ယဲ့ပုဖန်က လေသံကို ခပ်လေးလေးဖြင့် "ဒါပေမဲ့ ငါ့နောက်ကို လိုက်လာရင် မင်းအတွက် အရမ်း အန္တရာယ်များလိမ့်မယ်" ဟု သတိပေးလိုက်သည်။
ယခုအချိန်တွင် သူ၏ ရန်သူမှာ ရှန်းကွမ်မိသားစု ဖြစ်သည်။ ဤကဲ့သို့သော မိန်းကလေးတစ်ဦး သူနှင့်အတူ ရှိနေခြင်းမှာ အမှန်တကယ်ပင် အန္တရာယ်ဇုန် အတွင်းသို့ ခေါ်ဆောင်သွားခြင်းပင် ဖြစ်ပေလိမ့်မည်။
"ကျွန်မ အန္တရာယ်ကို မကြောက်ပါဘူး။ ခုနက မြင်ခဲ့တဲ့အတိုင်း ကျွန်မမှာ ကိုယ်ခံပညာ ရှိပါတယ်။ သခင်လေးကိုလည်း ကူညီပေးနိုင်တာပေါ့။ သခင်လေးကို ဒုက္ခပေးမယ့်သူ မှန်သမျှကို ကျွန်မ သတ်ပစ်မှာပါ"
ထိုမိန်းကလေးက ရှေ့သို့ တစ်လှမ်းတိုးလာကာ ယဲ့ပုဖန်၏ လက်မောင်းကို ဆွဲကိုင်၍ သနားစဖွယ် လှုပ်ယမ်းကာ ပြောလိုက်လေသည်။ "သခင်လေး... ကျွန်မကို ခေါ်သွားပါနော်။ ကျွန်မလို မိန်းကလေး တစ်ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေတာကို သခင်လေးက ရက်ရက်စက်စက် ကြည့်နေတော့မှာလားဟင်"
"ဒါကတော့..."
ယဲ့ပုဖန်သည် ထိုမိန်းကလေးကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားမိသည်။ မိမိ၏ အမည်နာမနှင့် နောက်ကြောင်းကို မေ့လျော့နေရခြင်းမှာ အလွန်ပင် နာကျင်စရာကောင်းလှပေမည်။
"ဒီလိုလုပ်ရအောင်... ငါ မေးတာတွေကို အရင်ဖြေဦး။ ပြီးမှ မင်းကို ငါနဲ့အတူ ခေါ်သွားသင့်၊ မသင့် ငါ စဉ်းစားမယ်"
မည်သို့ပင်ဆိုစေကာမူ ဤနေရာမှာ ရှန်းရှီးဒေသ ဖြစ်သဖြင့် တစ်ဖက်လူ၏ မူလဇာစ်မြစ်ကို အရင် စုံစမ်းရန် လိုအပ်သည်။ တစ်ကယ်လို့ ဤမိန်းကလေးသာ ရှန်းကွမ်မိသားစုမှ ဖြစ်နေပါက အခြေအနေမှာ ပို၍ ဆိုးရွားသွားနိုင်သည်။ ဆေးကုသပေးစဉ်က သူမ၏ ခန္ဓာကိုယ်အတွင်း၌ ကူအင်းကောင်များ ရှိနေသည်ကို သူ ရှင်းလင်းစွာ ခံစားခဲ့ရဖူးသည်။
မိန်းကလေးက ဝမ်းသာအားရပင် သဘောတူလိုက်၏။ "ဟုတ်ကဲ့ သခင်လေး... ကြိုက်တာမေးပါ။ ကျွန်မ သိတာမှန်သမျှ အကုန်ဖြေပါ့မယ်"
ယဲ့ပုဖန်က "မင်းရဲ့ မျိုးရိုးနာမည်ကိုရော မှတ်မိသေးလား" ဟု စမေးလိုက်သည်။
မိန်းကလေးက ခေါင်းခါပြကာ စိတ်ပျက်လက်ပျက် အမူအရာဖြင့် "မမှတ်မိတော့ဘူး။ ဘာလို့လဲတော့ မသိဘူး... ကျွန်မနဲ့ သက်ဆိုင်တဲ့ အရာမှန်သမျှကို မမှတ်မိပေမဲ့ တခြားအရာတွေကိုကျတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်"
ယဲ့ပုဖန် ယင်းအချက်ကို အံ့သြမနေတော့ပေ။ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၏ သဘောသဘာဝမှာ လူတို့သည် မိမိ အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းများကိုသာ အရင်ဆုံး မေ့လျော့တတ်ကြသည် မဟုတ်ပါလား။
