ထိုအခိုက်၌ ယာမာမိုတို ဆိုဂျီ၏ လက်ထဲတွင် ပင်ပေါင်သီးခန့်ရှိသော ကျောက်တုံးတစ်တုံး ရှိနေသည်ကို ယဲ့ပုဖန် သတိပြုမိလိုက်သည်။ ထိုကျောက်တုံးမှာ ငွေဖြူရောင်အလင်းတန်းများ လင်းလက်နေပြီး ၎င်းမှာ အခြားမဟုတ်... ဝိညာဉ်ကျောက်တုံးပင် ဖြစ်ချေတော့သည်။
ယဲ့ပုဖန်မှာ အံ့ဩဝမ်းသာ ဖြစ်သွားမိ၏။ ဟွာတို၏ အမွေအနှစ် မှတ်တမ်းများအရ ဝိညာဉ် ကျောက်တုံးများသည် ကျင့်ကြံသူများအတွက် မရှိမဖြစ် လိုအပ်သော ရတနာများ ဖြစ်ကြသည်။
အထူးသဖြင့် ကမ္ဘာလောက အတွင်းဝယ် ဝိညာဉ်စွမ်းအင်များ ရှားပါးနေသည့် ယခုကဲ့သို့ အချိန်မျိုးတွင် ဝိညာဉ်ကျောက်တုံးမှာ ပို၍ပင် တန်ဖိုးဖြတ်မရနိုင်ပေ။
ခမ်းခြောက်လုနီးပါး ဖြစ်နေသော ဝိညာဉ်စမ်းရေတစ်ခုကပင် သူ၏ ကျင့်ကြံမှုကို မြေကမ္ဘာအဆင့် အစောပိုင်း အဆင့်အထိ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့လျှင် အကယ်၍သာ ဝိညာဉ်ကျောက်တုံးဖြင့် ကျင့်ကြံခွင့်ရပါက ရလဒ်မှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်တော့ပေ။ နှမြောစရာကောင်းသည်မှာ သူသည် ယခင်ကတည်းက ရှာဖွေခဲ့သော်လည်း တစ်တုံးမျှပင် မတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယခု ယာမာမိုတို ဆိုဂျီ ကိုင်ထားသည့်အရာမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဖြစ်သော်ငြားလည်း အလွန်ပင် ကြွယ်ဝလှသော ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေသည်မှာ အမှန်ပင်။
သူ့ကို အဆိုးရွားဆုံး စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ ထိုမိစ္ဆာအိုကြီးသည် ဝိညာဉ်ကျောက်တုံးထဲမှ ဝိညာဉ်စွမ်းအင်များကို မည်သို့ စနစ်တကျ စုပ်ယူရမည်ကို လုံးဝ မသိရှိခြင်းပင်။ သူသည် သိုင်းပညာရှင်တို့၏ နည်းလမ်းအတိုင်းသာ ဝိညာဉ်စွမ်းအင်များကို အကြမ်းပတမ်း စုပ်ယူနေခြင်း ဖြစ်သည်။
ဤနည်းလမ်းမှာ အကျိုးကျေးဇူး အချို့ရနိုင်သော်လည်း ဝိညာဉ်ကျောက်တုံး၏ စွမ်းဆောင်ရည် တစ်ရာခိုင်နှုန်းကိုပင် အသုံးမချနိုင်ဘဲ ဝိညာဉ်စွမ်းအင် အများစုမှာ လေထဲသို့ ပျံ့လွင့်သွားသဖြင့် ကြီးမားလှသော လေလွင့်မှုပင် ဖြစ်ချေသည်။ သို့တိုင်အောင် ထိုဝိညာဉ်ကျောက်တုံးက ယာမာမိုတို ဆိုဂျီ၏ ဒဏ်ရာများကို သက်သာစေကာ သူ၏ ကုန်ဆုံးလုနီးပါးဖြစ်နေသော ချီစွမ်းအင်များကို အလျင်အမြန် ပြန်လည် ဖြည့်တင်းပေးနေသဖြင့် သူ၏အရှိန်မှာ တဖြည်းဖြည်း ပြန်လည် မြန်ဆန်လာခြင်း ဖြစ်သည်။
"မဖြစ်ဘူး... အဲဒီ ဝိညာဉ်ကျောက်တုံးကို အဲဒီမိစ္ဆာအိုကြီးလက်ထဲကနေ ငါ လုယူမှ ဖြစ်မယ်"
