အခြေစိုက်စခန်း တစ်ခုလုံး၏ မြေပေါ် အဆောက်အအုံများမှာ ဟန်ပြသက်သက်သာ ဖြစ်ပြီး အစစ်အမှန် ဗဟိုချက်မှာ မြေအောက်၌ တည်ရှိလေသည်။
ယဲ့ပုဖန်သည် မြေအောက် လမ်းကြောင်းအတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့၏။ သူ၏ လက်ရှိကျင့်ကြံမှု အဆင့်အတန်းဖြင့်ဆိုလျှင် သူ့ကို တားဆီးရန် ကြိုးစားသည့် အစောင့်အရှောက်များမှာ တစ်ချက်တည်းနှင့်ပင် အသက်ပျောက်သွားကြရသည်။
သူသည် ရှေ့သို့ တိုးဝင်ရင်း စိတ်ဝိညာဉ်အာရုံကို အရပ်မျက်နှာအနှံ့ ဖြန့်ကြက်ကာ ရှာဖွေနေခဲ့သည်။ အခြားအရာများကို ရှာဖွေရန် ခဲယဉ်းနိုင်သော်လည်း ဝိညာဉ်ကျောက်တုံးများကို ရှာဖွေရန်မှာမူ သူ့အတွက် အလွန်ပင် လွယ်ကူလှပေသည်။
ဝိညာဉ်ကျောက်တုံးများသည် ဝိညာဉ်စွမ်းအင်များကို အနည်းနှင့်အများ ထုတ်လွှတ်နေတတ်ရာ ကျင့်ကြံသူတစ်ဦးအနေဖြင့် ယင်းစွမ်းအင်များကို အာရုံခံနိုင်စွမ်းမှာ အလွန်ပင် ထက်မြက်လှသည် မဟုတ်ပါလား။
မကြာမီမှာပင် ယဲ့ပုဖန်သည် ဆယ်စင်တီမီတာကျော် အထူရှိသော သံမဏိတံခါးကြီးကို နဂါးစွယ် ဓားမြှောင်ဖြင့် ခုတ်ပိုင်းကာ မြေအောက်ခန်းမကြီးအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဤနေရာမှာ အလွန်ပင် ကျယ်ဝန်းလှသော်လည်း လက်ရှိတွင် အခြေစိုက်စခန်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေသဖြင့် အစောင့်အရှောက် အားလုံးမှာ အပြင်ဘက်သို့ ရောက်ရှိနေကြရာ ခန်းမကြီးမှာ ခြောက်ကပ်နေ၏။
မုတ်ဆိတ်ဗလပွနှင့် လူဖြူတစ်ဦးသာလျှင် မျက်နှာပြင်ကြီးရှေ့တွင် ရပ်၍ ရွှမ်ယွမ်စံအိမ်မှ ကောင်းကင်စစ်သည်တော်များကို ပြန်လည် တိုက်ခိုက်ရန် သူ၏ လက်အောက်ငယ်သားများကို အော်ဟစ် အမိန့်ပေးနေသည်ကို တွေ့ရသည်။ ဤသူမှာ ယာမာမိုတို ဆိုဂျီ ပြောပြခဲ့သော အာဖရိက တာဝန်ခံ သူရမ်ပင် ဖြစ်ရပေမည်။ သို့သော် ယဲ့ပုဖန်မှာ သူ့ကို စိတ်မဝင်စားအားသဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်၍ သတိလစ် မေ့မြောသွားအောင် ပြုလုပ်လိုက်သည်။
ထို့နောက် သူ၏ အကြည့်တို့က ထောင့်ရှိ သံမဏိသေတ္တာဆီသို့ ရောက်ရှိသွား၏။ စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၀ ခန့် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူသည် အတိုင်းမသိ ဝမ်းသာသွားတော့သည်။ ယဲ့ပုဖန်က နဂါးစွယ် ဓားမြှောင်ကို မြှောက်၍ လေးလံလှသော သေတ္တာတံခါးကို ခုတ်ပိုင်း ဖွင့်လိုက်၏။
ဝိညာဉ်ကျောက်တုံး ၉၀ အပြင် အထဲတွင် အစီအရင်လိုက် ထည့်ထားသော အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍လည်း ရှိနေသေးသည်။ အမှန်တကယ်ပင် ဤခရီးမှာ တွက်ခြေကိုက်လှပေ၏။ ယဲ့ပုဖန်က ထိုအရာအားလုံးကို သိုလှောင်လက်စွပ်အတွင်းသို့ ထည့်လိုက်ပြီးနောက် သတိလစ်နေသော သူရမ်ကို ဆွဲ၍ အပြင်သို့ ထွက်လာခဲ့သည်။
