ဆယ်မျက်နှာ ယမမင်းတံခွန် နှစ်လက်ကို ပြန်လည် ပြုပြင်ပြီးနောက် ချင်စန်း၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့လေပြီ။
ဆယ်မျက်နှာ ယမမင်းတံခွန်၏ ဝင်္ကပါ အပြည့်အစုံအတွက် တံခွန် ဆယ်လက် လိုအပ်သော်လည်း သုံးလက်၊ ခြောက်လက် သို့မဟုတ် ကိုးလက်ဖြင့်လည်း ဝင်္ကပါ ခင်းကျင်းနိုင်သည်။
တံခွန် သုံးလက်ဆိုလျှင် အရိုးရှင်းဆုံး ဝင်္ကပါ တစ်ခု ဖွဲ့စည်းပြီး အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုနှင့် ညီမျှသော စွမ်းအားကို ထုတ်လွှတ်နိုင်၏။
ခြောက်လက် ဆိုပါက အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုကို ယှဉ်ပြိုင်နိုင်သည်။
ကိုးလက် ဆိုလျှင်တော့ အဆင့်မြင့် ဝိညာဉ်လက်နက်များထဲတွင် အစွမ်းထက်ဆုံး အရာများနှင့်ပင် ယှဉ်ပေါင်တန်းနိုင်ပေလိမ့်မည်။
ရွှေအမြူတေ အဆင့်နှောင်းပိုင်း ကျင့်ကြံသူ တစ်ယောက် အနေဖြင့် မိမိ၏ သက်စောင့် ဝိညာဉ်လက်နက်ကို အလယ်အလတ်အဆင့် ရောက်အောင် သန့်စင်နိုင်ခြင်းကပင် ကြီးမားသော အောင်မြင်မှု တစ်ခု ဖြစ်သည်။ ယွီထျန်းရီမှာ ဂိုဏ်းခေါင်းဆောင် တစ်ယောက် ဖြစ်သလို ဂိုဏ်းချုပ် ကွေ့ယင်၏ အမွေဆက်ခံသူလည်း ဖြစ်သောကြောင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များ မရှားပါးပေ။
သို့သော် အဆင့်မြင့် ဝိညာဉ်လက်နက်များမှာမူ မတူညီသော ကိစ္စပင်။ ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူ အချို့၌ပင် မရှိကြ။ ရွှေအမြူတေ အဆင့်၌ ပိုင်ဆိုင်နိုင်ရန်မှာမူ ထူးကဲသော ကံတရား လိုအပ်ပေသည်။
ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်များ ဆိုလျှင်တော့ ကျင့်ကြံခြင်း လောက တစ်ခုလုံးတွင် ရှားပါး ပစ္စည်းများ ဖြစ်၏။
ဂိုဏ်းချုပ် ကွေ့ယင် ကွယ်လွန်သွားချိန်တွင် ဆယ်မျက်နှာ ယမမင်းတံခွန် ငါးလက်သာ ချန်ထားရစ်ခဲ့သည်။ အကယ်၍ နောက်ထပ် တစ်လက်သာ ပိုရှိခဲ့လျှင် ယွီထျန်းရီ တစ်ယောက် ယွမ်ကျောက်ဂိုဏ်းနှင့် တိုက်ပွဲတွင် ယခုလောက် သနားစဖွယ် ရှုံးနိမ့်ခဲ့မည် မဟုတ်တန်ရာ။
ဆယ်မျက်နှာ ယမမင်းတံခွန်၏ ထူးခြားမှုမှာ သန့်စင်သည့် နည်းလမ်းကြောင့် မဟုတ်ဘဲ ၎င်း၏ မူလသဘောသဘာဝကြောင့် ဖြစ်သည်။
