာ ဧကရာဇ် မဟုတ်ခဲ့လျှင်ပေါ့။
“ဝုန်း”
ရုတ်တရက်ဆိုသလို ယဲ့ဖန်၏ ခန္ဓာကိုယ်ထက်တွင် ထူးခြားဆန်းပြားလှသော ဖြစ်စဉ် တစ်ခု ထွက်ပေါ် လာတော့သည်။
ယဲ့ဖန်၏ ထိုထူးခြားလှသော ဖြစ်စဉ်ကို မြင်လိုက်ရသည့် ခဏမှာပင် ရောက်ရှိနေသူ အားလုံးမှာ တပြိုင်နက်တည်း အသက်ရှူ ရပ်မတတ် မှင်တက်သွားကြရသည်။
ရှေးဟောင်းကာလမှ မသေမျိုး ပန်းတစ်ပွင့်၏ ဖြစ်စဉ်ပါတကား။
တစ်ဖက်လူသည် တကယ်ပင် အသူရာ ဧကရာဇ် ဖြစ်လေတော့သည်။
တစ်ကွင်းလုံးရှိ လေထုကြီးမှာ လုံးဝကို ပေါက်ကွဲထွက်သွားတော့သည်။
“ဘုန်း”
ချက်ချင်းဆိုသလိုပင် မဟာသူတော်စင် သုံးပါးလုံး တပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြပြီး ကြွေးကြော် နှုတ်ဆက် လိုက်ကြသည်။
“မဟာဧကရာဇ်ကို... ဂါရဝပြုပါတယ်”
သူတို့၏ မျက်နှာထက်တွင် ကြည်ညိုလေးစားမှုများ အပြည့်ရှိနေသလို သူတို့၏ မျက်ဝန်းများမှာလည်း အလွန် အမင်း စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတော့သည်။
သူတို့ မည်မျှအထိ စိတ်လှုပ်ရှားနေကြသလဲဆိုသည်မှာ ဖော်ပြရန်ပင် မစွမ်းသာတော့ပေ။
မိစ္ဆာမျိုးနွယ်စုဝင်များ၏ အမြင်တွင် ဤမဟာသူတော်စင်များမှာ အလွန်မြင့်မြတ်လှသော သူတော်စင်ကြီးများ ဖြစ်ကြပြီး လူအပေါင်းတို့ ကိုးကွယ်ရာ ရှေးဟောင်းနတ်ဘုရားများပင် ဖြစ်ကြသည်။
သို့သော်လည်း ထိုသူတော်စင်ကြီးများ၏ အမြင်တွင်မူ ယဲ့ဖန်သည်လည်း ထိုကဲ့သို့ပင် ဖြစ်နေတော့သည်။
ယဲ့ဖန်သည် သူတော်စင်များထက်ပင် သာလွန်သော သူတော်စင်တို့၏ သူတော်စင်ကြီး ပါတကား။
မိစ္ဆာမျိုးနွယ်စုတို့၏ ဘိုးဘေးကြီး။
သူတို့၏ မိစ္ဆာဘိုးဘေးကြီး ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။
မိစ္ဆာမျိုးနွယ်စုကြီးမှာ ပြန်လည်၍ အထွတ်အထိပ်သို့ ရောက်ရှိတော့မည် မဟုတ်ပါလား။
ဤအခိုက်အတန့်တွင် ကျိုးပြတ်တိမ်တိုက် ကောင်းကင်မြစ်မှ လူများမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် မှင်တက် သွားကြပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားကာ မျက်နှာများမှာလည်း ပြာနှမ်းသွားတော့သည်။
အားလုံး ပြီးဆုံးသွားလေပြီ။
သူတို့ စော်ကားမိခဲ့သူ၊ သူတို့ ဒေါသထွက်အောင် လုပ်မိခဲ့သူမှာ တခြားသူမဟုတ်ဘဲ အသူရာ ဧကရာဇ် ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။
သူတို့၏ မိစ္ဆာဘိုးဘေးကြီးပါတကား။
ဘိုးဘေး ထျန်းဟယ်သည်လည်း အေးခဲသွားပြီး သူ၏ မျက်နှာအမူအရာမှာ လုံးဝ ဆွံ့အသွားကာ လက်ဖျား ခြေဖျားပင် မလှုပ်ရှားနိုင်တော့ပါချေ။
အဘယ်ကြောင့် ကောင်းကင်မြစ် အစီအရင် ကျရှုံးသွားရသလဲဆိုသည်ကို သူ နောက်ဆုံးတွင် နားလည် သွားခဲ့လေပြီ။ ထိုအစီအရင်၏ စစ်မှန်သော အရှင်သခင်မှာ သူတို့ရှေ့မှောက်ရှိ ဤလူသား ဖြစ်နေသောကြောင့်ပင်။
