လုံရှောင်ယွဲက တခိခိ ရယ်မောရင်း "ကိုကိုက အပြစ်မဲ့တဲ့သူတွေကို အလကား မသတ်တဲ့ လူကောင်း တစ်ယောက်မှန်း ကျွန်မ သိသားပဲ" ဟု ဆိုလိုက်သည်။
ယဲ့ပုဖန်က ပြုံးစစဖြင့် "မင်းဆိုလိုတာက ငါသာ ကျူးယိုးဖေးဖေးကို သတ်လိုက်ရင် လူဆိုးကြီး ဖြစ်သွားမှာပေါ့ ဟုတ်လား"
လုံရှောင်ယွဲက "ကိုကို လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် ကျွန်မကတော့ အမြဲတမ်း ကိုကို့ဘက်ကပဲ။ ဘာပဲဖြစ်ဖြစ် ထောက်ခံမှာပဲ"
"ဘာလို့လဲ"
လုံရှောင်ယွဲက "ကိုကိုက ကျွန်မအသက်ကို ကယ်ခဲ့တာလေ။ ပြီးတော့ ကိုကိုက ကျွန်မအပေါ် အရမ်းကောင်းတာပဲကို"
ယဲ့ပုဖန်က အသာအယာ ပြုံးလိုက်ပြီး "မင်းရဲ့ဆရာက ကူအင်းအတတ်ကို မကောင်းတဲ့နေရာမှာ မသုံးရဘူးလို့ သင်ပေးခဲ့တယ်ဆိုတော့... မင်းရဲ့ဆရာက ဘယ်သူလဲဆိုတာရော မှတ်မိပြီလား"
လုံရှောင်ယွဲက ခေါင်းခါပြကာ "မသိဘူး... ဘာလို့လဲတော့ မသိဘူး။ တခြားအရာတွေကိုကျတော့ ရှင်းရှင်းလင်းလင်း မှတ်မိနေပေမဲ့ ကျွန်မနဲ့ သက်ဆိုင်တဲ့ အရာတွေကိုကျတော့ ဘာမှ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်"
ယဲ့ပုဖန်က သူမကို နှစ်သိမ့်လိုက်သည်။ "စဉ်းစားလို့ မရရင်လည်း အတင်း မစဉ်းစားနဲ့တော့။ မင်း ဒဏ်ရာရထားလို့ ဖြစ်မှာပါ။ ခဏနေရင် ပြန်မှတ်မိသွားမှာပေါ့"
"ထားလိုက်ပါတော့လေ"
လုံရှောင်ယွဲက တခိခိ ရယ်ပြန်သည်။ "တကယ်လို့ မှတ်ဉာဏ်တွေ ပြန်မရလည်း ကိုကို့နောက်ကိုပဲ ထာဝရ လိုက်နေတော့မှာပေါ့"
သူတို့နှစ်ဦးသည် စကားတပြောပြောနှင့် လျှောက်လာခဲ့ကြရာ တစ်ရက်ခန့်အကြာတွင် တောင်တန်းဒေသမှ ထွက်ခွာနိုင်ခဲ့ပြီး ရှန်းရှီးမြို့တွင်းသို့ ရောက်ရှိလာကြသည်။
"ကိုကိုက သင်ယူတာ အရမ်းမြန်တာပဲ။ အခုဆိုရင် ကိုကို့ကို အပြင်လူလို့ ဘယ်သူမှ ပြောနိုင်တော့မှာ မဟုတ်ဘူး"
တစ်ရက်ကျော်အတွင်းမှာပင် ယဲ့ပုဖန်သည် ဒေသခံ မြောင်တိုင်းရင်းသား စကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်နေပြီ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်အာရုံကြောင့် လုံရှောင်ယွဲက တစ်ခါပြောပြလိုက်ရုံဖြင့် သူက လေယူလေသိမ်းကအစ တစ်ပုံစံတည်း လိုက်ပြောနိုင်ခြင်းပင်။
"ရပါတယ်။ မင်းတို့ စကားက သင်ရတာ လွယ်ပါတယ်"
