ကျူးယိုးဖေးဖေး၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်သည်။ ပထမဆုံး လင်ဇီးမှိုကို တစ်ချက် ကြည့်ပြီးနောက် ယဲ့ပုဖန်နှင့် လုံရှောင်ယွဲတို့အား အကဲခတ်သည့် အကြည့်ဖြင့် ကြည့်ကာ "အဲဒါ တကယ်ပဲလား" ဟု မေးလိုက်၏။
လုံရှောင်ယွဲ၏ မိတ်ဆက်ပေးမှုကြောင့် ယဲ့ပုဖန်သည် လူနာများကို ကုသပေးပြီး သူတစ်ပါးကို ကူညီတတ်သည့် ကျူးယိုးမိသားစုအပေါ် အထင်ကြီးလေးစားစိတ် ရှိနေခဲ့သည်။
ထို့ကြောင့် သူက စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်သည်။ "သခင်မလေး ကျူးယိုး... ဆေးပင် ရှာဖွေသူတွေရဲ့ ထုံးစံအရ အရင်ရောက်တဲ့သူက ပိုင်ရှင်ပါပဲ။ ကျွန်တော်တို့က ဒီနေရာကို အရင်ရောက်တာဖြစ်လို့ ဒီလင်ဇီးမှိုက သဘာဝကျကျပဲ ကျွန်တော်တို့နဲ့ ဆိုင်ပါတယ်"
လုံရှောင်ယွဲကလည်း "ဟုတ်တယ် သခင်မလေး ကျူးယိုး... ကျွန်မတို့က ဒီဆေးပင်ကို အရင်တွေ့တာပါ။ သခင်မလေးရဲ့ လူတွေကမှ အတင်း လုယူဖို့ ကြိုးစားနေတာ" ဟု ဝင်ပြောလိုက်သည်။
ကျူးယိုးဖေးဖေးက လူလတ်ပိုင်း အမျိုးသားဘက်သို့ လှည့်ကြည့်ကာ "တကယ်ပဲလား" ဟု ထပ်မေးလိုက်ပြန်၏။
ထိုလူသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် အံတင်းတင်း ကြိတ်ကာ "သခင်မလေး... ကျွန်တော်တို့က အရင်ရောက်တာပါ။ သူတို့ကမှ ကျွန်တော်တို့ ဆေးပင်ကို လုဖို့ ကြိုးစားနေတာပါ" ဟု လိမ်ညာပြောဆိုလိုက်တော့သည်။
မျက်နှာပြောင်တိုက်၍ လိမ်နေသော ထိုလူကို ကြည့်ကာ လုံရှောင်ယွဲက ဒေါသတကြီးဖြင့် "မဟုတ်တာတွေ ကျွန်မနဲ့ ကိုကိုက အရင်ရောက်တာပါနော်" ဟု ပြန်လည် ချေပလိုက်သည်။
စကားကို စပြောမိသွားပြီဖြစ်သဖြင့် ထိုလူသည်လည်း အရှက်မရှိ ဆက်လက်၍ "ငါတို့က အရင်တွေ့တာ။ မင်းတို့ကမှ ငါတို့ ဆေးပင်ကို လုချင်နေတာ" ဟု ဆိုနေတော့သည်။
"ရှင်... ရှင်ကတော့လေ..."
