"ညီလေးချင်... ဒါကို ကြည့်ပါဦး..."
စကားပြောနေရင်း လေနှင်ရာ ခရီးသည်က အရိုးပလွေကို ကိုင်၍ သူ့ခါးရှိ မုန်ညင်းစေ့အိတ်ထဲ ထည့်လိုက်သည်။
အံ့ဩစရာ ကောင်းသည်မှာ အထဲသို့ ဝင်သွားသည်နှင့် အိတ်ထဲမှ အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး အရိုးပလွေမှာ အပြင်သို့ ပြန်ကန်ထွက်လာခြင်းပင်။
လေနှင်ရာ ခရီးသည်က ခေါင်းညိတ်လိုက်သည်။
"ထင်ထားတဲ့ အတိုင်းပဲ... ဒီပစ္စည်းက စကြဝဠာ ပတ်လမ်းနဲ့ ကြယ်တာရာတွေရဲ့ ဆန်းကြယ်တဲ့ ဆက်နွယ်မှု ရှိနေတာ သေချာတယ်... ဒါပေမဲ့ ငါထင်တာ ဒီပလွေက အပိုင်းအစ တစ်ခုပဲ ဖြစ်လောက်တယ်... မှော်ရတနာရဲ့ ပုံစံအမှန် ပေါ်လာဖို့ အစိတ်အပိုင်း အားလုံး စုစည်းရလိမ့်မယ်... ညီလေးချင်... သေချာ သိမ်းထားပါ... တစ်နေ့ကျရင် ကံကောင်းပြီး အစုံလိုက် ရခဲ့ရင် မင်းကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ဘူး"
လေနှင်ရာ ခရီးသည်၏ စကားကြောင့် ချင်စန်း စိတ်ထဲ လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာသော်လည်း ဤကဲ့သို့ ရတနာ အပိုင်းအစများကို ရှာဖွေရန် မလွယ်ကူကြောင်း သူ သိထားသည်။ အချို့ အပိုင်းအစများ ဆိုလျှင် ပျက်စီးသွားပြီ သို့မဟုတ် လောကကြီးထဲမှ ပျောက်ကွယ်သွားပြီ ဖြစ်ကောင်း ဖြစ်နိုင်သည်။
ထိုသို့ဆိုလျှင် ဤမှော်ရတနာမှာ အဝေးက အိပ်မက်တစ်ခု အဖြစ်သာ ကျန်ရှိပြီး လောကတွင် ပြန်လည် ပေါ်ပေါက်လာတော့မည် မဟုတ်ပေ။
ဒါ့အပြင် ပလွေက မုန်ညင်းစေ့အိတ်ထဲ ထည့်လို့မရရင် ကျားသစ်လိုပဲ လည်ပင်းမှာ ဆွဲထားရမှာလား…
ချင်စန်း စိတ်ထဲ ညည်းညူရင်း စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ပလွေကို ဂျင်တစ်ထောင် လက်စွပ်ထဲ ထည့်ရန် ကြိုးစား၏။
မမျှော်လင့်ဘဲ အရိုးပလွေမှာ ထိုနေရာတွင် ငြိမ်သက်စွာ ရှိနေသည်။ အပြင်သို့ ပြန်ကန်ထွက်မလာတော့ပေ။
"ဟမ်..."
