ရှန်းရှီးဆိုသည်မှာ တရုတ်နိုင်ငံ၏ အလျှို့ဝှက်ဆုံးသော ဒေသများအနက် တစ်ခုဖြစ်သည်။ "အလောင်းမောင်းနှင်ခြင်း အတတ်"၊ "ကူအင်းအတတ်" နှင့် "ပန်းကြွေဂူမိန်းကလေး" ဟူသော ရှန်းရှီး အမိုက်မှောင် အတတ်သုံးပါးမှာ လူပြောများသော ဒဏ္ဍာရီများ ဖြစ်ကြသည်။
ဤဒေသ၏ စီးပွားရေးမှာ ဖွံ့ဖြိုးမှု နောက်ကျသော်လည်း သဘာဝ အလှအပမှာမူ ထူးခြား လှပလှပေသည်။ မြင့်မားသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်တို့က နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားကို ဆွဲဆောင်လျက် ရှိသည်။
ယဲ့ပုဖန်သည် ရှန်းရှီးလေဆိပ်သို့ ဆင်းသက်ပြီးနောက် မြို့ပြင်သို့ တက္ကစီဖြင့် သွားကာ ကျယ်ပြောလှသော ရှီဝမ်တောင်တန်းကြီးအတွင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ တောင်တန်းများအတွင်း၌ ဝိညာဉ်နှိုးမြက်ကို ကိုယ်တိုင် ရှာဖွေရန် ဖြစ်သည်။ သို့မှသာ ရှန်းကွမ်မိသားစုနှင့် ထိပ်တိုက်မတွေ့ဘဲ ဝမ်ရွှယ်နင်ကို တိုက်ရိုက် ကယ်တင်နိုင်မည် မဟုတ်ပါလား။
သို့သော် ရှန်းရှီးဒေသမှာ ကျယ်ပြောလွန်းလှပြီး တောင်တန်းများမှာလည်း ထူထပ်လွန်းလှပေသည်။ သူ၏ စိတ်ဝိညာဉ်အာရုံမှာ မီတာ ၅၀ အထိ ဖြန့်ကြက်နိုင်သော်လည်း ဤမျှ ကျယ်ပြောသော နယ်မြေအတွင်းဝယ် ဝိညာဉ်နှိုးမြက်ကို ရှာဖွေရန်မှာ ခက်ခဲလွန်းလှသည်။
သုံးရက်ကြာသည်အထိ သူသည် တောင်တန်းနယ်မြေ၏ ထက်ဝက်ကိုပင် မရောက်သေးဘဲ ဝိညာဉ်နှိုးမြက်၏ အရိပ်အယောင်ကိုလည်း မတွေ့ရှိသေးပေ။ သို့သော် သူ၏ ကြိုးပမ်းမှုတို့ အချည်းနှီး ဖြစ်ခဲ့သည်တော့ မဟုတ်ချေ။
လွန်ခဲ့သော သုံးရက်အတွင်း၌ သူသည် ရှားပါးလှသော ဆေးမြစ်အမြောက်အမြားကို တွေ့ရှိခဲ့ရာ သူ၏ သိုလှောင်လက်စွပ် အတွင်း၌ ဆေးပင်များမှာ တောင်ငယ်လေးတစ်ခုပမာ စုပုံနေပြီ ဖြစ်သည်။
စတုတ္ထမြောက်နေ့ နံနက်ခင်းတွင် ယဲ့ပုဖန်သည် ရိုးရှင်းသော နံနက်စာကို စားသုံးပြီးနောက် တောင်တန်းများ အတွင်း၌ တစ်ဖန် ပြန်လည် လှည့်လည် ရှာဖွေတော့သည်။ ယခုအခါ သူသည် လူသူမနီးသော တောနက်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ရာ ပတ်ဝန်းကျင်၌ တောရိုင်းတိရစ္ဆာန်များမှ လွဲ၍ လူရိပ်လူခြေ လုံးဝ မတွေ့ရတော့ပေ။
