"ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်သောင်း၊ နှစ်သောင်း ဟုတ်လား..."
ဖုန်း၏ အခြားတစ်ဖက်မှ စီတုချန်ခုန်းမှာ လန့်ဖျန့်သွားတော့သည်။ "ကောင်လေး... မင်း ရူးနေတာလား"
ထိုပစ္စည်းများမှာ အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလား။ ရှိလျှင်ပင် အလျင်အမြန် ကုန်ဆုံးသွားတတ်ရာ ယခု ယဲ့ပုဖန်က ထိုမျှအထိ တောင်းဆိုလာခြင်းမှာ မဖြစ်နိုင်သည်ကို သူ သိသည်။
ယဲ့ပုဖန်က "ဒါဆိုရင်လည်း လျှော့ပေးပါ့မယ်။ တစ်သောင်း၊ နှစ်သောင်း မရှိရင်တောင် သုံးထောင်၊ ငါးထောင်လောက်တော့ ရှိမှာ မဟုတ်လား" ဟု ဆိုလိုက်သည်။
"မင်း ပြောတာက အတော်လေး လွန်နေပြီ။ အမှန်အတိုင်း ပြောရရင် ငါ့ဆီမှာ ဝိညာဉ်စွမ်းအင် ကျောက်တုံး ဆယ်တုံးပဲ ရှိတယ်။ မင်း တကယ် လိုချင်တယ်ဆိုရင်တော့ အခွင့်ကြုံတဲ့အခါ ပို့ပေးလိုက်ပါ့မယ်"
စီတုချန်ခုန်းက ဆက်လက်၍ "ဒါပေမဲ့ ငါ မင်းကို သတိပေးထားမယ်။ ဒီအရာတွေက ချီစွမ်းအင်ကို မြန်မြန်ဆန်ဆန် ပြန်ဖြည့်ဖို့အတွက်ပဲ ကောင်းတာ။ ကျင့်ကြံမှု အဆင့်တက်ဖို့အတွက်တော့ သိပ်ပြီး အထောက်အကူ မဖြစ်ဘူး"
ယဲ့ပုဖန် စိတ်ပျက်သွားကာ တိတ်တဆိတ် ခေါင်းခါမိတော့သည်။ ယာမာမိုတို ဆိုဂျီကဲ့သို့ ဝိညာဉ်ကျောက်တုံးများကို အသုံးချခြင်းမှာ ကြီးမားသော လေလွင့်မှုဖြစ်သဖြင့် ကျင့်ကြံမှုအတွက် အကျိုးကျေးဇူး မရရှိသည်မှာ သဘာဝပင် ဖြစ်သည်။
အကယ်၍သာ သူသည် ကျင့်စဉ်အတိုင်း စနစ်တကျ စုပ်ယူနိုင်မည်ဆိုပါက သူ၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ရာ အခြားသော သိုင်းပညာရှင်များမှာ မနာလိုစိတ်ဖြင့် မျက်စိစိမ်းသွားကြပေလိမ့်မည်။
သို့သော် တစ်ဖက်လူတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးသာ ရှိသဖြင့် သူ၏ လက်ရှိ ကျင့်ကြံမှု အတွက်မူ အဆုံးအဖြတ်ပေးနိုင်သော အကူအညီ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သူက "မလောပါဘူး... အဆင်ပြေတဲ့ အချိန်မှပဲ ပို့ပေးလိုက်ပါ" ဟု ပြောလိုက်သည်။
သူ၏ စိတ်ပျက်နေမှုကို အာရုံခံမိပုံရသဖြင့် စီတုချန်ခုန်းက "စွမ်းအင်ကျောက်တုံးတွေအပြင် တခြား ဘာလိုအပ်သေးလဲ" ဟု မေးလိုက်၏။
ယဲ့ပုဖန်က "တခြား ဘာမှ မလိုတော့ပါဘူး" ဟု ဆိုလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင်တော့ ဒါကို ငါ့ရဲ့ အကြွေးအဖြစ် မှတ်ထားလိုက်မယ်"
စီတုချန်ခုန်းက "မင်း ဒီတစ်ခါ တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပါ။ ကောင်းကင်စစ်သည်တော် စီမံကိန်းရဲ့ လေ့ကျင့်မှုကလည်း အောင်မြင်မှု ရခဲ့သလို ရွှမ်ယွမ်စံအိမ်အတွက်လည်း ပါရမီရှင်တွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့တယ်။ အာဖရိကမှာလည်း ဒီလောက်ထိ အောင်မြင်ခဲ့တာဆိုတော့ ဒီကောင်းကင်စစ်သည်တော် ၁၀၀ ဟာ မင်းရဲ့ ဦးဆောင်မှုအောက်မှာ ပိုပြီးတော့ တိုးတက်လာမှာပဲ..."
