ဤ ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းမှာ မိစ္ဆာဂိုဏ်းများထံမှ မြစ်ဖျားခံလာခြင်း ဖြစ်ပေလိမ့်မည်။ အလွန် ရက်စက်ပြီး ယုတ်မာပက်စက်၏။ လေနှင်ရာ ခရီးသည်က ဤနည်းလမ်းကို ဘယ်နေရာမှ ရခဲ့မှန်း ချင်စန်း မသိနိုင်ပေ။
စတင် အသုံးပြုလိုက်သည်နှင့် ဝိညာဉ်မှာ ချက်ချင်းဆိုသလို ကွဲကြေသွားတော့သည်။
ယွီထျန်းရီက တစ္ဆေလမ်းစဉ် နည်းလမ်းများကို မကျင့်ကြံခဲ့လျှင်ပင် သူ့ဝိညာဉ်မှာ သံသရာစက်ဝန်းထဲ ဝင်ရောက်နိုင်မည့် အခွင့်အရေး လုံးဝ မရှိတော့ချေ။
ဤမိစ္ဆာကောင်မှာ အတိတ်က ချင်စန်းကို ကြီးစွာသော ဒုက္ခများ ပေးခဲ့ဖူးပြီး အမြဲတမ်း ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်စေခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ချင်စန်း၌ သနားစိတ် တစ်စက်မျှ မရှိသည်မှာ သဘာဝကျပေသည်။ သူက ယွီထျန်းရီ၏ ကွဲကြေနေသော ဝိညာဉ်အပိုင်းအစများ သူ့လက်ဝါးပေါ်တွင် တွန့်လိမ်နေသည်ကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။
ထိုဝိညာဉ်မှာ ငရဲ ၁၈ ထပ်၏ နှိပ်စက်မှုကို ခံစားနေရသကဲ့သို့ အလွန်အမင်း နာကျင်မှုများကို ဖော်ပြနေသော်လည်း ချင်စန်းက လုံးဝ တုန်လှုပ်ခြင်း မရှိပေ။
လေနှင်ရာ ခရီးသည်က နတ်ဆိုးဘုရင် ချန်ထားခဲ့သော သွေးစည်းတံဆိပ်မှ ထွက်ပေါ်လာသည်။ သူ့ခွန်အားများ အနည်းငယ် ပြန်လည် ရရှိလာပြီး ယခင်ကကဲ့သို့ အားနည်းပုံ မပေါ်တော့။
ကျောက်ခန်းမဆောင်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။
ကိုးလွှာငရဲ မိစ္ဆာမီးလျှံများမှာလည်း ဆယ်မျက်နှာ ယမမင်းတံခွန်ထဲသို့ ပြန်ဝင်ရောက်သွားပြီး ချင်စန်းက ပြန်လည် သိမ်းဆည်းလိုက်သည်။
ကန်အောက်ခြေမှ ရေစီးသံ တသွင်သွင် ထွက်ပေါ်လာသည်။ မြေအောက်မြစ်ရေမှာ အဆက်မပြတ် စီးဆင်းနေပြီး ခြောက်သွေ့နေသော ကန်ကို ရေလွှာပါးပါးဖြင့် လျင်မြန်စွာ ဖြည့်ဆည်းပေးနေ၏။ တဖန်ပြန်ပြည့်ရန် အချိန်ကြာမြင့်မည် မဟုတ်ပေ။
သို့သော် အသံအားလုံးမှာ ထပ်ခါတလဲလဲ ထွက်ပေါ်နေသော သွေးပျက်ဖွယ်ရာ အော်ဟစ်သံများအောက်တွင် နစ်မြုပ်သွားတော့သည်။
အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် ဖြတ်သန်းခဲ့သော နှစ်များတစ်လျှောက် ချင်စန်း ယခုလို ကြေကွဲဖွယ်ရာ အော်ဟစ်သံမျိုး တစ်ခါမှ မကြားခဲ့ဖူးချေ။ ယွီထျန်းရီ မည်မျှ ကြောက်မက်ဖွယ် ကောင်းသော နှိပ်စက်မှုကို ခံစားနေရသည်ကို မှန်းဆကြည့်ရုံဖြင့် သိနိုင်သည်။