မိစ္ဆာဘိုးဘေးကြီး၊ အသူရာ ဧကရာဇ်သည် တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာခဲ့ချေပြီ။
ထိုမျှမက သူတို့သည် ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်နှင့်ပင် ရင်ဆိုင် တိုက်ခိုက်မိကြသေးသည်။ ဤအကြောင်းကို ကြားလိုက်ရုံမျှဖြင့် မည်သူမဆို အစွန်းကုန် အားကိုးရာမဲ့သွားစေရန် လုံလောက်လှပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ မျက်နှာများမှာ ပြာနှမ်းသွားတော့သည်။ သူတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ဝူမုထျန်းလျိုမှာမူ ဆီးနှင်းရိုက်ခံလိုက်ရသည့် ခရမ်းသီးတစ်လုံးကဲ့သို့ပင် ချက်ချင်းဆိုသလို ညှိုးနွမ်းသွားတော့သည်။
ဝူမုထျန်းလျိုသည် ဘုန်းခနဲ မြေပေါ်သို့ ဒူးထောက်ကျသွားပြီး မျက်နှာမှာ ပြာနှမ်းကာ စကားတစ်ခွန်းပင် မဟနိုင်တော့ပါချေ။
သူသည် မိမိ၏ နိဂုံးကို ကြိုတင်မြင်တွေ့နေရပြီ ဖြစ်သည်။
မိစ္ဆာဘိုးဘေးကြီးကို စော်ကားမိခြင်းသည် မိစ္ဆာမျိုးနွယ်စု တစ်ခုလုံး၏ ရန်သူ ဖြစ်သွားခြင်းပင်။
မိစ္ဆာမျိုးနွယ်စုအတွင်း မိစ္ဆာဘိုးဘေးကြီး၏ အဆင့်အတန်းမှာ မည်မျှအထိ မြင့်မြတ်သနည်း ဆိုသည်ကို မည်သူမျှပင် မှန်းဆ၍ မရနိုင်ပါချေ။
မိစ္ဆာဘိုးဘေးကြီးကြောင့်သာ မိစ္ဆာမျိုးနွယ်စုမှာ ရှင်သန်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာဘိုးဘေးကြီးကြောင့်သာ မိစ္ဆာမျိုးနွယ်စုမှာ အောင်မြင်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာမျိုးနွယ်စုအတွက်မူ မိစ္ဆာဘိုးဘေးကြီးသည် အရာအားလုံးပင် ဖြစ်သည်။
သူ သေရတော့မည်။
သူနှင့်အတူ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ် မျိုးနွယ်စု တစ်ခုလုံးပါ အသေခံရပေလိမ့်မည်
ဝူမုဖန်သိုက်မှာမူ မျက်နှာတွင် သွေးမရှိတော့ဘဲ ဖြူလျော်နေကာ၊ အံ့သြလွန်းသဖြင့် ပါးစပ်ကြီး အဟောင်းသား ဖြစ်လျက် စကားတစ်ခွန်းပင် မပြောနိုင်တော့ပါချေ။
သူမရှေ့မှောက်ရှိ ဤလူမှာ အမှန်တကယ်ပင် အသူရာ ဧကရာဇ် ဖြစ်နေသည်တဲ့လား။
သူမသည် တစ်ချိန်က အသူရာ ဧကရာဇ်၏ မဟာမိတ်တစ်ဦး ဖြစ်ခဲ့ဖူးသည်လား။
ဒါဟာ လူအများအပြား အိပ်မက်မက်ခဲ့ကြသော်လည်း ဘယ်သောအခါမျှ မအောင်မြင်နိုင်ခဲ့သည့် အခွင့်အရေးမျိုး မဟုတ်ပါလား။
ဤအခိုက်အတန့်တွင် ဝူမုဖန်သိုက်သည် သူမ၏ ခံစားချက်များကို မည်သို့ဖော်ပြရမှန်းပင် မသိတော့ပါချေ။ မိစ္ဆာမျိုးနွယ်စု တစ်ရပ်လုံး၏ အစောင့်အရှောက် နတ်ဘုရား နှင့်အတူ သူမ ခရီးသွားခဲ့ဖူးသည် မဟုတ်ပါလား။
“မင်းတို့ မိစ္ဆာမျိုးနွယ်စုတွေက ဘယ်တုန်းက ဒီလောက်တောင် မောက်မာသွားကြတာလဲ၊ ငါ့ပစ္စည်းကို ငါ ပြန်ယူတာတောင် မပေးချင်ကြဘူးလား၊ ဘာလဲ ... ငါ့ရဲ့ မသေမျိုး ပန်းက မင်းတို့ မိစ္ဆာမျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီလား”