လုံရှောင်ယွဲ၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် နီမြန်းလာပြီး ထိုလူ့ပါးကို နောက်ထပ် အချက်အနည်းငယ်ခန့် ရိုက်ပစ်ချင်စိတ် ပေါက်သွားရသည်။
"ကဲ... တော်ကြတော့"
ကျူးယိုးဖေးဖေးက "ဒီလိုလုပ်ရအောင်... အငြင်းမပွားကြနဲ့တော့။ ဒီလင်ဇီးမှိုကို ငါတို့ ကျူးယိုးမိသားစုဆီ ရောင်းလိုက်ပါ။ ငါ ပေါက်ဈေးအတိုင်း ပေးပါ့မယ်" ဟု ဆိုသည်။
ပြောပြီးနောက် သူမက ချက်စာအုပ်ကို ထုတ်လိုက်ကာ "ဒီလင်ဇီးမှိုက သက်တမ်း ရှစ်ရာလောက် ရှိမယ်။ ပေါက်ဈေးအရဆိုရင် ယွမ် ရှစ်သန်း ပေးမယ်။ ဘယ်လိုလဲ"
ယဲ့ပုဖန်က ခေါင်းခါပြလိုက်သည်။ သူ၏ သိုလှောင်လက်စွပ်အတွင်း၌ ဆေးပင်များစွာ ရှိသော်လည်း ဤကဲ့သို့သော သက်တမ်းရင့် လင်ဇီးမှိုမျိုး မရှိသေးသဖြင့် သူ လက်မလွှတ်နိုင်ပေ။
သူက "သခင်မလေး ကျူးယိုး... ဒီလင်ဇီးမှိုက မူလကတည်းက ကျွန်တော်တို့ဟာပါ။ ကျွန်တော် ရောင်းဖို့ အစီအစဉ် မရှိပါဘူး" ဟု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
ကျူးယိုးဖေးဖေးက "ဈေးနည်းနေလို့လား။ ဒါဆို ယွမ် ၁၀ သန်း ပေးမယ်။ ဘယ်လိုလဲ"
ယဲ့ပုဖန်က "စိတ်မရှိပါနဲ့ သခင်မလေး... ဒါက ပိုက်ဆံနဲ့ မဆိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဆေးပင်ကို တကယ် လိုအပ်နေလို့ပါ"
ညှိနှိုင်း၍ မရနိုင်ကြောင်း သိလိုက်ရသောအခါ ကျူးယိုးဖေးဖေး၏ မျက်နှာမှာလည်း အေးစက်သွားတော့သည်။
"ရှင်က နည်းနည်းတော့ အလျှော့အတင်း မရှိလွန်းဘူးနော်"
သူမ၏ စိတ်ထဲတွင် သူမ၏ လူယုံက သူမအား လိမ်ညာရဲမည်မဟုတ်ဟု ထင်မှတ်ကာ မိမိလူဘက်မှသာ ယုံကြည်နေခြင်း ဖြစ်သည်။ သူမဘက်က ယွမ် ၁၀ သန်းအထိ ပေးရန် သဘောတူထားပါလျက် တစ်ဖက်လူက လက်မခံဘဲ သူတို့မိသားစု၏ ဆေးပင်ကို အတင်းလုယူချင်နေသည်ဟု သူမ ထင်မြင်သွားခြင်းပင်။
လူလတ်ပိုင်း အမျိုးသားကလည်း ချက်ချင်းပင် "သခင်မလေး မြင်တယ်မလား။ သူတို့က တကယ်ကို ယုတ္တိမရှိတာ" ဟု အော်ဟစ်ကာ မီးလောင်ရာ လေပင့်လိုက်သည်။
ယဲ့ပုဖန်က တည်ငြိမ်စွာဖြင့် "ဘယ်သူက ယုတ္တိမရှိတာလဲဆိုတာ ခင်ဗျားကိုယ်တိုင် အသိဆုံးပါ။ ကျွန်တော်တို့က ဒီဆေးပင်ကို အရင်တွေ့ခဲ့တာပါ"