လေနှင်ရာ ခရီးသည်က သံမဏိကဲ့သို့ မာကျောသော အကြည့်များ ရှိနေသည့် ချင်စန်းကို တစ်ချက်ကြည့်ပြီး ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ညီလေးချင်... စိတ်ချပါ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ တတိယလူ နားထဲ မရောက်စေရဘူးလို့ ငါ့ နှလုံးသား နတ်ဆိုးကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်... ပြီးတော့ မင်းရဲ့ အတိတ်ကိုလည်း မမေးမြန်းပါဘူး... ငါ မျှော်လင့်တာ တစ်ခုကတော့... မင်း အခုချိန်ကစပြီး အမှောင်ထုထဲ လျှောက်လှမ်းရရင်တောင် နှလုံးသားထဲမှာ မီးအိမ်တစ်လုံး ထွန်းညှိထားစေချင်တာပါပဲ... ကိုယ့်ကိုယ်ကိုယ် အဝါးမြို မခံလိုက်ပါနဲ့..."
ချင်စန်း မျက်နှာထားမှာ ဗလာဖြစ်နေပြီး ယခုမှသာ တစ်ဖက်လူ ပြောစကားကို သဘောပေါက်လိုက်သကဲ့သို့ပင်။ ခဏတာ တွေဝေပြီးနောက် သူက လေးနက်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။
"စီနီယာရဲ့ စကားတွေကို ကျွန်တော် မှတ်သားထားပါ့မယ်..."
ထိုစဉ် ယွီထျန်းရီ၏ အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။ သူ့မျက်နှာပေါ်ရှိ နာကျည်းမုန်းတီးမှုများ ပျောက်ကွယ်သွားပြီး လွတ်မြောက်သွားသည့် ပုံစံဖြင့် အစားထိုးသွား၏။
နောက်ဆုံး ပေါက်ကွဲသံ တစ်ချက်နှင့်အတူ သူ့လက်ကျန် ဝိညာဉ်မှာ ကွဲကြေသွားတော့သည်။
လေနှင်ရာ ခရီးသည်က ရုတ်တရက် လက်ညှိုးထိုးပြီး ယွီထျန်းရီ၏ ဝိညာဉ် အပိုင်းအစများကို စုစည်းလိုက်သည်။ သူ့လက်ဝါးကို မီးပြင်းဖိုအဖြစ် အသုံးပြု၍ အသန့်စင်ဆုံး ဝိညာဉ်အဆီအနှစ် ဘောလုံးတစ်လုံး အဖြစ် သန့်စင်ပြီးနောက် ချင်စန်းအား ကမ်းပေးသည်။
"အလဟဿ မဖြစ်စေနဲ့... မင်းရဲ့ အသူရာ အလောင်းကောင်ကို စားခိုင်းလိုက်... ဒါက သူ့ကို အဆင့်တက်သွားစေနိုင်တယ်..."
ချင်စန်းက သံသယ တစ်ဝက်ဖြင့် ဝိညာဉ်အဆီအနှစ်ကို ယူလိုက်သည်။
"စီနီယာ... ဒီအသူရာ အလောင်းကောင်ကို သန့်စင်တဲ့ ကျွန်တော့်ရဲ့ နည်းလမ်းက အလောင်းကောင် လမ်းစဉ် ဂိုဏ်းတွေရဲ့ နည်းလမ်းနဲ့ မတူဘူး... သန့်စင်ခြင်း ပြီးဆုံးသွားတာနဲ့ သူ့ရဲ့ ခွန်အားက တိုးတက်ဖို့ မလွယ်တော့ဘူး... ဒါက ထိရောက်ပါ့မလားလို့ စိုးရိမ်မိတယ်..."