ဤနေရာတွင် တံခွန်များ၏ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သည့် တတိယမြောက် အခြေခံ ဓာတ်သဘာဝကို ထည့်ပြောရပေမည်။ ၎င်းမှာ ကိုးလွှာငရဲ မိစ္ဆာမီးလျှံပင်။
ကိုးလွှာငရဲ မိစ္ဆာမီးလျှံသာ မပါရှိလျှင် ဆယ်မျက်နှာ ယမမင်းတံခွန် ဆိုသည်မှာ ဘာစွမ်းအားမှ မရှိသော သာမန် အလံဆယ်လက်သာ ဖြစ်ချေမည်။
ကိုးလွှာငရဲ မိစ္ဆာမီးလျှံမှာ သာမန် မဟုတ်ဘဲ ဂိုဏ်းချုပ် ကွေ့ယင် ကိုယ်တိုင် သန့်စင်ထားခြင်း မဖြစ်နိုင်ကြောင်း ချင်စန်း သံသယ ဝင်ခဲ့သည်မှာ ကြာလေပြီ။ ဝိညာဉ် ရှာဖွေခြင်း ပြုလုပ်ပြီးနောက် ထိုအချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ကိုးလွှာငရဲ မိစ္ဆာမီးလျှံ ဆိုသည်မှာ ဂိုဏ်းချုပ် ကွေ့ယင် ကျီဝေနန်းတော် အတွင်း ရှာတွေ့ခဲ့သော သဘာဝ မိစ္ဆာမီးလျှံ တစ်မျိုး ဖြစ်သည်။
ထိုအချိန်က ကွေ့ယင်မှာ ဝိညာဉ်သန္ဓေသား အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေလေပြီ။ ကျီဝေနန်းတော် အတွင်းသို့ ဝင်ရောက်ပြီး ထိုမီးနှင့် ကြုံတွေ့ချိန်၌ စမ်းသပ်ရန် ကြိုးစားခဲ့သော်လည်း ချက်ချင်းပင် တန်ပြန် တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ အငိုက်မိသွားသဖြင့် နေရာတွင်ပင် ပြာကျလုနီးပါး ဖြစ်သွားခဲ့၏။
နောက်ဆုံးတွင် တန်ဖိုးကြီး ဝိညာဉ်လက်နက် တစ်ခုကို စတေးလိုက်မှသာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
စစ်မှန်သော ကိုးလွှာငရဲ မိစ္ဆာမီးလျှံ၏ အသေးစိတ် ဖော်ပြချက်ကို မြင်ပြီးနောက် ချင်စန်းမှာ ချင်ယန်မိစ္ဆာဂိုဏ်းရှိ ဘိုးဘေး မီးတောက်နှင့် မနှိုင်းယှဉ်ဘဲ မနေနိုင်တော့။ နောက်ဆုံးတွင် ကိုးလွှာငရဲ မိစ္ဆာမီးလျှံက ပိုအစွမ်းထက်ကြောင်း ကောက်ချက်ချလိုက်မိသည်။
အကြောင်းမှာ ကွေ့ယင်မှာ ကိုးလွှာငရဲ မိစ္ဆာမီးလျှံ တစ်စကိုသာ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဘိုးဘေး မီးတောက်မှာမူ မိုးသက်လေပြင်း တောင်ထွတ်တွင် ကြီးမားစွာ တည်ရှိနေသောကြောင့် ဖြစ်သည်။ သို့တိုင် မီးတစ်စတည်းနှင့်ပင် ဝိညာဉ်သန္ဓေသား အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို သေလုနီးပါး ဖြစ်စေခဲ့သည် မဟုတ်ပါလား။
