အသူရာ အလောင်းကောင်မှာ အသွင်ပြောင်းလဲခြင်း လုပ်ဆောင်နေသည့် အတွက် လောလောဆယ် လှုပ်ရှားနိုင်မည် မဟုတ်ပေ။ ကိစ္စအဝဝကို ချင်စန်း ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းရတော့မည် ဖြစ်သည်။
ကံကောင်းစွာဖြင့် အတားအဆီးများကို ဖြိုခွင်းခြင်းမှာ တိုက်ခိုက်ခြင်းနှင့် မတူပေ။ စွမ်းအင် အများကြီး ကုန်ဆုံးမည် မဟုတ်ချေ။ သူ့အလောင်းကောင် အမြူတေက အလွယ်တကူ ထောက်ပံ့ပေးနိုင်မည် ဖြစ်သောကြောင့် ချင်စန်းလည်း တွေဝေမနေဘဲ သဘောတူလိုက်သည်။
ထိုစဉ် လေနှင်ရာ ခရီးသည်၏ မျက်နှာပေါ် တုံ့ဆိုင်းနေသော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်ကို သတိပြုမိလိုက်သည်။
သူ ထပ်မံ စဉ်းစားမနေမီမှာပင် လေနှင်ရာ ခရီးသည်က မေးလာ၏။
"ညီလေးချင်... သုံးပါးရောင်ခြည် ကျောက်စိမ်းရည် အကြောင်း ယွီထျန်းရီဆီက တစ်ခုခုများ သိလိုက်ရသေးလား"
လေနှင်ရာ ခရီးသည်က သူ့အား များစွာ ကူညီပေးခဲ့သည် ဖြစ်ရာ လျှို့ဝှက်ထားစရာ အကြောင်း မရှိပေ။
ထို့အပြင် သုံးပါးရောင်ခြည် ကျောက်စိမ်းရည်ကို ရယူရန်မှာ သူ တစ်ယောက်တည်း လုပ်ဆောင်နိုင်သော ကိစ္စ မဟုတ်။ လေနှင်ရာ ခရီးသည်၏ အကူအညီ လိုအပ်ပေသည်။
တုန်ယန်းပိုနှင့် ချန်ယန်တို့ ပေးအပ်ထားသော တာဝန်များက သူ့ခေါင်းပေါ်တွင် အရိပ်မည်းကြီး တစ်ခုသဖွယ် မိုးထားပြီး လွတ်လပ်စွာ လှုပ်ရှားခွင့် မရစေပေ။
သစ်သား လက်ကောက်က အမှတ်အသားကို ဖိနှိပ်ထားနိုင်မည့် အချိန်မှာ ကန့်သတ်ချက် ရှိသည်။
ရှေးဟောင်း ဆေးဥယျာဉ် အတွင်းသို့ သူတို့ ခရီးစဉ်မှာ နှိုင်းယှဉ်ချက်အရ မြန်ဆန်ခဲ့ပြီး အချိန်များစွာ မကုန်လွန်ခဲ့သော်လည်း မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့သော တိုက်ပွဲ နှစ်ခုက သူတို့၏ အချိန်အတော်များများကို ဝါးမြိုသွားခဲ့လေပြီ။
ယခုအခါ စက္ကန့်တိုင်းက တန်ဖိုးရှိလှသည်။ စီနီယာ ချင်းကျူ ပျောက်ဆုံးသွားခဲ့သော နေရာသို့ သွားရောက်ပြီး သူ့ကျင့်ကြံခြင်း လမ်းစဉ်၏ နောက်တစ်ဆင့်ကို ရှာဖွေရန် လိုအပ်နေသေးသည် မဟုတ်ပါလား။
မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ်နှင့် ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွ... တစ်ခုက သူ့အင်မော်တယ် လမ်းစဉ်၏ အခြေခံအုတ်မြစ် ဖြစ်ပြီး နောက်တစ်ခုက ဝိညာဉ်သန္ဓေသား အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် ဖြစ်သည်။ ဘယ်အရာက ပိုအရေးကြီးကြောင်း သူ မပြောနိုင်ပေ။
နှစ်ခုလုံးကို လိုချင်သော်လည်း အချိန်က တစ်ခုအတွက်သာ ခွင့်ပြုပေးထား၏။
သုံးပါးရောင်ခြည် ကျောက်စိမ်းရည် ဝှက်ထားသော နေရာမှာ ဝင်ရောက်ရန် လွယ်ကူသည် မဟုတ်။ ယွီထျန်းရီ၏ မှတ်ဉာဏ်များ ရှိနေလျှင်ပင် အားထုတ်မှု အချို့ လိုပေလိမ့်မည်။
ချင်စန်း တစ်ယောက်တည်း ကျန်ရှိသော အချိန်အတွင်း စီမံခန့်ခွဲနိုင်မည် မဟုတ်ပေ။ လေနှင်ရာ ခရီးသည်၏ အကူအညီ လိုအပ်သည်။
ထိုအချက်ကို သဘောပေါက်သည်နှင့် သူ နောက်ထပ် အချိန်မဖြုန်းရဲတော့ဘဲ ချက်ချင်း ပြောလိုက်သည်။
"စီနီယာ... ရှေးဟောင်း နေရာတစ်ခုမှာ သုံးပါးရောင်ခြည် ကျောက်စိမ်းရည် ရှိနေနိုင်တယ် ဆိုတာ အတည်ပြုလို့ ရပါတယ်... အချိန်က ကျပ်နေပြီ... သွားရင်းနဲ့ပဲ ဆွေးနွေးကြတာပေါ့"
သူက ခရမ်းရောင် တိမ်တိုက်သီးကို ကျောက်စိမ်းသေတ္တာ တစ်လုံးထဲ ထည့်ပြီး သိမ်းဆည်းလိုက်သည်။ ဝိညာဉ်သီးကို သန့်စင်ရန်နှင့် ရွှေအမြူတေ အဆင့်သို့ တက်လှမ်းရန်မှာ အချိန်နှင့် ပြင်ဆင်မှု လိုအပ်ပြီး နှစ်ခုစလုံး လောလောဆယ် သူ မတတ်နိုင်သေးပေ။
လေနှင်ရာ ခရီးသည်လည်း အခြေအနေ၏ အရေးတကြီး လိုအပ်မှုကို နားလည်သဖြင့် ငြင်းဆန်ခြင်း မရှိဘဲ ချင်စန်းနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သူတို့ ထွက်ခွာရန် ပြင်လိုက်စဉ် ချင်စန်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည်။ ယွီထျန်းရီ ချန်ထားခဲ့သော တန်ဖိုးကြီး ကျောက်စိမ်းကို ထုတ်ယူပြီး လက်ဖဝါးပေါ် တင်၍ စစ်ဆေးကြည့်၏။
ကျောက်စိမ်းမှာ လခြမ်းပုံသဏ္ဍာန် ရှိသည်။ ၎င်း၏ အသားမှာ ကြည်လင် တောက်ပခြင်း မရှိဘဲ အနည်းငယ် နောက်ကျိကာ နို့နှစ်ရောင် သမ်းနေသည်။
သူ့လက်နှင့် ထိတွေ့လိုက်သည်နှင့် နွေးထွေးသော ခံစားမှု တစ်ခုက ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။
ထိုသည်က နွေးထွေးသော ကျောက်စိမ်း တစ်မျိုးပင်။
