ယဲ့ပုဖန် အချိန်မီ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ လုံရှောင်ယွဲမှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတော့သည်။
သူမကိုယ်တိုင်မှာ မြေကမ္ဘာအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး ခုနစ်ရောင်ခြယ် အာကာသအဆင့် ကူအင်းကို ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်း မိန်းကလေးသဘာဝအရ မိမိအပေါ် ယုတ်ညံ့သော ရည်ရွယ်ချက်ရှိသည့် အမျိုးသားတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှတော့ ထိတ်လန့် တုန်လှုပ်မိသည်မှာ ဓမ္မတာပင်။
"ကိုကို ရောက်လာပြီပဲ" သူမက ယဲ့ပုဖန်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"ဒီလူယုတ်မာကို ဘယ်လို ကိုင်တွယ်ကြမလဲ"
"သူက ယုတ်မာတဲ့သူဆိုမှတော့ သူ့ကို သွားသင့်တဲ့လမ်းကိုပဲ ပို့ပေးလိုက်ရမှာပေါ့"
ယဲ့ပုဖန် ပြောပြီးသည်နှင့် စိမ်းဖန့်ဖန့် ဒန်မီး တစ်ခုကို လက်ဖျားမှ တောက်ထုတ်လိုက်ရာ သတိ မေ့နေသော ရှန်းကွမ်ဟုန်ချင်းမှာ ခဏချင်းမှာပင် ပြာပုံဘဝသို့ ရောက်ရှိသွားတော့သည်။
သူသည် ရှန်းကွမ်မိသားစုဝင်များအပေါ် မည်သည့် ကရုဏာမျှ ထားရှိရန် အစီအစဉ် မရှိပေ။ အလောင်း ရုပ်သေး တစ်ရုပ်ကို သန့်စင်နိုင်ရန်မှာ လူ့အသက်တစ်ချောင်းကို သတ်ဖြတ်ရန် လိုအပ်သည် ဖြစ်သလို ဤလူယုတ်မာသည် နှစ်ပေါင်းများစွာအတွင်း အပြစ်မဲ့ အမျိုးသမီးများစွာ၏ ဘဝကို ဖျက်ဆီးခဲ့ပြီး ဒုစရိုက်များစွာကို ကျူးလွန်ခဲ့သူ ဖြစ်သည်။
ရှန်းကွမ်ဟုန်ချင်းကို သတ်ဖြတ်ပြီးနောက် သူက အခန်းထောင့်တွင် ရပ်နေသော ရှန်းကွမ်ဟုန်ချင်း၏ အလောင်းရုပ်သေးထံသို့ အကြည့်ကို လွှဲလိုက်၏။ ၎င်းမှာ ဒုတိယအဆင့် ငွေအလောင်း ဖြစ်ပြီး မြေကမ္ဘာအဆင့် အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦးနှင့် အစွမ်းချင်း တူညီကာ သူတို့နှစ်ဦးထက်ပင် ကျင့်ကြံမှုအဆင့် ပို၍ မြင့်မားနေသည်။
သို့သော် အလောင်းရုပ်သေးမှာ အလောင်းရုပ်သေးသာ ဖြစ်ပြီး ၎င်းတွင် ကိုယ်ပိုင်အတွေးအခေါ် မရှိချေ။ ယဲ့ပုဖန်က အရှိန်အဟုန်ဖြင့် ရှန်းကွမ်ဟုန်ချင်းကို အလဲထိုးလိုက်သဖြင့် အရှင်သခင်၏ အမိန့်မရသော အလောင်းရုပ်သေးမှာ သစ်တုံးတစ်တုံးပမာ ရပ်နေခြင်းပင်။