ကျူးယိုးဖေးဖေးက "ရှင်က ကျွန်မရဲ့ အကြံပြုချက်ကို လက်မခံဘူးဆိုတော့လည်း တိုက်ခိုက်ကြတာပေါ့။ နိုင်တဲ့သူက ဒီလင်ဇီးမှိုကို ယူသွား" ဟု စိန်ခေါ်လိုက်သည်။
လုံရှောင်ယွဲက "သခင်မလေး ကျူးယိုး... ဒါက မတရားဘူးလေ။ ကျွန်မတို့က အရင်တွေ့တာပါဆို" ဟု အော်ဟစ်လိုက်သော်လည်း ကျူးယိုးဖေးဖေးက ဂရုမစိုက်ပေ။
"ကျွန်မရဲ့ လူက သူတို့ အရင်တွေ့တာလို့ ပြောနေတယ်လေ။ ကျွန်မတို့ ကျူးယိုးမိသားစုက လူတွေကို အမြဲတမ်း တရားသဖြင့်ပဲ ဆက်ဆံပါတယ်။ အခု ရှင်တို့ရှေ့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ တစ်ခုက ယွမ် ၁၀ သန်းနဲ့ ရောင်းမလား ဒါမှမဟုတ် ကျွန်မနဲ့ တိုက်မလား။ နိုင်တဲ့သူက လင်ဇီးမှိုကို ယူသွားစတမ်းပဲ"
လုံရှောင်ယွဲက မခံချင်စိတ်ဖြင့် "ဒါဆိုရင်လည်း ကျွန်မ ရှင်နဲ့ တိုက်မယ်" ဟု ရှေ့သို့ ထွက်လိုက်သည်။
ကျူးယိုးဖေးဖေးက ယုံကြည်မှုအပြည့်ဖြင့် "ကောင်းပြီ... ရှင်တို့ထဲက ဘယ်သူမဆို ကျွန်မကို နိုင်ရင် ဒီဆေးပင်ကို ယူသွားလို့ ရတယ်"
"ဒါဆိုရင်တော့ အားမနာတော့ဘူးနော် သခင်မလေး"
လုံရှောင်ယွဲက ပြောပြောဆိုဆိုနှင့် ခြေလှမ်းကျဲကျဲ လှမ်းကာ ကျူးယိုးဖေးဖေး၏ ရင်ဘတ်ဆီသို့ လက်ဝါးဖြင့် ရိုက်နှက်လိုက်သည်။ သို့သော် လက်ဝါးချက် ကျရောက်ခါနီးမှာပင် သူမ၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး ပြိုင်ဘက်မှာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ချက်ချင်းပင် နောက်ကျောဆီမှ ပြင်းထန်သော အားတစ်ခု ကျရောက်လာကာ သူမ လွင့်ထွက်သွားရသည်။
ကံကောင်းသည်မှာ ကျူးယိုးဖေးဖေးသည် လုံရှောင်ယွဲ့၏ အသက်ကို ရန်ရှာရန် ရည်ရွယ်ချက် မရှိပေ။ သူမသည် အနည်းငယ်မျှသော ချီစွမ်းအင်ကို အသုံးပြုထားသဖြင့် လုံရှောင်ယွဲမှာ ခုနစ်မီတာ၊ ရှစ်မီတာခန့် လွင့်ထွက်သွားရုံမှလွဲ၍ ထိခိုက်ဒဏ်ရာ အပြင်းအထန် မရရှိခဲ့ချေ။
"ညီမလေး... နင်က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး"
"ရှင်..."
