ယဲ့ပုဖန်သည် ကောင်းကင်ယင် သွေးနီရောင်အသီး နှစ်လုံးကို တမင်တကာ ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ထိုမြွေကြီးနှစ်ကောင်က သူ့နောက်သို့ အတင်းအကျပ် လိုက်လံတိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
အမှန်စင်စစ် အနှီ မိစ္ဆာသားရဲကြီးများမှာ အဆင့်မြင့်လွန်းလှကာ ယခင်က သူတွေ့ခဲ့သော မျက်လုံးသုံးလုံး မိုးကြိုးမြွေထက်ပင် ပိုမို အစွမ်းထက်လှပြီး လက်ရှိ သူ၏အစွမ်းဖြင့် ထိပ်တိုက် ရင်ဆိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် ယခုလို ဉာဏ်သုံးခဲ့ရခြင်း ဖြစ်သည်။
သူ၏ နည်းလမ်းမှာ အမှန်တကယ်ပင် အလုပ်ဖြစ်ခဲ့သည်။ ယင်မြွေကြီးနှစ်ကောင်မှာ ကျန်ရှိနေသော အသီးနှစ်လုံးကို ကာကွယ်ရန်အတွက် ရေကန်အတွင်း၌သာ ကျန်ရစ်ခဲ့ပြီး သူ့နောက်သို့ လိုက်မလာတော့ပေ။
သူသည် မိန်းကလေးကို ပွေ့ချီကာ ဘေးကင်းရာ တောင်ခြေသို့ ရောက်သည်အထိ တစ်ဟုန်ထိုး ပြေးခဲ့ပြီးနောက် မနေ့ညက သူ တည်းခိုခဲ့သည့် ဂူအတွင်းသို့ ဝင်ရောက်လိုက်သည်။ ဂူအတွင်းမှာ ခြောက်သွေ့ သန့်ရှင်းနေသဖြင့် အပြင်ဘက်ထက်စာလျှင် ပို၍ သက်သောင့်သက်သာ ရှိလှပေသည်။ ယဲ့ပုဖန်သည် မိန်းကလေးကို မြေပြင်ပေါ်တွင် အသာအယာ ချထားလိုက်ပြီးနောက် သူမ၏ သွေးကြောကို စမ်းသပ်ကြည့်လိုက်၏။
မြွေကြီး၏ အားကုန်သုံး၍ တိုက်ခိုက်လိုက်သော ထိုရိုက်ချက်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မိန်းကလေး၏ ချီအကာအကွယ်ကိုပင် ချိုးဖျက်ကာ သူမ၏ ကိုယ်တွင်းအင်္ဂါများကို နေရာလွဲမှားသွားအောင်အထိ ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။
အဆိုးရွားဆုံးမှာ ဦးခေါင်းဒဏ်ရာပင် ဖြစ်၏။ ကျောက်ဆောင်နှင့် ရိုက်မိစဉ်က ဦးနှောက်များ ပွင့်ထွက်မသွားခဲ့သော်လည်း ဦးခေါင်းအတွင်းပိုင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိကာ သွေးယိုစိမ့်မှုများ ဖြစ်ပေါ်နေသည်။
သူမသည် မြေပြင်ပေါ်တွင် ဖြူဖျော့သော မျက်နှာထားဖြင့် လဲလျောင်းနေကာ အသက်ရှူသံမှာ အလွန်ပင် အားနည်းနေပြီး သေခြင်းတရားနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယဲ့ပုဖန်က စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သူမသည် သူနှင့်တွေ့၍သာ တော်တော့သည်။ အကယ်၍ အခြားသူနှင့်သာ တွေ့ခဲ့လျှင်မူ ဤမိန်းကလေး၏ အသက်မှာ ဘယ်လိုမှ ဘေးကင်းနိုင်တော့မည် မဟုတ်ပေ။
