ယဲ့ပုဖန်သည် ယဲ့ထျန်း၏ အစွမ်းအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့သည်။ ယဲ့ထျန်းသာ လက်ဦးမှု ယူလိုက်ပါက ရှေ့မှ သခင်မလေးကို အလွယ်တကူ ဖမ်းဆီးနိုင်မည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။
သို့သော် ကျူးယိုးဖေးဖေး၏ အော်ဟစ်သံက သူ့ကို ထိတ်လန့်သွားစေသည်။
ဘာတွေ ဖြစ်ကုန်တာလဲ... သူမက မနိုင်တော့လို့ သူမအစ်ကိုကို လှမ်းခေါ်နေတာလား။ ဒါက မဖြစ်နိုင်ဘူးလေ။
သူ မည်သို့ပင် တွေးတောနေပါစေ… ရှေ့မှ အမျိုးသမီးမှာ ခုခံမှုကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ယဲ့ထျန်းအား တိုက်ခိုက်မှု ရပ်တန့်ရန် ချက်ချင်း အမိန့်ပေးလိုက်ရသည်။ သို့မှသာ တိုက်ခိုက်မှု အရှိန်မှာ အတန်ငယ် လျော့ပါးသွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူ အချိန်မီ တားဆီးနိုင်ခဲ့သဖြင့် ယဲ့ထျန်း၏ လက်သီးမှာ သူမ၏ ပခုံးပေါ်သို့ ကျရောက်သွားကာ ဆယ်မီတာကျော်ခန့် လွင့်ထွက်သွားစေသော်လည်း အသက်အန္တရာယ်ဖြစ်စေမည့် ဒဏ်ရာမျိုးတော့ မရရှိခဲ့ချေ။
ကျူးယိုးဖေးဖေးသည် မြေပြင်ပေါ်မှ လူးလဲထလိုက်ပြီး သူမ၏ ဖရိုဖရဲ ဖြစ်နေသော ရုပ်သွင်ကိုပင် ဂရုမစိုက်နိုင်ဘဲ ယဲ့ထျန်းအနီးသို့ အပြေးအလွှား ပြန်လာကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။ "အစ်ကို... ကျွန်မ ဖေးဖေးလေ။ ကျွန်မကို မမှတ်မိဘူးလားဟင်"
"အစ်ကို ပျောက်သွားတာ ဒီလောက်တောင် ကြာနေပြီ... ဘယ်တွေ ရောက်နေတာလဲ။ ကျွန်မတို့ မိသားစုက အစ်ကို့ကို ဘယ်လောက်တောင် လိုက်ရှာနေခဲ့ရလဲဆိုတာ သိရဲ့လား"
ယဲ့ထျန်းသည်ကား ကိုယ်ပိုင်အတွေးအခေါ် ကင်းမဲ့သော အလောင်းရုပ်သေးတစ်ရုပ်သာ ဖြစ်ပေသည်။ ယဲ့ပုဖန်ကလည်း ထပ်မံ တိုက်ခိုက်ရန် အမိန့်မပေးတော့သဖြင့် သူသည် ကျူးယိုးဖေးဖေး၏ စကားများကို ဘာတုံ့ပြန်မှုမှ မပြဘဲ ကျောက်ရုပ်တစ်ရုပ်အလား တည်ငြိမ်စွာ ရပ်နေလေတော့သည်။
သူက ဘာတုံ့ပြန်မှုမှ မပြသော်လည်း ယဲ့ပုဖန်၏ စိတ်ထဲတွင်မူ မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ ခံစားနေရသည်။
ကျူးယိုးဖေးဖေး၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် အခြေအနေကို သူ ယေဘုယျအားဖြင့် ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။ သူ၏ ငွေအလောင်း မှာ မသေဆုံးမီက ကျူးယိုးမိသားစု၏ သခင်လေး ဖြစ်နေခဲ့ခြင်းပင်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဤကိစ္စက သူ့အတွက် အခက်အခဲကြီးတစ်ခု ဖြစ်လာတော့မည်ကို သူ သိလိုက်ရပြီ။ ကျူးယိုးမိသားစုဝင် တစ်ယောက်ကို အလောင်းရုပ်သေးအဖြစ် ပြန်လည်သန့်စင်ထားခြင်းက ရှန်းကွမ်မိသားစုနှင့် ရန်ငြိုးထက်ပင် မလျော့သော အမုန်းတရားကို ဖြစ်စေပေလိမ့်မည်။