ထိုသို့လုပ်ဆောင်ရန်မှာ အလွန်ပင် အန္တရာယ်များသော်လည်း ယဲ့ပုဖန်က ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ ဝိညာဉ်ကျောက်တုံး၏ ဆွဲဆောင်မှုမှာ သူ့အတွက် အလွန်ပင် ကြီးမားလွန်းလှသည် မဟုတ်ပါလား။
သူသည် ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူ၏နောက်ကျောရှိ ယွမ်ချန်ရွှယ်ကို ရှေ့သို့ ဆွဲယူကာ ရင်ခွင်အတွင်း၌ ပွေ့ပိုက်လိုက်၏။
သူမသည် မူလက ယဲ့ပုဖန်၏ ကျောဘက်တွင် ပုန်းကွယ်နေသော်လည်း ရုတ်တရက် ရှေ့သို့ ရောက်လာသဖြင့် လေတိုးအားကြောင့် သူမ၏ ခန္ဓာကိုယ်မှာ သူ၏ ရင်ခွင်နှင့် တင်းတင်းကျပ်ကျပ် ထိကပ်သွားတော့သည်။ သူမ၏ လှပသော မျက်နှာလေးမှာလည်း သူ၏ ချောမောသော မျက်နှာနှင့် အလွန်ပင် နီးကပ်နေချေပြီ။
ယွမ်ချန်ရွှယ်၏ ရင်ထဲတွင် ဗရုတ်ဗရက် ဖြစ်သွားကာ "သူ ဘာလုပ်မလို့လဲ... ငါ့ကို အခွင့်ကောင်း ယူမလို့လား... ငါက လက်ခံရမှာလား ဒါမှမဟုတ် ငြင်းရမှာလား..."
သူမ အတွေးများဖြင့် ဝေခွဲမရဖြစ်နေစဉ်မှာပင် ရုတ်တရက် ခေါင်းထဲ၌ မူးဝေသွားကာ သတိလစ် မေ့မြောသွားတော့သည်။ ယဲ့ပုဖန်၏ အမြင်တွင်မူ သူ၏ရင်ခွင်ထဲရှိ အမျိုးသမီးမှာ ဓားစာခံတစ်ဦးသာ ဖြစ်ပြီး သူ၏ အချို့သော လျှို့ဝှက်ချက်များကို သူမအား မမြင်စေလိုသဖြင့် သူမကို အရင်ဆုံး မေ့သွားအောင် လုပ်လိုက်ခြင်းပင်။
ဤသို့ အချိန်အနည်းငယ် နှောင့်နှေးသွားသဖြင့် ယာမာမိုတို ဆိုဂျီနှင့် သူတို့ကြားရှိ အကွာအဝေးမှာ မီတာ ၄၀ ပင် မပြည့်တော့ပေ။ ရှေ့တွင် တောအုပ်ငယ်လေးတစ်ခု ရှိနေသဖြင့် ယဲ့ပုဖန် ထိုတောအုပ်ထဲသို့ ဝင်ရောက်လိုက်ကာ စိတ်အာရုံဖြင့် သိုလှောင်လက်စွပ်အတွင်းမှ ယဲ့ထျန်းကို လျှို့ဝှက်စွာ ထုတ်လွှတ်လိုက်သည်။
သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့်ဆိုပါက ယာမာမိုတို ဆိုဂျီကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်သော်လည်း ယဲ့ထျန်း၏ အကူအညီပါလျှင်မူ အခြေအနေမှာ ပြောင်းလဲသွားပေလိမ့်မည်။ သူလုပ်ရမည့်အရာမှာ ထိုမိစ္ဆာအိုကြီးကို မိနစ်အနည်းငယ်ခန့် ဆွဲထားရန်နှင့် အစီအရင်တစ်ခုကို တည်ဆောက်ရန်ပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ သေချာပေါက် အောင်နိုင်ပေလိမ့်မည်။
ယဲ့ထျန်းကို ထုတ်လွှတ်ပြီးနောက် ယဲ့ပုဖန်သည် အင်အားကုန်ခမ်းနေဟန် ဆောင်ကာ အရှိန်ကို ထပ်မံ လျှော့ချလိုက်သည်။ ဂျပန်သိုင်းပညာရှင်မှာလည်း နောက်ကွယ်မှနေ၍ အရှိန်အဟုန်ဖြင့် ကပ်လာချေပြီ။ သူသည် ရှေ့မှ လူငယ်ကို ကြည့်ကာ မျက်လုံးများအတွင်းဝယ် နာကျည်းမှုများဖြင့် ပြည့်နှက်နေ၏။
