နှစ်ရက် အကြာ ချန်ရှင်းဂိုဏ်း ၏ အပြင်ဘက်၌။
“အဲဒါဆို မင်း ပြောချင်တာက မင်းက ယွင်ထျန်းဂိုဏ်း မှာ လူတွေကို လုယက် သတ်ဖြတ်ခဲ့ပြီး အခု ငါတို့ ချန်ရှင်းဂိုဏ်း ရဲ့ တပည့် ဖြစ်ချင်တယ်ပေါ့...”
“ဟုတ်ပါတယ်...”
“မင်း နာမည်က ဘယ်လို ခေါ်လဲ...”
“ကျွန်တော့် နာမည်က ချန်လော့ ပါ...”
“ကောင်းပြီ မင်း ဒီနေရာမှာ စောင့်နေ ငါ သွားပြီး အကြီးအကဲ ကို အကြောင်းကြားလိုက်မယ်...”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူ အစ်ကို...”
ထိုတပည့် က ချန်ရှင်းဂိုဏ်း ၏ အတွင်းဘက်သို့ လျှောက်သွားသည်ကို ကြည့်နေရင်း ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ချန်ရှင်းဂိုဏ်း အတွင်း၌။
ဂိုဏ်းချုပ် အပါအဝင် တံခါးအတွင်းရှိ အကြီးအကဲများ အားလုံးမှာ ဧည့်ခံခန်းမ တွင် ထိုင်နေကြပြီး အမျိုးသမီး တစ်ယောက်နှင့် ပြုံးရွှင်စွာ စကားပြောဆိုနေကြသည်။
ထိုအမျိုးသမီးမှာ အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ်ခန့်သာ ရှိပုံရပြီး အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ သူမ၏ အသွင်အပြင်မှာ ပထမတန်းစားဟု ဆိုနိုင်ပေသည်။
အကယ်၍ ချန်လော့သာ ဤနေရာတွင် ရှိနေမည် ဆိုပါက သူမကို လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူနှင့် လမ်းခွဲခဲ့သော ကျောက်မန် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လိမ့်မည်။
ချန်ရှင်းဂိုဏ်း ၏ အကြီးအကဲများ အားလုံး စုဝေးနေကြခြင်းက သူတို့ ကျောက်မန် ကို မည်မျှ တန်ဖိုးထားကြောင်း ပြသနေသည်။
သူမက “အဆိပ်တစ်သောင်းခန္ဓာ” ကို ပိုင်ဆိုင်ထားသည်ကို ထည့်သွင်း စဉ်းစားလျှင် ဤသည်က နားလည်နိုင်သော ကိစ္စပင်။
“မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ” ၏ ကျင့်ကြံခြင်း နည်းလမ်းနှင့် ပေါင်းစပ်လိုက်သည်နှင့် တစ်ပြိုင်နက် အချိန်တန်လျှင် သူမသည် သူတို့၏ ချန်ရှင်းဂိုဏ်းတွင် အနည်းဆုံး နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ပေါင်းထည့်ပေးနိုင်တော့မည်။
“သွေးသဲကန္တာရ ထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုလည်း ငါ နည်းနည်း ကြားထားပါတယ်...”
“ဒါပေမဲ့ ဖြောင့်မတ်သော လမ်းစဉ် နဲ့ နတ်ဆိုးလမ်းစဉ် ဂိုဏ်းတွေကြားက သဘောတူညီချက်ကြောင့် လှုပ်ရှားမှု လုပ်ဖို့က မသင့်တော်ဘူး ဖြစ်နေတယ်...”
“မင်း တော်တော်လေး နစ်နာခဲ့ရပြီ...”
ပင်မ ထိုင်ခုံတွင် ထိုင်နေသော ဂိုဏ်းချုပ် ယွီထျန်းစီ က စတင် စကားပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ကျောက်မန်သည် ချက်ချင်း ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
“ရပါတယ် လမ်းတစ်လျှောက်လုံး ကျွန်မ တကယ်တော့ ဘာအန္တရာယ်မှ မကြုံခဲ့ရပါဘူး...”
သူမ စကားပြောနေစဉ် ချန်လော့၏ မျက်နှာသည် ကျောက်မန် ၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ဖြတ်ပြေးသွား၏။
သူတို့သည် အန္တရာယ်နှင့် မကြုံတွေ့ခဲ့ရသော်လည်း အလွန် အန္တရာယ်များသော လူတစ်ယောက်နှင့်တော့ ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်မှာပင် တပည့် တစ်ယောက်က ဧည့်ခံခန်းမ ၏ အပေါက်ဝသို့ လျှောက်လာပြီး လူတိုင်းကို ရိုသေစွာ အရိုအသေ ပေးလိုက်၏။
“အကြီးအကဲများ အားလုံးနဲ့ ဂိုဏ်းချုပ် ကို ဂါရဝပြုပါတယ်...”