ဤအလုပ်ကို သူကိုယ်တိုင် လုပ်ခဲ့ခြင်း မဟုတ်သော်လည်း ယခုအခါ အကျိုးဆက်ကို ခံစားနေရသူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ ကျူးယိုးမိသားစုက အပြစ်အားလုံးကို သူ့အပေါ်တွင်သာ ပုံချပေလိမ့်မည်။
သူ၏ အတွေးများ မြန်ဆန်နေစဉ်မှာပင် ကျူးယိုးဖေးဖေးသည်လည်း ဤအချက်ကို သတိထားမိသွားပုံရပြီး သူမ၏ အကြည့်များမှာ အေးစက်လှသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။
"ယုတ်မာတဲ့ကောင်... နင်က ငါ့အစ်ကိုကို သတ်ပြီး အလောင်းရုပ်သေးအဖြစ်တောင် လုပ်ရက်တယ်ပေါ့ ဒီနေ့တော့ ငါ့အစ်ကိုအတွက် နင့်ကို သတ်ပြီး ကလဲ့စားချေရမှ ကျေနပ်မယ်"
ပြောပြီးသည်နှင့် သူမသည် ကျောဘက်မှ ဓားရှည်ကို ချက်ချင်း ဆွဲထုတ်ကာ ယဲ့ပုဖန်အား ခုတ်ပိုင်းလိုက်တော့သည်။ သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် ယဲ့ထျန်းက သူမ၏ ရှေ့တွင် ပိတ်ဆို့ကာ ပြင်းထန်သော လက်သီးချက်ဖြင့် တားဆီးလိုက်၏။
ရှေ့မှလူမှာ အလောင်းရုပ်သေးတစ်ရုပ်သာ ဖြစ်မှန်း သိသော်လည်း ကျူးယိုးဖေးဖေးမှာ သူမ၏ အစ်ကိုဖြစ်သူကို ပြန်လည် တိုက်ခိုက်ရန် မရဲတင်းပေ။ သူမက ဓားကို အမြန် ပြန်ရုပ်သိမ်းလိုက်ပြီး နောက်သို့ ခြေလှမ်း ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်ခွာကာ လက်သီးချက်ကို ရှောင်တိမ်းလိုက်ရသည်။
"ခွေးကောင်... ငါ့အစ်ကိုကို အခုချက်ချင်း ရပ်ခိုင်းစမ်း။ နင့်မှာ သတ္တိရှိရင် ငါနဲ့ပဲ တိုက်စမ်း"
"သခင်မလေး ကျူးယိုး... ခင်ဗျား အထင်လွဲနေတာပါ။ အခွင့်အရေးရရင် ဒါတွေကို ကျွန်တော် ရှင်းပြပါ့မယ်"
ပြဿနာများ ပိုမိုကြီးထွားလာပြီး အထင်လွဲမှုများ ပိုမိုနက်ရှိုင်းလာသည်ကို မြင်လိုက်ရသောအခါ ယဲ့ပုဖန်သည် ဤနေရာတွင် မည်သို့ ဆက်နေရဲတော့မည်နည်း။ သူက လင်ဇီးမှိုကို သိမ်းဆည်းလိုက်ပြီး လုံရှောင်ယွဲကို ဆွဲကာ လှည့်ထွက်ပြေးလေတော့သည်။
ကျူးယိုးဖေးဖေးက လိုက်လံ ဖမ်းဆီးလိုသော်လည်း ယဲ့ထျန်းက ပိတ်ဆို့ထားသဖြင့် မတတ်နိုင်ခဲ့ချေ။
"ယုတ်မာတဲ့ကောင်... နင် မှတ်ထားလိုက်။ ငါတို့ ကျူးယိုးမိသားစုက နင့်ကို အသေမချင်း လိုက်သတ်မှာ"