သူက ဆက်မေးလိုက်သည်။ "မင်းက ရှန်းရှီးဒေသခံလား"
မိန်းကလေးက ခေါင်းငြိမ့်ပြကာ "ဟုတ်မယ်ထင်တယ်။ ဒီဒေသရဲ့ မြေမျက်နှာသွင်ပြင်နဲ့ နေရာ နာမည်တွေကို ကျွန်မ ကောင်းကောင်း သိနေတယ်။ ဒေသန္တရ ဗဟုသုတတွေလည်း အများကြီး သိတယ်လေ"
ယဲ့ပုဖန်က "ဒီအရပ်မှာ ဘယ်လိုလူမျိုးတွေက ကူအင်းအတတ်ကို ကျင့်ကြံကြတာလဲ" ဟု မေးမြန်းလိုက်၏။
သူသည် ရှန်းကွမ်မိသားစုနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ရှန်းကွမ်ဟုန်လင်နှင့် ရှန်းကွမ်ဟုန်ရှားတို့မှာလည်း ကူအင်းအတတ်ကို ကျင့်ကြံသည့် အမျိုးသမီးများ ဖြစ်ကြသော်လည်း သူတို့မှာ အလွန်ပင် ရုပ်ဆိုးလှပြီး ယခုရှေ့မှ မိန်းကလေးနှင့် ယှဉ်လျှင် အဝေးကြီး ကွာခြားလှပေသည်။
သူ ဤမေးခွန်းကို မေးရခြင်းမှာ ကူအင်းကျင့်ကြံသူတိုင်းမှာ ရှန်းကွမ်မိသားစုမှ အမျိုးသမီးများ ဟုတ်၊ မဟုတ် အတည်ပြုလိုခြင်းကြောင့် ဖြစ်သည်။
"အဲဒါကတော့ အများကြီးပဲ သခင်လေးရဲ့" ဟု မိန်းကလေးက ဆိုသည်။
"ရှန်းရှီးမှာ အမျိုးသမီး တော်တော်များများက ကူအင်းကောင်တွေ ဘယ်လိုမွေးရမလဲဆိုတာ သိကြတယ်။ အဲဒါက ခက်ခဲတဲ့ အလုပ်မှ မဟုတ်တာ"
ယဲ့ပုဖန်က "အဓိက ဂိုဏ်းကြီးတွေအကြောင်းရော..." ဟု ထပ်မေးလိုက်သည်။ အနှီ မိန်းကလေး၏ ကျင့်ကြံခြင်းမှာ ကောင်းကင်အဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသဖြင့် သာမန် မိန်းကလေးတစ်ဦး မဟုတ်နိုင်သည်မှာ သေချာသည်။
"ဂိုဏ်းကြီးတွေဆိုရင်တော့ အဓိက အင်အားစု နှစ်ခု ရှိတယ်။ အဲဒါကတော့ ကူဘုရင်ဂိုဏ်းနဲ့ ရှန်းကွမ်မိသားစုပဲ။ အမှန်အတိုင်း ပြောရရင် ကူဘုရင်ဂိုဏ်းကမှ စစ်မှန်တဲ့ ကူအင်းမှော်အတတ်ကို တတ်တဲ့ ရှေးဟောင်းနတ်ဘုရား ချီယိုဆီကနေ ဆင်းသက်လာတဲ့ အနွယ်ဝင်တွေပါ”
“အစက ကူအင်းအတတ်ပညာဟာ ကူအင်းကောင်များကို အသုံးပြုပြီး ရောဂါဝေဒနာများကို ကုသပေးတဲ့ မွန်မြတ်တဲ့ အတတ်ပညာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ နောက်ပိုင်းမှာ လူတချို့က ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေနဲ့ ကူကောင်တွေကို အလွဲသုံးစား လုပ်ခဲ့တာကြောင့် "ကူအင်း" လို့ ဆိုလိုက်တာနဲ့ လူတိုင်းက ကြောက်လန့် တုန်လှုပ်ကုန်ကြတော့တာ”