"ခဏလေး..." ယဲ့ပုဖန်သည် မြှောက်ပင့်စကားများအောက်တွင် မျက်စိလည်မသွားဘဲ စီတုချန်ခုန်းကို ချက်ချင်း ဟန့်တားလိုက်သည်။
"စီနီယာစီတု… ကျွန်တော်တို့ ကြိုတင် သဘောတူထားတာက ကျွန်တော်က ယာယီ လေ့ကျင့်ပေးဖို့ပဲ တာဝန်ယူမှာလေ"
ဤအဖိုးကြီးနှင့် ဆက်ဆံရာတွင် သူသည် အမြဲတမ်း သတိထားရသည်။ သို့မဟုတ်ပါက သူ့ကိုယ်သူ ကျင်းကြီးထဲသို့ ပစ်ချမိသလို ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ယခင်က ဆေးနတ်ဘုရား ဆေးဖိုကို အသုံးချ၍ သူ့ကို အနှီ စီမံကိန်းတွင် ပါဝင်ခိုင်းခဲ့သော်လည်း ယခုအခါ စီမံကိန်း ပြီးဆုံးသွားပြီ ဖြစ်ရာ သူ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။
စီတုချန်ခုန်းမှာ သူ၏ အကြံအစည် ပေါ်သွားသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ "ရှောင်ဖန်... မင်းက နည်းပြချုပ် ရာထူးအတွက် အသင့်တော်ဆုံးလူလို့ ငါ ထင်တယ်။ မင်း ဘာလို့ ဆက်မနေချင်ရတာလဲ။ မင်း ဘာအပေးအယူပဲ လိုချင် လိုချင် ငါ လိုက်လျောမယ်"
ယဲ့ပုဖန်က "စီနီယာစီတု... တခြားအရာတွေက ညှိနှိုင်းလို့ ရပေမဲ့ ဒါကတော့ မရဘူး။ အားလုံး ဆုံးဖြတ်ပြီးပြီ... ကျွန်တော် အခုပဲ ပြန်တော့မယ်" ဟု အပြတ်အသတ် ငြင်းဆိုလိုက်သည်။
စီတုချန်ခုန်းက "ရှောင်ဖန်... မင်း ထွက်သွားရင် ကျူးချွဲအသင်းမှာ နည်းပြတောင် မရှိတော့ဘူး။ ဒါက မသင့်တော်ဘူးလေ။ နောက်ထပ် ရက်အနည်းငယ်လောက်ပဲ တောင့်ခံပေးပါဦး။ အသင့်တော်ဆုံး လူတစ်ယောက်နဲ့ ငါ အစားထိုးပေးပါ့မယ်" ဟု ထပ်မံ ဆွဲဆောင်ပြန်သည်။
ယဲ့ပုဖန်သည် အဖိုးကြီးက သူ့ကို အချိန်ဆွဲနေခြင်းဖြစ်ကြောင်း အလွယ်တကူ သိမြင်လိုက်သည်။ သူသာ ဆက်နေပါက အသင့်တော်ဆုံးလူကို စီတုချန်ခုန်း ဘယ်တော့မှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။
"စီနီယာစီတု စိတ်မပူပါနဲ့... ကျွန်တော် ကျူးချွဲအသင်းအတွက် နည်းပြတစ်ယောက် ရွေးထားပြီးပြီ"
"မင်း ရွေးထားတယ် ဟုတ်လား... အဲဒါ ဘယ်သူလဲ။ ငါ ပြောပြမယ်နော်... နည်းပြလုပ်မယ့်သူရဲ့ ကျင့်ကြံမှုဟာ အနည်းဆုံး မြေကမ္ဘာအဆင့် အစောပိုင်း အဆင့်တော့ ရှိရမယ်"
"ခင်ဗျားရဲ့ မြေးမလေးပေါ့"