ဝိညာဉ်လက်နက် ဆုံးရှုံးလိုက်ရမှုက ကွေ့ယင်ကို များစွာ နာကျင်စေသော်လည်း ကိုးလွှာငရဲ မိစ္ဆာမီးလျှံ၏ စွမ်းအားမှာ လျစ်လျူရှုထားရန် ဆွဲဆောင်မှု ကောင်းလွန်းနေသည်။
မီးတောက်မှာ ပိုင်ရှင်မဲ့ ဖြစ်ကြောင်း သိလိုက်ရလျှင် သူက ယင်းကို ထိန်းချုပ်ရန် နည်းလမ်း ရှာဖွေတော့သည်။ အကယ်၍ အောင်မြင်ခဲ့လျှင် သူ့စွမ်းအားမှာ မိုးထိအောင် မြင့်တက်သွားမည် ဖြစ်ပြီး ရေခဲလွင်ပြင် တစ်ခုလုံးကို အလွယ်တကူ လွှမ်းမိုးနိုင်ပေလိမ့်မည်။
ထိုခရီးစဉ်တွင် ကွေ့ယင်က အခြား မည်သည့် နေရာကိုမှ မသွားခဲ့ပေ။ အချိန်တစ်ခုလုံးကို ကိုးလွှာငရဲ မိစ္ဆာမီးလျှံနှင့် ရင်ဆိုင်ရာတွင်သာ ကုန်ဆုံးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုရင်းနှီးလာသော်လည်း နောက်ဆုံးတွင် လက်ဗလာဖြင့်သာ ပြန်လှည့်ခဲ့ရ၏။
စစ်မှန်သော ကိုးလွှာငရဲ မိစ္ဆာမီးလျှံမှာ ကြောက်မက်ဖွယ် ကောင်းပြီး အလွန် ကြမ်းတမ်းသည်။ မည်သည့် လူသားကမျှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ခြေလှမ်း တစ်ချက် မှားယွင်းသည်နှင့် ပြာအဖြစ် လောင်ကျွမ်းသွားနိုင်သည်။
သို့သော် ကွေ့ယင်က လက်မလျှော့ခဲ့။ မီးတောက် အနီးတွင် မားမားမတ်မတ် ရှိနေသည့် သံမဏိနက်တိုင်တစ်တိုင်ကို သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။
ထိုတိုင်မှာ နှစ်ပိုင်း ကျိုးပဲ့နေလေပြီ။ ၎င်း၏ ပစ္စည်းနှင့် ကမ္ပည်းစာများမှာ ကွေ့ယင် ယခင်က မြင်ဖူးသမျှနှင့် မတူဘဲ အလွန် ရှုပ်ထွေး နက်နဲလှသည်။ ကိုးလွှာငရဲ မိစ္ဆာမီးလျှံမှာ ထိုတိုင်ကို အလွန် ကြောက်ရွံ့ပုံရပြီး ထွက်မပြေးနိုင်ဘဲ ၎င်း အဝန်းအဝိုင်း အတွင်း ပိတ်မိနေသည်။
ထိုသံမဏိနက်တိုင်မှာ လှောင်အိမ် သို့မဟုတ် ချိပ်ပိတ်ခြင်း တစ်မျိုးနှင့် တူနေ၏။
ကျိုးပဲ့နေသည့်တိုင် မီးတောက်ကို ထိန်းချုပ်ထားနိုင်ဆဲပင်။
ကျီဝေနန်းတော် ပိတ်သိမ်းချိန် နီးကပ်လာသဖြင့် ကွေ့ယင်က ထွက်ခွာခါနီး သူ့စိတ်ထဲ အကြံအစည် တစ်ခု ရလာခဲ့သည်။ သူက သံမဏိနက်တိုင်ကို အသုံးပြု၍ မီးတောက်ကို သိမ်းပိုက်တော့မည်။
သူက ကျိုးပဲ့နေသော တိုင်တစ်ဝက်ကို ယူဆောင်သွားပြီး နှစ်ပေါင်း တစ်ရာကျော်ကြာ သန့်စင်ခြင်းနှင့် သုတေသန ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် ၎င်းကို သန့်စင်နိုင်မည့် နည်းလမ်း တစ်ခု ရှာတွေ့ခဲ့၏။