ယဲ့ဖန်က အလွန်အမင်း ရန်လိုသော လေသံဖြင့် လှောင်ပြောင် မေးမြန်းလိုက်သည်။
“လုံးဝ မဟုတ်ပါဘူးခင်ဗျာ”
ချက်ချင်းဆိုသလိုပင် မဟာသူတော်စင် ခွန်ဖန်နှင့် အခြားသူများမှာ တဆတ်ဆတ် တုန်ရင်သွားကြပြီး၊ သူတို့၏ နဖူးပေါ်မှ အေးစက်သော ချွေးစက်များမှာလည်း တစက်စက် စီးကျလာတော့သည်။
ထိတ်လန့် တုန်လှုပ်နေကြခြင်းပင်။
အသူရာ ဧကရာဇ် ဒေါသထွက်သွားချေပြီ။ သူ၏ ပြင်းထန်လှသော အရှိန်အဝါအောက်တွင် သက်ရှိသတ္တဝါ အားလုံးမှာ ပုရွက်ဆိတ်များကဲ့သို့ပင် ဖြစ်ပြီး သူ၏ လက်ညှိုးတစ်ချက် လှုပ်လိုက်ရုံဖြင့် အလွယ်တကူ အမှုန့် ခြေပစ်နိုင်သည် မဟုတ်ပါလား။
“တစ်ချိန်က ငါ မင်းတို့ကို ကယ်တင်ခဲ့တယ်”
“အခုလဲ ငါ မင်းတို့ကို ပြန်ပြီး ဖျက်ဆီးပစ်နိုင်တယ်”
မဟာသူတော်စင် ခွန်ဖန်နှင့် ကျန်ရှိနေသော မဟာသူတော်စင် နှစ်ပါးတို့မှာ ဦးရေပြားများပင် စိမ့်တက် သွားကြသည်။
၎င်းတို့၏ စိတ်အာရုံများမှာ လုံးဝကို ဗလာဖြစ်သွားတော့သည်။
“မဟာဧကရာဇ် ... ကျေးဇူးပြုပြီး ဒေါသကို လျှော့ပါဦးခင်ဗျာ”
သူတို့ သေမတတ် ထိတ်လန့်သွားကြချေပြီ။
အကယ်၍ ယဲ့ဖန်ကသာ မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးရန် အမှန်တကယ် ဆုံးဖြတ်လိုက်ပါက မိစ္ဆာမျိုးနွယ်စု အတွက်မူ ရှင်သန်နိုင်ရန် မည်သည့်အခွင့်အရေးမျှ ရှိတော့မည် မဟုတ်ပါချေ။
ထိုလူ၏ စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းမှုမှာ တိုင်းတာ၍ပင် မရနိုင်သောကြောင့်ပင်။
“ထျန်းဟဲ ... မင်း ဘယ်လောက်တောင် ရဲတင်းလို့ မဟာဧကရာဇ်ကို စော်ကားရဲတာလဲ”
မဟာသူတော်စင် ခွန်ဖန်သည် ဘိုးဘေး ထျန်းဟယ်ကို မလိုမုန်းထားသော အကြည့်များဖြင့် ချက်ချင်း စိုက်ကြည့် လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေတော့သည်။
ဘိုးဘေး ထျန်းဟဲသည် မြေပေါ်သို့ ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေသည်။
“ထျန်းဟယ် အမှားကို သိပါပြီ၊ ထျန်းဟယ် အမှားကို ဝန်ခံပါတယ်”
“သူ့ကို သတ်လိုက်”
ယဲ့ဖန်က မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် အေးစက်စွာ ပြောလိုက်သည်။
ဘိုးဘေး ထျန်းဟယ်၏ မျက်နှာအမူအရာမှာ အေးခဲသွားတော့သည်။ ယဲ့ဖန်သည် ဤမျှအထိ ရက်စက် ကြမ်းကြုတ် ကာ သနားညှာတာမှု ကင်းမဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါချေ။ မည်သို့မျှ တွန့်ဆုတ်နေခြင်း မရှိဘဲ သူ၏ အသက်ကို တန်းယူရန် ပြောလိုက်သည် မဟုတ်ပါလား။
ညှိနှိုင်းရန် အခွင့်အရေးလေး တစ်ခုပင် သူ့အား မပေးခဲ့ပါချေ။
ထို့နောက်တွင် မဟာသူတော်စင် ခွန်ဖန်သည် ဘိုးဘေး ထျန်းဟယ်ကို မလိုမုန်းထားသော အကြည့်များဖြင့် စိုက်ကြည့် လိုက်တော့သည်။