ယဲ့ပုဖန်က "စီတုတျန့်မော့က အခု မြေကမ္ဘာအဆင့်ကို ရောက်နေပြီလေ။ သူမရဲ့ ကျင့်ကြံမှုက တခြားသူတွေထက် နိမ့်ကျမနေပါဘူး။ သူမက ကျူးချွဲအသင်းအတွက် အကောင်းဆုံး နည်းပြပဲ" ဟု ဆိုလိုက်သည်။
စီတုချန်ခုန်းက "ဒါက မဖြစ်နိုင်ဘူး။ အဲဒီကလေးမက ငယ်သေးတဲ့အပြင် နည်းပြလုပ်ဖို့လည်း သဘောတူမှာ မဟုတ်ဘူး" ဟု ဆိုလိုက်၏။
ယဲ့ပုဖန်က "စိတ်မပူပါနဲ့... သူမ သဘောတူအောင် ကျွန်တော် သေချာပေါက် နားချနိုင်ပါတယ်" ဟု ပြန်ပြောလိုက်သည်။
"ဒါဆိုရင်လည်း ပြီးတာပဲ။ တျန့်မော့ သဘောမတူရင်တော့ မင်း ထွက်သွားလို့ မရဘူးနော်"
အဖိုးကြီးမှာ စိတ်ထဲမှ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူသည် ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မြေးမလေးကို လှမ်းဆက်သွယ်၍ လုံးဝ သဘောမတူရန် မှာကြားရပေမည်။
ယဲ့ပုဖန် ဖုန်းချလိုက်ကာ စီမာဝေထံ ပြန်ပေးလိုက်သည်။
"ရှောင်ဖန်... နင် တကယ်ပဲ ဆက်နေဖို့ မစဉ်းစားဘူးလား"
စီမာဝေမှာ သူ ဤနေရာ၌ ဆက်နေစေလိုသည်။ သို့မှသာ သူတို့နှစ်ဦး အတူတူ အချိန်ကုန်ဆုံးနိုင်ကာ ကျင့်ကြံမှုများကိုလည်း အတူတူ မြှင့်တင်နိုင်မည် မဟုတ်ပါလား။
ယဲ့ပုဖန်က "မနေတော့တာပဲ ကောင်းပါတယ်။ ငါ သမားတော် တစ်ယောက်ပါ၊ ပြီးတော့ အချုပ်အနှောင် ခံရတာကို မကြိုက်ဘူး။ ဒီမှာ အမြဲတမ်း နေဖို့က ငါနဲ့ မသင့်တော်ဘူး" ဟု ဆိုလိုက်သည်။
ငါးမိနစ်အကြာတွင် ကောင်းကင်စစ်သည်တော် စီမံကိန်းမှ အဖွဲ့ဝင် ၁၀၀ စလုံး လေ့ကျင့်ရေးကွင်း အတွင်း စုရုံးရောက်ရှိလာကြသည်။ ယဲ့ပုဖန် လမ်းလျှောက်လာသောအခါ လူတိုင်းက သူ့ကို ကြည်ညို လေးစားသော မျက်လုံးများဖြင့် ငေးကြည့်နေကြ၏။
အာဖရိက ခရီးစဉ်အတွင်း နည်းပြချုပ်၏ စရိုက်လက္ခဏာနှင့် စွမ်းဆောင်ရည်များကြောင့် လူတိုင်း၏ ရင်ထဲ၌ အမှန်တကယ်ပင် လေးစားအားကျမှုများ ဖြစ်ပေါ်နေခဲ့ခြင်းပင်။ ဒုတိယနည်းပြ သုံးဦးဖြစ်သော မူရုန်ဖိန်၊ ဟယ်ချင်းကျီနှင့် လိုင်ဖော်ကျွင်းတို့ပင်လျှင် သူ့ကို လေးစားသွားကြပြီ ဖြစ်သည်။
ယဲ့ပုဖန်က လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် "ဒီနေ့ လူစုရတာက တခြားကိစ္စ မဟုတ်ပါဘူး။ အားလုံးကို နှုတ်ဆက်ဖို့ပါ။ ကျုပ် မကြာခင် ထွက်သွားတော့မယ်" ဟု ပြောလိုက်သည်။