ခေတ္တမျှ လမ်းလျှောက်ပြီးနောက် ရှားပါးဆေးမြစ်အချို့ကို ထပ်မံ ရှာဖွေတွေ့ရှိချိန်တွင် ပြင်းထန်သော ရနံ့တစ်ခုက လေထဲ၌ လွင့်ပျံ့လာသည်။ ယဲ့ပုဖန်၏ အမူအရာမှာ ချက်ချင်းပင် တည်ငြိမ်သွား၏။
၎င်းမှာ ရတနာတစ်ခု ရင့်မှည့်လာသော ရနံ့ပင် ဖြစ်ချေသည်။ ဤမျှ ပြင်းထန်လှသော ရနံ့ကို ထုတ်လွှတ်နိုင်သည့် ဆေးမြစ်မှာ သာမန် မဖြစ်နိုင်ပေ။ ဝိညာဉ်နှိုးမြက် မဟုတ်သည့်တိုင်အောင် သေချာပေါက် အဖိုးတန်ပစ္စည်း ဖြစ်ပေလိမ့်မည်။
သူသည် ထိုရနံ့နောက်သို့ လိုက်၍ အလျင်အမြန် ရှေ့သို့ တိုးဝင်ခဲ့ရာ တောအုပ်နှစ်ခုကို ဖြတ်ကျော်ပြီးနောက် တောင်ခြေတစ်ခုသို့ ရောက်ရှိသွားသည်။ အဝေးမှ စကားပြောသံများကို ကြားလိုက်ရသဖြင့် သူသည် ခြေလှမ်းများကို လျှော့ချလိုက်၏။
ဤနေရာ၌ လူများ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယဲ့ပုဖန်သည် သူ၏ အငွေ့အသက်များကို ဖျောက်ဖျက်ကာ နဂါးနတ်ဘုရား ကောင်းကင်နင်းခြေလှမ်းကို အသုံးပြု၍ အသံမထွက်စေဘဲ ရှေ့သို့ တဖြည်းဖြည်း တိုးဝင်သွားသည်။
သူသည် သစ်ရွက်များ ထူထပ်လှသော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တိတ်တဆိတ် တက်ကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ ရှေ့တွင် မိုးထိမတတ် မြင့်မားလှသော တောင်ကြီးတစ်လုံး ရှိပြီး တောင်ခြေ၌ မီတာတစ်ရာခန့် ကျယ်ဝန်းသော ရေကန်ကြီး တစ်ခု ရှိသည်။ ရေမှာ အလွန်ပင် နက်ရှိုင်းလှသော်လည်း ရေမျက်နှာပြင်မှာမူ မှန်ချပ်တစ်ခုပမာ ငြိမ်သက်နေ၏။
ရေကန်၏ တစ်ဖက်ကမ်း တောင်ခြေရှိ ဂူငယ်လေးအတွင်း၌ ထူးဆန်းလှသော သစ်ပင်လေး တစ်ပင် ပေါက်ရောက်နေသည်။ ထူးခြားသည်မှာ ထိုသစ်ပင်လေး၌ သစ်ကိုင်း သစ်ရွက်များ လုံးဝ မရှိဘဲ ပင်စည် သက်သက်သာ ရှိပြီး ထိုပင်စည်ပေါ်တွင် တောက်ပသော သွေးနီရောင် အသီးငါးလုံးမှာ ရင့်မှည့်လုနီးပါး ဖြစ်နေခြင်းပင်။ လေထဲ၌ လွင့်ပျံ့နေသော ရနံ့မှာ ထိုအသီးများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ကောင်းကင်ယင် သွေးနီရောင်အသီးလား..."
