လေနှင်ရာ ခရီးသည်၏ ကမ္ဘာပျက်မတတ် စကားလုံးများကြောင့် ချင်စန်း တုန်လှုပ်သွားသည်။ ကောင်းကင် ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများပင် ဝိညာဉ်သန္ဓေသား အဆင့်သို့ ရောက်ရှိရန် လွယ်ကူသည်ဟု ဘယ်သောအခါမှ ပေါ့ပေါ့တန်တန် မပြောရဲကြပေ။
ချန်ယန် ကိုယ်တိုင်ပင် အဆင့်တက်ရန်အတွက် မိစ္ဆာလမ်းစဉ်၏ ဆိုးညစ်သော နည်းလမ်းအား အသုံးပြုခဲ့ရသည် မဟုတ်ပါလား။
သို့သော် လေနှင်ရာ ခရီးသည်ကမူ ထိုသို့ ပြောရဲပေသည်။
ချင်စန်း တစ်ယောက် သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်အောင် အချိန်အနည်းငယ် ယူလိုက်ရသည်။ ထို့နောက် လေနှင်ရာ ခရီးသည် ပြောသော ကပ်ဘေးနှစ်ခုထဲမှ ပထမ တစ်ခုမှာ ဝိညာဉ် ပျက်စီးစေသော ကပ်ဘေးကို ရည်ညွှန်းခြင်း ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ ဒုတိယ တစ်ခု အတွက်မူ သူ ဘာမှန်း မသိသေးပေ။
သူတို့ စကားပြောနေစဉ်မှာပင် အလွှာလိုက် အတားအဆီးများကို ဖြိုခွင်းပြီး ရှေးဟောင်း ဆေးဥယျာဉ် အပြင်သို့ ရောက်လာခဲ့ကြသည်။
လေနှင်ရာ ခရီးသည်က ဦးဆောင်ပြီး ချင်စန်းက အပြည့်အဝ သတိထားကာ လိုက်ပါလာသည်။
သူတို့က ကောင်းကင်နတ်ဆိုးတောင် ပတ်ဝန်းကျင်ရှိ နတ်ဆိုး ကျင့်ကြံသူများကို ရှောင်ကွင်းပြီး ဆေးဥယျာဉ် အစွန်အဖျားသို့ ဘေးကင်းစွာ ရောက်လာခဲ့၏။ ဦးတည်ချက်ကို အတည်ပြုပြီးနောက် ချက်ချင်း ခရီးဆက်ခဲ့ကြသည်။
လေနှင်ရာ ခရီးသည်မှာ အတော်လေး ပြန်လည် သက်သာလာပြီး ချင်စန်း၏ အကူအညီ မလိုတော့ပေ။ ဝန်ထုပ်ဝန်ပိုး လျော့သွားသဖြင့် သူတို့ အမြန်နှုန်းမှာ သိသိသာသာ တိုးတက်လာသည်။
ချင်စန်းက လက်ကောက်ဝတ်ကို မြှောက်ပြီး သစ်သား လက်ကောက်အား စစ်ဆေးကြည့်လိုက်၏။
ထူးခြားသော ပြောင်းလဲမှု မရှိသော်လည်း မျက်နှာပြင်မှာ အနည်းငယ် မှေးမှိန်သွားပုံရသည်။ ကောင်းသတင်းမှာ အက်ကြောင်းများ မပေါ်သေးသဖြင့် မကြာခင် ကွဲကြေသွားမည့် အန္တရာယ် မရှိသေးခြင်းပင်။
နောက်ထပ် သွားရောက်မည့် နေရာများ၏ အကွာအဝေးကို စိတ်မှန်းဖြင့် တွက်ချက်ကြည့်ပြီးနောက် ချင်စန်း လှည့်ပြောလိုက်သည်။
"စီနီယာ... ကျွန်တော် ပစ္စည်းတစ်ခု ရှာဖို့ လမ်းကြောင်း နည်းနည်း လွှဲချင်တယ်... ဒီနေရာက ဝိညာဉ်စုစည်း ခန်းမဆောင် သွားတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတော့ အရင်သွားဖို့ စိတ်ကူးထားတာ... အချိန်သိပ်မကြာလောက်ဘူး..."
