အစပိုင်းတွင် ချင်စန်း သံသယ ဝင်ခဲ့သော်လည်း ယုဟွာထံမှ ရရှိသော သတင်းအချက်အလက်များက အကြိမ်ကြိမ် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ ထိုထောက်လှမ်းရေး သတင်းများကို အသုံးပြု၍ တာအိုရောင်းရင်း ကျိုးဖောင်ကို ခြုံခိုတိုက်ခိုက်ကာ သူ့ရွှေအမြူတေအား သိမ်းပိုက်နိုင်ခဲ့သည် မဟုတ်ပါလား။
ယုဟွာတွင် ကွေ့ယင်ဂိုဏ်းအတွင်း မြင့်မားသော အဆင့်အတန်း တစ်ခုခု လျှို့ဝှက် ရှိနေနိုင်ပြီး ထို့ကြောင့်သာ တာအိုရောင်းရင်း ကျိုးဖောင်အကြောင်း ဤမျှ နက်နက်ရှိုင်းရှိုင်း သိနေခြင်း ဖြစ်မည်ဟု သူ သံသယ ဝင်ခဲ့ဖူးသည်။
ထိုအချိန်က ယုဟွာ၏ မူလဝိညာဉ်မှာ ကောင်းကင်အလောင်းကောင် တာအိုအဆောင်ဖြင့် ချိပ်ပိတ်နှိပ် ခံထားရပြီးပြီ ဖြစ်သလို ကွေ့ယင်ဂိုဏ်း ရွှေအမြူတေအဆင့် ဂိုဏ်းအကြီးအကဲ သုံးဦးလုံးလည်း သေဆုံးကုန်ကြပြီ ဖြစ်ရာ အတည်ပြုပေးမည့်သူ တစ်ယောက်မှ မကျန်တော့ပေ။
ယခု ပြန်စဉ်းစားကြည့်လျှင် ထိုအရာအားလုံး ယွီထျန်းရီကြောင့် ဖြစ်ဖို့ များနေလေပြီ။
ယွီထျန်းရီက တာအိုရောင်းရင်း ကျိုးဖောင်၏ ဆရာဦးလေးတော်စပ်သူ ဖြစ်သည်။ ကျိုးဖောင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ပြီး သူ့အကြောင်း အတွင်းကျကျ သိသူဆိုလည်း မမှားချေ။ ထို့ကြောင့် ကျိုးဖောင်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့။
တာအိုရောင်းရင်း ကျိုးဖောင်၏ ခန္ဓာကိုယ် ပျက်စီးသွားပြီး ရွှေအမြူတေ ကြေမွကာ အသက်လု ထွက်ပြေးခဲ့ရသည်။
ယွီထျန်းရီ၏ အခြေအနေမှာလည်း သိပ်ဟန်ပုံမရ။
ယွီထျန်းရီနှင့် ယုဟွာကြား မည်သို့သော ပတ်သက်မှုမျိုး ရှိခဲ့သနည်း။ ယွီထျန်းရီက အဘယ်ကြောင့် တာအိုရောင်းရင်း ကျိုးဖောင်ကို မဆက်သွယ်ဘဲ တိတ်တဆိတ် စုံစမ်းနေခဲ့ရသနည်း ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
ယုဟွာ၏ နာမည်ကို ကြားသည်နှင့် ယွီထျန်းရီ ရုတ်တရက် ဒေါသပေါက်ကွဲလာသည်။
"အဲ့ဒီ သစ္စာဖောက်ကောင်… အဲ့ဒီတုန်းက ငါ့ဝိညာဉ် အစအနလေးနဲ့ သူ့ကိုယ်ထဲမှာ ပုန်းအောင်းပြီး သီသီလေး ထွက်ပြေးနိုင်ခဲ့တာ… ငါ့သက်တမ်းကလည်း ကုန်ခါနီးနေပြီ… ဒဏ်ရာကလည်း ပြင်းထန်သေးတယ်… ကံကောင်းလို့ ငါ တစ်ခါက တစ္ဆေလမ်းစဉ်ရဲ့ လျှို့ဝှက်ပညာရပ် တစ်ခု ရထားဖူးလို့သာ ငါ့ဝိညာဉ်ကို လောင်ကျွမ်းစေပြီး သံသရာကို စွန့်လွှတ်ရင်း သက်တမ်းရှည်ဖို့ တစ္ဆေလမ်းစဉ် ပြောင်းလဲနိုင်ခဲ့တာ"