ထို့နောက် မိန်းကလေးက ဆက်ပြောပြလေသည်။ "ရှန်းကွမ်မိသားစုက စစ်မှန်တဲ့ ကူအင်းအတတ်ကို အမွေဆက်ခံထားတာ မဟုတ်ဘူး။ ဒါကြောင့် ရှန်းကွမ်မိသားစုက ကူအင်းကျင့်ကြံတဲ့ အမျိုးသမီးတွေဟာ ရုပ်ဆိုးကြတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့က ကူအင်းကောင်တွေကို သူတို့ရဲ့ သွေးသားတွေနဲ့ ကျွေးမွေးနေရလို့ပဲ"
“ဆန့်ကျင်ဘက်အနေနဲ့ ကူဘုရင်ဂိုဏ်းမှာတော့ အဲ့ဒီလို မဟုတ်ဘူး။ ကူဘုရင်ဂိုဏ်းရဲ့ ကူအင်းကျင့်ကြံသူတွေက သာမန်လူတွေလိုပဲ ရုပ်ရည် သန့်ပြန့်ကြတယ်”
သူမ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ယဲ့ပုဖန် ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။ ရှေ့မှ မိန်းကလေးမှာ အလွန်ပင် လှပလွန်းသဖြင့် သူမသည် ရှန်းကွမ်မိသားစုမှ မဟုတ်သည်မှာ သေချာသွားပြီ ဖြစ်သည်။
သူတို့သည် ရန်သူများ မဟုတ်ကြသဖြင့် ဒေသန္တရ ဓလေ့ထုံးတမ်းများကို ကျွမ်းကျင်သော အဖော်တစ်ဦး ရရှိခြင်းကို သူ မငြင်းလိုတော့ပေ။ ယခုအခါ ရှန်းကွမ်မိသားစုသည် သူ့အား ရှန်းရှီးသို့ ရောက်လာအောင် ဆွဲဆောင်ထားပြီးဖြစ်သဖြင့် သူ၏ ခြေရာကို ရှာဖွေရန် နည်းလမ်းမျိုးစုံ အသုံးပြုပေလိမ့်မည်။ တစ်ကိုယ်တည်း သွားလာနေပါက ရန်သူ့မျက်စိထဲ မိရန် လွယ်ကူသော်လည်း ဒေသခံတစ်ဦးနှင့်အတူ ရှိနေခြင်းက ပုန်းကွယ်ရန် ပို၍ လွယ်ကူပေသည်။
ယင်းသို့ တွေးတောပြီးနောက် သူက "ကောင်းပြီလေ... မင်း မှတ်ဉာဏ်တွေ ပြန်မရမချင်း ငါနဲ့အတူ နေလို့ရပါတယ်။ မှတ်ဉာဏ်တွေ ပြန်ရပြီဆိုမှ မင်းသွားချင်တဲ့နေရာကို သွားတော့" ဟု ခွင့်ပြုလိုက်သည်။
"တကယ်လား... ဝမ်းသာလိုက်တာ သခင်လေး။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်"
မိန်းကလေးသည် ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ ယဲ့ပုဖန်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ယင်းက သူမအတွက် အားကိုးရာ တစ်ခုတည်းကို ရှာတွေ့သွားသည့်နှယ်ပင်…။
ယဲ့ပုဖန်က "မင်းမှာ နာမည်တစ်ခုတော့ ရှိသင့်တယ်လေ။ နာမည်မရှိဘဲ နေလို့တော့ မဖြစ်ဘူး"
မိန်းကလေးက ပြုံး၍ သူ့ကို ကြည့်ကာ "ဒါဆို သခင်လေးပဲ ကျွန်မကို နာမည်လေး ပေးပါဦး" ဟု ဆိုသည်။
ယဲ့ပုဖန်က သူမ၏ အနည်းငယ် ဝိုင်းစက်နေသော ပါးပြင်လေးများကို ကြည့်ကာ "မင်းကို ရှောင်ယွဲ့ (လမင်းလေး) လို့ ခေါ်ရင် ဘယ်လိုလဲ"
"ရှောင်ယွဲ့ ဆိုတဲ့ နာမည်က ချစ်စရာကောင်းသားပဲ။ ဒါပေမဲ့ မျိုးရိုးနာမည်လေး ပါရင် ပိုကောင်းမယ်ထင်တယ်"
ယဲ့ပုဖန်က "မျိုးရိုးနာမည်ကိုတော့ မင်းဘာသာမင်း ရွေးလိုက်လေ။ ဒီဒေသရဲ့ ဓလေ့ထုံးစံတွေကို ငါက မသိဘူးလေ"