သူ့မူလ အစီအစဉ်မှာ ဆေးဥယျာဉ်မှ ထွက်ခွာပြီးနောက် လေနှင်ရာ ခရီးသည်ကို အနားယူရန် ပို့ဆောင်ပေးပြီးမှ ချင်းကျူ ပျောက်ဆုံးသွားသော နေရာသို့ တစ်ယောက်တည်း သွားရောက်ကာ ကျန်ရစ်သော ပစ္စည်းများ ရှာဖွေရန် ဖြစ်သည်။
ထိုနေရာမှာ ဆေးဥယျာဉ်နှင့် သိပ်မဝေးပေ။
သို့သော် ယခုခရီးစဉ်မှာ သုံးပါးရောင်ခြည် ကျောက်စိမ်းရည်ကို ရှာဖွေရန် ဝိညာဉ်စုစည်း ခန်းမဆောင်သို့ လမ်းကြောင်းလွှဲရတော့မည် ဖြစ်ရာ သူတို့၏ ခရီးလမ်းကား ပုံစံပြောင်းသွားလေပြီ။
ကံကောင်းစွာဖြင့် ချင်းကျူ ပျောက်ဆုံးသော နေရာနှင့် ဝိညာဉ်စုစည်း ခန်းမဆောင်မှာ ယေဘုယျအားဖြင့် ဦးတည်ချက် တူညီနေပြီး ဘေးသို့ အနည်းငယ်သာ ယိမ်းယိုင်နေခြင်း ဖြစ်သည်။ လမ်းလွဲမှုမှာ သိပ်မကြီးမားပေ။ အချိန်ကုန်သက်သာစေရန် ချင်စန်း အနေဖြင့် သူ့အစီအစဉ်များကို ပြောင်းလဲရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့။
ကျီဝေနန်းတော်မှာ ကျယ်ဝန်းပြီး လူနေကျဲပါးသည်။
ကံ အလွန်မဆိုးလျှင် တုန်ယန်းပိုနှင့် ချန်ယန်တို့ကို အလွယ်တကူ တွေ့ဆုံနိုင်မည် မဟုတ်ပေ။ ချင်စန်းနှင့် လေနှင်ရာ ခရီးသည် နှစ်ယောက်လုံး ကောင်းကင်တွင် ပေါ်ပေါ်ထင်ထင် ပျံသန်းရဲခြင်း မရှိသော်လည်း အရမ်းကြီး သတိထားပြီး တွားသွားနေစရာလည်း မလိုအပ်။ တောင်များကို ကျော်ဖြတ်ပြီး တောင်ကုန်းများကို ဖြတ်သန်းရင်း သူတို့၏ အရှိန်မှာ မြန်ဆန်နေဆဲပင်။
မကြာခင်မှာပင် အဘွားကျင်း ဖော်ပြခဲ့သော တောင်သို့ ရောက်လာကြသည်။
"အဲ့ဒီတောင်ထဲမှာ ရှိတာ... စီနီယာ ဒီမှာ ခဏနားပြီး အားမွေးနေပါ... ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်” ချင်စန်းက ရှေ့ရှိ တောင်ထွတ်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
ဤတောင်သို့ ရောက်လျှင် ရှေးဟောင်း ခန်းမဆောင်ကို အကူအညီ မပါဘဲ ရှာတွေ့နိုင်မည်ဟု အဘွားကျင်း ပြောခဲ့သည်အား ယခုမှသာ သူ နားလည်သွားတော့သည်။