ဤကဲ့သို့ ဆုံတွေ့ရခြင်းမှာ ကံကြမ္မာပင် ဖြစ်ဟန် တူသည်။
မိန်းကလေးသည် ရတနာကို လာရောက်လုယူခြင်း ဖြစ်သော်လည်း သူမ၏ မျက်လုံးများမှာ ယင်ယန်ဂိုဏ်းမှ ရက်စက်ယုတ်မာသူများကဲ့သို့ မဟုတ်ဘဲ ကြည်လင်သန့်စင်လှသည်။ သမားတော် တစ်ဦးအနေဖြင့် သူသည် အရွယ်ကောင်း မိန်းကလေးတစ်ဦး သူ၏ ရှေ့မှောက်၌ သေဆုံးသွားသည်ကို မည်သို့မျှ ကြည့်မနေနိုင်ပေ။
ယဲ့ပုဖန်သည် အရင်ဆုံး တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဆေးလုံးကို မိန်းကလေးအား တိုက်ကျွေးလိုက်ပြီးနောက် ပျံသန်းနေသော ကြိုးကြာနတ်အပ်ကို အသုံးပြု၍ ကုသပေးလိုက်သည်။ နာရီဝက်ခန့် အချိန်ယူ၍ အစွမ်းကုန် ကုသပေးပြီးနောက် ရွှေအပ်များကို ပြန်လည် ရုပ်သိမ်းလိုက်ချိန်တွင်မှ ယဲ့ပုဖန် သက်ပြင်းချနိုင်တော့သည်။
သူမကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။ မိန်းကလေးမှာ ကံကောင်းလွန်းလှသည်ဟု ဆိုရပေမည်။
သူမ လွင့်စင်လာချိန်တွင် သူက အောက်မှ အဆင်သင့် ရှိနေခဲ့၍သာ ဖြစ်သည်။ သို့မဟုတ်ပါက အလွန်ပင် အစွမ်းထက်လှသော ယင်မြွေကြီးနှစ်ကောင်၏ ရှေ့မှောက်၌ လူတစ်ယောက်ကို ကယ်တင်ရန်အတွက် နောက်ပြန်လှည့်သွားဖို့မှာ မလွယ်ကူလှပေ။
သူမ၏ ဒဏ်ရာများကို အရှင်းပျောက်အောင် ကုသပေးခဲ့သော်လည်း သူမမှာ အားအလွန်နည်းနေသဖြင့် သတိရလာရန် ခဏစောင့်ရပေဦးမည်။
စောင့်ဆိုင်းနေစဉ်အတွင်း ပျင်းရိနေသဖြင့် သူသည် ခူးယူလာသော ကောင်းကင်ယင် သွေးနီရောင် အသီးကို ထုတ်ယူကာ လက်ဝါးပေါ်တင်၍ စစ်ဆေးကြည့်လိုက်၏။ ၎င်းမှာ တောက်ပသော အနီရောင် အသီးလေးတစ်ခုသာ ဖြစ်သော်လည်း အထဲတွင် အလွန်ပင် သန့်စင်လှသော ယင်စွမ်းအင်များ ကိန်းအောင်းနေသည်။ မိစ္ဆာသားရဲဖြစ်သော ယင်မြွေကြီးပင်လျှင် ၎င်းကို စားသုံးခြင်းဖြင့် အကျိုးကျေးဇူး များစွာရနိုင်သည်ဆိုပါက ယင်ဓာတ်ကျင့်စဉ် ကျင့်ကြံသော အမျိုးသမီးများအတွက်မူ အဖိုးမဖြတ်နိုင်သော ရတနာပင် ဖြစ်ချေသည်။
"တကယ့် အဖိုးတန်ပစ္စည်းပဲ"