အမှန်တကယ် ထူးဆန်းသည်မှာ ဤနွေးထွေးမှုက ခန္ဓာကိုယ်၌သာ ရပ်တန့်မနေဘဲ မူလဝိညာဉ်ဆီသို့ပါ တိုးဝင်သွားပြီး သူ့ဝိညာဉ် ခန္ဓာကိုယ်ကိုပင် သက်သောင့်သက်သာ ရှိစေခြင်း ဖြစ်သည်။
"ဒါ ဝိညာဉ်နွေးထွေး ကျောက်စိမ်း တစ်မျိုး ဖြစ်လောက်တယ်"
လေနှင်ရာ ခရီးသည်က ၎င်း၏ သဘောသဘာဝကို လျင်မြန်စွာ အသိအမှတ် ပြုလိုက်သည်။
"ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး အရမ်း အားနည်းသွားရင် ဒါမှမဟုတ် အချိန်အကြာကြီး ပြန်မဝင်နိုင်ရင် စိတ်စွမ်းအင်တွေ စတင် ပြိုကွဲလာတတ်တယ်... နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်စွမ်း အားလုံး ပျောက်ဆုံးသွားပြီး ထာဝရ လမ်းပျောက်နေတဲ့ လေလွင့်တစ္ဆေ တစ်ကောင် ဖြစ်သွားရတာပဲ"
"ယွီထျန်းရီက တစ္ဆေလမ်းစဉ် ကျင့်ကြံသူ အဖြစ် ပြောင်းလဲသွားပေမဲ့ သူ့ဝိညာဉ် ဖျက်ဆီးခံထားရပြီး အပိုင်းပိုင်း ဖြစ်နေတော့ ဒီအန္တရာယ်နဲ့ ရင်ဆိုင်နေရတာ… ဒီလို ဝိညာဉ်နွေးထွေး ကျောက်စိမ်းမျိုးက စိတ်စွမ်းအင် ပြိုကွဲတာကို နှောင့်နှေးစေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေ ထိန်းသိမ်းပေးနိုင်တယ်... အဲ့ဒါကြောင့် ယွီထျန်းရီ တစ်ယောက် ဒီအချိန်အထိ အသက်ရှင်နိုင်ခဲ့တာပဲ... သူက ကျန်ရှိနေတဲ့ ဝိညာဉ်ကို ထိန်းသိမ်းဖို့ ကျောက်စိမ်းထဲမှာ ပုန်းအောင်းနေခဲ့တာကိုး"
"အကျိုးသက်ရောက်မှု အရ ပြောရရင်... ဒါက နတ်ဘုရား သစ်သား ဆယ်မျိုးထဲက တစ်ခုဖြစ်တဲ့ ဝိညာဉ်မွေးမြူ သစ်သားနဲ့ နည်းနည်း ဆင်တူတယ်… ဒါပေမဲ့ ဝိညာဉ်မွေးမြူ သစ်သားက ပိုပြီး အစွမ်းထက်တယ်... အပိုင်းပိုင်း ကွဲနေတဲ့ ဝိညာဉ်တွေကို လက်ခံထားနိုင်ရုံသာမက ကျင့်ကြံသူ တစ်ယောက်ရဲ့ မူလဝိညာဉ်ကိုပါ ပြုစုပျိုးထောင်ပေးနိုင်တယ်... စိတ်စွမ်းအင်ကို သန်မာစေပြီး ရှားပါး ရတနာတွေထဲက တစ်ခုပဲ"
"တကယ်လို့ ငါသာ တစ်ခုလောက် ကံကောင်းပြီး ရခဲ့ရင် ဒီလို ဒုက္ခတွေ ကြုံနေစရာ မလိုတော့ဘူး"
"ဒီကျောက်စိမ်းက အဲ့ဒီအဆင့် မဟုတ်ပေမဲ့ တန်ဖိုးရှိတဲ့ ပစ္စည်း တစ်ခုပဲ... ညီလေးချင်... သေချာ သိမ်းထား... တကယ်လို့ လိုအပ်နေတဲ့ လူတစ်ယောက်ယောက်နဲ့ တွေ့ရင် ဈေးကောင်းကောင်း ရနိုင်တယ်"