လေနှင်ရာ ခရီးသည်က ဖျော့တော့စွာ ပြုံးလိုက်သည်။
"မင်းရဲ့ အလောင်းကောင် သန့်စင်နည်းက ထူးခြားမှန်း ငါသိထားပြီးသားပါ... ဒါပေမဲ့ ဒီတစ်ခါက မတူဘူး... တခြားလူဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ပေမဲ့ ယွီထျန်းရီက သာမန်လူ မဟုတ်ဘူးလေ..."
"မင်း သတိထားမိလား... ယွီထျန်းရီက အဲ့ဒီ အလောင်းကောင်ကို အပြည့်အဝ သိမ်းပိုက်ဖို့ ရည်ရွယ်ပြီး တစ္ဆေလမ်းစဉ် လျှို့ဝှက်ကျင့်စဉ် တစ်ခုခု သုံးကာ သူ့ဝိညာဉ်နဲ့ အသူရာ အလောင်းကောင်ရဲ့ မူလဝိညာဉ်ကို ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပုံရတယ်... သူတို့နှစ်ခုက နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပြီးသား..."
"ဒီလို အခွင့်အရေးမျိုးက ရှားပါးတယ်... ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်ကောင်း ချိုးဖျက်နိုင်လိမ့်မယ်..."
"ယွီထျန်းရီ အသိစိတ် ပျောက်ကွယ်သွားပြီမို့ မင်းရဲ့ သန့်စင်ပြီး အလောင်းကောင်ကို သူ ပြန်လုယူမှာ မကြောက်ရတော့ဘူး... ဒါက ရွှေအမြူတေ အဆင့်နှောင်းပိုင်း ကျွမ်းကျင်သူ တစ်ယောက်ရဲ့ အသန့်စင်ဆုံး အဆီအနှစ်ပဲ... တကယ်လို့ မင်းရဲ့ အလောင်းကောင်ကသာ ဒါကို စားလိုက်ရင် အကျိုးကျေးဇူးတွေ ကြီးမားလိမ့်မယ်... စစ်မှန်တဲ့ အသူရာ အလောင်းကောင် အဖြစ်တောင် အသွင်ပြောင်းသွားနိုင်တယ်..."
ချင်စန်း မျက်လုံးများ တောက်ပသွားသည်။ လေနှင်ရာ ခရီးသည်၏ ရှင်းပြချက်ကို ကြားပြီးနောက် ဖြစ်နိုင်ချေ ရှိကြောင်း တွေးမိလိုက်သည်။
မည်သူကမှ ကိုယ့်ဆန္ဒအလျောက် သန့်စင်ပြီး အလောင်းကောင်နှင့် ပေါင်းစပ်ချင်မည် မဟုတ်ပေ။ ယွီထျန်းရီက သူ့ဒုက္ခ သူရှာခဲ့ခြင်းသာ။ ထို့ကြောင့်လည်း ချင်စန်း ယခင်က ဤလမ်းစဉ်ကို မစဉ်းစားခဲ့ဖူးခြင်း ဖြစ်သည်။
သို့သော် စမ်းကြည့်သင့်ပေသည်။
အချိန်ဆွဲမနေဘဲ ချင်စန်းက အသူရာ အလောင်းကောင်ကို ဆင့်ခေါ်လိုက်ပြီး သေချာစေရန် ဒါဇင်နှင့်ချီ၍ စစ်ဆေးကြည့်သည်။ ထို့နောက်မှ ယွီထျန်းရီ ဝိညာဉ်အဆီအနှစ်ကို ဝါးမြိုခွင့် ပြုလိုက်၏။
အစပိုင်းတွင် အသူရာ အလောင်းကောင်မှာ ပြောင်းလဲမှု မရှိဘဲ တည်ငြိမ်နေသည်။