"ဒါပေမဲ့ အဲ့ဒီခွေးကောင်လေးက အပေါ်ယံ နာခံဟန်ဆောင်ပြီး ငါ အားအနည်းဆုံး အချိန်… ငါ့ကျင့်ကြံခြင်းကို ပြောင်းလဲနေတုန်း သစ္စာဖောက်ခဲ့တယ်လေ… ဆရာသမားနဲ့ ဘိုးဘေးတွေကို ကျောခိုင်းပြီး ငါ့ကို ချုံခိုတိုက်ခိုက်တယ်… လေလွင့်ဝိညာဉ် ဘဝရောက်တဲ့အထိ လုပ်ခဲ့တာ"
"နောက်ပိုင်းမှာ ငါ့ဝိညာဉ်ကို ဖမ်းချုပ်ထားပြီး ကစားစရာ တစ်ခုလို ဆက်ဆံခဲ့တယ်… ငါ့ကို အရှက်ခွဲပြီး ငါ့လျှို့ဝှက်ချက်တွေကိုတောင် အတင်းအကျပ် ဖော်ထုတ်ခိုင်းခဲ့သေးတယ်"
"ငါ သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်ခဲ့တာ… ပြီးတော့ အဲ့ဒီခွေးကောင်ကို သတ်ပြီး သူ့လက်ထဲကနေ ငါ့ကို လွတ်မြောက်စေခဲ့တဲ့ မင်းကို ကျေးဇူးတင်ရမယ်… မင်းက သူ့ကို သက်ရှိ အလောင်းကောင်အဖြစ် သန့်စင်ပြီး ထာဝရ ကျိန်စာသင့်အောင် လုပ်ပေးလိုက်တော့ ငါ့အတွက် လက်စားချေပေးသလို ဖြစ်သွားတာပေါ့"
သူ့စကားများကို ကြားပြီးနောက် ချင်စန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ခင်ဗျားက သူ ထာဝရ ကျိန်စာသင့်တယ်လို့ ပြောနေတာလား… ခင်ဗျားကျတော့ကော"
ယခုမှသာ ယွီထျန်းရီ ယနေ့အထိ မည်သို့ အသက်ရှင်နေခဲ့ကြောင်း သူ နားလည်သွားလေပြီ။
ဤလောကကြီးတွင် သံသရာ တကယ်ရှိ၊ မရှိ မည်သူမှ အတိအကျ မသိကြသော်လည်း လူတိုင်းက မျှော်လင့်ချက် တစ်ခုတည်းဖြင့် ရှေ့ဆက်နေကြဆဲ ဖြစ်သည်။ ကောင်းကင်တာအိုက မျှော်လင့်ချက် ကင်းမဲ့နေချိန်တွင်ပင် အသက်ရှင်ခွင့် တစ်လမ်း ချန်ထားပေးလိမ့်မည်ဟု ယုံကြည်ကြ၏။
တစ္ဆေလမ်းစဉ်၏ လျှို့ဝှက်ပညာရပ်များမှာ အမြဲတမ်း ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်သည်။
ထိုနည်းလမ်းကို အသုံးပြုပြီး သက်တမ်း ရှည်စေရန် ပြုလုပ်ခြင်းက ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရမည်မှာ သေချာသည်။ ထာဝရ တည်မြဲနိုင်မည် မဟုတ်ပေ။
အချို့ နည်းလမ်းများဆို ခန္ဓာကိုယ် အသစ်တစ်ခုကို သိမ်းပိုက်နိုင်စွမ်း မရှိရုံမက ယုဟွာ ဖြစ်ခဲ့သလို သေဆုံးသည်နှင့် ဝိညာဉ်ပါ လုံးဝ ပျောက်ကွယ်သွားတတ်သည်။
တစ်ချိန်တည်းမှာပင် ယွီထျန်းရီ ဘာကြောင့် ယခုမှ လှုပ်ရှားရနည်း ဆိုသည်ကို ချင်စန်း သဘောပေါက်လိုက်သည်။