ယွီထျန်းစီ က ထိုတပည့် ကို လှည့်ကြည့်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် မနှစ်မြို့မှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
“မြန်မြန် ပြော ဘာကိစ္စလဲ...”
ဂိုဏ်းချုပ် က အနည်းငယ် မပျော်မရွှင် ဖြစ်နေပုံ ရသည်ကို မြင်သောအခါ တပည့် က ခေါင်းကို ပို၍ပင် ငုံ့ထားလိုက်၏။
“အပြင်ဘက်ကနေ လူတစ်ယောက် ရောက်လာပါတယ် သူက ယွင်ထျန်းဂိုဏ်း မှာ လူတစ်ယောက်ကို လုယက် သတ်ဖြတ်ခဲ့ပြီး ကျွန်တော်တို့ ချန်ရှင်းဂိုဏ်း ရဲ့ တပည့် ဖြစ်ချင်တယ်လို့ ပြောနေပါတယ်...”
ဤစကားကို ကြားလိုက်ရသောအခါ ယွီထျန်းစီ သည် မျက်မှောင်ကြုတ်သွားပြီး တစ်ခဏမျှ စဉ်းစားလိုက်သည်။
“ယွင်ထျန်းဂိုဏ်း မှာ လူသတ်ခဲ့တယ် ပြီးတော့ ငါတို့ ချန်ရှင်းဂိုဏ်း ရဲ့ တပည့် ဖြစ်ချင်တယ်ပေါ့ မင်းရဲ့ အစီအစဉ်က ကောင်းတာပဲ...”
“သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်လဲ...”
“ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်ရဲ့ အထွတ်အထိပ် ပါ...”
တပည့် က ပြန်ဖြေလိုက်၏။
ဤစကားကို ကြားလိုက်ရသောအခါ ဘေးတွင် ရပ်နေသော ကျောက်မန် မှာ မှင်တက်သွားတော့သည်။
ချန်လော့ကလည်း ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်ရဲ့ အထွတ်အထိပ် တွင် ရှိနေသည်ဟု သူမ မှတ်မိနေ၏။
ထို့အပြင် ယွင်ထျန်းဂိုဏ်း မှ လူများကို မြင်သောအခါ သူသည် ပထမဆုံး ထွက်ပြေးခဲ့သူ ဖြစ်သည်။
အရိပ်မြို့တော် သို့ ရောက်ရှိချိန်တွင် သူသည် ကုန်သွယ်ရေး ယာဉ်တန်းတွင် ပါဝင်ခဲ့ခြင်းအတွက် ဝိညာဉ်ကျောက်တုံး များကိုပင် ရယူလိုခြင်း မရှိခဲ့ပေ။
ဤအပြုအမူများ အားလုံးကို ထည့်သွင်း စဉ်းစားကြည့်ပါက ချန်ရှင်းဂိုဏ်း သို့ ဝင်ချင်နေသော ဤလူမှာ ချန်လော့ ဖြစ်နေမည်လော။
အနည်းငယ် ယုံကြည်ရခက်သော်လည်း ၊ ဤအခိုက်အတန့်၌ ချန်ရှင်းဂိုဏ်း ၏ အပြင်ဘက်တွင် ရပ်နေသော သူမှာ ချန်လော့ ဖြစ်ကြောင်းကို ကျောက်မန် ဝေဝေဝါးဝါး ခံစားမိသည်။
“ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်ရဲ့ အထွတ်အထိပ် ရဲ့ ခွန်အားက တကယ်တော့ အတော်လေး ကောင်းပါတယ်...”
“လုချင်းဖုန်း သွားပြီး တစ်ချက် ကြည့်လိုက်ပါ...”
ယွီထျန်းစီ သည် အတွင်းဂိုဏ်း မှ အကြီးအကဲ တစ်ဦးကို ကြည့်ကာ ပြောလိုက်၏။
လုချင်းဖုန်း သည် စကားများများ မပြောတော့ဘဲ မတ်တတ်ရပ်ကာ ထိုတပည့် ကို သူ့အား ခေါ်ဆောင်သွားခိုင်းရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကျောက်မန်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
“အဲ့ဒီကျင့်ကြံသူ ရဲ့ နာမည်က ဘယ်လို ခေါ်လဲ...”
ကျောက်မန်သည် ရုတ်တရက် မတ်တတ်ရပ်ကာ မေးလာသဖြငိ့ တံခါးဝရှိ တပည့် မှာ အံ့အားသင့်သွားသည်။
ဤသည်ကို မြင်သောအခါ ယွီထျန်းစီ က စားပွဲကို ချက်ချင်း လက်ဖြင့် ရိုက်လိုက်၏။
“ဘုန်း...”