မိန်းကလေးက "ကျွန်မတို့ ရှန်းရှီးက မြောင်ကျေးရွာတွေမှာ အမျိုးသမီး အများစုက လုံ မျိုးရိုးကို ခံယူကြတယ်။ ဒါကြောင့် ကျွန်မနာမည်ကို လုံရှောင်ယွဲ လို့ မှည့်လိုက်မယ်”
"အင်း... နာမည်လေးက လှပါတယ်။ ဒါနဲ့ ရှောင်ယွဲ... မင်း ဘာလို့ ဒီတောနက်ထဲမှာ တစ်ယောက်တည်း ကောင်းကင်ယင် သွေးနီရောင်အသီးကို လာခူးတာလဲ။ ဆေးဖော်မလို့လား"
လုံရှောင်ယွဲက "ဆေးဖော်ဖို့ မဟုတ်ပါဘူး။ ကျွန်မရဲ့ ကလေးလေးကို ကျွေးမလို့ပါ။ အဲဒါက ကျွန်မရဲ့ ကူအင်းကောင်ကို အဆင့်တက်အောင် ကူညီပေးနိုင်တယ်လေ"
သူမ ပြောပြီးသည်နှင့် လက်ဝါးကို ဖြန့်လိုက်ရာ ခရမ်းရောင် ပိုးတောင်မာလေး တစ်ကောင်သည် သူမ၏ လက်ဖဝါးပေါ်တွင် ပေါ်ထွက်လာသည်။
"သခင်လေး... ဒါက ကျွန်မရဲ့ မူလဇာတိ ကူအင်းကောင်ပါ။ မကြောက်ပါနဲ့နော်... ကျွန်မ အမိန့်မပေးရင် သူက ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး"
ယဲ့ပုဖန်က ထိုခရမ်းရောင် ပိုးတောင်မာလေးကို သေချာ စစ်ဆေးကြည့်ရာ ထိုအကောင်ငယ်လေးထံမှ အန္တရာယ်ရှိသော အငွေ့အသက်အချို့ကို သူ ခံစားလိုက်ရသည်။
"ဒီကောင်းကင်ယင် သွေးနီရောင်အသီးက မင်းရဲ့ မူလဇာတိ ကူအင်းကောင်အတွက် အကျိုးရှိတာ သေချာလား"
"ဟုတ်ပါတယ်။ ဒီအသီးတစ်လုံးကို စားလိုက်ရုံနဲ့ ကျွန်မရဲ့ ကူအင်းကောင်က အာကာသအဆင့် ကူအင်း အဖြစ်ကို အဆင့်တက်သွားနိုင်တယ်"
လုံရှောင်ယွဲက နှမြောတသသော အမူအရာဖြင့် "နှမြောစရာကောင်းတာက ခုနက မြွေကြီးနှစ်ကောင်က အရမ်းစွမ်းလွန်းလို့ ကျွန်မ တစ်လုံးမှ မရခဲ့တာပဲ"
ယဲ့ပုဖန်က "အာကာသအဆင့် ကူအင်းက အဲဒီလောက်တောင် အစွမ်းထက်တာလား" ဟု မေးမြန်းလိုက်သည်။
"ဒါပေါ့... ကူအင်းကောင်တွေကိုလည်း သိုင်းပညာရှင်တွေလိုပဲ အာကာသ၊ မြေကမ္ဘာ၊ ကောင်းကင်၊ မြေ ဆိုပြီး အဆင့်လေးဆင့် ခွဲခြားထားတာပါ။ အာကာသအဆင့် ကူအင်းက အမြင့်ဆုံးအဆင့်ပဲ။ ရှန်းကွမ်မိသားစုက ကူအင်းကျင့်ကြံသူတွေထဲမှာတောင် ဒီနေ့အထိ အာကာသအဆင့် ကူအင်းကို အောင်အောင်မြင်မြင် မွေးမြူနိုင်တဲ့သူ မရှိသေးဘူး"
သူမ၏ စကားများကို ကြားရသောအခါ သူမသည် ရှန်းကွမ်မိသားစုမှ မဟုတ်ကြောင်း ယဲ့ပုဖန် ပို၍ သေချာသွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နီရဲတောက်ပနေသော ကောင်းကင်ယင် သွေးနီရောင်အသီး တစ်လုံးသည် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာတော့သည်။
"ဒါကို မင်းအတွက် ပေးမယ်"