နည်းပြချုပ် ထွက်သွားတော့မည်ဟု ကြားလိုက်ရသဖြင့် လူတိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
"နည်းပြချုပ် ဘာလို့ ထွက်သွားမှာလဲ။ ခင်ဗျား မရှိရင် ကျုပ်တို့ ဘယ်လိုလုပ်မလဲ"
ပွင့်လင်းသော လိုင်ဖော်ကျွင်းက အော်ဟစ်လိုက်သည်။ "နည်းပြချုပ်... ခင်ဗျား ဘာလို့ ထွက်သွားမှာလဲ။ ကျုပ် လိုင်ဖော်ကျွင်းက ဘယ်သူ့ကိုမှ မလေးစားဘူး။ ခင်ဗျား တစ်ယောက်တည်းကိုပဲ လေးစားတာ။ ဆက်နေပါဦးဗျာ"
"နောင်ဆိုရင် ကျုပ်တို့ ညီအစ်ကိုတွေ အမြဲတမ်း အတူတူ ရှိနေကြမှာလေ"
ဟယ်ချင်းကျီကလည်း "နည်းပြချုပ်... တခြားသူတစ်ယောက် ဒီကို လာဖို့ဆိုတာ တကယ်ကို မသင့်တော်ပါဘူး။ ခင်ဗျား ဆက်နေသင့်ပါတယ်" ဟု ဆိုလိုက်၏။
မူရုန်ဖိန်ကလည်း "နည်းပြချုပ်... ကျုပ်က လူတွေကို အထင်မကြီးတတ်ပေမဲ့ ခင်ဗျားကိုတော့ အမှန်တကယ် လေးစားမိပါတယ်။ ကျေးဇူးပြုပြီး ဆက်နေပေးပါ" ဟု ဝိုင်းဝန်း တောင်းဆိုကြတော့သည်။
လူတိုင်း၏ ရိုးသားလှသော တောင်းဆိုမှုများကို မြင်သောအခါ ယဲ့ပုဖန် စိတ်လှုပ်ရှားသွားမိသော်လည်း "အားလုံးရဲ့ စေတနာကို ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်စီ ရည်မှန်းချက်တွေ ရှိကြတာပဲ။ ကျုပ်က သမားတော် တစ်ယောက် သက်သက်ပါ၊ ဒီနေရာက ကျုပ်နဲ့ မကိုက်ညီဘူး" ဟု ပြောလိုက်သည်။
စီတုတျန့်မော့က "နည်းပြချုပ်... ရှင် ထွက်သွားရင် ကျွန်မတို့ ကျူးချွဲအသင်းကို ဘယ်သူ ဦးဆောင်မှာလဲ" ဟု မေးလိုက်၏။ ယဲ့ပုဖန် ထွက်သွားတော့မည်ဟု သိလိုက်ရသဖြင့် ကျူးချွဲအသင်းမှ မိန်းကလေးများမှာ မျက်ရည်ဝဲလျက် နှမြောတသ ဖြစ်နေကြတော့သည်။
ယဲ့ပုဖန်က "ငါ ထွက်သွားပြီးရင် မင်းက ကျူးချွဲအသင်းရဲ့ ခေါင်းဆောင်ရော နည်းပြပါ ဖြစ်လာလိမ့်မယ်။ မင်းရဲ့ စွမ်းရည်တွေက အခုဆိုရင် ဒီအလုပ်အတွက် အပြည့်အဝ ကိုက်ညီနေပြီ" ဟု ဆိုလိုက်သည်။
စီတုတျန့်မော့က ခေါင်းခါလိုက်ကာ "မရဘူး... ကျွန်မက နည်းပြအလုပ်ကို စွန့်လွှတ်ရမယ် ဆိုရင်တောင် ရှင့်ကိုတော့ ပေးမသွားနိုင်ဘူး" ဟု ဆိုလိုက်၏။
ယဲ့ပုဖန်က အသာအယာ ပြုံးလိုက်ရင်း "မင်း ငါ့ကို ကတိတစ်ခု ပေးထားတာ မမေ့နဲ့ဦး။ အခု အဲဒီကတိကို တည်ရမယ့် အချိန်ရောက်ပြီ" ဟု ပြောလိုက်သည်။
"ဒါ... ဒါက..."