တောင်ပတ်ဝန်းကျင် တစ်ခုလုံးကို အရွယ်အစား မျိုးစုံရှိသော ရေကန်များ ဝန်းရံထားသည်။ ရေပြင်မှာ ကြည်လင်နေပြီး ချောင်းငယ်လေးများ ကွန်ရက်သဖွယ် ဆက်သွယ်ထားကာ ကမ်းစပ်နှင့် တောင်စောင်းများ တစ်လျှောက် ရှေးဟောင်း သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေ၏။
တောနက်ထဲတွင် အပင်များမှာ ရှုပ်ထွေး ပေါက်ရောက်နေပြီး ဧရာမ စပါးအုံးမြွေများကဲ့သို့ နွယ်ပင်များ ရစ်ပတ်နေသည်။
သစ်ပင်ထိပ်များတွင် မြူခိုးများ လွင့်ပျံလျက်။ ၎င်းတို့မှာ သာမန် ရေငွေ့များနှင့် မတူဘဲ မီးခိုးရောင် သမ်းနေသော အငွေ့မျှင်များ ဖြစ်သည်။ တောအုပ် အတွင်း ပိတ်မိနေသော ဆွေးမြေ့ ပုပ်သိုးနေသည့် အရာများမှ ဖြစ်ပေါ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုပြင်းအားကောင်းလာသော အဆိပ်ငွေ့များ ဖြစ်လာခြင်း ဖြစ်ပေမည်။
ထိုကဲ့သို့ အဆိပ်ငွေ့များကို လျှော့တွက်၍ မရပေ။
သို့သော် ၎င်းတို့၏ အဆိပ်ပြင်းအားမှာ ယခင်က ကြုံတွေ့ခဲ့ရသော မက်မွန်ပွင့် အဆိပ်ငွေ့လောက် ပြင်းထန်မည် မဟုတ်ချေ။ သတိထားလျှင် အန္တရာယ် သိပ်မရှိနိုင်ပေ။
ဤတောင်မှာ ရေကန်များ အလယ်တွင် မတ်မတ်မတ်မတ် တည်ရှိနေပြီး တစ်ောင်လုံးကို ရှင်းလင်းစွာ မြင်နေရသည်။ ပတ်ဝန်းကျင် နည်းတူ မိုးထိအောင် မြင့်မားသော ရှေးဟောင်း သစ်ပင်ကြီးများနှင့် မြစိမ်းရောင် အရိပ်များ ဖုံးလွှမ်းထား၏။
ထူးခြားဆန်းကြယ်သော အလင်းရောင်များ မရှိသလို လျှို့ဝှက်ဆန်းကြယ်မှုများ လွှမ်းခြုံထားသော ရှေးဟောင်း ခန်းမဆောင်လည်း မရှိပေ။
ထူးဆန်းသော ဖြစ်ရပ်များ ပြသနေသည့် ပျက်စီးနေသော အစီအရင် သို့မဟုတ် ရှေးဟောင်း အတားအဆီး အရိပ်အယောင်လည်း မတွေ့ရ။
အရာအားလုံးမှာ လုံးဝ ပုံမှန်အတိုင်းပင်။
သို့သော် တောင်ခြေသို့ မရောက်မီ ရေကန်အစွန်းတွင် ရပ်နေစဉ်ကပင် ချင်စန်း တစ်စုံတစ်ရာ ထူးခြားနေသည်ကို အာရုံခံမိနေလေပြီ။