“မင်းရဲ့ ဂိုဏ်းတူ အစ်မ က မင်းကို မေးခွန်း မေးနေတယ်လေ အခု ချက်ချင်း သူ့ကို ဖြေလိုက်စမ်း...”
ဤအချိန်တွင် ကျောက်မန် သည် ချန်ရှင်းဂိုဏ်း သို့ တရားဝင် မဝင်ရောက်ရသေးသလို မည်သည့် တောင်ထွတ်သို့ ဝင်ရောက်မည်ကိုပင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့သော် ယွီထျန်းစီ ၏ အမြင်တွင် ဤသည်က ကြိုတင် သတ်မှတ်ထားပြီးသော တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်နေပြီ ဖြစ်ရာ ၊ သူ ပြောခဲ့သည့် စကားများမှာ မမှားပေ။
ဂိုဏ်းချုပ် ၏ ဒေါသကို မြင်သောအခါ ထိုတပည့် မှာ ကြောက်လန့်တကြား ဖြူဖပ်သွားတော့၏။
“ဟုတ် ဟုတ်ကဲ့ ဂိုဏ်းတူ အစ်မ အဲ့လူက ချန်လော့ လို့ ပြောပါတယ်...”
“ချန်လော့ တကယ်ပဲ သူ ဖြစ်နေတာပဲ...”
ကျောက်မန် ၏ မျက်လုံးများ အရောင်လက်သွားပြီး သူမ၏ မျက်နှာပေါ်တွင် မသိစိတ်မှ အပြုံးတစ်ခု ပေါ်လာ၏။
ယွီထျန်းစီ ကလည်း ကျောက်မန် ၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့် သူသည် ချက်ချင်း မေးလိုက်သည်။
“ဘာလဲ မင်း ဒီလူကို သိလို့လား...”
“ဂိုဏ်းချုပ် ကို တင်ပြပါတယ် အဲ့လူက ကျွန်မရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်နိုင်ပါတယ်...”
သူမသည် နာမည်နှင့် ကျင့်ကြံမှု အဆင့်ကို အတည်ပြုပြီးပြီ ဖြစ်ကာ ထိုသူမှာ သူမ သိသော ချန်လော့ ဖြစ်ကြောင်း သူမ၏ အလိုအလျောက် သိစိတ်က ပြောနေသော်လည်း…
သို့သော် ကျောက်မန် သည် သူမကိုယ်သူမ လွတ်လမ်း တစ်ခု ချန်ထားခဲ့သည်။
ဤစကားကို ကြားလိုက်ရသောအခါ ယွီထျန်းစီ က ချက်ချင်း ပြုံးလိုက်၏။
“သူက မင်းရဲ့ မိတ်ဆွေဟောင်း ဆိုမှတော့ သူ့ကို တိုက်ရိုက် လာခိုင်းလိုက်ပါ...”
ထိုသို့ ပြောပြီးနောက် သူသည် သတင်းပို့ရန် လာသော တပည့် ကို လှည့်ကြည့်လိုက်သည်။
“သွား ချန်လော့ ကို ဒီနေရာကို ခေါ်ခဲ့...”
“ဟုတ်ကဲ့...” တပည့် က အလျင်အမြန် လှည့်ကာ ပြေးထွက်သွားတော့၏။
ထွက်ခွာသွားသော တပည့် ၏ အရိပ်ကို ကြည့်ရင်း ယွီထျန်းစီ ၏ မျက်လုံးများထဲတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူ ဤသို့ လုပ်ဆောင်ရခြင်းမှာ လူတို့၏ နှလုံးသားကို အနိုင်ယူရန် ဖြစ်၏။
ချန်ရှင်းဂိုဏ်း သည် နတ်ဆိုးလမ်းစဉ် ၏ အဓိက ဂိုဏ်းကြီး လေးခုထဲမှ တစ်ခု ဖြစ်ပြီး တပည့် သောင်းနှင့်ချီ၍ ရှိလေသည်။
တပည့် တစ်ယောက် ရရှိခြင်းက ၎င်းချည်းသက်သက် ဆိုလျှင် ကိစ္စကြီး တစ်ခု မဟုတ်သော်လည်း အကယ်၍ ကျောက်မန် ၏ နှလုံးသားကိုပါ အနိုင်ယူနိုင်မည် ဆိုပါက ၎င်းသည် ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဤသည်က အနာဂတ်၏ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည် မဟုတ်လော။
ထို့အပြင် “အဆိပ်တစ်သောင်းခန္ဓာ” အတွက်မူ မမျှော်လင့်ထားသော အခြေအနေများ မရှိပါက နတ်ဝိညာဉ်အဆင့် ဆိုသည်မှာ အစသာရှိသေးသည်။
ကျောက်မန် အနေဖြင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် သို့တိုင်အောင် ကျင့်ကြံနိုင်ပြီး ပိုမို မြင့်မားသော အဆင့်များသို့ပင် ရောက်ရှိနိုင်ခြေ အလွန် မြင့်မား၏။