“မဟာဧကရာဇ်... အသက်ချမ်းသာခွင့် ပေးပါဦး၊ ဒါ အရှင်မှန်း ကျွန်တော်မျိုး မသိခဲ့လို့ပါ၊ ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေးလေး တစ်ခုလောက် ပေးသနားတော်မူပါ”
ဘိုးဘေး ထျန်းဟဲသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရင်လျက် ယဲ့ဖန်ကို အကြိမ်ကြိမ် ဦးတိုက်ကာ တောင်းပန်နေတော့သည်။
သူ မသေချင်သေးပါ။
ဤအခိုက်အတန့်တွင် သူ၏ မျက်နှာထက်၌ မျက်ရည်များမှာ တရစပ် စီးကျနေတော့သည်။
မိမိတို့၏ မိစ္ဆာဘိုးဘေးကြီးကိုမှ သွားရောက် စော်ကားမိရအောင် သူ ဘာကြောင့် ဤမျှအထိ ကံဆိုးနေရသလဲ ဆိုသည်ကို သူ နားမလည်နိုင်တော့ပါချေ။
တကယ့်ကို ကံဆိုးလွန်းလှသည်။
သို့သော်လည်း ယဲ့ဖန်ကမူ သူ့ကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“မင်းကို ငါ မသတ်ရင် ... လူအများကို ငါ အမိန့်ပေးလို့ ရတော့မှာ မဟုတ်ဘူး”
ဧကရာဇ်၏ ဂုဏ်ဒြပ်ကို စော်ကား၍ မရပါ။ စော်ကားသောသူသည် သေရမည်သာ။
ထိုစဉ်မှာပင် သွေးများ ပန်းထွက်သွားပြီး မဟာသူတော်စင် ခွန်ဖန်သည် ဘိုးဘေး ထျန်းဟယ်၏ နောက်ကျော ဘက်တွင် အေးစက်ကာ ရက်စက်သော မျက်ဝန်းများဖြင့် ရုတ်တရက် ပေါ်လာတော့သည်။
သူသည် ထျန်းဟယ် ဦးခေါင်းကို ချက်ချင်းပင် ဆွဲဖြတ်လိုက်တော့သည်။
လည်ပင်းညှစ် သတ်ဖြတ်ခြင်းပင်။
“အား...”
ရုတ်တရက်ဆိုသလိုပင် သည်းထိတ်ရင်ဖိုစရာ အော်ဟစ်သံကြီး တစ်ခုမှာ ဟိန်းထွက်လာတော့သည်။
အလွန်ပင် နားကွဲမတတ် စူးရှလှပေသည်။
ဘိုးဘေး ထျန်းဟယ်၏ ကမ္ဘာဦး ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ လွတ်မြောက်သွားပြီး ယဲ့ဖန်၏ လက်တွင်းမှ လွတ်ကင်းစေရန် အဝေးသို့ အရှိန်အဟုန်ဖြင့် ထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော် ယဲ့ဖန်က သရော်ဟန် ပြုလိုက်ပြီး နဂါးကိုးကောင် မီးလင်းဖိုကို ကို ရိုက်ခတ်လိုက်သည်။ အိုးတော်ကြီးမှာ တုန်ခါသွားပြီး မြည်ဟီးသံကြီးမှာ ဟိုဟိုဒီဒီ ပဲ့တင်ထပ်သွားတော့သည်။
နဂါးကိုးကောင်မှာ တစ်ပြိုင်နက်တည်း ပျံတက်လာကြပြီး တစ်ကွင်းလုံးကို လွှမ်းခြုံကာ ဘိုးဘေး ထျန်းဟယ် ၏ ဝိညာဉ် ဦးခေါင်းကို အပိုင်းပိုင်းအစိပ်စိပ် ဆွဲဖြတ်ပစ်လိုက်တော့သည်။
မိစ္ဆာသူတော်စင် တစ်ပါး ... မျိုးဆက်တစ်ခု၏ အရှိန်အဝါတို့နှင့်အတူ ကျဆုံးသွားလေပြီ။
၎င်းကို မြင်လိုက်ရသောအခါ ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်မှ မိစ္ဆာများမှာ အစွန်းကုန် အားကိုးရာ မဲ့သွားကြသည်။
ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်၏ တစ်ဦးတည်းသော မိစ္ဆာသူတော်စင်ကြီး သေဆုံးသွားခဲ့ချေပြီ။
ယခုအချိန်မှစ၍ သူတို့ ရှင်သန်ခွင့်ရခဲ့လျှင်တောင်မှ မျိုးနွယ်စုကြီးမှာ မလွဲမသွေ ဆုတ်ယုတ်ပျက်စီးသွားတော့မည် ဖြစ်သည်။