အကျိုးသက်ရောက်မှုမှာ သူ တန်ညီအစ်ကိုများကို ပေးခဲ့ဖူးသော သလင်းကျောက် ခေါင်းတလားနှင့် အနည်းငယ် ဆင်တူသော်လည်း သာလွန်ကောင်းမွန်ကြောင်း သိသာထင်ရှားသည်။
"အင်း" ချင်စန်းက တိုးတိုးလေး ပြန်ဖြေပြီး ကျောက်စိမ်းကို သိမ်းဆည်းလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်မူ ဝိညာဉ်မွေးမြူ သစ်သား အကြောင်း တွေးတောနေမိလေပြီ။
အဆုံးမဲ့ သွေးပိုးစာပင် သစ်သား တစ်စကို ပေါင်းစပ်ခဲ့စဉ်က ရရှိခဲ့သော အကျိုးကျေးဇူးများမှာ အံ့မခန်းပင်။ တစ်သက်လုံး ခံစားရမည့် အရာတစ်ခု ဖြစ်သည်။ အခြား နတ်ဘုရား သစ်သားများမှာလည်း သွေးညစ်ညမ်း နတ်ဘုရား အလင်းတန်းထက် မလျော့နည်းသော ဆန်းကြယ်သည့် စွမ်းအားများ သေချာပေါက် ပါရှိနိုင်သည်။
လေနှင်ရာ ခရီးသည် ပြောသော ဝိညာဉ်မွေးမြူ သစ်သားမှာ ထိုအထဲမှ တစ်ခုပင်။
သာမန် လူသားများ၏ ဝိညာဉ်များပင် ဝိညာဉ်မွေးမြူ သစ်သား အတွင်း ကိန်းအောင်းပါက ပျောက်ကွယ်မသွားဘဲ အသိစိတ်ကို ထိန်းသိမ်းထားနိုင်သည် ဆိုကြသည်။ အမှန်တကယ် ထူးခြားပေစွ။
သူ့သစ်နက်ဓားမှာ မူလဝိညာဉ် အတွင်း ပြုစုပျိုးထောင် ခံနေရပြီ ဖြစ်သည်။ အကယ်၍ သူသာ ဝိညာဉ်မွေးမြူ သစ်သား တစ်စကို သန့်စင်ပြီး ဓားနှင့် ပေါင်းစပ်နိုင်ပါက နေ့ညမပြတ် သူ့ဝိညာဉ်အား ပြုစုပျိုးထောင်ပေးပြီး တိုးတက်စေနိုင်မည် ဖြစ်သည်။
အချိန်တန်လျှင် သူ့စိတ်စွမ်းအင်မှာ အဆင့်တူ ကျင့်ကြံသူများကို ကျော်လွန်သွားမည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိချေ။
ချင်စန်းက နတ်ဘုရား သစ်သား ဆယ်မျိုးကို လိုချင်တပ်မက်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း အိပ်မက် မက်ရုံသာ တတ်နိုင်ခဲ့သည်။
၎င်းတို့ကို ကံတရားအရသာ တွေ့ရှိနိုင်ပြီး လိုက်လံ ရှာဖွေ၍ မရနိုင်ပေ။ အထူးသဖြင့် ဝိညာဉ်မွေးမြူ သစ်သား ဆိုလျှင် ဒဏ္ဍာရီထဲတွင်သာ ရှိသည်။ ကျင့်ကြံခြင်း လောကတွင် ပေါ်ပေါက်လာဖူးကြောင်း သတင်း မကြားမိသေးချေ။
လခြမ်းပုံ ကျောက်စိမ်းကို သိမ်းဆည်းပြီးနောက် ချင်စန်းက အားနည်းနေသော လေနှင်ရာ ခရီးသည်ကို ထောက်ပံ့ရန် ဝိညာဉ်စွမ်းအင် တစ်မျှင် ထုတ်လွှတ်လိုက်ပြီး ကျောက်ခန်းမဆောင် အတွင်းမှ အတူတကွ ပျံသန်း ထွက်ခွာလာကြသည်။
"ဟမ်..."