သို့သော် ခဏအကြာတွင် သူ့အရှိန်အဝါများ ဖရိုဖရဲ ဖြစ်လာတော့သည်။ ခေါင်းကိုကိုင်၍ ရူးသွပ်စွာ အော်ဟစ်နေသဖြင့် ချင်စန်းလည်း အစွမ်းကုန် ကြိုးစားပြီး ငြိမ်သက်အောင် လုပ်ရသည်။ နောက်ဆုံးတွင် ငြိမ်သက်သွားသော်လည်း မူလဝိညာဉ်မှာ မတည်မငြိမ် ဖြစ်နေဆဲပင်။ အတွင်း၌ ပြင်းထန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း ထင်ရှားပြီး မကြာမီ အချိန်အတွင်း တည်ငြိမ်လာဦးမည် မဟုတ်ချေ။
ဤကာလအတွင်း အသူရာ အလောင်းကောင်၏ တိုက်ခိုက်နိုင်စွမ်းမှာ လုံးဝ ပျောက်ဆုံးသွားပေလိမ့်မည်။
"လက္ခဏာကောင်းပဲ... အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ဖို့ များတယ်..." လေနှင်ရာ ခရီးသည်က ပြောနေရင်း တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ချင်စန်းအား စိုးရိမ်သော အရိပ်အယောင်ဖြင့် ကြည့်ကာ…
"ညီလေးချင်... မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ် အလောင်းကောင် လမ်းစဉ် နည်းလမ်းတွေ သုံးခဲ့တာလဲ... လျှို့ဝှက် အန္တရာယ်တွေ ကျန်ခဲ့သေးလား"
"စီနီယာ... ကျုပ်မှာက ဒြပ်စင်ငါးပါး ဝိညာဉ်ရင်းမြစ် ရှိနေလို့ပါ..." ချင်စန်းက တည်ငြိမ်ဟန်ဆောင်၍ ပြောလိုက်သော်လည်း နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
ဒြပ်စင်ငါးပါး ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားသော ကျင့်ကြံသူများအတွက် ရွှေအမြူတေ အဆင့် မဆိုထားနှင့်... အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ဆိုသည်မှာပင် ဝေးကွာသော အိပ်မက်တစ်ခု မဟုတ်ပါလား။
လမ်းဆုံးသို့ အရောက်ပို့ မခံရလျှင် မည်သူက အလောင်းကောင် လမ်းစဉ်ကို လိုလိုလားလား လျှောက်လှမ်းမည်နည်း။ ရေခဲဝိညာဉ် ကြာပန်းနှင့် ဇာမဏီပန်းပင် သူ့ကို အကူအညီ မပေးနိုင်ခဲ့ပေ။ တခြား ရွေးချယ်စရာ မရှိတော့သဖြင့် ချင်စန်းလည်း သည်လမ်းကို ရွေးချယ်ရန်မှတပါး အခြားမရှိခဲ့။
"ကျုပ် ကံကောင်းခဲ့ပါတယ်... ကံတရား ဖေးမလို့ အလောင်းကောင် လမ်းစဉ်ကနေ အမြူတေ ဖွဲ့စည်းနိုင်မယ့် အခွင့်အရေး တွေ့ခဲ့တာပါ... လျှို့ဝှက် အန္တရာယ်တွေ အတွက်ကတော့ ဖြေရှင်းဖို့ မခက်ပါဘူး..." ချင်စန်း ပြောလိုက်သည်။
လေနှင်ရာ ခရီးသည်က ခေါင်းညိတ်ရင်း…
"ကြားရတာ ဝမ်းသာပါတယ်... အော်... ဒါနဲ့ ခရမ်းရောင် တိမ်တိုက်သီးက မင်းအတွက်ပါ..."