ယုဟွာ၏ ထိန်းချုပ်မှုအောက်တွင် ရှိစဉ်က ယွီထျန်းရီ ဝိညာဉ်မှာ အလွန် အားနည်းနေခဲ့ပေလိမ့်မည်။ မဟုတ်ပါက ရွှေအမြူတေ နှောင်းပိုင်းအဆင့် ရှိခဲ့သော သူ့အား ယုဟွာက မည်သည့်အခါမျှ ဖိနှိပ်ထားနိုင်မည် မဟုတ်ပေ။
ယုဟွာက ထိန်းချုပ်ထားနိုင်ရန်အတွက် ယွီထျန်းရီအား ပြန်မကောင်းလာအောင် တမင်တကာ တားဆီးထားခဲ့ခြင်း ဖြစ်မည်။
ချင်စန်းက ယုဟွာကို ဖမ်းဆီးပြီးနောက် ယွီထျန်းရီ သူ့ကိုယ်ထဲတွင် ပုန်းအောင်းနေသေးကြောင်း မသိခဲ့ပေ။ ထိုလူက ယုဟွာ၏ ကိုယ်ထဲမှနေ၍ တိတ်တဆိတ် စောင့်ကြည့်ကာ ပုန်းလျှိုးကွယ်လျှိုး နေခဲ့ခြင်း ဖြစ်သည်။
ယွီထျန်းရီ၏ ယခင် ခွန်အားကို ထောက်ဆလျှင် ဝိညာဉ် အပြင်းအထန် အားနည်းနေလျှင်ပင် ဖုံးကွယ်ခြင်း နည်းလမ်းအချို့ အသုံးပြု၍ ရှာမတွေ့အောင် နေနိုင်ပေလိမ့်မည်။
ထိုအချိန်က ချင်စန်းမှာ အုပ်မြစ်တည်ဆောက်ခြင်း အလယ်အလတ် အဆင့်တွင်သာ ရှိသေးသည် မဟုတ်ပါလား။ ယခုတွင်လည်း ပြင်ပအမြူတေကို သယ်ဆောင်ထားသည့်တိုင် သူ့စိတ်စွမ်းအင်မှာ အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ရှိသေးသည်။ ထို့အပြင် သံသယ ကင်းမဲ့နေခဲ့သောကြောင့် ယွီထျန်းရီ ရှိနေသည်ကို သတိမထားမိခဲ့ခြင်းမှာ အဓိပ္ပာယ် ရှိပေသည်။
ဤသို့ဖြင့် ယွီထျန်းရီက ဆယ်စုနှစ်များစွာ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
သူ့သည်းခံနိုင်စွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုအချိန်အကုန်လုံး အရှက်တကွဲ အကျိုးနည်း ခံခဲ့ရပြီး ယခုမှသာ လှုပ်ရှားရဲခြင်း ဖြစ်သည်။
ထိုအကြောင်း တွေးမိရင်း ချင်စန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု သူ့မျက်လုံးနက်နက်ထဲတွင် လက်ခနဲ ဖြစ်ပေါ်သွား၏။
ယွီထျန်းရီက အသူရာ အလောင်းကောင်ကို တဖြည်းဖြည်း မည်သို့ ထိန်းချုပ်ခဲ့ကြောင်း သူ ရုတ်တရက် နားလည်သွားသည်။
ယွီထျန်းရီ၏ ဒဏ်ရာများမှာ ပြင်းထန်ခဲ့ပေလိမ့်မည်။ ဤမျှ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် သူက အားနည်းနေဆဲပင်။ အသူရာ အလောင်းကောင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးမှသာ တိုက်ခိုက်ရဲခြင်း ဖြစ်နိုင်သည်။
ယုဟွာကို အသူရာ အလောင်းကောင် အဖြစ် မသန့်စင်မီ ချင်စန်းက သူ့အား အမြဲတမ်း ဘေးနားတွင် ခေါ်ထားခဲ့သည်။