ကျောက်ခန်းမဆောင် အပြင်သို့ ပျံထွက်လိုက်သည်နှင့် ချင်စန်း ရုတ်တရက် ရေကန်အစွန်းရှိ ကျောက်ဆောင် ကြားမှ ရွှေရောင် အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ သူ့ပုံရိပ် ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်၏။
"အဲ့ဒါ ဘာလဲ"
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကွေးနေသော ရွှေရောင် အစင်းကြောင်း တစ်ခု ကျောက်ဆောင် ကြားမှ ပျံထွက်လာသည်။ ချင်စန်း နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။ စောစောက သူတို့ ရောက်လာစဉ်က ထိုအရာ မရှိခဲ့ချေ။
ပစ္စည်း အပြည့်အစုံ ပေါ်လာမှသာ စောစောက ကျားသစ်၏ လည်ပင်းတွင် ကော်လာနှင့် တူသော ရွှေရောင် လည်ပတ် တစ်ကွင်း ဝတ်ဆင်ထားကြောင်း ချင်စန်း ရုတ်တရက် သတိရသွားသည်။
ကျားသစ်နှင့် တိုက်ခိုက်စဉ်က ရွှေရောင် လည်ပတ်ထံမှ လှည့်ကွက် တစ်စုံတစ်ရာ ရှိလေမလားဟုပင် သတိထားခဲ့သေးသည်။ သို့သော် ဝိညာဉ်လက်နက် မဟုတ်ကြောင်း အတည်ပြုပြီးနောက် ဆက်လက် ဂရုမစိုက်တော့ပေ။
နောက်ပိုင်းတွင် ရွှီထျန်း မိုးကြိုး ပေါက်ကွဲသောအခါ ပေါက်ကွဲမှုက ကျားသစ်၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို တည့်တည့် ထိမှန်ခဲ့ပြီး ရှေ့ဘယ်ဘက် ခြေထောက် ပြတ်ထွက်သွားကာ လည်ပင်းရိုးများ ပေါ်ထွက်လာစေခဲ့သည်။ သိသာစွာပင် ရွှေရောင် လက်စွပ်မှာလည်း မခံနိုင်ဘဲ အပိုင်းပိုင်း ကွဲကြေသွားခဲ့ခြင်း ဖြစ်သည်။
အသက်ငွေ့ငွေ့သာ ကျန်တော့သော အရိပ်ဝါးမြို ကျားသစ်မှာ ကြောက်လန့်တကြား ထွက်ပြေးစဉ် ကွဲကြေနေသော ကော်လာ အပိုင်းအစကို ပြန်ယူရန် သတိမရဘဲ ထားရစ်ခဲ့ပုံပင်။
ကျားသစ်က နတ်ဆိုးအမြူတေ အလယ်အလတ် အဆင့် သားရဲ တစ်ကောင် ဖြစ်သည်။ အကယ်၍ ဤအရာကို ယူဆောင်ထားသည် ဆိုပါက တန်ဖိုးရှိသော ပစ္စည်း တစ်ခုခုများ ဖြစ်နေမလော။
ချင်စန်းက ရွှေရောင် လက်စွပ်ကို ကောက်ယူပြီး စစ်ဆေးရန် ပြင်လိုက်စဉ် တစ်စုံတစ်ရာ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ သူ့လက် ရုတ်တရက် ပေါ့ပါးသွားပြီး အတွင်းမှ အဖြူရောင် အရိုးစငယ် တစ်ခု ပြုတ်ကျလာသည်။
ကြည့်ရတာ ရွှေရောင် လက်စွပ်မှာ အခေါင်းပွ ဖြစ်ပြီး ခိုင်မာသော်လည်း ထူးခြားမှု မရှိသော သတ္တု တစ်မျိုးဖြင့် ပြုလုပ်ထားပုံရသည်။ ဤအရိုးစကို ဖုံးကွယ်ထားရန် သက်သက် ပြုလုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ချင်စန်း အနီးကပ် စစ်ဆေးကြည့်လိုက်သည်။