ယဲ့ပုဖန် အနည်းငယ် အံ့ဩသွားမိသည်။ ဤနေရာတွင် သူက ကောင်းကင်ယင် သွေးနီရောင်သစ်သီး ကဲ့သို့ ရှားပါးရတနာနှင့် တွေ့ရလိမ့်မည် မထင်ထားခဲ့ပေ။
ကောင်းကင်ယင် သွေးနီရောင်အသီးမှာ အလွန်ရှားပါးလှသော ဆေးမြစ်တစ်မျိုးဖြစ်ပြီး ၎င်း၏ တန်ဖိုးမှာ နှစ်တစ်ထောင် သက်တမ်းရှိ ယန်ဂျင်ဆင်းထက် မနိမ့်ကျပေ။ ၎င်းသည် ယင်ဓာတ်ကျင့်စဉ် ကျင့်ကြံသူများအတွက် ကျင့်ကြံမှုကို အလွန်ပင် တိုးတက်စေနိုင်စွမ်း ရှိသည်။
သူ သေချာကြည့်လိုက်သောအခါ အသီးငါးလုံးမှာ နီရဲနေပြီ ဖြစ်သော်လည်း အစိမ်းရောင် အနည်းငယ် ကျန်ရှိနေသေးသဖြင့် လုံးဝ ရင့်မှည့်ရန် အချိန်အနည်းငယ်သာ လိုသေးကြောင်း သိလိုက်ရသည်။ ယင်းကြောင့် အသီးများ ရင့်မှည့်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို ခူးယူရန် သူ စိတ်ပိုင်းဖြတ်လိုက်သည်။
ထို့နောက် သူသည် ရေကန်အစွန်းရှိ လူသုံးဦးကို ကြည့်လိုက်၏။ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦး ဖြစ်သည်။ အမျိုးသမီးကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားရသည်။ သူမမှာ အခြားသူမဟုတ်...။
ယင်ယန်ဂိုဏ်းမှ သူ၏ ရန်သူဟောင်း ယင်ဆန်းနျန်ပင် ဖြစ်ချေသည်။ အခြား အမျိုးသား နှစ်ဦးမှာ တစ်ဦးက ထိပ်ပြောင်ပြီး တစ်ဦးက မုတ်ဆိတ်ဗလပွနှင့် ဖြစ်ကာ သူတို့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များအရ သူတို့မှာလည်း ယင်ယန်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများ ဖြစ်ကြောင်း သိသာလှသည်။
ယင်ဆန်းနျန်သည် ရေကန်ဘေး၌ ရပ်ကာ သွေးနီရောင်အသီးငါးလုံးကို လောဘဇောများဖြင့် စိုက်ကြည့်နေ၏။
"စီနီယာအစ်ကိုကြီး၊ ဒုတိယစီနီယာအစ်ကို... ဒါ ကျွန်မ ပြောခဲ့တဲ့ ကောင်းကင်ယင် သွေးနီရောင် အသီးပဲ။ ဒီအဆင့်မြင့် ဆေးမြစ်ကိုသာ ရလိုက်ရင် ကျွန်မတို့ရဲ့ ကျင့်ကြံမှုတွေ ချက်ချင်း အဆင့်တက်သွားမှာပဲ။ ကျမသာ မှော်ပညာရှင် အဆင့်ကို ရောက်သွားရင် အဲဒီ ယဲ့ပုဖန်လို့ ခေါ်တဲ့ ကောင်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မယ်"
သူမ၏ အမုန်းတရားများကို ကြားရသောအခါ ယဲ့ပုဖန်မှာ ရယ်ချင်စိတ်ကို အောင့်ထားရသည်။ ဤမိန်းမမှာ သူ့ကို အမှန်တကယ်ပင် အလွန်အမင်း နာကျည်းနေပုံရ၏။
ထိပ်ပြောင်လူသန်ကြီးက ယင်ဆန်းနျန်ကို ကြည့်ကာ “ငါတို့က တစ်ဖွဲ့တည်းသားတွေပဲလေ... အားနာနေဖို့ မလိုပါဘူး။ ဒါပေမဲ့ အလုပ်ပြီးသွားရင်တော့ နင်က ငါတို့ ညီအစ်ကိုနှစ်ယောက်ကို ကောင်းကောင်း ပြုစုပေးရမှာနော်" ဟု ဆိုလိုက်သည်။