ထိုအချိန်က ဝိညာဉ်အစအနလေးသာ ကျန်သော ယွီထျန်းရီမှာ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် အလွန် အားနည်းနေခဲ့သည်။ ထွက်ပြေး၍ မရသောကြောင့် ပုန်းအောင်းပြီး စောင့်ဆိုင်းရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။
သူ့အခွင့်အရေးကို ချင်စန်းနှင့် တာအိုရောင်းရင်း ကျိုးဖောင်တို့ တိုက်ခိုက်စဉ်က တွေ့ရှိခဲ့ခြင်း ဖြစ်ရမည်။
ထိုတိုက်ပွဲအတွင်း ချင်စန်းမှာ ရွှေအမြူတေကို ရယူရန် စိတ်အားထက်သန်နေခဲ့၏။ တာအိုရောင်းရင်း ကျိုးဖောင်ကို သတ်နိုင်ဖို့ လိုအပ်လျှင် အသူရာ အလောင်းကောင်ကို စွန့်လွှတ်ဖို့ပင် ဝန်မလေးခဲ့ပေ။
အသူရာ အလောင်းကောင် ဒဏ်ရာရထားသည့်တိုင် ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ခိုက်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့။ အမိန့်ပေးစရာ မလိုဘဲ တာအိုရောင်းရင်း ကျိုးဖောင်နှင့် ထိပ်တိုက် တွေ့ဆုံရန် ဆန္ဒရှိခဲ့ခြင်းမှာ ယွီထျန်းရီက အခွင့်အရေးကို မြင်ပြီး ကိုယ်ထင်ပြရမည့် အန္တရာယ်ကြားမှ တိတ်တဆိတ် လှုပ်ရှားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
တိုက်ပွဲမှာ အလွန် ရှုပ်ထွေးခဲ့သောကြောင့် ချင်စန်း သတိမထားမိခဲ့ပေ။ ထိုသည်က ယွီထျန်းရီ လိုအပ်သော အခွင့်အရေးကို ပေးလိုက်ခြင်းပင်။
အသူရာ အလောင်းကောင် ဒဏ်ရာအပြင်းအထန်ရပြီး သေလုမျောပါး ဖြစ်နေချိန်မှသာ ယွီထျန်းရီက ၎င်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားနိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက အားနည်းသော ဝိညာဉ် အစအနလေးဖြင့် မဖြစ်နိုင်ပေ။
နောက်ပိုင်းတွင် ချင်စန်းက အသူရာ အလောင်းကောင်ကို နေဝင်ဂူထဲ ကုသရန် ထားခဲ့ခြင်းက ယွီထျန်းရီအား အတားအဆီး မရှိ လှုပ်ရှားခွင့် ပေးလိုက်ခြင်း ဖြစ်သွားသည်။
ထိုခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သည်နှင့် ရွှေအမြူတေအဆင့် ခွန်အားကို ချက်ချင်း ပြန်လည် ရရှိသွားမည် ဖြစ်သည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးကို သူ လက်လွှတ်ခံမည် မဟုတ်ပေ။