စီတုတျန့်မော့မှာ ခဏမျှ ဆွံ့အသွားတော့သည်။ သူမ ကန့်ကွက်စရာ စကားလုံး ရှာမတွေ့တော့ပေ။ ယဲ့ပုဖန်သည် ဤနေရာသို့ စရောက်ကတည်းက သူမအတွက် ကျင်းတစ်ခု ကြိုတင် တူးထားခဲ့လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် သူမက "ဒါပေမဲ့ ရှင့်ကို ထွက်သွားခိုင်းမယ့် အထိ ကျွန်မ မရက်စက်နိုင်ဘူး" ဟု တိုးတိုးလေး ပြောလိုက်၏။
ယဲ့ပုဖန်က "တကယ်တော့ အဲဒီလို ဖြစ်နေစရာ မလိုပါဘူး။ ငါက မင်းတို့ရဲ့ နည်းပြချုပ် မဟုတ်တော့ပေမဲ့ ရွှမ်ယွမ်စံအိမ်ရဲ့ အဖွဲ့ဝင် တစ်ယောက်အဖြစ် ရှိနေဦးမှာပဲလေ။ တစ်နေ့နေ့မှာ ငါတို့ ပြန်ဆုံကြမှာပါ" ဟု နှစ်သိမ့်လိုက်သည်။
သူ ထွက်သွားရန် အတည်ဖြစ်နေပြီကို သိသောအခါ အခြားသူများမှာလည်း နှမြောတသဖြင့်သာ နှုတ်ဆက်ကြရတော့သည်။ ယဲ့ပုဖန်သည် စီမာဝေ စီစဉ်ပေးထားသော ရဟတ်ယာဉ်ပေါ်သို့ တက်ကာ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာခဲ့ပြီး ကျန်းပေ့မြို့သို့ ပြန်လာခဲ့သည်။
မြို့ထဲသို့ ပြန်ရောက်သောအခါ သူသည် တက္ကစီတစ်စီး ငှား၍ ဝမ်ရွှယ်နင်၏ အိမ်သို့ ဦးတည်လိုက်၏။
အောက်ထပ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေကြောင်း သူ အာရုံခံမိလိုက်သည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော အဆောက်အအုံမှာ ယခုအခါ ဝတ်စုံနက်ဝတ် ကိုယ်ရံတော်များဖြင့် ဝိုင်းရံထားကာ တစ်ဦးချင်းစီမှာ တင်းမာသော မျက်နှာထားများဖြင့် အလွန်ပင် နိုးကြားနေကြသည်။
ဤသူများမှာ ဝမ်မိသားစုမှ ကိုယ်ရံတော်များ ဖြစ်ကြရာ တစ်ခုခု ဖြစ်ပွားနေပုံရ၏။ သူသည် ကိုယ်ရံတော် ခေါင်းဆောင်တစ်ဦးကို မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... ဘာတွေ ဖြစ်နေတာလဲ"
ကိုယ်ရံတော် ခေါင်းဆောင်က သူ့ကို မောင်းထုတ်ရန် ပြင်လိုက်သော်လည်း သေချာ ကြည့်လိုက်ပြီးနောက် အံ့ဩသော မျက်နှာထားဖြင့် "မစ္စတာယဲ့ မဟုတ်လား" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က ခေါင်းညိတ်ပြကာ "ဟုတ်တယ်... ကျုပ်ပါ" ဟု ဆိုလိုက်၏။
ကိုယ်ရံတော် ခေါင်းဆောင်က ဝေါ်ကီတော်ကီကို ထုတ်၍ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။ "သခင်လေး... မစ္စတာယဲ့ ပြန်ရောက်လာပါပြီ"
စက္ကန့်ပိုင်းအတွင်းမှာပင် ဝမ်ရှင်းယဲ့သည် ဗီလာအတွင်းမှ ပြေးထွက်လာကာ "မစ္စတာယဲ့... ခင်ဗျား နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ" ဟု ကြွေးကြော်လိုက်လေသည်။
ယဲ့ပုဖန်က အံ့ဩစွာဖြင့် "တကယ်တော့ ဘာတွေ ဖြစ်ကုန်တာလဲ" ဟု မေးမြန်းလိုက်တော့သည်။
***