ယဲ့ပုဖန်က ထပ်ခါတလဲလဲ ချီးကျူးနေမိသည်။ ဤအရာမှာ တောင်ထဲသို့ ဝင်လာကတည်းက သူ ရရှိခဲ့သမျှထဲတွင် အဆင့်အမြင့်ဆုံး ဆေးမြစ်ပင် ဖြစ်သည်။ မိန်းကလေး သတိရလာမည့် အသွင်မရှိသေးသဖြင့် သူသည် ယင်ဝိညာဉ်ဆေးလုံးကို အရင်ဆုံး ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဆေးနတ်ဘုရား ဆေးဖိုကို ထုတ်ယူကာ ဂူအတွင်း၌ အကာအကွယ် အစီအရင်တစ်ခု ပြုလုပ်ပြီးနောက် ဆေးစတင် ဖော်စပ်လေတော့သည်။
ယင်ဝိညာဉ်ဆေးလုံး ဖော်စပ်ရန်အတွက် သွေးနီရောင်အသီးအပြင် အခြားသော ဆေးမြစ်ပေါင်း ၂၀ ကျော် လိုအပ်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ ရှာဖွေတွေ့ရှိထားသမျှနှင့်ဆိုလျှင် အားလုံး ပြည့်စုံနေပြီ ဖြစ်သည်။ မကြာမီမှာပင် ဆေးဖိုကို အသက်သွင်းလိုက်ပြီး ဆေးမြစ်များကို တစ်ခုပြီး တစ်ခု ထည့်လိုက်ရာ ပစ်ချွဲသော ဆေးရည်များအဖြစ် ပြောင်းလဲသွားတော့သည်။
တစ်နာရီခန့်အကြာတွင် ဂူတစ်ခုလုံး၌ မွှေးပျံ့သော ဆေးရနံ့များဖြင့် ပြည့်နှက်သွား၏။ ယဲ့ပုဖန်က လက်ကွက် တစ်ခု ဖော်လိုက်ရာ သွေးနီရောင် ဆေးလုံး ကိုးလုံးမှာ ဆေးဖိုအတွင်းမှ ပျံထွက်လာပြီး သူ၏ လက်ထဲရှိ ကျောက်စိမ်းပုလင်းအတွင်းသို့ ကျရောက်သွားတော့သည်။ သူသည် အောင်မြင်စွာ ဖော်စပ်ပြီးသော ယင်ဝိညာဉ်ဆေးလုံး တစ်လုံးကို ထုတ်ယူ၍ စစ်ဆေးကြည့်လိုက်ရာ ဆေးလုံးပေါ်တွင် ရွှေရောင် အစင်းကြောင်းများ ပါရှိပြီး မွှေးရနံ့မှာလည်း သင်းပျံ့နေသည်။
"ကောင်းတယ်"
ယဲ့ပုဖန် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤဆေးလုံးမှာ သူ့အတွက် အထူးတလည် အသုံးမဝင်သော်လည်း ယင်ဓာတ်ကျင့်စဉ် ကျင့်ကြံသူများအတွက်မူ အလွန်ပင် အစွမ်းထက်လှပေသည်။
ဝမ်ရွှယ်နင် သို့မဟုတ် ချင်ချူးချူးတို့ကဲ့သို့ သိုင်းအခြေခံ မရှိသူများပင်လျှင် ဤဆေးလုံးကို သောက်သုံးပြီး တူနှစ်ကိုယ် ကျင့်စဉ်ကို အသုံးပြုပါက သူတို့၏ ကျင့်ကြံမှုမှာ ချက်ချင်းပင် အဆင့်တက်သွားပေလိမ့်မည်။
ဆေးလုံးများကို သိမ်းဆည်းလိုက်ချိန်တွင် မိန်းကလေးမှာ ဆေးရနံ့ကြောင့် ဖြစ်ဟန်တူကာ တဖြည်းဖြည်း မျက်လုံးပွင့်လာပြီး ထထိုင်လိုက်သည်။
"ရှင်က ဘယ်သူလဲ... ဒီမှာ ဘာလုပ်နေတာလဲ"
ယဲ့ပုဖန်ကို မြင်သည်နှင့် မိန်းကလေးမှာ ချက်ချင်းပင် နိုးကြားသွားတော့သည်။ သူမသည် အရင်ဆုံး သူမ၏ အဝတ်အစားများကို စစ်ဆေးလိုက်ပြီး တစ်စုံတစ်ရာ မှားယွင်းမှု မရှိကြောင်း သိလိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။