ချင်စန်း လုံးဝ အံ့အားသင့်သွားသည်။ လက်ကို မြှောက်၍ လက်စွပ်ကို သေချာ စစ်ဆေးကြည့်၏။
အစောပိုင်း ယွီထျန်းရီ ပြောသွားတုန်းက သံလက်စွပ်ကို ဂျင်တစ်ထောင် လက်စွပ်ဟု ခေါ်ခဲ့သည်။ ၎င်းမှာ သူပေးထားသော နာမည်လား သို့မဟုတ် အမည်ရင်းလား ဆိုသည်ကိုမူ မသိရ။
ချင်စန်းက ၎င်းကို မုန်ညင်းစေ့အိတ်ကဲ့သို့ အခြေခံ သိုလှောင်ရေး မှော်ရတနာ တစ်ခုသာ ဖြစ်ပြီး အတွင်းပိုင်း နေရာလွတ် ပိုကျယ်သည်ဟုသာ ထင်မှတ်ခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ဂျင်တစ်ထောင် လက်စွပ်က ထင်သလောက် မရိုးရှင်းပုံပင်။
သို့တိုင် မည်မျှပင် စစ်ဆေးကြည့်စေ လက်စွပ်မှာ သိုလှောင်ရေး လုပ်ဆောင်ချက်များသာ ရှိပုံရသည်။ သိသာထင်ရှားသော သဲလွန်စများ မတွေ့ရသဖြင့် လောလောဆယ် ထိုကိစ္စကို ခေတ္တ ဘေးဖယ်ထားလိုက်သည်။
ယခုတွင် သူနှင့် လေနှင်ရာ ခရီးသည်တို့ ကျောက်ခန်းမဆောင် အတွင်းမှ ပျံထွက်လာပြီး ရေတံခွန် ထွက်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့ အလွန် သတိထားပြီး ဆက်လက် လှုပ်ရှားကြသည်။ အပြင်ဘက်တွင် ခြုံခိုတိုက်ခိုက်မှုများ မရှိကြောင်းနှင့် နတ်ဆိုးများ ရောက်မလာသေးကြောင်း အတည်ပြုပြီးမှသာ အပြင်သို့ ထွက်ကြ၏။
"နတ်ဆိုးသားရဲတွေက ရိုင်းစိုင်းပြီး ထိန်းချုပ်ရ ခက်တယ်... နတ်ဆိုးဘုရင် တစ်ပါးတည်းအောက်မှာ ဆိုရင်တောင် သူတို့အချင်းချင်း မကြာခဏ တိုက်ခိုက်ကြတာ... ဟို အရိပ်ဝါးမြို ကျားသစ်က ဒဏ်ရာရထားတော့ သူ့အမျိုးတွေကို ဆက်သွယ်ရဲမှာ မဟုတ်ဘူး... အဲ့လိုလုပ်တာက ကျားပါးစပ်ထဲ ကိုယ့်ဘာသာ ဝင်သွားသလို ဖြစ်နေမှာပေါ့... ဒါပေမဲ့ စိတ်ချရအောင် ငါတို့ ဝင်လာတဲ့ လမ်းအတိုင်း ပြန်ထွက်လို့ မဖြစ်ဘူး... ငါ လျှို့ဝှက်လမ်း တချို့ သိတယ်... သူတို့ကို တတ်နိုင်သမျှ ရှောင်ပြီး ကွေ့ပတ်သွားကြမယ်” လေနှင်ရာ ခရီးသည်က ပြောလိုက်သည်။
လေနှင်ရာ ခရီးသည်၏ လမ်းညွှန်မှုအတိုင်း ချင်စန်းက ရေတံခွန်ထိပ်သို့ ဦးတည်၍ ရေပြင်ကို နင်းလျှောက်လာခဲ့သည်။ သူ့အလောင်းကောင် အမြူတေကို မချိတ်ပိတ်သေးပေ။ အတားအဆီးများကို ဖြိုခွင်းပြီး ရှေးဟောင်း ဆေးဥယျာဉ်မှ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာရန် လိုအပ်သည်။
လမ်းတစ်လျှောက်တွင် ချင်စန်းက ယွီထျန်းရီ၏ ဝိညာဉ်ကို ရှာဖွေရာမှ သိရှိခဲ့ရသမျှ အရာအားလုံးကို လေနှင်ရာ ခရီးသည်အား ပြောပြလိုက်သည်။