လုံရှောင်ယွဲ၏ ပါးပြင်လေးများမှာ ဒေါသကြောင့် နီမြန်းနေသော်လည်း နောက်ဆုံးတွင် သူမ အောင့်အီးသည်းခံလိုက်ရသည်။
ကျူးယိုးဖေးဖေးက ယဲ့ပုဖန်ဘက်သို့ လှည့်ကာ "ရှင့်အလှည့်ပဲ"
လူလတ်ပိုင်း အမျိုးသားကလည်း "ဟေ့ကောင်... ငါတို့ သခင်မလေး ဘယ်လောက် စွမ်းလဲဆိုတာ မြင်ပြီမလား။ အခုပဲ လင်ဇီးမှိုကို အသာတကြည် အပ်လိုက်စမ်း" ဟု အော်ဟစ်လိုက်သည်။
ယဲ့ပုဖန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအမျိုးသမီးမှာ မြေကမ္ဘာအဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူနှင့် လုံရှောင်ယွဲတို့ထက် တစ်ဆင့် မြင့်နေသည်။
ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းနိုင်သော်လည်း မိမိထက် တစ်ဆင့်မြင့်သော ပြိုင်ဘက်ကို ရင်ဆိုင်ရန်မှာမူ စိန်ခေါ်မှု တစ်ခုပင်။ သို့သော်လည်း မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးနောက်ပိုင်း သူ အပြင်းအထန် မတိုက်ခိုက်ရသေးသဖြင့် ဤသည်မှာ သူနှင့် ပြိုင်ဘက်ကြားရှိ ကွာဟချက်ကို စမ်းသပ်ရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။
ယင်းသို့ တွေးတောကာ သူသည် လက်တွန့်မနေတော့ဘဲ နဂါးနတ်ဘုရား ကောင်းကင်နင်းခြေလှမ်းကို အသုံးပြု၍ ကျူးယိုးဖေးဖေးနှင့် တိုက်ခိုက်တော့သည်။
သူ၏ ကျင့်ကြံမှုမှာ မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့်သာ ရှိသော်လည်း သူ၏ အစွမ်းမှာ လုံရှောင်ယွဲထက် များစွာ သာလွန်လှသည်။ အဆင့်မြင့် ကိုယ်ယောင်ဖျောက်ခြေလှမ်းများနှင့် ပေါင်းစပ်လိုက်သောအခါ အားနည်းချက် ရှိနေသည့်တိုင် သူမကို တောင့်ခံ၍ တိုက်ခိုက်နိုင်နေသေးသည်။
ကျူးယိုးဖေးဖေးမှာ အံ့အားသင့်သွားရသည်။ သူမသည် ကျူးယိုးမိသားစု၏ ကျော်ကြားလှသော သိုင်းပါရမီရှင်တစ်ဦး မဟုတ်ပါလား။
သူမ၏ အစ်ကိုဖြစ်သူ ကျူးယိုးကျန့် ပျောက်ဆုံးသွားပြီးကတည်းက သူမ၏ အဖိုးမှာ သူမကိုသာ အာရုံစိုက် ပြုစုပျိုးထောင်ခဲ့ပြီး မိသားစု၏ အရင်းအမြစ်အားလုံးကို သူမအတွက် ပုံအောပေးခဲ့သဖြင့် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့ခြင်း ဖြစ်သည်။
သူမသည် လူအများအပေါ် ကြင်နာတတ်သော်လည်း စိတ်ထဲတွင်မူ မိမိကိုယ်မိမိ အလွန် ဂုဏ်ယူ ဝင့်ကြွားတတ်ပြီး မိမိ၏ မျိုးဆက်ထဲတွင် အတော်ဆုံးဟု ယုံကြည်ထားသူ ဖြစ်သည်။ သို့သော် ယခု ရှေ့မှ လူငယ်နှစ်ဦးက သူမ၏ အမြင်ကို ပြောင်းလဲပစ်လိုက်သည်။
လုံရှောင်ယွဲမှာ သူမ၏ ပြိုင်ဘက် မဟုတ်ခဲ့သော်လည်း ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် မြေကမ္ဘာအဆင့် အလယ်အလတ်သို့ ရောက်ရှိနေခြင်းမှာ ချီးကျူးစရာပင်။