"ကျုပ်က ဆေးမြစ်ရှာတဲ့ သမားတော် တစ်ယောက်ပါ။ မြွေကြီးက ခင်ဗျားကို ရိုက်ချလိုက်တာ မြင်လို့ လမ်းကြုံ ကယ်လာတာပါ"
မိန်းကလေးသည် သူမ၏ မှတ်ဉာဏ်များကို ပြန်လည် စုစည်းလိုက်ရာ ရုတ်တရက် ပေါ်လာသော မြွေကြီးကို ပြန်တွေးမိပြီး ကြောက်လန့်သွားမိ၏။
"ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"
သူမသည် ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားရင်း သူမ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။ "ကျွန်မ ဒဏ်ရာတွေ အကုန် ပျောက်သွားပြီလား။ သခင်လေး... ရှင်က ကျွန်မကို ကုပေးလိုက်တာလား"
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်ကာ "ဟုတ်ပါတယ်... ကျုပ် ပြောသားပဲ။ ကျုပ်က သမားတော်ပါလို့"
"သခင်လေးရဲ့ ဆေးပညာက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ကျွန်မလည်း သမားတော် တစ်ယောက်ပါ။ ကျွန်မက မြောင်ကျေးရွာရဲ့ ဆေးပညာကို ဆက်ခံထားတာ ဖြစ်ပေမဲ့ ရှင့်ကိုတော့ ဘယ်လိုမှ မမီနိုင်ဘူး"
သူမသည် သူမ ရရှိခဲ့သော ဒဏ်ရာများ၏ ပြင်းထန်မှုကို ကောင်းစွာ သိရှိသည်။ သူမကိုယ်တိုင်ဆိုလျှင် မည်သို့မျှ ကုသနိုင်မည် မဟုတ်ပေ။ ရှေ့မှ လူငယ်လေးက သူမကို ဤမျှ လျင်မြန်စွာ ကုသပေးနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ယဲ့ပုဖန်သည် သူမလည်း သမားတော် တစ်ဦးဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်ဝင်စားသွားကာ မေးမြန်းလိုက်၏။ "ခင်ဗျား နာမည် ဘယ်သူလဲ။ ရှန်းရှီး ဒေသခံလား"
"ကျွန်မ နာမည်က..."
မိန်းကလေးမှာ ပြုံးရွှင်နေသော်လည်း စကားပြောလိုက်သည်နှင့် သူမ၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက်ယွင်းသွားကာ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။ "ကျွန်မ နာမည်က ဘယ်သူပါလိမ့်... ကျမက ဘယ်ကလဲ။ ဘာတစ်ခုမှ မမှတ်မိတော့ဘူး"
"အင်း..."
ယဲ့ပုဖန်လည်း အနည်းငယ် အံ့ဩသွားမိသည်။ အနှီ မိန်းကလေးမှာ အစောပိုင်းက ရရှိခဲ့သော ပြင်းထန်သည့် ဒဏ်ရာကြောင့် မှတ်ဉာဏ် ပျောက်ဆုံးသွားခြင်း ဖြစ်ရပေမည်။ ဦးခေါင်းကို ထိခိုက်ခဲ့ခြင်းဖြစ်သဖြင့် ဤသို့ဖြစ်သည်မှာ ပုံမှန်ပင် ဖြစ်၏။
"စိတ်မပူပါနဲ့ဦး... ကျုပ် နောက်တစ်ခါ ထပ်ပြီး စစ်ဆေးပေးပါ့မယ်"