"စီနီယာ... သုံးပါးရောင်ခြည် ကျောက်စိမ်းရည်က ရှေးဟောင်း အပျက်အစီး တစ်ခုထဲမှာ ဝှက်ထားတာ... ယွီထျန်းရီရဲ့ မှတ်ဉာဏ်တွေအရ အဲ့ဒီနေရာကို ရှေးဟောင်း ဝိညာဉ် အစီအရင် အကြွင်းအကျန်တစ်ခုက စောင့်ကြပ်နေတယ်... ဖောက်ထွက်ဖို့ မလွယ်ဘူး... ကျွန်တော့်ရဲ့ သစ်သား လက်ကောက်ကလည်း မကြာခင် ကွဲတော့မယ့် အခြေအနေ ဆိုတော့ တစ်ယောက်တည်း ဝင်နိုင်မှာ မဟုတ်ဘူး... စီနီယာရဲ့ အကူအညီ လိုအပ်တယ်"
ချင်စန်း၏ အကြီးမားဆုံး စိုးရိမ်မှုမှာ သူတို့နှစ်ယောက် ပေါင်းလျှင်ပင် ကျန်ရှိနေသော အစီအရင်ကို ဖြိုခွင်းနိုင်ပါ့မလား ဆိုသည့် အချက်ပင်။
အကယ်၍ မရခဲ့လျှင် တုန်ယန်းပိုနှင့် ချန်ယန်တို့ကို ကူညီပေးပြီးမှ ထွက်ပြေးရန် အခွင့်အရေး စောင့်ရပေမည်။
ထိုအရာက မဖြစ်နိုင်ဘူး ဆိုလျှင်တော့ ကျီဝေနန်းတော် နောက်တစ်ကြိမ် ပွင့်မည့် အချိန်ကို စောင့်ဆိုင်းပြီးမှ ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွ ပြုစုပျိုးထောင်ရန် သုံးပါးရောင်ခြည် ကျောက်စိမ်းရည် ပြန်လာယူရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့။
ကျီဝေနန်းတော် နောက်တစ်ကြိမ် ပွင့်မည့် အချိန်ကို စောင့်ဆိုင်းနိုင်သော်လည်း ကြာလေ အန္တရာယ် များလေပင်။ ရတနာကို လက်ဝယ် မပိုင်ဆိုင်ရသရွေ့ သူ စိတ်အေးနိုင်မည် မဟုတ်ပေ။
"ခဏလေး..." လေနှင်ရာ ခရီးသည်က အရေးတကြီး လေသံဖြင့် ရုတ်တရက် မေးလာသည်။ "မင်းပြောတော့ အပျက်အစီးက ပျက်စီးနေတဲ့ ခန်းမဆောင် တစ်ခုဆို... အထဲမှာ ရှေးဟောင်း စာလုံး တစ်လုံး ရှိတယ်လို့ ပြောတယ်... ဘယ်လို ပုံစံလဲ"
ချင်စန်းက လက်ကို ဝှေ့ယမ်းပြီး ရှေးဟောင်း စာလုံးကို လေထဲတွင် ပုံဖော်ပြလိုက်သည်။
ပုံစံမှာ ရှေးဆန်နေသော်လည်း လေနှင်ရာ ခရီးသည်က ချက်ချင်း မှတ်မိသွားပြီး ဝမ်းသာအားရ အော်ပြော၏။
"တကယ် 'စု'ဆိုတဲ့ စာလုံးပဲ... သုံးပါးရောင်ခြည် ကျောက်စိမ်းရည်ရဲ့ မူလအစအကြောင်း ငါ အရင်က ပြောပြခဲ့တာ မှတ်မိလား... အဲ့ဒီနေရာက ဝိညာဉ်စုစည်းခွက် ရှိခဲ့တဲ့ ဝိညာဉ်စုစည်း ခန်းမဆောင် ဖြစ်ဖို့များတယ်... ဝိညာဉ်စုစည်း ခန်းမဆောင်ရဲ့ အပျက်အစီးတွေက ဥယျာဉ်နန်းတော်နဲ့အတူ ရှိနေသေးမယ်လို့ ငါ ထင်မထားမိဘူး... သုံးပါးရောင်ခြည် ကျောက်စိမ်းရည် ဒီနေ့ထိ ကျန်ရှိနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး... တကယ်လို့ အဲ့ဒါသာ ဝိညာဉ်စုစည်း ခန်းမဆောင် ဆိုရင် စိတ်မပူနဲ့... ကျန်နေတဲ့ အစီအရင်ကို ဘယ်လို ဖျက်ဆီးရမလဲ ဆိုတာ ငါသိတယ်"
ချင်စန်းလည်း လေနှင်ရာ ခရီးသည်ကို အံ့အားသင့်နေသော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ လေနှင်ရာ ခရီးသည်၏ ဗဟုသုတ ကြွယ်ဝမှုမှာ သူ့စိတ်ကူးထက်ပင် ကျော်လွန်နေလေပြီ။