"မဟုတ်ပါဘူး... ရှန်းရှီးမှာ ဆယ်နှစ်ကျော် နေတဲ့သူတွေတောင် ကျွန်မတို့ ဒေသစကားကို မတတ်ကြဘူးလေ။ ကိုကိုက အရမ်းဉာဏ်ကောင်းလို့ပါ"
လုံရှောင်ယွဲက ဆက်ပြောသည်။ "အခု ကိုကို့အတွက် လိုနေတာက အဝတ်အစားပဲ။ ခဏနေရင် ဈေးကိုသွားပြီး ကျွန်မတို့ ဒေသခံ တိုင်းရင်းသား ဝတ်စုံတွေကို ဝယ်ဝတ်လိုက်ရင်တော့ ကိုကိုက တကယ့် ရှန်းရှီးသားလေး ဖြစ်သွားမှာပဲ"
သူမသည် မိမိကိုယ်မိမိ မမှတ်မိသော်လည်း ပတ်ဝန်းကျင်ကိုမူ အလွန်ကျွမ်းကျင်လှသဖြင့် ယဲ့ပုဖန်ကို ဈေးကြီးတစ်ခုသို့ ခေါ်ဆောင်သွားသည်။ ယဲ့ပုဖန်သည်လည်း ဒေသထုံးစံအတိုင်း တိုင်းရင်းသား ဝတ်စုံအချို့ကို ဝယ်ယူ ဝတ်ဆင်လိုက်ရာ ယခုအခါ သူသည် မြောင်ကျေးရွာမှ လူငယ်တစ်ဦးနှင့် တစ်ပုံစံတည်း တူနေလေပြီ။ လုံရှောင်ယွဲကလည်း သူ့ကို ဝူကျီလန်တာ ဟူသော ကျေးလက်ဆန်သည့် အမည်တစ်ခု ပေးထားလိုက်သေးသည်။
အရာအားလုံး ပြင်ဆင်ပြီးနောက် သူတို့နှစ်ဦးသည် နေ့လယ်စာ စားသောက်ကြပြီး လင်မယား အယောင်ဆောင်ကာ လက်ချင်းချိတ်လျက် အလုပ်သမား ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
လင်မယားအယောင်ဆောင်ရန်မှာ လုံရှောင်ယွဲ၏ အကြံပင် ဖြစ်သည်။ ဤသို့ဆိုမှသာ ရှန်းကွမ်မိသားစု အတွင်းသို့ ရောက်ရှိသောအခါ အတူတူ နေထိုင်နိုင်မည် ဖြစ်သည်။ မဟုတ်ပါက ရှန်းကွမ်အိမ်တော်ကြီးမှာ အလွန် ကျယ်ဝန်းလှသဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် ခက်ခဲနိုင်သလို သူတစ်ပါး၏ သံသယကိုလည်း ခံရနိုင်သောကြောင့်ပင်။
ရှန်းရှီးရှိ အလုပ်သမား ဈေးကွက်မှာ စနစ်တကျ မရှိဘဲ အတော်ပင် ရှုပ်ထွေးလှသည်။ အလုပ်သမား ခေါ်လိုသူက အော်ဟစ်ကြေညာပြီး စိတ်ဝင်စားသူက ဈေးနှုန်းသွားရောက် မေးမြန်းရခြင်း ဖြစ်သည်။
သူတို့ ဈေးကွက်ထဲသို့ ဝင်လိုက်သည်နှင့် အက်ရှရှ အသံကြီးဖြင့် အော်ဟစ်နေသော လူတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
"ရှန်းကွမ်မိသားစုက အလုပ်သမား ခေါ်နေတယ်ဟေ့... အဝတ်လျှော်မယ့် မိန်းကလေး တစ်ယောက် လိုသေးတယ် စားစရိတ် ငြိမ်း၊ နေစရိတ် ငြိမ်း၊ တစ်လကို ယွမ် နှစ်ထောင်ပေးမယ် စိတ်ဝင်စားတဲ့သူတွေ အမြန် လာလျှောက်ကြ"
လုံရှောင်ယွဲ ခန့်မှန်းခဲ့သည့်အတိုင်း ရှန်းကွမ်မိသားစုမှာ လူအဝင်အထွက် များသဖြင့် အမှန်တကယ်ပင် အလုပ်သမား ရှာဖွေနေခြင်း ဖြစ်သည်။