ချင်စန်းက ခရမ်းရောင် တိမ်တိုက်သီးကို လက်ခံရယူပြီးနောက် စိတ်လှုပ်ရှားမှုနှင့် နက်ရှိုင်းသော ခံစားချက်များ ရောပြွန်းလျက် နှလုံးသား လှုပ်ခတ်သွားသည်။ ဤအသီးကြောင့် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့သော်လည်း ရရှိလိုက်သော အကျိုးကျေးဇူးက ထိုက်တန်သည်ထက်ပင် ပိုနေသေးသည်။
စောစောက ဝိညာဉ်ရှာဖွေခြင်းမှ တဆင့် ရောင်စဉ်သုံးပါး ကျောက်စိမ်းအရည်မှာ ကျီဝေနန်းတော်ထဲတွင် အမှန်တကယ် ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး တိကျသော တည်နေရာကိုပင် သိခဲ့ရသည်။
ထိုမျှမက ချင်စန်းက အခွင့်အရေးယူ၍ ဆယ်မျက်နှာ ယမမင်းတံခွန်၏ အသုံးပြုပုံနှင့် သန့်စင်နည်းများပါ ရယူခဲ့သည်။
အကယ်၍ သူသာ သန့်စင်နည်း အပြည့်အစုံ ရပြီး တံခွန်ဆယ်လက်လုံး ပြည့်အောင် စုစည်းနိုင်ပါက ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်များကိုပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ဤသည်မှာ ဂိုဏ်းတည်ထောင်သူ ကွေ့ယင်၏ ဂုဏ်အယူရဆုံး ဖန်တီးမှု မဟုတ်ပါလား။ သူ သေဆုံးပြီးနောက် သန့်စင်နည်းကို လက်ဆင့်ကမ်းခဲ့ပုံရသည်။ သို့သော် တာအိုရောင်းရင်း ကျိုးဖောင်၏ ပစ္စည်းများကို အသေအချာ ရှာဖွေခဲ့သည့်တိုင် ချင်စန်း မတွေ့ခဲ့ပေ။
ကွေ့ယင်ဂိုဏ်း၏ ရွှေအမြူတေ ကျင့်ကြံသူ သုံးယောက် ကျဆုံးပြီးနောက် ဤလျှို့ဝှက်ကျင့်စဉ်လည်း ပျောက်ကွယ်သွားပြီဟု သူ ထင်မှတ်ခဲ့ဖူးသည်။ မမျှော်လင့်ဘဲ ကံတရား၏ အလှည့်အပြောင်းကြောင့် ယွီထျန်းရီထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ချင်စန်းက ဆယ်မျက်နှာ ယမမင်းတံခွန်၏ တည်ဆောက်ပုံ အပြည့်အစုံကို နားလည်သွားခဲ့လေပြီ။
တံခွန်ကို အဓိက အစိတ်အပိုင်း သုံးခုဖြင့် ဖွဲ့စည်းထားသည်။
ပထမ တစ်ခုမှာ တံခွန်တိုင် ဖြစ်ပြီး ဖွဲ့စည်းပုံမှာ အပြင်ပန်းကြည့်လျှင် ရိုးရှင်းပုံရသည်။
ထိုစဉ်က ချင်စန်း ခန့်မှန်းခဲ့သည်မှာ မှန်ကန်ခဲ့၏။ ၎င်းမှာ တာအိုရောင်းရင်း ကျိုးဖောင်၏ ပစ္စည်းများထဲမှ ထူးဆန်းသော သံနက်တိုင် ဖြစ်ပြီး သံအစစ်လည်း မဟုတ်၊ ကျောက်အစစ်လည်း မဟုတ်သော ပစ္စည်းတစ်မျိုး ဖြစ်သည်။
သို့သော် သံနက်တိုင်ကို တံခွန်တိုင်အဖြစ် သန့်စင်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