နတ်ဆိုးဘုရင်၏ သွေးတံဆိပ်ကို ထိန်းချုပ်နိုင်ခြင်းက အတားအဆီး ပညာရပ်များတွင် ကျွမ်းကျင်မှုကြောင့်ဟု ရှင်းပြနိုင်သေးသည်။ သို့သော် သူ တစ်ခါမှ မမြင်ဖူးသော အပျက်အစီး တစ်ခုကို နားလည်ပြီး အစီအရင်အား မည်သို့ ဖြိုခွင်းရမည်ဟု ပြောဆိုနိုင်ခြင်းမှာ သာမန် ဝင်္ကပါ ကျွမ်းကျင်မှုထက် ကျော်လွန်နေလေပြီ။
"ငါ အသက်ရှင်လျက် ပြန်ထွက်နိုင်ရင် မင်းကို ရှင်းပြပါ့မယ်” လေနှင်ရာ ခရီးသည်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ထပ်ပြောသည်။ "ညီလေးချင်... ငါ့မှာ ရှက်စရာကောင်းတဲ့ တောင်းဆိုမှု တစ်ခု ရှိတယ်"
"မင်းရဲ့ ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွက နောက်ဆုံး အသွင်ပြောင်းလဲခြင်းကို ရောက်နေပြီ... တကယ်လို့ မင်း အခု ရေလောင်းမယ် ဆိုရင် အသွင်ပြောင်းဖို့ ငါးစက်လောက် လိုလိမ့်မယ်... ဒါပေမဲ့ ရွှေအမြူတေ အဆင့်နှောင်းပိုင်း ရောက်တဲ့အထိ စောင့်နိုင်မယ် ဆိုရင်... ဖြစ်နိုင်တာ နောက်ထပ် နှစ်နှစ်ရာ အတွင်းပေါ့... အဲ့အချိန်ကျ သုံးစက်လောက်ဆို ရပြီ"
"တကယ်လို့ ငါတို့ သုံးပါးရောင်ခြည် ကျောက်စိမ်းရည် လုံလုံလောက်လောက် ရခဲ့ရင် ငါ့ကို သုံးစက်လောက် ပေးဖို့ ဆန္ဒရှိမလား… ငါ အရာအားလုံး ပုံအောပြီး စွန့်စားကြည့်ဖို့ စီစဉ်ထားတယ်... သေမင်း ပါးစပ်ထဲကနေ အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်လေး တစ်ခု ရှာတွေ့ဖို့... ငါ့အောင်မြင်နိုင်ချေက ဆယ်ရာခိုင်နှုန်းပဲ ရှိတယ်... ဒါပေမဲ့ ကျောက်စိမ်းရည် သုံးစက်လောက် ရရင် လေးဆယ်ရာခိုင်နှုန်းလောက်ထိ တက်လာနိုင်တယ်"
"ငါ့အသက်ကို ကယ်တင်ဖို့အတွက် ငါ့မာနကို ဘေးဖယ်ပြီး ဒီအကူအညီကို မင်းဆီက တောင်းခံရတာပါ"
အသက်အန္တရာယ်နှင့် ပတ်သက်နေမှန်း ကြားလိုက်ရသဖြင့် ချင်စန်း ချက်ချင်း တည်ငြိမ်သွားပြီး သူ့မျက်နှာထား လေးနက်သွားသည်။ ချင်စန်းက တုံ့ဆိုင်းခြင်း အလျဉ်းမရှိ ပြောလိုက်သည်။
"စီနီယာ... ခင်ဗျား ကျွန်တော့်ကို လမ်းတစ်လျှောက်လုံး အများကြီး ကူညီခဲ့တာပါ... သုံးပါးရောင်ခြည် ကျောက်စိမ်းရည် အပါအဝင် ဒီရတနာတွေ တစ်ခုမှ ခင်ဗျား မပါဘဲ မရနိုင်ပါဘူး... ဒါတွေ အားလုံးကို ကျွန်တော်တို့ရဲ့ ပူးတွဲ ရရှိတဲ့ ပစ္စည်းတွေလို့ သတ်မှတ်သင့်ပါတယ်... ခင်ဗျား မတောင်းရင်တောင် ကျွန်တော် ပေးမှာပါ... လိုသလောက် ယူပါ... ဒဏ်ရာတွေ ကုသဖို့နဲ့ အဆင့်တက်ဖို့က ပထမ ဦးစားပေးပါ...”
“ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွ အတွက်ကတော့... သုံးပါးရောင်ခြည်တောင် ရှိရင် ဆယ်ပါးရောင်ခြည်၊ ရာပါးရောင်ခြည်၊ ထောင်ပါးရောင်ခြည် ကျောက်စိမ်းရည်တွေလည်း ရှိလာနိုင်တာပဲ... ရွှေအမြူတေ ဖွဲ့စည်းပြီးရင် ရှိလာမယ့် သက်တမ်း နှစ်လေးရာ အတွင်း နောက်ထပ် ဖြေရှင်းနည်း မရှာတွေ့နိုင်ဘူး ဆိုတာ မယုံပါဘူး"
ယခုအခါ ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွ ရှိနေကြောင်း ပေါ်သွားပြီ ဖြစ်သဖြင့် ချင်စန်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"အချိန်တန်ရင် တုအယ်ဆေးလုံး သန့်စင်ဖို့ စီနီယာရဲ့ အကူအညီ လိုပါလိမ့်မယ်"
ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွကို တိုက်ရိုက် စားသုံး၍ မရပေ။ ထိရောက်မှု ရှိစေရန် တုအယ်ဆေးလုံး အဖြစ် သန့်စင်ရမည် ဖြစ်သည်။
သို့သော် ချင်စန်းမှာ ဆေးပညာအကြောင်း ဘာမှ နားမလည်သလို ကိုယ်တိုင် ကျင့်ကြံနိုင်မည့် အခြေအနေလည်း မရှိပေ။
ဤမျှ အရေးကြီးသော တာဝန်ကို မည်သူ့အား ယုံကြည်စွာ အပ်နှံရမည်ကို သူ စဉ်းစားနေခဲ့သည်မှာ ကြာလေပြီ။
တုအယ်ဆေးလုံးမှာ အလွန် ရှားပါးပြီး တန်ဖိုးရှိသဖြင့် သူစိမ်း တစ်ယောက်ကို အပ်နှံရန် မဖြစ်နိုင်ပေ။
လေနှင်ရာ ခရီးသည်မှာမူ ထိုက်ယီအမြူတေဂိုဏ်း၏ တပည့် ဖြစ်ပြီး နက်ရွှေအမြူတေ ဟယ်ယွင်ဆေးလုံး သန့်စင်စဉ်က ထူးချွန်သော ဆေးပညာ စွမ်းရည်ကို ပြသခဲ့ဖူးသည်။ သူတို့နှစ်ယောက်မှာ သေရေးရှင်ရေး စမ်းသပ်မှုများ အတူတကွ ဖြတ်သန်းခဲ့ပြီး နက်ရှိုင်းသော သံယောဇဉ် တည်ဆောက်ခဲ့ကြ၏။ သေချာပေါက် သူက အကောင်းဆုံး ရွေးချယ်မှုပင်။
လေနှင်ရာ ခရီးသည်က ချင်စန်း ပခုံးကို ပုတ်ပြီး ခဏတာ တိတ်ဆိတ်နေပြီးနောက် လေးနက်သော လေသံဖြင့်…