"ကျွန်မ လျှောက်မယ်" လုံရှောင်ယွဲက ပြောရင်း ယဲ့ပုဖန်ကို ဆွဲကာ ထိုလူထံသို့ သွားလိုက်သည်။
အလုပ်ခေါ်နေသူမှာ အသက် ၅၀ ခန့်ရှိသော ဝဖြိုးသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး ရှန်းကွမ်မိသားစု၏ အိမ်တော်ထိန်း တစ်ဦး ဖြစ်သဖြင့် အလွန်ပင် ခမ်းနားစွာ ဝတ်ဆင်ထားသည်။ သို့သော် သူ၏ ဆံပင်များမှာမူ ထိပ်ပြောင်လုနီးပါး ဖြစ်နေချေပြီ။
ထိုအိမ်တော်ထိန်းသည် ယနေ့မနက်တွင် အလုပ်သမား ၁၀ ဦး ခေါ်ယူရန် လာခဲ့ခြင်းဖြစ်ရာ ၉ ဦး ရရှိပြီးဖြစ်သဖြင့် တစ်ဦးသာ လိုတော့သည်။ လာရောက်လျှောက်ထားသူ ရှိသည်ဟု ကြားသဖြင့် သူ လှည့်ကြည့်လိုက်ရာ လုံရှောင်ယွဲ၏ လှပသော မျက်နှာလေးကို မြင်သည်နှင့် သူ၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
"မင်း လျှောက်ချင်တာလား"
"ဟုတ်ကဲ့... ကျွန်မ လျှောက်ချင်ပါတယ်"
လုံရှောင်ယွဲက ဆိုသည်။ "ဒါပေမဲ့ ကျွန်မမှာ တောင်းဆိုချင်တာ တစ်ခု ရှိတယ်။ ကျွန်မ ကိုကိုနဲ့ အတူတူ နေရမှ ဖြစ်မယ်။ မဟုတ်ရင်တော့ မလိုက်ဘူး"
"အဲဒါတော့ မရဘူး" အိမ်တော်ထိန်းက ခေါင်းခါကာ ငြင်းလိုက်သည်။ "ဒီနေ့အတွက် လူပြည့်သလောက် ဖြစ်နေပြီ။ တစ်ယောက်ပဲ လိုတော့တာ"
လုံရှောင်ယွဲက "ဦးလေးကြီး အိမ်တော်ထိန်းရယ်... ကူညီပါဦး။ ကျွန်မတို့က အခုမှ လက်ထပ်ထားတဲ့ လင်မယား အသစ်တွေပါ။ အိမ်ကလည်း ကလေး မြန်မြန်ယူဖို့ တိုက်တွန်းနေတာနဲ့... ကျွန်မတို့ နှစ်ယောက် မခွဲနိုင်လို့ပါ"
သူတို့နှစ်ဦးသည် ရှန်းကွမ်မိသားစုထဲသို့ အတူတူ ဝင်ရမည် ဖြစ်သဖြင့် မည်သို့မျှ ခွဲ၍ မဖြစ်ပေ။ သို့သော် အိမ်ထောင်မကျသေးသည့် မိန်းကလေးတစ်ဦးက ဤကဲ့သို့သော စကားမျိုးကို ပြောလိုက်ရသဖြင့် သူမ၏ ပါးပြင်လေးများမှာ ချက်ချင်းပင် နီမြန်းသွားကာ အလွန်ပင် ဆွဲဆောင်မှုရှိသော အသွင် ဖြစ်သွားတော့သည်။
"အခြေအနေက ဒီလိုဆိုရင်တော့ သူတို့ နှစ်ယောက်လုံးကိုပဲ ခေါ်သွားလိုက်ပါ"
ပြောလိုက်သူမှာ အသက် ၃၀ ခန့်ရှိသော လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ဒေသခံ ဝတ်စုံကို ဝတ်မထားဘဲ နာမည်ကြီးတံဆိပ် တစ်ခု၏ ဝတ်စုံ၊ ပြောင်လက်နေသော သားရေဖိနပ်နှင့် စတိုင်ကျသော ဆံပင်ပုံစံတို့ဖြင့် အထက်တန်းဆန်လှသည်။