နေဝင်ဂူထဲတွင် ပထမနှစ်၌ အသူရာ အလောင်းကောင်၏ ဒဏ်ရာများ အဘယ်ကြောင့် သက်သာမလာရသလဲ ဆိုသည်မှာ ယခု အားလုံး ရှင်းလင်းသွားလေပြီ။ ယွီထျန်းရီက အမှောင်ထဲမှ ဝင်ရောက် စွက်ဖက်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် လွယ်ကူစေဖို့ ပြန်လည် သက်သာလာခြင်းအပေါ် တမင် နှောင့်ယှက်နေခဲ့ခြင်း ဖြစ်သည်။
ချင်စန်း လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
ယွီထျန်းရီက သူ့ဘေးနားတွင် ဆယ်စုနှစ်များစွာ ပုန်းအောင်းနေခဲ့ခြင်းပင်။ အမှောင်ထဲ စောင့်ကြည့်နေသော အဆိပ်ပြင်း မြွေတစ်ကောင်လို။ သို့သော် သူက လုံးဝ သတိမထားမိခဲ့ချေ။
ချင်စန်း သက်ပြင်းချလိုက်မိသည်။
သူ့ဝိညာဉ် ချိပ်ပိတ်နှိပ်မှုကို တာအိုကျောက်စိမ်းဗုဒ္ဓဖြင့် အားဖြည့်ထားသောကြောင့် မယုံကြည်နိုင်လောက်အောင် ခိုင်ခံ့နေသည်က ကံကောင်းတော့သည်။ ယွီထျန်းရီ ဘယ်တုန်းကမှ မချိုးဖျက်နိုင်ခဲ့သောကြောင့် အသူရာ အလောင်းကောင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပေ။
ထို့အပြင် သူက ရွှီထျန်းမိုးကြိုးကို အချိန်တိုင်း ကိုင်ဆောင်ထားသောကြောင့် ယွီထျန်းရီ သတိထားပြီး မဆင်မခြင် မလုပ်ရဲခြင်းပင်။
သူ အမြဲတမ်း သတိရှိခဲ့ခြင်းကိုသာ ကျေးဇူးတင်ရမည်။ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွကို ရံဖန်ရံခါမှသာ ကြည့်ရှုခဲ့ပြီး ယုဟွာ သူ့အနားတွင် ရှိစဉ်က တစ်ကြိမ်မှ ထုတ်မကြည့်ခဲ့ပေ။
မဟုတ်ပါက အသက်ကယ် ဝိညာဉ်ဆေးပင် သူများလက်ထဲ ရောက်နေသည်မှာ ကြာခဲ့ပြီ ဖြစ်ပေလိမ့်မည်။
ယခုတွင် ယွီထျန်းရီ တစ်ယောက် အသူရာ အလောင်းကောင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးသည့်တိုင် ငြိမ်သက်နေခြင်းမှာ ထိုဝိညာဉ်ဆေးပင်အား မျက်စိကျနေသောကြောင့် ဖြစ်ပေလိမ့်မည်။
ကံကောင်းသည်မှာ ချင်စန်းက ပြင်ပအမြူတေကို သန့်စင်ထားခြင်းပင်။ ထိုအရာကို ယွီထျန်းရီ လုံးဝ မသိထားပေ။
ယွီထျန်းရီက ခန္ဓာကိုယ် သိမ်းပိုက်ရန် အသူရာ အလောင်းကောင်၏ ပြန်လည် သက်သာလာမှုကို ဖိနှိပ်ထားစဉ် ချင်စန်း အလောင်းကောင် အမြူတေ ဖြစ်ပေါ်လာအောင် ဆက်လက် လုပ်ဆောင်ခဲ့သည်ကို လုံးဝ ထင်မှတ်ထားမည် မဟုတ်။
သူ့ချုံခိုတိုက်ခိုက်မှု အချိန်ကိုက်မှာ အလွန် ကောင်းမွန်သည်။
လေနှင်ရာ ခရီးသည်မှာ အားကုန်ခမ်းနေပြီး ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။