ဝိညာဉ် အစီအရင်များနှင့် တစ္ဆေလမ်းစဉ် လျှို့ဝှက် နည်းလမ်းများ အသုံးပြုကာ မိစ္ဆာဂိုဏ်းများ၏ တံခွန် သန့်စင်နည်းနှင့် ပေါင်းစပ်ပြီး ကွေ့ယင်က သံမဏိနက်တိုင်ကို ဆယ်မျက်နှာ ယမမင်းတံခွန် ဆယ်လက်အဖြစ် အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
နောက်တစ်ကြိမ် ကျီဝေနန်းတော်သို့ ဝင်ရောက်ချိန်တွင်မူ ကိုးလွှာငရဲ မိစ္ဆာမီးလျှံကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တော့သည်။
စစ်မှန်သော ကိုးလွှာငရဲ မိစ္ဆာမီးလျှံမှာ အစွမ်းထက်လွန်းသည်။ ကွေ့ယင်က အကြမ်းနည်းဖြင့် မယဉ်ပါးစေဘဲ သံမဏိနက်တိုင်၏ စွမ်းအားကို အသုံးပြု၍ မီးတောက်အား ခွဲခြားကာ လျှို့ဝှက် နည်းလမ်းဖြင့် တံခွန်ဆယ်လက် အတွင်း အပိုင်းလိုက် ခွဲ၍ ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဆယ်မျက်နှာ ယမမင်းတံခွန် ဆိုသည်မှာ မိစ္ဆာ မှော်ရတနာများ မဟုတ်ပေ။ အမှန်စင်စစ် ၎င်းတို့မှာ မီးကို ထိန်းချုပ်သော ကိရိယာများသာ ဖြစ်ကြ၏။
တံခွန် တစ်လက်စီတွင် ချိတ်ပိတ်ထားသော ကိုးလွှာငရဲ မိစ္ဆာမီးလျှံ အစိတ်အပိုင်း ပါဝင်ပြီး မူလမီးတောက်၏ စွမ်းအား အပိုင်းအစသာ ရှိသည်။ သုံးလက်၊ ခြောက်လက်၊ ကိုးလက် သို့မဟုတ် ဆယ်လက် အစုံလိုက် အသုံးပြုသောအခါ ဝင်္ကပါ၏ စွမ်းအားမှာလည်း အဆမတန် တိုးပွားလာသည်။
သို့သော် တံခွန်ဆယ်လက်လုံး ပေါင်းစည်းလျှင်ပင် ကိုးလွှာငရဲ မိစ္ဆာမီးလျှံ၏ စွမ်းအား အနည်းငယ်ကိုသာ ထုတ်လွှတ်နိုင်ပေသည်။
သို့သော် ဤမျှသော စွမ်းအား အပိုင်းအစကပင် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်များနှင့် ယှဉ်ပြိုင်ရန် လုံလောက်နေလေပြီ။ ဤသည်မှာ ကိုးလွှာငရဲ မိစ္ဆာမီးလျှံ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သက်သေပြနေခြင်းပင်။
ကိုးလွှာငရဲ မိစ္ဆာမီးလျှံ ဟူသော အမည်မှာ ဂိုဏ်းချုပ် ကွေ့ယင် ကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်သည်။ ယခုချိန်ထိ ကွေ့ယင်ဂိုဏ်းသားများ မည်သူမျှ မီးတောက်၏ အမည်ရင်းကို မသိကြ။
ရှေးဟောင်း ကျမ်းစာများကို ရှာဖွေခဲ့သော်လည်း ထိုကဲ့သို့ မိစ္ဆာမီးမျိုးနှင့် ပတ်သက်သည့် မှတ်တမ်း တစ်ခုမှ မတွေ့ရှိခဲ့ရ။ ဂိုဏ်းချုပ် ကွေ့ယင် ကိုယ်တိုင်လည်း သူ့တစ်သက်တာလုံး နောက်ထပ် အလားတူ မီးမျိုးနှင့် ထပ်မံ မကြုံတွေ့ခဲ့ရပေ။