သူကား ရှန်းကွမ်မိသားစု၏ တတိယမျိုးဆက်မှ ရှန်းကွမ်ဟုန်ချင်း ဖြစ်ပြီး ဒုတိယ အကြီးအကဲ ရှန်းကွမ်ကျိုး၏ မြေးအရင်းပင် ဖြစ်လေသည်။ ဤလူမှာ သာမန် အပျော်အပါးမက်သူ တစ်ဦး ဖြစ်သော်လည်း အလောင်းသန့်စင်ခြင်း အတတ်တွင်မူ ထူးချွန်သော ပါရမီ ရှိသည်။ သူ၏ နောက်တွင် ထပ်ကြပ်မကွာ လိုက်ပါနေသော အလောင်းရုပ်သေးမှာ ဒုတိယအဆင့် ငွေအလောင်း ဖြစ်ပြီး ယဲ့ထျန်းထက်ပင် တစ်ဆင့် ပို၍ မြင့်မားနေသည်။
ယင်းကြောင့်လည်း သူသည် ရှန်းကွမ်မိသားစုတွင် ရာထူးကြီးကြီးမားမား ရရှိထားခြင်း ဖြစ်သည်။ ယနေ့တွင် သူသည် ပျင်းပျင်းရှိသဖြင့် အိမ်တော်ထိန်းနှင့်အတူ အလုပ်သမား ခေါ်ယူရာသို့ လိုက်လာခဲ့ခြင်းဖြစ်ရာ လုံရှောင်ယွဲကို မြင်သည်နှင့် သူ၏ ကာမစိတ်များ ကြွတက်သွားတော့သည်။
ရှန်းကွမ်ဟုန်ချင်းသည် အပျော်အပါးမက်သော လူရှုပ်တစ်ဦး ဖြစ်သဖြင့် ဤမျှ လှပသော မိန်းကလေးကို အလွတ်ပေးရန် အစီအစဉ် မရှိပေ။ ထို့ကြောင့် သူက အိမ်တော်ထိန်းအား ခေါ်ဆောင်ရန် အမိန့်ပေးလိုက်ခြင်းပင်။
သူ၏ စိတ်ထဲတွင်မူ အနှီ အမျိုးသမီးတွင် ယောက်ျား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့၏ အိမ်တော်သို့ ရောက်သည်နှင့် စိတ်ကြိုက် ခြယ်လှယ်နိုင်သည်ဟု ယူဆထားခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ... သခင်လေး အလိုရှိတဲ့အတိုင်းပါပဲ"
အိမ်တော်ထိန်းက ဖော်လံဖားစွာ ပြန်ပြောလိုက်ပြီး ယဲ့ပုဖန်တို့ဘက်သို့ လှည့်ကာ "မင်းတို့ တော်တော် ကံကောင်းတာပဲ။ သခင်လေးကို ကျေးဇူးတင်လိုက်ကြဦး" ဟု ဆိုသည်။
ယဲ့ပုဖန်သည် ရိုးသားအေးဆေးသော ပုံစံဖမ်းကာ လုံရှောင်ယွဲနှင့်အတူ "သခင်လေးကို ကျေးဇူးတင်ပါတယ်" ဟု ဆိုလိုက်ကြသည်။
"မင်း နာမည်က ဘယ်သူလဲ"
ရှန်းကွမ်ဟုန်ချင်းသည် ယဲ့ပုဖန်ကို တစ်ချက်ပင် ကြည့်မနေဘဲ လုံရှောင်ယွဲကိုသာ တပ်မက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
"သခင်လေးကို တင်ပြပါတယ်... ကျွန်မနာမည်က လုံရှောင်ယွဲပါ"
ရှန်းကွမ်ဟုန်ချင်းက တခိခိ ရယ်မောရင်း "နာမည်လေးက လှသားပဲ။ ရှန်းကွမ်မိသားစု ရောက်ရင်တော့ ကြိုးကြိုးစားစား အလုပ်လုပ်ကြပေါ့။ ငါက မင်းတို့ကို မတရား မလုပ်ပါဘူး" ဟု ဆိုရာ လုံရှောင်ယွဲကလည်း ကျေးဇူးတင်စကား ထပ်ဆိုလိုက်သည်။