ခေါင်းဆောင် ပျောက်ဆုံးသွားသဖြင့် စခန်းအတွင်းရှိ စက်ရုပ်လူသားများနှင့် အထူးတပ်ဖွဲ့ဝင်များမှာ ပို၍ပင် ဖရိုဖရဲ ဖြစ်ကုန်ကြပြီး ဟယ်ချင်းကျီနှင့် သူ၏အဖွဲ့ကို မယှဉ်နိုင်တော့ပေ။ မကြာမီမှာပင် ရန်သူအားလုံး ရှင်းလင်းခံလိုက်ရတော့သည်။ ယဲ့ပုဖန်က သူရမ်ကို ဟယ်ချင်းကျီထံသို့ လွှင့်ပစ်ပေးလိုက်သောအခါ လူတိုင်းမှာ အလွန်ပင် ဝမ်းသာသွားကြ၏။ ဤတစ်ကြိမ်တွင် ဓားစာခံ ယွမ်ချန်ရွှယ်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ရုံသာမက ရန်သူ့ခေါင်းဆောင်ကိုပါ ဖမ်းဆီးနိုင်ခဲ့သဖြင့် အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့ခြင်းပင် ဖြစ်သည်။
အလုပ်ပြီးမြောက်သွားသဖြင့် ယဲ့ပုဖန်နှင့် အဖွဲ့သားများသည် အချိန်ဆွဲမနေတော့ဘဲ အခြေစိုက်စခန်းသို့ ပြန်လာကာ တရုတ်နိုင်ငံသို့ ဦးတည်မည့် လေယာဉ်ပေါ်သို့ တက်ခဲ့ကြတော့သည်။ နဂါးပိတ်ဖမ်း အစီအရင် အတွင်း၌ ပိတ်မိနေသော ယာမာမိုတို ဆိုဂျီနှင့် ပတ်သက်၍မူ ယဲ့ပုဖန်က သူ့ကို လွှတ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း အချိန်အတိအကျကိုမူ မပြောခဲ့ပေ။
သူသည် အစီအရင်အလံများကို ပြန်လည် သိမ်းဆည်းခဲ့သော်လည်း ကျန်ရှိနေသော စွမ်းအင်က အစီအရင်ကို အများဆုံး သုံးရက်ခန့် ဆက်လက် ထိန်းထားနိုင်ပေလိမ့်မည်။ သုံးရက်အကြာတွင် အစီအရင်မှာ အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်ရာ ယာမာမိုတို ဆိုဂျီလည်း ပြန်လည် လွတ်မြောက်လာမည် ဖြစ်သဖြင့် သူ၏ ကတိပျက်သည်ဟု မဆိုနိုင်ပေ။
အမေရိကန်ရှိ ဗီလာတစ်ခုအတွင်း၌ ယခင်က ယုံကြည်ချက် အပြည့်ရှိနေသော ကာလို့စ်မှာမူ ယခုအခါ အလွန်ပင် ဒေါသထွက်နေတော့သည်။ သူသည် ဤစစ်ဆင်ရေးကို အသေအချာ စီစဉ်ခဲ့ပြီး သူ၏ ကိုယ်ပိုင်လူများ ထိခိုက်မှုနည်းစေရန်အတွက် အာဖရိကရှိ လက်အောက်ငယ်သားများကို အသုံးမပြုဘဲ ဂျပန်မှ ယာမာမိုတို ဆိုဂျီနှင့် အခြား အတတ်ပညာရှင်များကို ငွေပုံပေး၍ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
ယာမာမိုတို ဆိုဂျီ၏ အစွမ်းဖြင့်ဆိုလျှင် ရွှမ်ယွမ်စံအိမ်မှ လာသမျှလူအားလုံးကို အာဖရိကတွင် အပြီးတိုင် သုတ်သင်နိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သော်လည်း ရလဒ်ကမူ သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ပြီ။
ဓားစာခံ ကယ်တင်ခံလိုက်ရရုံသာမက သူတို့၏ အာဖရိက အခြေစိုက်စခန်းပါ ဖျက်ဆီးခံလိုက်ရကာ သူ၏ ခေါင်းဆောင် သူရမ်ပါ အဖမ်းခံလိုက်ရသဖြင့် အထူးဌာနအတွက် ကြီးမားလှသော ဆုံးရှုံးမှုပင် ဖြစ်လေသည်။ ဤအခြင်းအရာက အထက်လူကြီးများ၏ အာဖရိကဆိုင်ရာ စီမံကိန်းအားလုံးကို ပျက်ပြားစေခဲ့ပြီ ဖြစ်သည်။
သို့သော် သူ မည်မျှပင် ဒေါသထွက်နေပါစေ... ရွှမ်ယွမ်စံအိမ်မှ လူများကမူ ပျော်ရွှင်စွာဖြင့် တရုတ်နိုင်ငံသို့ ပြန်ရောက်သွားကြချေပြီ။