"ယုတ်မာတဲ့ တရုတ်လူမျိုး... သေပေတော့"
သူသည် လက်ထဲမှ ဂျပန်ဓားကို တင်းတင်းဆုပ်ကာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ရှေ့သို့ တိုးဝင်လာသည်။
"မိစ္ဆာအိုကြီး... ခင်ဗျားပဲ သေရမှာပါ"
ယဲ့ပုဖန်က ပြောပြောဆိုဆိုဖြင့် သူ၏လက်ကို ဝှေ့ယမ်းကာ အနက်ရောင် အရာဝတ္ထုတစ်ခုကို ပစ်လိုက်သည်။ ယခင်က သင်ခန်းစာ ရထားပြီးဖြစ်သဖြင့် ယာမာမိုတို ဆိုဂျီမှာ ထိပ်တိုက် မရင်ဆိုင်ရဲတော့ဘဲ အမြန်ပင် ရှောင်တိမ်းလိုက်ရ၏။
ရှောင်တိမ်းပြီးမှသာ ယဲ့ပုဖန် ပစ်လိုက်သည့်အရာမှာ ကျောက်တုံးတစ်တုံးသာ ဖြစ်ပြီး ဗုံးမဟုတ်ကြောင်း သူ သိလိုက်ရသည်။
သူ အရှိန်ပျက်သွားသည့် ခဏမှာပင် ဘေးဘက်မှနေ၍ ပြင်းထန်သော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ သစ်ပင်နောက်ကွယ်တွင် ပုန်းအောင်းနေသော ယဲ့ထျန်းက စတင် လှုပ်ရှားလိုက်ခြင်းပင်။ သူသည် ယဲ့ပုဖန်၏ စိတ်ဝိညာဉ်အာရုံဖြင့် စေခိုင်းမှုအတိုင်း လှုပ်ရှားနေခြင်းဖြစ်ရာ သူတို့နှစ်ဦး၏ ပူးပေါင်းမှုမှာ အပြစ်ပြောစရာမရှိအောင်ပင် ဟန်ချက်ညီလှသည်။
ယာမာမိုတို ဆိုဂျီမှာ အလွန်ပင် ထိတ်လန့်သွား၏။ ဤနေရာတွင် ချုံခိုတိုက်ခိုက်သူ ရှိနေလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ အလောတကြီး ဖြစ်သွားသဖြင့် ဓားကို ဆွဲထုတ်ရန် အချိန်မရတော့ဘဲ သူ၏ ဘယ်ဘက်လက်ဝါးကို မြှောက်ကာ တိုက်ခိုက်မှုကို ခုခံလိုက်ရသည်။
ဘုန်း...
လက်ဝါးနှစ်ခု ရိုက်ခတ်သွားသဖြင့် တောအုပ်အတွင်းဝယ် ပြင်းထန်သော လေလှိုင်းများ ထွက်ပေါ်လာသည်။ ယဲ့ထျန်းမှာ အဆင့်မြှင့်တင်ပြီးနောက် ကျင့်ကြံမှုမှာ မြေကမ္ဘာအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက အာကာသအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသော ယာမာမိုတို ဆိုဂျီကို မယှဉ်နိုင်သေးသော်လည်း ရန်သူမှာ ဒဏ်ရာရထားသဖြင့် အားနည်းနေချိန်တွင် ယဲ့ထျန်းမှာ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှု အပြီးတွင် သူ၏ ခန္ဓာကိုယ်မှာ ၁၀ မီတာကျော်ခန့် လွင့်စင်သွားကာ ယာမာမိုတို ဆိုဂျီမှာလည်း ၇ မီတာ၊ ၈ မီတာခန့် ဘေးသို့ ယိုင်ထွက်သွားပြီး ရပ်တန့်လိုက်ရသည်။
ထိုအချိန်တွင် ယဲ့ပုဖန်မှာ ဆက်မပြေးတော့ပေ။ သူသည် ယွမ်ချန်ရွှယ်ကို မြေပြင်ပေါ်တွင် ချလိုက်ကာ အစီအရင်အလံများကို ထုတ်၍ အစီအရင်ကို အလျင်အမြန် စတင် တည်ဆောက်တော့သည်။ သူ ယခုလုပ်ရမည့်အရာမှာ ထိုမိစ္ဆာအိုကြီး ယဲ့ထျန်းကို မနှိမ်နင်းနိုင်မီ အချိန်ဆွဲ၍ အစီအရင်ကို အပြီးသတ်ရန်ပင် ဖြစ်သည်။