ချင်စန်းကလည်း ရွှီထျန်းမိုးကြိုးကို သုံးလိုက်ပြီ ဖြစ်သဖြင့် ခြိမ်းခြောက်မှု အရှိဆုံး လက်နက် ဆုံးရှုံးသွားခဲ့လေပြီ။ ယမမင်းတံခွန်ကိုလည်း ပြန်လည် ရုပ်သိမ်းထားခဲ့သည်။
တိုက်ခိုက်ရန် ဤထက် ပိုကောင်းသော အချိန် မရှိနိုင်တော့။
အကယ်၍ အလောင်းကောင် အမြူတေသာ မရှိခဲ့လျှင် ချင်စန်းမှာ ယွီထျန်းရီ လက်ထဲတွင် သေချာပေါက် သေဆုံးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ယွီထျန်းရီ မသိခဲ့သည်မှာ ချင်စန်းတွင် ရွှေအမြူတေအဆင့်နှင့် ယှဉ်နိုင်သော ခွန်အား ပိုင်ဆိုင်ထားခြင်းပင်။ ဤအရေးကြီးသော သတင်းအချက်အလက် တစ်ခုတည်းကပင် သူ့အား လုံးဝ ကျရှုံးသွားစေခဲ့သည်။
ကံတရားလား၊ အမှားလား။ အားလုံးက ကြိုတင် သတ်မှတ်ထားပြီးသားလား။
ချင်စန်း၏ လှောင်ပြောင်သော လေသံနှင့် ရင်ဆိုင်ရသော်လည်း ယွီထျန်းရီက မမှုပေ။ သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"တကယ်လို့ နောက်ဘဝ ဆိုတာ ရှိခဲ့ရင်… ပြီးတော့ ဒီနေ့အကြောင်းကို ငါ မမှတ်မိတော့ရင် ငါက လူသစ်တစ်ယောက် ဖြစ်နေမှာပါ… ဝိညာဉ်သန္ဓေသား အဆင့် ချိုးဖောက်ပြီး ဒီဘဝကို ဂုဏ်ကျက်သရေ ရှိရှိ နေထိုင်နိုင်သရွေ့ သံသရာ ရှိ၊ မရှိ ဘာအရေးစိုက်စရာ လိုလဲ… ငါသေပြီးရင် လောကကြီး ရေလွှမ်းချင် လွှမ်းသွားပစေပေါ့"
ယွီထျန်းရီ စကားထဲမှ အဓိပ္ပာယ်ကို အာရုံခံမိသဖြင့် ချင်စန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
"ချင်စန်း… အဲ့ဒီတုန်းက တိုက်ပွဲကြီး ပြီးသွားတော့ ယုဟွာက နေရာအနှံ့ ကျောက်ရန်ကို လိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး… ငါးယောက်ထဲမှာ မင်းတစ်ယောက်တည်း အသက်ရှင်ခဲ့တာ… ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွ မင်းလက်ထဲ ရောက်သွားတယ် မဟုတ်လား… ငါ ဂိုဏ်းတစ်ခုလုံးကို စွန့်စားပြီး ရင်းနှီးခဲ့ရတာ… နောက်ဆုံးတော့ မင်းကို အလကား လက်ဆောင် ပေးလိုက်သလို ဖြစ်သွားတာပေါ့"
ယွီထျန်းရီက ပြောနေရင်း အေးစက်စွာ တဟားဟား ရယ်မောတော့သည်။
"ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွကို ထုတ်ပေး… မဟုတ်ရင် ငါ ခရမ်းရောင် တိမ်တိုက်သီးကို အခုချက်ချင်း ချေမှုန်းပစ်မယ်… မင်း ဘယ်လို အမြူတေ ဖွဲ့စည်းမလဲ ကြည့်ရတာပေါ့"
***