၎င်းကို မြင်လိုက်ရသော ဝူမုရှီးမှာမူ နေရာတင်ပင် မေ့လဲလုနီးပါး ဖြစ်သွားတော့သည်။
ဝူမုထျန်းလျို၏ ကုန်းချောစကားများကို နားယောင်မိခဲ့ကြသည့်အတွက် ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ် မျိုးနွယ်စုမှာ အဆုံးသတ်သွားခဲ့ရချေပြီ
ထို့နောက်တွင် ယဲ့ဖန်က ဝူမုထျန်းလျိုနှင့် အခြားသူများကို ကြည့်လေသည်။
“အဲဒီအမျိုးသမီးကလွဲလို့ ကျန်တဲ့သူအားလုံးကို သတ်ပစ်လိုက်”
သူ အမိန့်ပေးလိုက်တော့သည်။
၎င်းကို ကြားလိုက်ရသည့်အခါ ဝူမုထျန်းလျိုနှင့် အခြားသူများမှာ အစွန်းကုန် အားကိုးရာမဲ့စွာဖြင့် အော်ဟစ် လိုက်ကြတော့သည်။
သူတို့သည် တစ်ဦးပြီးတစ်ဦး ယဲ့ဖန်၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ကြပြီး နှလုံးသားများမှာလည်း ကြောက်ရွံ့မှု များကြောင့် တုန်ရင်နေတော့သည်။
“ဖန်သိုက် ... ငါတို့အတွက် အသနားခံပေးပါဦး၊ ငါတို့ မသေချင်သေးဘူး”
“ဒါတွေအားလုံးက နင့်အစ်ကိုရဲ့ အပြစ်တွေပါ၊ သတ်မယ်ဆိုရင် သူ့ကိုပဲ သတ်ခိုင်းပါ”
သို့သော် ဝူမုဖန်သိုက်စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယဲ့ဖန်က သူ၏လက်ကို အေးစက်စွာ ဝှေ့ယမ်းလိုက်ပြီး သတိပေးလိုက်သည်။
“ငါပြောခဲ့တဲ့ စကားကို မမေ့နဲ့ဦး”
ဝူမုဖန်သိုက်မှာ မှင်တက်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိတော့သည်။
ယဲ့ဖန်ကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးက သူမကို ကတိတစ်ခု ပေးထားသည်ကိုပင် ကျေးဇူးတင်သင့်လှပေပြီ။ သူမ၏ လူမျိုးနွယ်စုဝင်များမှာသာ မောက်မာလွန်းပြီး သတိပေးချက်ကို နားမထောင်ခဲ့ကြခြင်း ဖြစ်ရာ အခုအချိန်မှာ ဘယ်သူ့ကို အပြစ်တင်နိုင်ပါတော့မည်နည်း။
ယဲ့ဖန်အနေဖြင့် အကြိမ်ကြိမ်အခါခါ သနားညှာတာမှု ပြနေလိမ့်မည်လား။
ထို့နောက် ဝူမုဖန်သိုက်က သူမ၏ လူမျိုးနွယ်စုဝင်များကို ကြည့်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး ... ငါ နင်တို့ကို သတိပေးခဲ့သားပဲ၊ ဒါပေမဲ့ အခုတော့ အရမ်း နောက်ကျသွားပါပြီ”
အကယ်၍သာ သူတို့သည် သူမ၏စကားကို အစောကြီးကတည်းက နားထောင်ခဲ့ကြပါမူ အခြေအနေများမှာ ပြောင်းလဲသွားနိုင်သော်လည်း ယခုမူ အရာအားလုံးမှာ အချိန်နှောင်းသွားခဲ့လေပြီ။
ယင်းကို ကြားလိုက်ရသောအခါ ဝူမုရှီးနှင့် အခြားသူများ၏ မျက်နှာမှာ လုံးဝကို ပြာနှမ်းသွားတော့သည်။
ဝူမုထျန်းလျိုမှာမူ မိန်းမငယ်တစ်ဦးကဲ့သို့ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။ သူ၏ မျက်နှာထက်တွင် အစွန်းကုန် ထိတ်လန့်မှုများနှင့်အတူ နောင်တတရားများမှာလည်း လွှမ်းခြုံနေတော့သည်။
ဤ မိစ္ဆာနှင့် တွေ့ဆုံမိခြင်းမှာ သူ၏ ဘဝတစ်ခုလုံးတွင် အဆိုးဝါးဆုံး အမှားကြီးတစ်ခု ဖြစ်ခဲ့ချေပြီ။
“အား... အား...”