ယဲ့ပုဖန်နှင့် အဖွဲ့သားများသည် ကျန်းပေ့မြို့ရှိ ဆိုင်းငံ့တောင်တန်း လေ့ကျင့်ရေးစခန်းသို့ ပြန်ရောက်သောအခါ သူသည် ကိစ္စအဝဝကို ဟယ်ချင်းကျီနှင့် မူရုန်ဖိန်တို့ထံ လွှဲအပ်လိုက်သည်။ စီမာဝေကို နှုတ်ဆက်ပြီးနောက် သူသည် ကျင့်ကြံရန်အတွက် သူ၏ အခန်းအတွင်း၌သာ သီးသန့် အောင်းနေတော့သည်။
ယွမ်ချန်ရွှယ်မှာမူ ရွှမ်ယွမ်စံအိမ်၏ အစီအစဉ်ဖြင့် မြို့တော်သို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် မပြန်မီ ယဲ့ပုဖန်ကို ကျေးဇူးတင်စကား ပြောကြားလိုသော်လည်း သူ့အား တွေ့ခွင့်ပင် မရခဲ့ပေ။
ဤအချက်က သူမကို စိတ်မသက်မသာ ဖြစ်စေခဲ့၏။ ယခင်က အမျိုးသားများသည် သူမ၏ အလိုကို လိုက်ရန် အပြိုင်အဆိုင် ကြိုးစားကြသော်လည်း ယဲ့ပုဖန်မှာမူ သူမကို အနည်းငယ်မျှပင် စိတ်ဝင်စားပုံ မရချေ။
ယဲ့ပုဖန်မှာမူ ထိုကိစ္စများကို ဂရုမစိုက်အားပေ။ သူသည် အခန်းအတွင်း၌ အစီအရင်အချို့ဖြင့် ပိတ်ဆို့ထားပြီးနောက် ဝိညာဉ်ကျောက်တုံးများကို ထုတ်ကာ စတင် ကျင့်ကြံလေတော့သည်။ သေချာစေရန် အတွက် သူသည် ကိုယ်ပေါ်ရှိ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၈ တုံးစလုံးကို ထုတ်၍ ရှေ့တွင် ချထားလိုက်၏။
သူ၏ ချီစွမ်းအင်များ လည်ပတ်လာသည်နှင့်အမျှ ဝိညာဉ်ကျောက်တုံးများမှာ ဆွဲဆောင်မှုတစ်ခုကြောင့် အလိုအလျောက်ပင် ဝိညာဉ်စွမ်းအင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ သူ၏ ကိုယ်တွင်းသို့ စီးဝင်သွားလေသည်။
ထိုစွမ်းအင်များက သူ၏ ဒန်တျန်အတွင်းသို့ စီးဝင်သွားပြီး မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့်သို့ တက်လှမ်းရန်အတွက် အဟန့်အတားကို စတင် ထိုးဖောက်တော့သည်။ အချိန် မည်မျှ ကြာသွားသည် မသိ... သူ၏ ခေါင်းထဲတွင် ဂျွတ်ခနဲ အသံတစ်ခုနှင့်အတူ အဟန့်အတားမှာ ကျိုးပျက်သွားကာ သူသည် အောင်မြင်စွာ အဆင့်တက်သွားတော့သည်။
ယဲ့ပုဖန်သည် ကိုယ်တွင်းမှ အပုပ်အငွေ့များကို ရှူထုတ်လိုက်ရင်း အတိုင်းမသိ စိတ်လှုပ်ရှားသွားမိ၏။ ဝိညာဉ်စွမ်းအင်များ၏ အကူအညီကြောင့် သူ၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ခြင်းပင်။
သူ၏ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဝိညာဉ်ကျောက်တုံး ၉၈ တုံးအနက် ၂၈ တုံးသာ ကျန်ရှိတော့သည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ဤတစ်ကြိမ် အဆင့်တက်ရန်အတွက် သူသည် ဝိညာဉ်ကျောက်တုံး ၇၀ ခန့် အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
ယဲ့ပုဖန်က ပြုံးလိုက်မိ၏။ သူသည် အဆင့်တက်ရန် လိုအပ်သော ဝိညာဉ်စွမ်းအင် ပမာဏကို လျှော့တွက်မိခဲ့ခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် သူ ကြိုတင်ပြင်ဆင်ထားခဲ့သဖြင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အာဖရိက ခရီးစဉ်မှာ အန္တရာယ်များသော်လည်း ရလဒ်မှာမူ ကျေနပ်ဖွယ်ပင်။