ယင်ဆန်းနျန်က ညို့ဓာတ်ပါသော အသံဖြင့် "စိတ်မပူပါနဲ့ စီနီယာတို့ရယ်... ကျွန်မကို ဒီအသီးရအောင် ကူညီပေးမယ်ဆိုရင် စီနီယာတို့ကို ကျွန်မက စိတ်ကျေနပ်အောင် ထားမှာပေါ့" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် သူမက ဆက်လက်၍ "ဒါပေမဲ့ စီနီယာတို့... ကျွန်မ အရင်တစ်ခါ လာတုန်းက ဒီရေကန်ထဲမှာ ယင်မြွေကြီး တစ်ကောင် ရှိနေတာ တွေ့ခဲ့တယ်။ အဲဒီကောင်က အရမ်း အစွမ်းထက်တာမို့ ကျွန်မတို့ သတိထားရမယ်"
"စိတ်မပူပါနဲ့ ဂျူနီယာ ညီမလေး... ဒီတစ်ခါ ငါတို့က အသင့်ပြင်လာတာပဲ။ အဲဒီမြွေကြီးက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... ငါတို့က အပိုင်းပိုင်းဖြစ်အောင် ပစ်သတ်လိုက်မှာပေါ့"
မုတ်ဆိတ်ဗလပွနှင့် လူက ပြောပြောဆိုဆိုဖြင့် သူ၏ ကျောပိုးအိတ်ကြီးကို ဖွင့်ကာ လက်နက်မျိုးစုံကို ထုတ်လိုက်သည်။ ထိပ်ပြောင်လူကြီးက AK သေနတ်တစ်လက်ကို ကောက်ကိုင်လိုက်ရင်း "ဒါရှိနေရင်တော့ မြွေကြီးကို ကြောက်နေစရာ မလိုတော့ဘူး" ဟု ကြုံးဝါးလိုက်လေသည်။
သူတို့၏ စကားကို ကြားသောအခါ ယဲ့ပုဖန်သည် စိတ်ဝိညာဉ်အာရုံဖြင့် ရေကန်အတွင်းသို့ ဖြန့်ကြက် စစ်ဆေးလိုက်သည်။ ယေဘုယျအားဖြင့် ရတနာရှိသော နေရာ၌ စောင့်ကြပ်သော သားရဲများ ရှိတတ်စမြဲပင်။
ရေကန်မှာ အလွန်ပင် နက်ရှိုင်းလှသဖြင့် မီတာ ၅၀ သာ ဖြန့်ကျက်နိုင်သော သူ၏ စိတ်ဝိညာဉ်အာရုံက ရေအောက်ခြေအထိ မရောက်နိုင်ပေ။ သူတို့ပြောသော ယင်မြွေကြီးကို မမြင်ရသော်လည်း ယဲ့ပုဖန်မှာ ကြီးမားသော ဖိအားတစ်ခုကို ခံစားနေရသည်။
သူ တိတ်တဆိတ် ထိတ်လန့်သွားမိ၏။ ဤမျှ ဝေးကွာသော အကွာအဝေးမှပင် သူ့ကို ဖိအားပေးနိုင်သည် ဆိုလျှင် ယင်မြွေကြီးမှာ ယခင်က သူတွေ့ခဲ့သော မျက်လုံးသုံးလုံး မိုးကြိုးမြွေထက်ပင် ပိုမို အစွမ်းထက်သော မိစ္ဆာသားရဲကြီး ဖြစ်ရပေမည်။
သို့သော် သူသည် ယင်ဆန်းနျန်တို့ကို သတိပေးရန် စိတ်ကူးမရှိပေ။ ယင်ယန်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများမှာ မကောင်းမှုပေါင်းစုံ ပြုလုပ်ထားသူများဖြစ်ရာ သူတို့ကို မြွေကြီးက စားပစ်လိုက်လျှင်ပင် လောကအတွက် ကောင်းမှုတစ်ခု ဖြစ်ပေလိမ့်မည်။
"ဒီလူတွေကို မြွေကြီးနဲ့ အာရုံလွှဲထားပြီးမှ ငါက အသီးကို သွားယူရမယ်..."