လှုပ်ရှားမှုမှာ သစ်နက်ဓားထံမှ လာခြင်း ဖြစ်သည်။
တောင်ထဲမှ တစ်စုံတစ်ရာက ဓားနှင့် ဖျော့တော့စွာ ပဲ့တင်ထပ်နေသကဲ့သို့ပင်။
ပိုတိကျစွာ ပြောရလျှင် ဓားသွားပေါ်တွင် ထွင်းထုထားသော သတ်ဖြတ်ခြင်း သင်္ကေတ ဖြစ်သည်။
သတ်ဖြတ်ခြင်း သင်္ကေတက ထူးဆန်းသော တုန်ခါမှု တစ်ခု ထုတ်လွှတ်နေပြီး တောင်နက်ထဲမှ ခေါ်သံတစ်ခုကို တုံ့ပြန်နေသကဲ့သို့ပင်။
ချင်စန်းက လေနှင်ရာ ခရီးသည်ကို အကြောင်းကြားပြီးနောက် တောအုပ်ထဲသို့ ခုန်ဝင်သွားသည်။ အဆိပ်ငွေ့များမှ ကာကွယ်ရန် အလောင်းကောင် အမြူတေအား အသက်သွင်းလိုက်ပြီး ဖျော့တော့သော ပဲ့တင်သံကို အာရုံစိုက်ကာ တောင်နှလုံးသားဆီ တိုးဝင်သွားသည်။
အဘွားကျင်း လမ်းကြောင်း ညွှန်ပြစဉ်က ဝေဝါးစွာ ပြောခဲ့သည်။ တောင်၏ တည်နေရာကို ရှင်းလင်းစွာ ပြောပြသော်လည်း အတွင်း၌ အန္တရာယ် ရှိ၊ မရှိကိုမူ ထည့်မပြောခဲ့ပေ။ သူမ ကိုယ်တိုင်လည်း မသေချာပုံရသည်။
ကျီဝေနန်းတော်တွင် သက်ရှိ သတ္တဝါများ မရှိသော်လည်း ထူးဆန်းသော အတားအဆီးများနှင့် အန္တရာယ်များသည့် ကြွင်းကျန် အစီအရင်များဖြင့် ပြည့်နှက်နေသည်။ ချင်စန်းက အလောင်းကောင် အမြူတေကို မပိတ်သိမ်းရဲပေ။ ဆယ်မျက်နှာ ယမမင်းတံခွန်ကို ထုတ်ယူပြီး တောင်ထိပ်သို့ သတိဖြင့် တက်လှမ်းလာသည်။
တောင်ခြေနှင့် နီးကပ်လာလေ ပဲ့တင်သံက ပိုအားကောင်းလာလေပင်။
နောက်ဆုံးတွင် ချင်စန်း မော့ကြည့်ပြီး တောင်ထိပ်အနီးရှိ နေရာတစ်ခုကို အကြည့် စူးစိုက်လိုက်သည်။
ထိုနေရာတွင် မြင်သာသော ထူးခြားမှု မရှိပေ။ တောင်၏ ကျန်အပိုင်းများ ကဲ့သို့ပင် ရှေးဟောင်း သစ်ပင်ကြီးများ ဖုံးလွှမ်းထားပြီး ကြီးမားသော သစ်ခက်များက ဘုရားစေတီများ အဆင့်ဆင့် ထပ်နေသကဲ့သို့ ကောင်းကင်ကို ဖုံးကွယ်ထားကာ အောက်ဘက် မြင်ကွင်းအား လုံးဝ ပိတ်ဆို့ထားသည်။
သူက သစ်ပင်ထိပ်များပေါ် ဖြတ်ကျော်ပြီး ထိုနေရာသို့ တည့်တည့် ဦးတည်သွားသည်။
ဝူး...