သို့သော် ကျန်ရှိသော ဝိညာဉ်ကျောက်တုံးများမှာ နောက်တစ်ဆင့် တက်ရန်အတွက်မူ မလုံလောက်နိုင်တော့ပေ။ ထို့ကြောင့် သူသည် ကျောက်တုံးများကို သိမ်းဆည်းကာ အပြင်သို့ ထွက်လာခဲ့သည်။
အပြင်သို့ ရောက်သောအခါ တံခါးဝ၌ စောင့်နေသော စီမာဝေကို တွေ့သဖြင့် သူက မေးလိုက်၏။ "ငါ့ကို စောင့်နေတာလား"
"နင်ကလွဲလို့ ဘယ်သူ့ကို စောင့်ရမှာလဲ"
စီမာဝေက သူ့ကို စိုက်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "အာဖရိကမှာ ယာမာမိုတို ဆိုဂျီရဲ့ လိုက်လံဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ကြားတယ်။ နင် ဘာမှမဖြစ်ဘူး မဟုတ်လား"
သူမသည် စီတုတျန့်မော့ထံမှ ထိုအကြောင်းကို ကြားလိုက်ရသဖြင့် သူမ၏ အမျိုးသားအတွက် အမှန်တကယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
"ငါ ဘာမှမဖြစ်ပါဘူး... ဒါနဲ့ မင်း ငါ့ကို စောင့်နေတာ ဒါပြောဖို့ပဲလား"
"မဟုတ်ပါဘူး... နင် ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာ စီနီယာစီတုက နင့်ကို အကြိမ်ကြိမ် ဖုန်းဆက်ထားတယ်"
ယဲ့ပုဖန်က "သူ ငါ့ကို ဘာကိစ္စ ခိုင်းစရာရှိလို့လဲ" ဟု မေးလိုက်သည်။
စီမာဝေက "နင် ဒီတစ်ခေါက် အာဖရိကမှာ တာဝန်ကျေခဲ့တာကိုး။ ယွမ်ချန်ရွှယ်ကို ကယ်တင်နိုင်ခဲ့ရုံတင် မကဘဲ သူတို့ရဲ့ လျှို့ဝှက်စခန်းကိုပါ ဖျက်ဆီးနိုင်ခဲ့တာဆိုတော့ ရွှမ်ယွမ်စံအိမ်အတွက် ဒါဟာ ဂုဏ်ယူစရာပဲလေ။ စီနီယာစီတုက နင့်ကို ဆုလာဘ်တစ်ခုခု ပေးချင်လို့ ဖြစ်မှာပါ"
သူတို့ စကားပြောနေစဉ်မှာပင် စီမာဝေ၏ ဖုန်းမှာ ထပ်မံ မြည်လာပြန်သည်။ သူမက ဖုန်းကို ကြည့်လိုက်ပြီး ယဲ့ပုဖန်ထံ ကမ်းပေးကာ "စီနီယာစီတု ထပ်ဆက်နေပြီ" ဟု ပြောလိုက်၏။
ယဲ့ပုဖန် ဖုန်းဖြေလိုက်သည်နှင့် စီတုချန်ခုန်း၏ အားရပါးရ ရယ်မောသံကို ကြားလိုက်ရသည်။ "ကောင်လေး... မင်း ဒီတစ်ခါ တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ငါ့ရဲ့ မျက်စိကတော့ တကယ်ကို စူးရှတာပဲဟေ့"
ယဲ့ပုဖန် စိတ်ထဲမှ ကြိတ်၍ တွေးနေမိသည်။ "ဒီအဖိုးကြီးက ငါ့ကို ချီးကျူးရမှာ မဟုတ်ဘူးလား၊ အခုတော့ သူ့ကိုယ်သူ ပြန်ပြီး ကြွားနေတာပဲ"
စီတုချန်ခုန်းက ဆက်လက်၍ "မင်းဟာ ငါတို့ ရွှမ်ယွမ်စံအိမ်အတွက် တကယ်ပဲ အလုပ်အကျွေး ပြုခဲ့သလို ငါ့အတွက်လည်း မျက်နှာပွင့်အောင် လုပ်ပေးခဲ့တာပဲ။ ပြောစမ်း... မင်း ဘာဆုလာဘ် လိုချင်သလဲ"
ယဲ့ပုဖန်သည် ဤခရီးစဉ်မှ ဝိညာဉ်ကျောက်တုံး ၉၈ တုံးနှင့် ဒေါ်လာ သန်းချီ ရထားပြီး ဖြစ်သဖြင့် ဆုလာဘ် မလိုချင်ကြောင်း ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ...
"စီနီယာစီတု… ကျွန်တော် တခြား ဘာမှ မလိုချင်ပါဘူး။ ဝိညာဉ်စွမ်းအင်ကျောက်တုံးလေးတွေ ရှိရင် ကျွန်တော့်ကို တစ်သောင်း၊ နှစ်သောင်းလောက် ပေးပါလား"
***