ယာမာမိုတို ဆိုဂျီသည် ပြန်လည် တည်ငြိမ်သွားပြီးနောက် ဂျပန်ဓားကို ကိုင်ကာ ယဲ့ပုဖန်ထံသို့ တစ်ဖန် ပြေးဝင်လာပြန်သည်။ သို့သော် ယဲ့ထျန်းက သူ၏လမ်းကို ထပ်မံ ပိတ်ဆို့ထားလိုက်ပြန်၏။
"တောက်... မင်းကို ငါ တကယ်ကြောက်နေတယ် ထင်နေလား"
ယာမာမိုတို ဆိုဂျီမှာ ပို၍ပင် ဒေါသထွက်လာသည်။ ရှေ့မှ တရုတ်လူမှာ ယဲ့ပုဖန်ထက် အဆပေါင်းများစွာ သန်မာသော်လည်း သူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သူ သိသည်။ သူသည် လက်ထဲမှ ဂျပန်ဓားကို မြှောက်ကာ အေးစက်သော ဓားအလင်းတန်းဖြင့် ယဲ့ထျန်းကို ခုတ်ပိုင်းလိုက်ပြီး သူတို့နှစ်ဦးမှာ ပြင်းပြင်းထန်ထန် စတင် တိုက်ခိုက်ကြလေတော့သည်။
အမှန်တကယ်ပင် ယဲ့ထျန်းမှာ အဆင့်တက်သွားသဖြင့် သန်မာလှသော်လည်း မြေကမ္ဘာအဆင့် အထွတ်အထိပ်ဖြစ်သော ယာမာမိုတို ဆိုဂျီကိုမူ အချိန်အကြာကြီး မယှဉ်နိုင်ပေ။ ဆယ်ချီကျော် တိုက်ခိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်စလုံးမှာ... ရန်သူ့ဓားချက်အောက်တွင် ပြတ်တောက်သွားတော့သည်။
ဒုတိယအဆင့် ငွေအလောင်းတစ်ဦးအနေဖြင့် ယဲ့ထျန်းမှာ လက်ပြတ်သွားရုံဖြင့် ကြီးမားသော ထိခိုက်မှု မရှိဘဲ ပြန်လည် ဆက်၍ ရနိုင်သော်လည်း ယခုအခါ သူ့တွင် လက်များ မရှိတော့သဖြင့် ပြန်ဆက်ရန် မစွမ်းသာတော့ပေ။ မျက်စိရှေ့မှ အနှောင့်အယှက်ကို ဖယ်ရှားပြီးနောက် ယာမာမိုတို ဆိုဂျီသည် ယဲ့ထျန်းကို ဂရုမစိုက်တော့ဘဲ ဂျပန်ဓားကို ဝှေ့ယမ်းကာ ယဲ့ပုဖန်ထံသို့သာ ဦးတည် တိုက်ခိုက်လိုက်တော့သည်။
ရှေ့မှ ဤလူငယ်သည်သာ အဓိကသော့ချက် ဖြစ်ကြောင်း သူ ခံစားမိသည်။
သို့သော် သူ ပြေးဝင်လာသည့် ခဏမှာပင် ယဲ့ပုဖန်က နောက်ဆုံး အစီအရင်အလံကို ပစ်လိုက်သည်။ ထို့နောက် ကျယ်လောင်သော ဝုန်းခနဲ အသံနှင့်အတူ အစီအရင်မှာ စတင် အသက်ဝင်သွားတော့သည်။
ယဲ့ပုဖန် တည်ဆောက်လိုက်သော အစီအရင်မှာ "နဂါးပိတ်ဖမ်း အစီအရင်" ဟု ခေါ်တွင်ပြီး အမည်နှင့် အညီ အလွန် အဆင့်မြင့်သော ပိတ်ဆို့ခြင်း အစီအရင်တစ်ခု ဖြစ်သည်။ ဤအစီအရင်အတွင်း ပိတ်မိသွားပါက မြေကမ္ဘာအဆင့် သိုင်းပညာရှင်ကို ထားပါဦး။ အာကာသအဆင့် သိုင်းပညာရှင်ပင်လျှင် ရုန်းထွက်နိုင်ရန် ခဲယဉ်းလှပေသည်။
ယာမာမိုတို ဆိုဂျီသည် ရန်သူကို ဓားဖြင့် ခုတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ရှေ့ရှိ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ယဲ့ပုဖန်မှာ ပျောက်ကွယ်သွားပြီး အလွန် ထူထပ်လှသော မြူခိုးများက အစားထိုး ဝင်ရောက်လာရာ သူ၏ ကိုယ်ပိုင်လက်ကိုပင် သူ ပြန်မမြင်ရလောက်အောင်ပင် ဖြစ်နေ၏။