ဤသံနက်တိုင်မှာ ထူးဆန်းသော ပစ္စည်းဖြစ်ပြီး အလွန် မာကျောကာ ထူးခြားသော ကန့်သတ်ချက်များ ပါဝင်နေသည်။ သန့်စင်ရန်အတွက် တိကျသော ဝိညာဉ်အစီအရင် လိုအပ်ပြီး စွမ်းအင် အရင်းအမြစ် အဖြစ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုမှသာ သန့်စင်နိုင်မည် ဖြစ်သည်။
တာအိုရောင်းရင်း ကျိုးဖောင် သေဆုံးသည်အထိ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လေးတုံးကို လက်မလွှတ်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
သူက ဒဏ်ရာများ ပြန်ကောင်းလာလျှင် သံနက်တိုင်အား အဓိက ပစ္စည်းအဖြစ် အသုံးပြု၍ သူ့သက်စောင့် ဝိညာဉ်လက်နက်ကို ပြန်လည် သွန်းလုပ်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး မရှိဘဲနှင့် မဖြစ်နိုင်ပေ။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများမှာ အလွန် ရှားပါးသည်။ ရောင်းချရန် လွယ်ကူသော်လည်း ပြန်ရှာရန် မလွယ်ကူချေ။ အထူးသဖြင့် ကွေ့ယင်ဂိုဏ်း ကျဆုံးပြီးနောက် တာအိုရောင်းရင်း ကျိုးဖောင်မှာ လေလွင့်ကျင့်ကြံသူ တစ်ယောက်နှင့် မခြား ဖြစ်သွားခဲ့သည်။
ဒုတိယ အစိတ်အပိုင်းမှာ တံခွန်ကိုယ်ထည် ဖြစ်ပြီး ဝိညာဉ်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ မရေမတွက်နိုင်သော သက်ရှိဝိညာဉ်များကို ချည်နှောင်ကာ အသန့်စင်ဆုံး ဝိညာဉ်အဆီအနှစ်အား ထုတ်ယူပြီး တစ္ဆေလမ်းစဉ် လျှို့ဝှက်ကျင့်စဉ်ဖြင့် ချည်မျှင်အဖြစ် ရက်လုပ်ထားခြင်း ဖြစ်သည်။
အလွန်တရာ ဆိုးညစ်ပြီး ရက်စက်ကြမ်းကြုတ်၏။
ဤဝိညာဉ်လက်နက်ကို သွန်းလုပ်ရန် ဂိုဏ်းတည်ထောင်သူ မိစ္ဆာကြီး ကွေ့ယင်မှာ ထိုစဉ်က လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပုံရသည်။
ချင်စန်း မည်မျှပင် ကြိုးစားပါစေ စုတ်ပြတ်နေသော တံခွန်ကို ပြုပြင်၍ မရခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ပြန်လည် ပြုပြင်ရန် သက်ရှိဝိညာဉ်များ လိုအပ်နေခြင်းကြောင့်ပင်။
ကံကောင်းစွာဖြင့် သူ ပိုင်ဆိုင်ထားသော ဝိညာဉ်လက်နက် နှစ်ခုပေါ်ရှိ ပျက်စီးမှုမှာ သိပ်မပြင်းထန်လှ။ သူ့လက်ထဲရှိ ဆယ်မျက်နှာ ယမမင်းတံခွန် မှော်ရတနာများ အတွင်း ချိတ်ပိတ်ထားသော သက်ရှိဝိညာဉ်များမှာ ဝိညာဉ်လက်နက်များကို ပြုပြင်ရန် လုံလောက်ပေသည်။
ဤမှော်ရတနာများမှာ စွမ်းအား အကန့်အသတ် ရှိပြီး ရွှေအမြူတေ အဆင့် ရောက်ပြီးနောက် အသုံးမဝင်တော့သဖြင့် ဝိညာဉ်လက်နက်များကို ပြုပြင်ရာတွင် အသုံးပြုရန် အကောင်းဆုံးပင်။
***