"ညီလေး... မင်းရဲ့ ကျေးဇူးကို ငါ ဘယ်တော့မှ မမေ့ပါဘူး... သုံးစက်ဆို ငါ့အတွက် လုံလောက်ပါပြီ... ပိုနေရင်လည်း အလကား ဖြစ်သွားမှာ... ငါ ကတိပေးတယ်... ဆေးလုံး သန့်စင်ဖို့ အချိန်ကျလာရင် ငါ့အစွမ်းကုန် ကြိုးစားပေးမယ်... ဒါပေမဲ့ ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွက ကောင်းကင် ထင်ယောင်ထင်မှား သစ်ခွ အဖြစ် အသွင်ပြောင်းသွားပြီ ဆိုရင် တုအယ်ဆေးလုံး သန့်စင်ဖို့က ပိုခက်ခဲလာလိမ့်မယ်... လုံးဝ အောင်မြင်မှာ သေချာဖို့ ဝိညာဉ်သန္ဓေသား အဆင့် ရောက်တဲ့အထိ စောင့်ပြီးမှ ကြိုးစားရလိမ့်မယ်"
လေနှင်ရာ ခရီးသည်ကဲ့သို့ ထူးချွန်သော ဆေးပညာရှင် တစ်ယောက်ပင် တုအယ်ဆေးလုံးကို ယုံကြည်မှု ရှိရှိ သန့်စင်ရန် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းပြီးသည်အထိ စောင့်ဆိုင်းရမည် ဆိုသည်ကို ကြည့်လျှင် လုပ်ငန်းစဉ်မှာ မည်မျှ ခက်ခဲကြောင်း သိသာထင်ရှားလှသည်။
ချင်စန်း အနေဖြင့်မူ ကိုယ်တိုင် သန့်စင်နိုင်မည့် မျှော်လင့်ချက် လုံးဝ မရှိပေ။
သို့သော် လေနှင်ရာ ခရီးသည်၏ ပါရမီကို သူ ယုံကြည်မှု ရှိသည်။
သူ့ဒဏ်ရာဟောင်းများ ပျောက်ကင်းသွားသည်နှင့် တိမ်တိုက်ကြားမှ နဂါးတစ်ကောင်လို သေချာပေါက် ပျံသန်းနိုင်ပေလိမ့်မည်။ မတော်တဆမှုများ မရှိလျှင် ချင်စန်းထက် စော၍ ဝိညာဉ်သန္ဓေသား အဆင့်သို့ သေချာပေါက် ရောက်နိုင်ကောင်း၏။
"ကိုးသွယ်ပုံရိပ်ယောင် ကောင်းကင်သစ်ခွသာ နောက်ဆုံး အဆင့်အဖြစ် အသွင်ပြောင်းသွားရင် တုအယ်ဆေးလုံး ဘယ်နှလုံး သန့်စင်လို့ ရမလဲ” ချင်စန်း စူးစမ်းစွာ မေးလိုက်သည်။
"တစ်လုံးတည်းပေါ့... ပြီးတော့ ဆေးအာနိသင်က အမြင့်ဆုံး ဖြစ်နေလိမ့်မယ်" လေနှင်ရာ ခရီးသည်က ဂုဏ်ယူစွာ ပြန်ဖြေသည်။ "စိတ်ချ ညီလေး... ငါ့ဘဝမှာ ကြောက်စရာကောင်းတဲ့ ကပ်ဘေးဆိုလို့ နှစ်ခုပဲ ရှိတယ်... ကျန်တာ အားလုံးက အသေးအဖွဲပဲ... ဝိညာဉ်သန္ဓေသား ဖွဲ့စည်းဖို့ ဆိုတာကတော့ ငါ့အတွက် အိတ်ထဲက ပစ္စည်းကို နှိုက်ယူသလောက်ပဲ ခက်ခဲမှာ"
***