သူမသည် သူ၏ မဟာမိတ် ဖြစ်လာပြီ ဖြစ်သောကြောင့် သူမ၏ စွမ်းအားကို မြှင့်တင်ပေးရန်မှာ သူ၏ တာဝန်ပင် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ရှောင်ယွဲ ပို၍ အစွမ်းထက်လေ၊ သူ၏ အခြေအနေမှာ ပို၍ ကောင်းမွန်လေ ဖြစ်ပေလိမ့်မည်။
"ကိုကို... ကိုကိုက တကယ် တော်တာပဲ။ မြွေပါးစပ်ထဲကနေ ဒီအသီးကို ရအောင် ယူနိုင်ခဲ့တာလား"
ကောင်းကင်ယင် သွေးနီရောင်အသီးကို မြင်လိုက်ရသောအခါ ရှောင်ယွဲ၏ မျက်လုံးများမှာ တောက်ပသွားကာ အံ့သြ ချီးကျူးမိသွားသည်။ ထို့နောက် သူမက "ဒါပေမဲ့ ဒီအသီးက အရမ်း တန်ဖိုးကြီးတာ... ကျွန်မ မယူရဲပါဘူး"
သူမ၏ မျက်လုံးများထဲတွင် ထိုအသီးကို လိုချင်တပ်မက်စိတ်များ ပြည့်နှက်နေသော်လည်း သူမ၏ လေသံမှာ ပြတ်သားလှသဖြင့် သူမသည် လောဘကြီးသူတစ်ဦး မဟုတ်ကြောင်း သိသာလှသည်။
ယဲ့ပုဖန်က "ယူလိုက်ပါ။ ငါ အားလုံးပေါင်း သုံးလုံး ခူးခဲ့တာ။ တစ်လုံးကို ဆေးလုံးဖော်ဖို့ သုံးလိုက်ပြီ။ ကျန်တဲ့တစ်လုံးကို မင်း သုံးနိုင်ပါတယ်"
"တကယ်လား... ကျေးဇူးအများကြီး တင်ပါတယ် ကိုကို"
လုံရှောင်ယွဲသည် ကောင်းကင်ယင် သွေးနီရောင်အသီးကို ယူလိုက်ပြီးနောက် သူမ၏ မူလဇာတိ ကူအင်းကောင်ကို ဆင့်ခေါ်လိုက်သည်။ ခရမ်းရောင် ပိုးတောင်မာလေးသည် အသီးကို မြင်သည်နှင့် တဝီဝီ မြည်ဟီးကာ အလွန်ပင် စိတ်လှုပ်ရှားနေပုံ ရသည်။
လုံရှောင်ယွဲက "စားလိုက်တော့... ဒါက ကိုကို ပေးတဲ့ လက်ဆောင်ပဲ" ဟု အမိန့်ပေးလိုက်၏။
အမိန့်ရသည်နှင့် ပိုးတောင်မာလေးသည် ကောင်းကင်ယင် သွေးနီရောင်အသီးပေါ်သို့ ချက်ချင်းပင် ခုန်အုပ်လိုက်တော့သည်။ ဆန်းကြယ်လှသော မြင်ကွင်းတစ်ခုမှာ ပိုးတောင်မာလေးမှာ လက်သည်းခွံခန့်သာ ရှိသော်လည်း ကြက်ဥထက်ပင် ကြီးမားသော ထိုအသီးကို မျက်စိတစ်မှိတ် အတွင်းမှာပင် မြူမှုန်မျှပင် မကျန်အောင် ဝါးမြိုပစ်လိုက်ခြင်းပင် ဖြစ်သည်။
အသီးကို စားပြီးနောက် ကူအင်းကောင်လေးမှာ လုံရှောင်ယွဲ၏ လက်ဖဝါးပေါ်တွင် မလှုပ်မယှက် ငြိမ်သက်သွားသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်အရောင်မှာ ခရမ်းရောင်မှသည် အရောင်အမျိုးမျိုးသို့ ဖြည်းညင်းစွာ ပြောင်းလဲလာတော့သည်။
ဆယ်မိနစ်ခန့် ကြာသောအခါ လုံရှောင်ယွဲ၏ မူလဇာတိ ကူအင်းကောင်သည် ခုနစ်ရောင်ခြယ် ပိုးတောင်မာလေးအဖြစ်သို့ လုံးဝ အသွင်ပြောင်းသွားလေတော့သည်။
"အရမ်းကောင်းတာပဲ ကိုကို... ကျွန်မရဲ့ ကလေးလေး နောက်ဆုံးတော့ အာကာသအဆင့် ကူအင်းအဖြစ် အောင်အောင်မြင်မြင် အဆင့်တက်သွားပြီ"
***