ယခု ဤလူငယ်က ပို၍ပင် ထူးခြားလှသည်။ မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့်ဖြင့် သူမ၏ သိုင်းကွက်ပေါင်း တစ်ဒါဇင်ကျော်ကို တောင့်ခံထားနိုင်ခြင်းမှာ အံ့ဩစရာပင်။ ရှန်းရှီးဒေသမှာ ဘယ်တုန်းက ဤမျှ ငယ်ရွယ်သော သိုင်းပညာရှင်တွေ ပေါ်လာရတာလဲ။
သူမ၏ စိတ်ထဲတွင် လှုပ်ရှားသွားသော်လည်း လက်များမှာမူ ရပ်တန့်မနေချေ။ သူမသည် ပြင်းထန်သော သိုင်းကွက်များကို ဆက်တိုက် ထုတ်ဖော်လိုက်ရာ နောက်ဆုံးတွင် ယဲ့ပုဖန်၏ ပခုံးကို လက်ဝါးဖြင့် ရိုက်နှက်နိုင်ခဲ့သည်။
ယဲ့ပုဖန်သည် စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။ အင်အားကွာဟချက်က ရှိနေဆဲပင်။ မိမိထက် တစ်ဆင့်မြင့်သော ပြိုင်ဘက်ထံမှ အသက်လု ထွက်ပြေးရန်မှာ လွယ်ကူသော်လည်း ပြိုင်ဘက်ကို အနိုင်ယူရန်မှာမူ မလုံလောက်သေးချေ။
ကျူးယိုးဖေးဖေးက "ရှင် ရှုံးသွားပြီ" ဟု ဆိုလိုက်သည်။
"နိဂုံးချုပ်ဖို့က စောလွန်းပါသေးတယ်"
ယဲ့ပုဖန်သည် ဤရှားပါးလှသော လင်ဇီးမှိုကို အလွယ်တကူ အရှုံးမပေးနိုင်ပေ။ သူက စိတ်အာရုံဖြင့် ယဲ့ထျန်းကို ဆင့်ခေါ်လိုက်တော့သည်။
"သခင်မလေး ကျူးယိုး... ဒါက ကျွန်တော့်ရဲ့ အလောင်းရုပ်သေးပဲ။ သူကလည်း ကျွန်တော့်အစွမ်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။ တကယ်လို့ သူ့ကို နိုင်ရင်တော့ ကျွန်တော် အရှုံးပေးပါ့မယ်"
"ရှင်က အလောင်းသန့်စင်တဲ့အတတ်ကို ကျင့်ကြံတဲ့သူ ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး။ ရှိသမျှ အစွမ်းတွေကိုသာ ထုတ်သုံးလိုက်ပါ"
ကျူးယိုးဖေးဖေးက ယဲ့ပုဖန်ကို အံ့သြသော မျက်လုံးများဖြင့် အကဲခတ်လိုက်သည်။ သို့သော် လောက၏ ထုံးစံအရ အလောင်းရုပ်သေး ပိုင်ဆိုင်ထားပါက ၎င်းမှာ ပိုင်ရှင်၏ အစွမ်းဟုပင် သတ်မှတ်သဖြင့် စည်းကမ်းနှင့် မညီညွတ်ခြင်း မရှိချေ။
ထိုအခိုက်အတန့်တွင် ယဲ့ထျန်းက သူမ၏ မျက်နှာဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ လက်သီးချက်မှာ လေထုကို ခွဲကာ တဝီဝီ မြည်ဟီးသွားပြီး ၎င်း၏ စွမ်းအင်မှာ အလွန်ပင် ကြီးမားလှသည်။
ဒုတိယအဆင့် ငွေအလောင်းအဖြစ် အဆင့်တက်ပြီးနောက် ယဲ့ထျန်း၏ အစွမ်းမှာ မြေကမ္ဘာအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူမထက်ပင် ပို၍ အစွမ်းထက်လှသည်။ ကျူးယိုးဖေးဖေးသည် ပြိုင်ဘက်၏ စွမ်းအားကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။ သူမသည် မပေါ့ဆရဲတော့ဘဲ ရှိသမျှ အစွမ်းတို့ကို ထုတ်သုံးကာ လက်သီးကို ခုခံလိုက်သည်။
သို့သော် ယဲ့ထျန်း၏ ရုပ်သွင်ကို သူမ သေသေချာချာ မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပျက်သွားတော့သည်။ လွှဲလိုက်သော လက်သီးမှာလည်း လေထဲတွင် ရပ်တန့်သွားပြီး သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။
"အစ်ကို... ဒါ ဘာလို့ အစ်ကို ဖြစ်နေရတာလဲ"
***