တောင်ပေါ်လေက သစ်ရွက်များကြား တိုးဝှေ့တိုက်ခိုက်သွားပြီး အသံများမှာ စူးရှ ပြတ်သားနေသည်။
သို့သော် သစ်ခက်များ အောက်တွင်မူ အိုက်စပ် ပူလောင်နေသည်။ အဆိပ်ငွေ့များက ဤနေရာထိ ပျံ့နှံ့နေပြီး အရာအားလုံးကို ဖြူဖျော့ဖျော့ မီးခိုးရောင် မြူများဖြင့် ဖုံးလွှမ်းထားသည်။ အောက်ခြေရှိ မြေကြီးမှာ ရာစုနှစ်များစွာ ဆွေးမြေ့နေသော အရာများဖြင့် အလွှာလိုက် ဖြစ်ပေါ်နေပြီး ညှီစော်နံသော အနံ့ဆိုးများ ထွက်ပေါ်နေသော ရွှံ့နွံအိုင်ကြီး ကဲ့သို့ပင်။
ချင်စန်းက သစ်ကိုင်းများပေါ် ပေါ့ပါးစွာ နင်းလျှောက်ပြီး လျင်မြန်သော လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် မူလရင်းမြစ်ကို ရှာတွေ့သွားသည်။
သူက ထိုးထွက်နေသော သစ်မြစ်တစ်ခုပေါ်တွင် ရပ်လိုက်သည်။ သူ့ရှေ့တွင် မတ်စောက်သော ကျောက်ကမ်းပါးကြီး တစ်ခု ရှိနေပြီး ယခုအချိန်ထိ ပတ်ဝန်းကျင်ရှိ ကြီးမားသော သစ်ပင်များက ကွယ်ထားသဖြင့် အပြင်မှ မမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဝေးမှ ကြည့်လျှင် ဤနေရာ၌ ဤမျှ မတ်စောက်သော ကမ်းပါးတစ်ခု ဝှက်ထားလိမ့်မည်ဟု ဘယ်သူမှ ထင်မည် မဟုတ်ပေ။
ဧရာမ စပါးအုံးမြွေကြီးများ အရွယ်အစားရှိ နွယ်ပင်ကြီးများက ကျောက်ကမ်းပါး မျက်နှာပြင် တစ်လျှောက် ရစ်ပတ်ထားသည်။ ကျဉ်းမြောင်းသော နေရာလပ်များမှ တဆင့်သာ အောက်ရှိ ဖြူဖျော့ဖျော့ ကျောက်သားကို မြင်တွေ့နိုင်၏။
ကျောက်ကမ်းပါး ကိုယ်တိုင်မှာ လုံးဝ ထူးခြားမှု မရှိပေ။ ကျောက်သား မျက်နှာပြင်မှာ မညီညာဘဲ မည်သည့် အတားအဆီး အရိပ်အယောင်မှ မရှိ။ အကယ်၍ သတ်ဖြတ်ခြင်း သင်္ကေတ၏ ဖျော့တော့သော ပဲ့တင်သံသာ မရှိခဲ့လျှင် ချင်စန်း အလွယ်တကူ ကျော်သွားမိမည် ဖြစ်သည်။
သို့သော် ရှင်းပြ၍ မရသော ဆက်နွယ်မှုက ရှင်းလင်းစွာ ရှိနေသည်။
ကျောက်ကမ်းပါးကို နွယ်ပင်များက ဖုံးကွယ်ထားသည်။ ချင်စန်းက လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များက မရေမတွက်နိုင်သော ဓားသွားများ အဖြစ် ပြောင်းလဲသွားပြီး နွယ်ပင်များကို ပိုင်းဖြတ်လိုက်သဖြင့် ကျောက်ကမ်းပါး မျက်နှာပြင် တစ်ခုလုံး ပေါ်ထွက်လာတော့သည်။
ထိုအချိန်ကျမှသာ မသိမသာ ဆန်းကြယ်မှု တစ်ခု ပေါ်ပေါက်လာသည်။ ကျောက်ကမ်းပါးမှာ ပြီးပြည့်စုံသော စက်ဝိုင်းပုံသဏ္ဍာန် ရှိပြီး တောင်ထဲတွင် မြှုပ်နှံထားသော နေမင်းကြီး တစ်စင်းနှင့် တူနေ၏။
၎င်းက အရှေ့ဘက်သို့ တည့်တည့် မျက်နှာမူထားသည်။