ချက်ချင်းဆိုသလိုပင် အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာတော့သည်။
မိစ္ဆာများမှာ သွေးအိုင်များထဲသို့ တစ်ဦးပြီးတစ်ဦး လဲကျသွားကြတော့သည်။ မဟာသူတော်စင် သုံးပါးလုံးမှာ သွေးဆာ နေသော သူရူးများကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက်ကို ရက်စက်စွာ သတ်ဖြတ်နေကြတော့သည်။
ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်း။
ကျိုးပြတ် တိမ်တိုက် ကောင်းကင်မြစ်မှ လူအားလုံး သေရမည်သာ။
မိစ္ဆာ ဘိုးဘေးကြီးကို ဆန့်ကျင်ရဲသူ မည်သူမဆို အကြိမ်ပေါင်း တစ်သောင်းမက သေထိုက်ပေသည်။ မည်သူ့ကိုမှ ပြောပြနေစရာပင် မလိုဘဲ လူတိုင်းကလည်း သူတို့ကို သနားကြမည် မဟုတ်ပါချေ။
သူတို့အားလုံး သေထိုက်သည်။
မဟာသူတော်စင် ခွန်ဖန်နှင့် အခြားသူများ၏ အကြည့်များမှာ ပြင်းထန်လွန်းလှပြီး ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေတော့သည်။
ထိုအခိုက်အတန့်တွင် သူတို့၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။
၎င်းမှာ အသူရာ ဧကရာဇ်၏ အရှိန်အဝါကို သက်သေပြရန်ပင်။
သူ၏ အဆင့်အတန်းကို စိန်ခေါ်ရဲသည့် ထိုပိုးမွှားကောင် အားလုံးကို သတ်ပစ်ရန်သာ ဖြစ်သည်။
သူတို့၏ မျက်လုံးထဲတွင်မူ အသူရာ ဧကရာဇ်သည် နတ်ဘုရားကဲ့သို့သော တည်ရှိမှုမျိုးဖြစ်ရာ မည်သူမျှပင် ရမ်းကား ရဲခြင်း မရှိကြပါချေ။ သို့သော်လည်း ဤပုရွက်ဆိတ်များကမူ သူ့ကို ဒေါသထွက်အောင် လုပ်မိခဲ့ကြလေပြီ။ ၎င်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းပင် မဟုတ်ပါလား။
“ငါ နောင်တရတယ်”
မိမိ၏ အမျိုးအနွယ်များ သွေးအိုင်ထဲတွင် တစ်ဦးပြီးတစ်ဦး လဲကျနေသည်ကို မြင်လိုက်ရသောအခါ ဝူမုရှီးသည် ဝမ်းနည်းကြေကွဲစွာဖြင့် အော်ဟစ်လိုက်တော့သည်။
မည်သို့ပင်ဖြစ်စေကာမူ သူ၏ ကံကြမ္မာကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိတော့ပါချေ။
“ရွှစ်”
သူ၏ ဦးခေါင်းမှာ ပြတ်ထွက်သွားခဲ့ချေပြီ။ သွေးများမှာလည်း ပန်းထွက်လာတော့သည်။
ဝူမုဖန်သိုက်မှာမူ သူမ၏ ဦးခေါင်းကို တစ်ဖက်သို့ လွှဲလိုက်ပြီး ဆက်၍ မကြည့်ရက်နိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။
စာစဉ် ၁၁၉ ပြီးပါပြီ။
***