ကျူးယိုးဖေးဖေး၏ အော်ဟစ်သံများ ကျန်ရစ်ခဲ့ပြီး ယဲ့ပုဖန်နှင့် လုံရှောင်ယွဲတို့မှာ မျက်စိတစ်မှိတ် အတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။ ထိုအခိုက်အတန့်တွင် ယဲ့ထျန်းသည်လည်း လှည့်ထွက်သွားပြီး သူတို့ ထွက်ပြေးရာ လမ်းကြောင်းအတိုင်း လိုက်ပါသွားတော့သည်။
ကျူးယိုးဖေးဖေးက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသော်လည်း ငွေအလောင်း၏ အရှိန်မှာ မြန်လွန်းလှသဖြင့် သူမ မမှီနိုင်တော့ဘဲ မကြာမီမှာပင် မျက်ခြေပြတ်သွားရလေသည်။ သူမသည် မြေပြင်ကို ဒေါသတကြီး ဆောင့်ကန်လိုက်ပြီးနောက် သူမ၏ လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ ဤမျှ ကြီးမားသော ကိစ္စရပ်ကို သူမ၏ အဖိုးထံသို့ ချက်ချင်း သတင်းပို့ရန် လိုအပ်သည် မဟုတ်ပါလား။
ယဲ့ပုဖန်သည် လုံရှောင်ယွဲကို ခေါ်ဆောင်ကာ တောင်တန်းပေါင်း တစ်ဒါဇင်ကျော်ကို ဖြတ်ကျော်ခဲ့ပြီး ကျူးယိုးဖေးဖေး လိုက်မလာတော့ကြောင်း သေချာမှသာ ရပ်နားလိုက်ကြသည်။ မကြာမီမှာပင် ယဲ့ထျန်းသည်လည်း နောက်မှ လိုက်လာပြီး သူတို့နှစ်ဦးရှေ့တွင် ရပ်လိုက်သည်။
လုံရှောင်ယွဲက သူ့ကို သေချာကြည့်ကာ "ဒါက တကယ်ပဲ ကျူးယိုးမိသားစုရဲ့ သခင်လေးပဲ" ဟု ဆိုလိုက်သည်။
သူမက ယဲ့ပုဖန်ဘက်သို့ လှည့်ကာ "ကိုကို... ဒါက ဘယ်လိုဖြစ်ရတာလဲ" ဟု မေးမြန်းလိုက်၏။
ယဲ့ပုဖန်က ခါးသီးသော အပြုံးဖြင့် "သူက ကျူးယိုးမိသားစုရဲ့ သခင်လေးဆိုတာ ငါ တကယ် မသိခဲ့တာပါလို့ ပြောရင် မင်း ယုံမလား"
"ယုံတာပေါ့... ကိုကို သိသာသိရင် ကျူးယိုးဖေးဖေးရှေ့မှာ သူ့ကို ထုတ်သုံးမှာ မဟုတ်ဘူးလေ"
လုံရှောင်ယွဲက ဆက်ပြောသည်။ "ဒါပေမဲ့ ကျွန်မ မသိတာက... ကိုကိုက သမားတော် တစ်ယောက် မဟုတ်ဘူးလား။ ဘယ်တုန်းက အလောင်းသန့်စင်တဲ့အတတ်ကို တတ်သွားတာလဲ။ ပြီးတော့ ကျူးယိုးကျန့်ကို ဘယ်လိုလုပ် အလောင်းရုပ်သေးအဖြစ် လုပ်လိုက်တာလဲ"
"ငါက အဲဒီလို ယုတ်ညံ့တဲ့ အလုပ်မျိုးကို ဘယ်လိုလုပ် လုပ်မှာလဲ"
ယဲ့ပုဖန်သည် ရှန်းကွမ်မိသားစုနှင့် မည်သို့ ရန်သူဖြစ်ခဲ့ပုံကို ပြန်လည်ပြောပြပြီးနောက် "ရှန်းကွမ်မိသားစုက တစ်စုံတစ်ယောက်ရဲ့ သွေးထိုးမှုကြောင့် ကျန်းပေ့မြို့အထိ လာပြီး ငါ့ကို ဒုက္ခပေးခဲ့တာ။ ဒီငွေအလောင်းကိုလည်း ရှန်းကွမ်မိသားစုကပဲ ကျန်းပေ့ကို ယူလာတာလေ။ သူ မသေခင်က ဘယ်သူလဲဆိုတာကို ငါ လုံးဝ မသိခဲ့သလို ကျူးယိုးမိသားစုဝင် ဖြစ်နေလိမ့်မယ်လို့လည်း မထင်ခဲ့မိဘူး။ အဲဒီတုန်းက ဒီငွေအလောင်းက အစွမ်းထက်လို့ ဖျက်ဆီးပစ်ရမှာ နှမြောတာနဲ့ ငါ့မှာရှိတဲ့ အလောင်းသန့်စင်နည်း အတိုင်း ပြန်ပြီး သန့်စင်လိုက်တာပဲ" ဟု ရှင်းပြလိုက်သည်။