ယခု ပိတ်ဆို့ထားသော ရှေးဟောင်း သစ်ပင်ကြီးများနှင့် နွယ်ပင်များသာ မရှိခဲ့လျှင် မနက်ခင်း နေရောင်ခြည်က ဤကျောက်ကမ်းပါးပေါ် မည်သို့ ကျရောက်မည်၊ အရှေ့အရပ်မှ ခရမ်းရောင်ချီများ တက်လာပြီး ကျောက်သားပေါ်တွင် ရွှေရောင် အလင်းတန်းများ ဖြာကျနေမည်ကို စိတ်ကူးကြည့်နိုင်သည်။
ထိုအချိန်မျိုးတွင် ကောင်းကင်ပေါ်ရှိ နေမင်းနှင့် ကျောက်ကမ်းပါးပေါ်ရှိ နေမင်းကြီးတို့ အပြန်အလှန် ရောင်ပြန်ဟပ်နေကြပေမည်။ ထိုမြင်ကွင်းမှာ တောက်ပ ခမ်းနားနေမည်မှာ သေချာသည်။
ကံမကောင်းစွာဖြင့် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကျီဝေနန်းတော်မှာ ယိုယွင်းပျက်စီးလာခဲ့သည်။ တစ်ချိန်က ခမ်းနားခဲ့သော ထိုမြင်ကွင်းမှာ ပျောက်ကွယ်သွားပြီး တောနက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရလေပြီ။
ချင်စန်း ခေါင်းခါလိုက်ပြီး စိတ်ကူးယဉ်မှုများကို ဖယ်ရှားကာ လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။
စိတ်ကူးယဉ် ခမ်းနားမှုမှလွဲ၍ ဤကျောက်ကမ်းပါးမှာ သာမန် ကျောက်တုံး တစ်တုံးထက် မပိုပေ။ သူက ထိပ်ဆုံးသို့ ပျံတက်သွားပြီး အပေါ်မှ အောက်သို့ သေချာ စစ်ဆေးကြည့်သော်လည်း ရှေးလူများ ချန်ထားခဲ့သော ကမ္ပည်းစာ သို့မဟုတ် အမှတ်အသား တစ်ခုမျှ မတွေ့ရပေ။
ဤနေရာက မူလ ဝိညာဉ်ဓား မွေးမြူခြင်းနှင့် ဆက်စပ်နေသည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မရှိ။ သို့သော် ကမ္ပည်းစာများ မရှိသလို ဓားရာများပင် မရှိချေ။
ကျောက်ကမ်းပါးကို စူးစိုက်ကြည့်ရင်း ချင်စန်း ရုတ်တရက် မျက်ခုံးနှစ်ခုကြား နေရာကို တို့ထိလိုက်သည်။
သစ်နက်ဓားက သူ့ခန္ဓာကိုယ်ထဲမှ ပျံထွက်လာပြီး ရှေ့တွင် ခေတ္တ ဝဲနေပြီးနောက် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာကာ သန့်စင်သော ဓားချီ တစ်ခု ခုတ်ပိုင်း ထွက်လာတော့သည်။
ဖုန်း...
ဓားချီက ကျောက်ကမ်းပါးကို အပြင်းအထန် ရိုက်ခတ်လိုက်သည်။ ချင်စန်းက အနည်းငယ်မျှ လက်လျှော့ခြင်း မရှိဘဲ သူ့အပြင်းထန်ဆုံး၊ အကျွမ်းကျင်ဆုံး ဓားချီကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက် အနေဖြင့် ရိုက်ခတ်သံ ထွက်ပေါ်မလာခဲ့ပေ။
ဓားချီမှာ လေထဲတွင် ပျောက်ကွယ်သွားပြီး ကျောက်ကမ်းပါးပေါ်တွင် အမှတ်အသား တစ်ခုမျှ မကျန်ရစ်ခဲ့ချေ။ ကျောက်တုံးက ၎င်းကို မျိုချလိုက်သကဲ့သို့ပင်။
***