အရိုးစမှာ မကြီးမားလှဘဲ လူသား လက်ချောင်း တစ်ဆစ်စာခန့်သာ ရှိသည်။
အရောင်မှာ အဖြူရောင် ဖြစ်သော်လည်း သေလူ၏ အရိုးကဲ့သို့ ဖြူဖပ်ဖြူရော် မဟုတ်ပေ။ ယင်းအစား မျက်နှာပြင်ပေါ်တွင် ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အရောင် တောက်ပနေပြီး သွေးထားသကဲ့သို့ သေသပ် လှပနေသည်။
ဤသို့ ကြည့်လိုက်လျှင် သာမန် အရိုး တစ်ခုနှင့် လုံးဝ မတူချေ။
အဆစ်များတွင် ပိုကျယ်သော လူသား လက်ချောင်းရိုးများနှင့် မတူဘဲ ဤအရိုးမှာ ဖြောင့်တန်းကာ ညီညာနေပြီး အလယ်တွင် အခေါင်းပေါက် ပါရှိသည်။ လက်ချောင်းပေါက်များ မပါရှိသော်လည်း အရိုးပလွေ တစ်ချောင်းနှင့် တူနေ၏။
ချင်စန်းက လက်ထဲတွင် ဟိုဘက်သည်ဘက် လှန်ကြည့်ပြီး ဘက်ပေါင်းစုံမှ စစ်ဆေးသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရပေ။ အရိပ်ဝါးမြို ကျားသစ်က ဤအရာကို သိုလှောင်ရေး မှော်ရတနာထဲ မသိမ်းဘဲ အဘယ်ကြောင့် လည်ပင်းတွင် ဆွဲထားရသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်။
အစွမ်းထက်သော နတ်ဆိုးအမြူတေ အလယ်အလတ်အဆင့် သားရဲ တစ်ကောင်တွင် သိုလှောင်ရေး ပစ္စည်း တစ်ခုမျှ မရှိဘူး ဆိုသည်အား သူ လုံးဝ မယုံကြည်ပေ။
ထိုစဉ် အနီးတွင် ရပ်နေသော လေနှင်ရာ ခရီးသည်က စဉ်းစားဟန်ဖြင့် ညည်းညူတော့သည်။
"ညီလေးချင်... ငါ့ကို ပေးကြည့်ပါဦး"
ချင်စန်းလည်း ကမ်းပေးလိုက်သည်။
လေနှင်ရာ ခရီးသည်က ခဏကြာအောင် သေချာ စစ်ဆေးပြီးနောက် လှည့်လာပြီး…
"ညီလေးချင်... ဒီအရိုးပလွေက ထုတ်လွှတ်နေတဲ့ စွမ်းအားက တစ်ခုခုနဲ့ ရင်းနှီးနေသလို၊ တခြား တစ်ခုခုနဲ့ ဆင်တူနေသလို ခံစားရလား"
ချင်စန်း၏ စိတ်နှလုံး လှုပ်ရှားသွားသည်။
"စီနီယာ... ဓာတ်ကြီးငါးပါး ကြယ်တာရာ ကျောက်တုံးတွေကို ဆိုလိုတာလား"
သူကိုယ်တိုင် မသဲမကွဲ ခံစားမိသော်လည်း မသေချာခဲ့ပေ။
လေနှင်ရာ ခရီးသည်က ခေါင်းညိတ်ပြ၍…
"မှန်တယ်... ဒီအရိုးပလွေက ကြယ်တာရာ ကောင်းကင်နဲ့ အနည်းငယ် ဆက်နွယ်နေပုံရတယ်... စကြဝဠာ ပတ်လမ်းနဲ့ ကြယ်တွေရဲ့ စွမ်းအားကို ဆွဲယူနိုင်တဲ့ မှော်ရတနာ တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ်... တကယ့် ဝိညာဉ်လက်နက်လား ဒါမှမဟုတ် တစ်ခုခု လျှို့ဝှက်ထားတာလား ဆိုတာတော့ ငါ အတိအကျ မပြောနိုင်သေးဘူး"
***