လုံရှောင်ယွဲက "ဒါဆိုရင် ရှန်းကွမ်မိသားစုရဲ့ လက်ချက်ပေါ့။ သူတို့က ကျူးယိုးမိသားစုရဲ့ သခင်လေးကိုတောင် ထိရဲလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ဒါကလည်း ဖြစ်နိုင်ပါတယ်။ ကျူးယိုးကျန့်က အရမ်းကို ထူးချွန်လွန်းတာကိုး။ တကယ်လို့ သူ့ကိုသာ ဆက်ပြီး ကြီးထွားခွင့် ပေးလိုက်ရင် ရှန်းကွမ်မိသားစုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာမှာလေ"
ယဲ့ပုဖန်က "မင်းက ကျူးယိုးကျန့်အကြောင်း သိလား။ သူက ဘယ်လိုလူမျိုးလဲ" ဟု မေးလိုက်သည်။
"ရှန်းရှီးရဲ့ အထက်တန်းလွှာတွေထဲမှာ ကျူးယိုးကျန့်ကို မသိတဲ့သူ ဘယ်သူရှိမှာလဲ"
လုံရှောင်ယွဲက ဆိုသည်။ "ကျူးယိုးကျန့်က ကျူးယိုးမိသားစုရဲ့ မြေးအကြီးဆုံးပဲလေ။ သူ့ညီမ ကျူးယိုးဖေးဖေးနဲ့အတူ သူတို့နှစ်ယောက်ဟာ ကျူးယိုးမိသားစုရဲ့ ပြိုင်ဘက်ကင်း သိုင်းပါရမီရှင်တွေ အဖြစ် ကျော်ကြားခဲ့တာ။ အသက် ၂၀ ကျော်လေးနဲ့တင် မြေကမ္ဘာအဆင့် အထွတ်အထိပ် ကျင့်ကြံမှုအထိ ရောက်ရှိခဲ့တာလေ။ သူက အရမ်းထူးချွန်လွန်းလို့ သခင်ကြီးကျူးယိုးကတောင် သူ အနားယူရင် ဒီရာထူးကို သူ့မြေးဆီ လွှဲပေးမယ်လို့ လူသိရှင်ကြား ကြေညာခဲ့ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ကျူးယိုးကျန့်ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ်။ ကျူးယိုးမိသားစုက ရှန်းရှီးတစ်ခုလုံး အနှံ့ လိုက်ရှာခဲ့ပေမဲ့ ဘာခြေရာမှ မတွေ့ခဲ့ရဘူး။ အခုတော့ ကိုကိုက သူ့ကို အလောင်းရုပ်သေးအဖြစ် လုပ်ပြီး ပေါ်လာပြီဆိုတော့ ရှီးရှန်း တစ်ခုလုံးတော့ မီးပွင့်တော့မှာပဲ”
ထိုသို့ ပြောဆိုနေစဉ် သူမ၏ မျက်နှာလေးမှာ စိုးရိမ်ရိပ်များ လွှမ်းမိုးသွားပြီး "ကိုကို... ကိုကို အခုပဲ ဒီကနေ ထွက်ပြေးတော့။ ရှန်းရှီးကနေ အမြန်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ကျူးယိုးမိသားစုက ကိုကို့ကို တွေ့သွားရင် ဒုက္ခရောက်လိမ့်မယ်။ သူတို့ ကိုကို့ကို သတ်ကြမှာ သေချာတယ်" ဟု အလောတကြီး တိုက်တွန်းလေတော့သည်။
ယဲ့ပုဖန်က ခေါင်းခါပြကာ " အိပ်ပျော်နေသော အလှလေး အတွက် ဖြေဆေးမရမချင်း ငါ မသွားဘူး"