သို့သော် ယွီထျန်းစီ က လှည့်ကြည့်လိုက်သောအခါ သူ၏ ဘေးတွင် ခြေချိတ်ထိုင်နေသော အမျိုးသမီး အကြီးအကဲ တစ်ယောက်က သူ့ကို အထင်အမြင် သေးသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီး အကြီးအကဲ မှာ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိသော ကိုယ်လုံးကိုယ်ပေါက် ရှိကာ ကျောက်မန် ထက်ပင် သာလွန်သော အလှတရား ရှိလေသည်။
သူမ၏ မျက်နှာမှာ အသက် နှစ်ဆယ် ကျော်အရွယ် မိန်းကလေး တစ်ယောက်၏ မျက်နှာနှင့် တူပြီး မိတ်ကပ် အနည်းငယ်သာ လိမ်းခြယ်ထားကာ နှုတ်ခမ်းပေါ်တွင် အနီရောင် အနည်းငယ်သာ ဆိုးထား၏။
အကြီးအကဲ ၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ ယွီထျန်းစီ မှာ ခါးသီးသော အပြုံးတစ်ခုသာ ပြုံးနိုင်တော့သည်။
အကယ်၍ အခြား အကြီးအကဲ တစ်ယောက်သာ ဆိုလျှင် သူ့ကို ဤကဲ့သို့ ဆက်ဆံရန် မည်သူကမျှ သေချာပေါက် ရဲမည် မဟုတ်ပေ။
သို့သော် သူတို့၏ အရှေ့ရှိ အမျိုးသမီးမှာ သာမန်လူ မဟုတ်ချေ။ သူမသည် ချန်ရှင်းဂိုဏ်း ရှိ အသန်မာဆုံး တိုက်ခိုက်ရေးသမား များထဲမှ တစ်ဦး ဖြစ်ပြီး ချင်းယန်တောင်ထွတ် ၏ အကြီးအကဲ လောချင်းယွီ ပင် ဖြစ်သည်။
သူမသည် သူ၏ ဂိုဏ်းတူ ညီမငယ် လည်း ဖြစ်ပြီး ဂိုဏ်း အတွင်းတွင် သူ့ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ရဲသော တစ်ဦးတည်းသော သူ ဖြစ်၏။
ထို့အပြင် အချိန်အများစုတွင် သူသည် သူမကို ပြန်မပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူမကို မနိုင်သောကြောင့် ဖြစ်သည်။
မကြာမီမှာပင် ထိုတပည့်က ချန်လော့ကို ချန်ရှင်းဂိုဏ်း သို့ ခေါ်ဆောင်လာခဲ့ပြီး ဧည့်ခံခန်းမ ၏ အပေါက်ဝသို့ ရောက်ရှိလာခဲ့၏။
ချန်လော့သည် ဧည့်ခံခန်းမ တွင် ပေါ်လာပြီး ကျောက်မန် ကို မြင်လိုက်ရသောအခါ ချန်လော့၏ မျက်နှာမှာ တစ်မုဟုတ်ချင်း မည်းမှောင်သွားတော့သည်။
ကျောက်မန် က ပြုံးလိုက်၏။
“ချန်လော့ မတွေ့ရတာ ကြာပြီနော်...”
ချန်လော့သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ဧည့်ခံခန်းမ ရှိ အကြီးအကဲများ ကို မြင်သောအခါ လှည့်၍ ထွက်ပြေးမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရပြီး အပြုံးတစ်ခုကိုသာ အတင်းအကျပ် ဖန်တီးနိုင်တော့၏။
“မတွေ့ရတာ ကြာပြီပဲ...”
သူတို့ နှစ်ယောက် တကယ်ပင် သိနေကြသည်ကို မြင်သောအခါ ယွီထျန်းစီ က ချက်ချင်း ပြုံးလိုက်သည်။
“အဲဒါဆို မင်းတို့ နှစ်ယောက်က တကယ် သိနေကြတာပေါ့...”
ကျောက်မန် က အနည်းငယ် ပြုံးလိုက်၏။ “သိရုံတင် မကပါဘူး ချန်လော့ သာ မရှိခဲ့ရင် ကျွန်မ သွေးသဲကန္တာရ ထဲကနေ ထွက်လာနိုင်မှာ မဟုတ်ဘူး...”
ကျောက်မန် ၏ ပြုံးနေသော မျက်နှာကို ကြည့်ရင်း ချန်လော့သည် သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကြောင်း ခံစားလိုက်ရသည်။
ဒီကပ်ဘေးကနေ ငါ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး ထင်တယ်…
***