ထို့ကြောင့်ပင် ဆယ်မျက်နှာ ယမမင်းတံခွန် တစ်ဝက် ပျက်စီးသွားချိန်တွင် သူ အသက်ရှင်နေလျက်နှင့်ပင် ပြန်လည် မပြုပြင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယွီထျန်းရီနှင့် အခြားသူများ ဆိုလျှင် ဝိညာဉ်သန္ဓေသား အဆင့်သို့ပင် မရောက်ရှိသေးရာ နောက်ထပ် ကိုးလွှာငရဲ မိစ္ဆာမီးလျှံကို ရှာတွေ့ဖို့ဆိုသည်မှာ ဝေလာဝေးပင်။
မီးတောက် မရှိဘဲနှင့်တော့ အတော်ဆုံး ပန်းပဲဆရာပင် ဆန်မရှိဘဲ ထမင်းချက်၍ မရသကဲ့သို့ ဖြစ်နေပေမည်။ ကွေ့ယင်က နောက်ပိုင်းတွင် ကျန်ရှိသော သံမဏိနက်တိုင် တစ်ဝက်ကို ပြန်လည် ရယူနိုင်ခဲ့သော်လည်း မီးတောက် မရှိလျှင် အသုံးမဝင်ချေ။
ဖြစ်စဉ် အစအဆုံး သိပြီးနောက် ချင်စန်းက ဆယ်မျက်နှာ ယမမင်းတံခွန် ဆယ်လက်လုံးကို အပြည့်အဝ ပြန်လည် ပြုပြင်မည့် အကြံအား စွန့်လွှတ်လိုက်တော့သည်။
ပထမ အချက် အနေဖြင့် တံခွန်များ ရက်လုပ်ရန် အပြစ်မဲ့ ဝိညာဉ်ပေါင်းများစွာကို သူ ဘယ်တော့မှ သတ်ဖြတ်မည် မဟုတ်။ ဒုတိယ အချက် အနေဖြင့် ကိုးလွှာငရဲ မိစ္ဆာမီးလျှံကို ရရှိနိုင်မည့် နည်းလမ်း မရှိပေ။
ဂိုဏ်းချုပ် ကွေ့ယင် ကိုယ်တိုင်ပင် ကျီဝေနန်းတော်သို့ အကြိမ်ကြိမ် ဝင်ရောက်ခဲ့သော်လည်း မီးတစ်စသာ တွေ့ရှိခဲ့သည် မဟုတ်ပါလား။
သို့သော် နောက်ထပ် တံခွန်နှစ်လက်ကို ပြုပြင်နိုင်ခဲ့ပြီး ယခုအခါ အလယ်အလတ် အဆင့် ဝိညာဉ်လက်နက် တစ်ခုနှင့် ညီမျှသော လက်နက်အား ပိုင်ဆိုင်လိုက်ရခြင်းက ချင်စန်းကို စိတ်လှုပ်ရှားစေသည်။
ဆိုလိုသည်မှာ သူ့အဆင့်တူ ကျင့်ကြံသူများက အဆင့်နိမ့် ဝိညာဉ်လက်နက်များ အတွက် ပူပန်နေရချိန်တွင် သူကမူ ရွှေအမြူတေ အဆင့်သို့ ရောက်သည်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။
ရွှေအမြူတေ အလယ်အလတ်အဆင့် ကျင့်ကြံသူများကြားတွင်ပင် အလယ်အလတ် အဆင့် ဝိညာဉ်လက်နက် ပိုင်ဆိုင်သူမှာ အလွန် ရှားပါးသည်။
ထို့အပြင် အသွင်ပြောင်းလဲခြင်း လုပ်ဆောင်နေသော အသူရာ အလောင်းကောင်ပါ ရှိနေသဖြင့် ယခုအခါ ချင်စန်းက ရွှေအမြူတေ အလယ်အလတ်အဆင့် ပြိုင်ဘက်များကိုပင် ကြောက်စရာ မလိုတော့ကြောင်း ယုံကြည်မှု ရှိနေ၏။ သူ့အဆင့်တူ ဆိုလျှင်တော့ အလွယ်တကူ ချေမှုန်းနိုင်ပေလိမ့်မည်။