သူသည် မိန်းကလေး၏ သွေးကြောကို ထပ်မံ စမ်းသပ်ကြည့်ပြန်သည်။ သုံးမိနစ်ခန့် စစ်ဆေးပြီးသော်လည်း ပြဿနာကို ရှာမတွေ့ပေ။ ခန္ဓာကိုယ်မှာမူ အရှင်း ပျောက်ကင်းနေပြီ ဖြစ်သော်လည်း ဦးနှောက်မှာ အလွန်ပင် နက်နဲလှသဖြင့် သူ ရှာမတွေ့နိုင်သော ပြဿနာတစ်ခုခု ရှိနေပုံရသည်။
"သခင်လေး... ဘယ်လိုလဲဟင်" မိန်းကလေးက စိုးရိမ်တကြီး မေးလိုက်သည်။
ယဲ့ပုဖန်က အနည်းငယ် အနေရခက်စွာဖြင့် "ကျုပ် ဘာပြဿနာမှ ရှာမတွေ့ဘူး။ ပြန်စဉ်းစားကြည့်ပါဦး... စိတ်လှုပ်ရှားနေလို့ ခဏ မေ့သွားတာ ဖြစ်မှာပါ" ဟု ပြောလိုက်၏။ သူမသည် အရာအားလုံးကို မှတ်မိနေပြီး သူမ၏ နာမည်နှင့် နေရပ်ကိုသာ မေ့နေခြင်း ဖြစ်သည်။
မိန်းကလေးက အတော်ကြာ စဉ်းစားသော်လည်း မရသဖြင့် ပျာယာခတ်သွားတော့သည်။ "သခင်လေး... ကျွန်မ အကုန် မှတ်မိတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်ကလဲဆိုတာနဲ့ ကျွန်မ နာမည်ကိုပဲ မမှတ်မိတာ။ ကျွန်မ ဘယ်လိုလုပ်ရမလဲ"
ယဲ့ပုဖန်က "ခင်ဗျား ကျောက်ဆောင်နဲ့ ခေါင်းနဲ့ အရှိန်ပြင်းပြင်း ဆောင့်မိသွားတာလေ။ ဒါက အဲဒီတုန်းက ရခဲ့တဲ့ ဒဏ်ရာရဲ့ နောက်ဆက်တွဲ ပြဿနာပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အခု ဒဏ်ရာက ပျောက်သွားပြီဆိုတော့ အချိန်တစ်ခုကြာရင် မှတ်ဉာဏ်တွေ ပြန်ရလာမှာပါ" ဟု နှစ်သိမ့်လိုက်သည်။
"ဒါဆိုလည်း ပြီးတာပါပဲ"
မိန်းကလေးမှာ ပွင့်လင်းသော စရိုက်ရှိသူဖြစ်သဖြင့် လက်ခံလိုက်ကာ ယဲ့ပုဖန်ကို ကြည့်၍ ပြောလိုက်သည်။ "ဒါပေမဲ့ သခင်လေး... ကျွန်မ ရှင့်နောက်ကို ခဏလောက် လိုက်ခဲ့လို့ ရမလား"
"ဒါက... မသင့်တော်ဘူး ထင်တယ်"
ယဲ့ပုဖန်သည် သူမကို စိတ်ကူးပေါက်၍ ကယ်တင်ခဲ့ခြင်းသာ ဖြစ်ပြီး အတူခေါ်သွားရန် ရည်ရွယ်ချက် မရှိပေ။ သူ့တွင် လုပ်ဆောင်ရမည့် ကိစ္စများစွာ ရှိနေသေးသည် မဟုတ်ပါလား။
မိန်းကလေးက သနားစဖွယ် မျက်နှာလေးဖြင့် "သခင်လေး... ကျွန်မကို ကြည့်ပါဦး။ ကျွန်မ ဘယ်သူလဲဆိုတာတောင် မသိဘူး။ အိမ်က ဘယ်မှာလဲဆိုတာလည်း မမှတ်မိဘူး။ တကယ်လို့ ရှင့်နောက်ကို မလိုက်ရင် ကျွန်မ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ ကျေးဇူးပြုပြီး ကျွန်မကို သနားသောအားဖြင့် ခေါ်သွားပေးပါနော်။ ရှင် ခိုင်းတာမှန်သမျှ အကုန် လုပ်ပါ့မယ်" ဟု တောင်းပန်တိုးလျှိုးလေတော့သည်။
***