သို့သော် သူ၏ စိတ်ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ချိန်တွင် ချုံပုတ်တစ်ခုအတွင်း၌ ထူးခြားသော လှုပ်ရှားမှု တစ်ခုကို သတိပြုမိလိုက်သည်။ ထိုနေရာတွင် နောက်ထပ် လူတစ်ဦး ပုန်းအောင်းနေခြင်းပင်။ အကယ်၍ သူ၌ စိတ်ဝိညာဉ်အာရုံသာ မရှိပါက ထိုသူကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပေ။
၎င်းမှာ အသက် ၂၀ ခန့်ရှိသော ဒေသခံ မြောင်လူမျိုး မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် အရပ်သိပ်မမြင့်ဘဲ ၁.၆၅ မီတာခန့်သာ ရှိသော်လည်း အနက်ရောင် မြောင်လူမျိုး ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်ပင် လှပချောမောလှသည်။ သူမ၏ ပါးပြင်လေးများမှာ အနည်းငယ် ဖောင်းအိနေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ချစ်စဖွယ် ကောင်းလှပေသည်။
ယဲ့ပုဖန် ပြုံးလိုက်မိ၏။ အနှီ မိန်းကလေးမှာလည်း ကောင်းကင်ယင် သွေးနီရောင်အသီးကို ရယူရန် အတွက် ချောင်းမြောင်းနေခြင်း ဖြစ်ရပေမည်။ ခေတ္တမျှ ကြာပြီးနောက် လေထဲမှ ရနံ့မှာ ပိုမို ပြင်းထန်လာကာ အသီးများပေါ်ရှိ အစိမ်းရောင်မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာရာ အသီးများမှာ ရင့်မှည့်တော့မည် ဖြစ်ကြောင်း ပြသနေသည်။
ထိုအချိန်မှာပင် ငြိမ်သက်နေသော ရေကန်ကြီးမှာ ရုတ်တရက် ဆူပွက်လာပြီး အနက်ရောင် အရိပ်ကြီး တစ်ခုသည် ရေမျက်နှာပြင်ပေါ်သို့ ထိုးတက်လာတော့သည်။ ရေပေါ်သို့ ပေါ်လာသော အပိုင်းမှာတင် ဆယ်မီတာကျော် ရှည်လျားလှပြီး ၃ ထပ်၊ ၄ ထပ်တိုက် အမြင့်ခန့် ရှိနေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ ဤမျှ ကြီးမားလှသော သတ္တဝါကြီး၏ ရှေ့တွင် ယင်ဆန်းနျန်နှင့် သူမ၏ စီနီယာနှစ်ဦးမှာ ပုရွက်ဆိတ်ငယ်များအလားပင်။
ယဲ့ပုဖန်မှာ အံ့ဩတုန်လှုပ်သွားရသည်။ မြွေကြီးမှာ အမှန်တကယ်ပင် အဆင့်မြင့် မိစ္ဆာသားရဲကြီး ဖြစ်နေပြီ ဖြစ်သည်။
"တောက်... အကြီးကြီးပါလား"
မုတ်ဆိတ်ဗလပွနှင့် လူမှာ ကြိုတင်ပြင်ဆင်လာသော်လည်း ဤမျှ ကြီးမားသော မြွေကြီးကို မြင်သောအခါ ထိတ်လန့်သွားမိ၏။ ထိပ်ပြောင်လူကြီးကမူ "ကြီးတော့ ဘာဖြစ်လဲ... အရင် သတ်ပစ်လိုက်မယ်" ဟု ဆိုကာ မြွေကြီး၏ ဦးခေါင်းဆီသို့ ဦးတည်၍ AK သေနတ်ဖြင့် စတင် ပစ်ခတ်လိုက်လေတော့သည်။
***