အိမ်တော်ထိန်းက ရှေ့တိုးလာကာ "သခင်လေး... လူတစ်ယောက် ပိုလာပြီဆိုတော့ သူ့ကို ဘယ်ဌာနမှာ ထားရင် ကောင်းမလဲ" ဟု မေးမြန်းလိုက်၏။
ရှန်းကွမ်ဟုန်ချင်းက "ကြမ်းတိုက်တဲ့ ဦးလေးကြီးကျန်းက အခု အိုနေပြီ။ အလုပ် သိပ်မတွင်တော့ဘူး။ ဒီကောင်လေးကို ဦးလေးကြီးကျန်းနဲ့အတူ ကြမ်းတိုက်ခိုင်းလိုက်" ဟု အမိန့်ပေးလိုက်သည်။
အိမ်တော်ထိန်းသည်လည်း သူ၏ သခင်လေး ဘာကို ရည်ရွယ်သည်ကို ချက်ချင်း သိလိုက်သည်။ ကြမ်းတိုက်ရသည့် အလုပ်မှာ အချိန်အတော်များများ အပြင်ဘက်တွင် ရှိနေရမည် ဖြစ်သဖြင့် သခင်လေးအတွက် အခွင့်အရေး ရရန် ပို၍ လွယ်ကူပေလိမ့်မည်။ ရှန်းကွမ်မိသားစုတွင် ဤကဲ့သို့သော ကိစ္စရပ်များမှာ အထူးအဆန်း မဟုတ်သဖြင့် မည်သူမှ ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။
ယဲ့ပုဖန်သည် ခေါင်းငုံ့ထားသော်လည်း သူ၏ မျက်နှာတွင် အောင်နိုင်သူ အပြုံးတစ်ခု ပေါ်လာသည်။ ကြမ်းတိုက်ရသည့် အလုပ်မှာ ရှန်းကွမ်မိသားစု တစ်အိမ်လုံးကို လွတ်လွတ်လပ်လပ် သွားလာနိုင်မည့် အခွင့်အရေးပင် မဟုတ်ပါလား။
အမိန့်ပေးပြီးနောက် အားလုံးသည် ကားများပေါ်သို့ တက်ကာ ရှန်းကွမ်အိမ်တော်သို့ ဦးတည်လိုက်ကြသည်။ ရှန်းကွမ်ဟုန်ချင်းက အနီရောင် ဟမ်းမားကားကြီးကို မောက်မာစွာ မောင်းနှင်သွားပြီး အလုပ်သမား ၁၁ ဦးမှာမူ ဘတ်စ်ကားအသေးလေးပေါ်တွင် လိုက်ပါခဲ့ကြရသည်။
ကားအတွင်းတွင် နေရာကျယ်ဝန်းသဖြင့် သူတို့နှစ်ဦးမှာ လင်မယားအယောင်ဆောင်ထားသည့်အတိုင်း နောက်ဆုံးတန်းတွင် လက်ချင်းချိတ်ကာ ထိုင်လိုက်ကြသည်။
ကား စတင်ထွက်ခွာသည်နှင့် ယဲ့ပုဖန်က တိုးတိုးလေး ကပ်ပြောလိုက်သည်။ "မင်း သတိထားမိလား... ဟိုရှန်းကွမ်ဟုန်ချင်း ဆိုတဲ့ကောင် မင်းကို မျက်စိကျနေတာ"
"သတိထားမိတာပေါ့" လုံရှောင်ယွဲက မခံချင်စိတ်ဖြင့် ဆိုသည်။ "အဲဒီလူရဲ့ မျက်လုံးတွေက အရမ်း ရွံစရာကောင်းတာပဲ။ သူ့ကို ပါးရိုက်ပစ်ချင်စိတ်တောင် ပေါက်တယ်"
"စိတ်မလောနဲ့ဦး"
ယဲ့ပုဖန်က သူမ နားနားသို့ ကပ်၍ တိုးတိုးလေး မှာကြားလိုက်သည်။ "ဒါက အခွင့်အရေးကောင်းပဲ။ အိမ်ရောက်ရင် သူ မင်းကို ကျိန်းသေ ချဉ်းကပ်လာလိမ့်မယ်။ အဲဒီအခါကျရင် ငါတို့ ဒီလို လုပ်ကြတာပေါ့..."
***