"တောက်... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ"
သူသည် လက်ထဲမှ ဂျပန်ဓားကို အချက်ပေါင်းများစွာ ရမ်းခါ၍ ခုတ်ပိုင်းလိုက်ရာ ဓားချီစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသော်လည်း အချည်းနှီးသာ ဖြစ်ကာ ထူထပ်လှသော မြူခိုးများအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ယာမာမိုတို ဆိုဂျီသည် သတိထား၍ ရှေ့သို့ ဆက်လက် တိုးဝင်ကြည့်သော်လည်း အချိန်အတော်ကြာ လမ်းလျှောက်ပြီးသည့်တိုင် မြူခိုးများမှာ လျော့မသွားဘဲ ထွက်ပေါက်ကိုလည်း လုံးဝ မတွေ့ရှိရပေ။
"ဟွန်း... ဒါ တရုတ်ရဲ့ အစီအရင်ပဲ"
ဂျပန်ဓားဘုရင်၏ တပည့်ကြီးပီပီ ယာမာမိုတို ဆိုဂျီသည် အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သဖြင့် သူသည် ရန်သူ၏ အစီအရင်အတွင်းသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
"ယုတ်မာတဲ့ တရုတ်လူမျိုး... မင်းမှာ သတ္တိရှိရင် ထွက်လာပြီး ငါနဲ့ တရားမျှတစွာ တိုက်ခိုက်စမ်း"
ထိုစဉ် သူ၏နောက်ကျောမှ ဓားအလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားကာ သူ၏ကျောပြင်ဆီသို့ ဦးတည်လာသည်။ ယာမာမိုတို ဆိုဂျီက ဓားဖြင့် ပြန်လည် ခုခံလိုက်သော်လည်း ရန်သူမှာ မူလကပင် မရှိခဲ့သည့်အလား ချက်ချင်းပင် ပျောက်ကွယ်သွားပြန်သည်။
ထို့နောက် ထူထပ်လှသော မြူခိုးများအတွင်းမှ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာ၏။ "မိစ္ဆာအိုကြီး... ခင်ဗျားက တကယ်ကို အရှက်မရှိတာပဲ။ မြေကမ္ဘာအဆင့် အထွတ်အထိပ် သိုင်းပညာရှင်ကြီးက ကျုပ်လို မျိုးဆက်သစ် လူငယ်လေးကို လိုက်ဖမ်းနေပြီးတော့ တရားမျှတစွာ တိုက်ခိုက်မယ် လို့ ပြောထွက်သေးတယ်ပေါ့။ ခင်ဗျားမှာ တကယ်ပဲ အစွမ်းရှိတယ်ဆိုရင် ဓားသူတော်စင် စီတုချန်ခုန်းကို သွားပြီး တိုက်ခိုက်ကြည့်ပါလား"
"ငါ..."
ယာမာမိုတို ဆိုဂျီ၏ မျက်နှာအိုကြီးမှာ နီရဲသွားတော့သည်။ စီတုချန်ခုန်းကို တိုက်ခိုက်ရန်မှာ သူ၏ ဆရာဖြစ်သူပင် အသာစီးရရန် ခဲယဉ်းလှရာ သူ့အနေဖြင့် ထိုသို့လုပ်ရန် မည်သို့ သတ္တိရှိပါမည်နည်း။
"တရုတ်လူငယ်... မင်း ဒီအစီအရင်ကို ဖျက်လိုက်မယ်ဆိုရင် ဒီတစ်ကြိမ်တော့ မင်းကို ငါ အသက်ချမ်းသာပေးမယ်လို့ ကတိပေးတယ်"
ယဲ့ပုဖန်က ခနဲ့တဲ့တဲ့ဖြင့် ပြန်ပြောလိုက်သည်။ "မိစ္ဆာအိုကြီး... ခင်ဗျား အိပ်မက်မက်နေတာလား။ အသက်ချမ်းသာပေးမယ် ဟုတ်လား... အခု ခင်ဗျားကသာ ကျုပ်ကို ခင်ဗျားရဲ့ အသက်ကို မသတ်ဖို့ တောင်းပန်သင့်တာပါ..."
***