ဤအကြောင်းများ တွေးတောရင်း ချင်စန်းက ခရမ်းရောင် တိမ်တိုက်သီးကို မသိမ်းဆည်းလိုသေးဘဲ မြတ်နိုးစွာ ကစားနေမိသည်။
ပြင်းထန်သော ထူးခြားသည့် မွှေးရနံ့ တစ်ခုက သူ့နှာခေါင်းထဲ တိုးဝင်လာ၏။ ဝိညာဉ်သီး၏ မျက်နှာပြင်ပေါ်ရှိ တိမ်တိုက်ကဲ့သို့ အမျှင်များမှာ လှိုင်းတွန့်သကဲ့သို့ ရွေ့လျားနေပြီး အသက်ဝင်နေသယောင်ပင်။ အေးမြမှု တစ်ခုက သူ့လက်ချောင်းထိပ်များမှ တဆင့် ပျံ့နှံ့လာသည်။
"စီနီယာ... စောစောက ခင်ဗျား ယွီထျန်းရီကို ဟန်ဆောင် ခြိမ်းခြောက်လိုက်တာ မဟုတ်လား... ကျွန်တော့်ရဲ့ အခြေခံအုတ်မြစ်ကို ပြန်ကောင်းဖို့ ဒီအသီး စားဖို့ လိုနေတုန်းပဲမလား"
လေနှင်ရာ ခရီးသည်က ညင်သာစွာ ခေါင်းညိတ်ပြီး…
"သုံးပါးရောင်ခြည် ကျောက်စိမ်းရည်က သေချာပေါက် ထူးခြားတယ်... ဒါပေမဲ့ အဆုံးမှာတော့ ကုသဖို့အတွက် အကောင်းဆုံး ဆေးတစ်လက်လို့ပဲ ဆိုကြတာ... မင်းရဲ့ အုတ်မြစ်ကို ပြန်ကောင်းစေမလား ဆိုတာတော့ ငါ အတိအကျ မပြောနိုင်ဘူး... မင်းရဲ့ အခြေအနေနဲ့ ပိုကိုက်ညီတဲ့ ခရမ်းရောင် တိမ်တိုက်သီးကို သုံးတာက ပိုစိတ်ချရတယ်... ဘာပဲဖြစ်ဖြစ် အသီးက အသုံးမဝင်ရင်တောင် သူ မင်းကို ဆက်ပြီး ခြိမ်းခြောက်နေတာမျိုး အဖြစ်မခံနိုင်ဘူးလေ... ကံကောင်းလို့ ငါ့မှာ အသီးကို ပြန်လုယူဖို့ ခွန်အား နည်းနည်း ကျန်နေသေးတာ"
"စီနီယာ ပြောတာ လုံးဝ မှန်တယ်..." ချင်စန်းက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း အသီးကို စွန့်လွှတ်ပြီး ယွီထျန်းရီအား သတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့သည် မဟုတ်ပါလား။ သူ့အတွေးများမှာ လေနှင်ရာ ခရီးသည်နှင့် တစ်ထပ်တည်း ကျနေခဲ့၏။
"စီနီယာရဲ့ အကူအညီအတွက် ကျေးဇူး အများကြီး တင်ပါတယ်... ခင်ဗျားသာ မရှိရင် ကျွန်တော် ဆန္ဒရှိတာကို ပြီးမြောက်နိုင်မှာ မဟုတ်ဘူး... အခု ဘယ်လို နေသေးလဲ" လေနှင်ရာ ခရီးသည်က သူ့ကိုယ်သူ ငုံ့ကြည့်ပြီး ခေါင်းခါလိုက်သည်။
"ငါ နောက်ထပ် ခဏလောက် အားနည်းနေဦးမယ် ထင်တယ်... ရှေးဟောင်း ဆေးဥယျာဉ်ကနေ ထွက်ခွာပြီးတာနဲ့ အတားအဆီးတွေကို ဖြိုခွင်းဖို့ ညီလေးချင်ကိုပဲ ဒုက္ခပေးရတော့မယ်"
***