"အခု ကိုကိုက ကျူးယိုးမိသားစုကိုတောင် စော်ကားမိနေပြီလေ... ဖြေဆေးအကြောင်း စဉ်းစားနေသေးတာလား။ ကိုယ့်အသက်ကိုတောင် ကယ်နိုင်ပါ့မလား မသေချာတာကို။ ကျူးယိုးမိသားစုရဲ့ သခင်ကြီးက အာကာသအဆင့် သိုင်းပညာရှင်ကြီးနော်"
လုံရှောင်ယွဲက စိုးရိမ်တကြီးဖြင့် "ဒါဆိုလည်း ကျူးယိုးမိသားစုကို သေချာ ရှင်းပြပြီး ဒါဟာ ရှန်းကွမ်မိသားစုရဲ့ လက်ချက်ပါလို့ ပြောပြပါလား။ အခုတော့ ကျွန်မ နားလည်သွားပြီ။ ရှန်းကွမ်မိသားစုက ကျူးယိုးမိသားစုရဲ့ အင်အားကို လျှော့ချချင်လို့ သူတို့ရဲ့ ပါရမီရှင်ကို ချောင်းမြောင်း သတ်ဖြတ်ခဲ့တာပဲ ဖြစ်ရမယ်"
"အဲဒါက မဖြစ်နိုင်ဘူး။ မင်းက ငါ့ကို ယုံပေမဲ့ ကျူးယိုးမိသားစုက ယုံပါ့မလား" ယဲ့ပုဖန်က ဆိုသည်။
"အလောင်းရုပ်သေးက ငါ့လက်ထဲမှာ ရှိနေတာလေ။ ရှန်းကွမ်မိသားစုကလည်း သူတို့လက်ချက်ပါလို့ ဘယ်ဝန်ခံမလဲ။ ဒီလိုကိစ္စမျိုးက သက်သေပြဖို့လည်း မလွယ်ဘူး။ ငါ ဘယ်လိုပဲ ရှင်းပြရှင်းပြ ယုံကြမှာ မဟုတ်ဘူး"
ရှန်းကွမ်ဟုန်ပင်းက ယဲ့ထျန်းကို ကျန်းနန်ဒေသအထိ ဘာလို့ ယူလာခဲ့သလဲဆိုတာကို သူ အခုမှ နားလည်သွားတော့သည်။ ရှန်းရှီးမှာဆိုရင် ကျူးယိုးကျန့်ရဲ့ ရုပ်သွင်ကို လူတိုင်းသိနေသဖြင့် ထုတ်သုံးရန် မဝံ့ရဲကြသော်လည်း မိုင်ပေါင်း ထောင်ချီဝေးသော ကျန်းနန်မှာမူ ကျူးယိုးမိသားစုရဲ့ သခင်လေးကို မည်သူမှ သိကြမည်မဟုတ်ပေ။
လုံရှောင်ယွဲက "ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ။ ကျူးယိုးမိသားစုက မကြာခင် လိုက်လာတော့မှာ။ အဲဒီကျရင်တော့ ပြေးဖို့တောင် အချိန်မီမှာ မဟုတ်ဘူး"
ယဲ့ပုဖန်က ခဏမျှ စဉ်းစားလိုက်ပြီး "ရပါတယ်။ ငါတို့ မျက်နှာကို ပြောင်းလဲပြီး တခြားလူတစ်ယောက် အသွင် ဟန်ဆောင်ကြတာပေါ့" ဟု ဆိုလိုက်သည်။
လုံရှောင်ယွဲက သံသယဖြင့် "ဘယ်လိုပြောင်းမှာလဲဟင်"
"စိတ်မပူပါနဲ့... ငါ့ကိုပဲ လွှဲထားလိုက်"
ယဲ့ပုဖန်သည် လှည့်ထွက်သွားပြီး မျက်နှာပြောင်းဆေးကို ထုတ်ယူကာ သူ၏ ရုပ်သွင်ကို စတင် ပြောင်းလဲလိုက်တော့သည်။ ငါးမိနစ်ခန့် ကြာပြီးနောက် သူ ပြန်လှည့်လာသောအခါ လုံရှောင်ယွဲမှာ ထိတ်လန့်တကြား ဖြစ်သွားရသည်။
ယခုအခါ ယဲ့ပုဖန်သည် အသက် ၃၀ ခန့်ရှိပြီး အရင်ကထက် ပို၍ ရင့်ကျက်တည်ငြိမ်သော ပုံစံရှိသည်။ သူ၏ ရုပ်သွင်မှာ အရင်က ယဲ့ပုဖန်နှင့် လုံးဝ မတူတော့ဘဲ တစ်ခြားလူ တစ်ယောက် အလား ဖြစ်နေချေပြီ။ လုံရှောင်ယွဲသာ မျက်မြင်ကိုယ်တွေ့ မဟုတ်ပါက ဤသူသည် သူမ၏ ကိုကိုဖြစ်ကြောင်း ယုံကြည်နိုင်မည် မဟုတ်ပေ။
***