ယဲ့ပုဖန်သည် ရှေ့သို့ တိုးသွားကာ မိစ္ဆာသန့်စင်အိုးကို ထုတ်ယူ၍ အလောင်း၏ ပိုင်ဟွေ အပ်စိုက်မှတ် အပေါ်သို့ အသာအယာ ဖိနှိပ်လိုက်ရာ အလောင်း၏ အဆီအနှစ်များမှာ ချက်ချင်းပင် စုပ်ယူခံလိုက်ရပြီး အိုးအတွင်း၌ အနက်ရောင် ဆေးလုံးငယ်လေးတစ်လုံး ပေါ်ထွက်လာသည်။
သူက ထိုဆေးလုံးကို သိုလှောင်လက်စွပ်အတွင်းရှိ ယဲ့ထျန်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။ အလင်းတန်း တစ်ချက် လက်သွားပြီးနောက် ယဲ့ထျန်း၏ ခန္ဓာကိုယ်အရောင်မှာ ပို၍ ရဲတက်လာပြီး ပထမအဆင့် ငွေအလောင်းနယ်ပယ်သို့ ခြေတစ်လှမ်း တိုးကပ်သွားတော့သည်။
အဆီအနှစ်များ စုပ်ယူခံလိုက်ရသဖြင့် ရှေ့မှ အလောင်းရုပ်သေးမှာ အစွမ်းမဲ့သွားပြီး သာမန် တောင့်တင်းနေသော အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားသည်။ ယဲ့ပုဖန်က နောက်ထပ် ဒန်မီးတစ်ချက်ဖြင့် ထိုအလောင်းကိုပါ တစ်ပါတည်း ရှင်းလင်းပစ်လိုက်လေသည်။
လုံရှောင်ယွဲက "ကိုကို... နောက်ထပ် ဘာဆက်လုပ်မလဲ" ဟု မေးသည်။
"အရင် အစီအစဉ်အတိုင်းပဲ... မင်း အပြင်မှာထွက်ပြီး ငါ့ကို စောင့်နေပါ။ ကျန်တာကို ငါ ရှင်းလိုက်မယ်"
ယဲ့ပုဖန်သည် ပြောပြောဆိုဆိုနှင့် သူ၏ အဝတ်အစားများကို ချွတ်ကာ ရှန်းကွမ်ဟုန်ချင်း၏ ဝတ်စုံကို လဲလှယ် ဝတ်ဆင်လိုက်သည်။ ထို့နောက် မျက်နှာပြောင်းဆေးကို အသုံးပြု၍ ရှန်းကွမ်ဟုန်ချင်းနှင့် တစ်ပုံစံတည်း တူအောင် ပြောင်းလဲလိုက်တော့သည်။
လုံရှောင်ယွဲမှာ အံ့ဩတကြီးဖြင့် "ကိုကို့ရဲ့ မျက်နှာပြောင်းလဲတဲ့အတတ်က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ။ လူယုတ်မာနဲ့ တစ်ပုံစံတည်း ဖြစ်သွားပြီ။ ကျွန်မတောင် ကိုကို့ကိုယ်ပေါ်မှာ ကူအင်းတစ်ကောင် တင်ထားချင်စိတ် ပေါက်လာပြီ။ မဟုတ်ရင် တစ်နေ့ကျလို့ ကိုကိုက တခြားရုပ်ပြောင်းလိုက်ရင် ကျွန်မ ရှာတွေ့မှာ မဟုတ်တော့ဘူး" ဟု ဆိုသည်။
"ကဲ... သွားတော့။ မင်း အရင်ပြန်ပြီး ငါ့ကို စောင့်နေပါ။ တကယ်လို့ ထူးခြားတာ တစ်ခုခုရှိရင် ငါတို့ ဒီကနေ ချက်ချင်း ထွက်သွားကြမယ်"
လုံရှောင်ယွဲ ခေါင်းငြိမ့်ကာ ထွက်ခွာသွားတော့သည်။ အပြင်ဘက်တွင် ဖော်လံဖားရန် စောင့်နေသော အိမ်တော်ထိန်းသည် လုံရှောင်ယွဲ ဤမျှ မြန်မြန် ထွက်လာသည်ကို မြင်သောအခါ အံ့သြသွားမိသည်။ "သခင်လေးက ဒီလောက်တောင် မြန်သွားတာလား" ဟု သူ တွေးနေစဉ်မှာပင် ယဲ့ပုဖန် ထွက်လာသည်။
အိမ်တော်ထိန်းက ရှေ့သို့ တိုးသွားကာ "သခင်လေး... အဲဒီမိန်းကလေးကို ဘာလို့ ဒီလောက်မြန်မြန် လွှတ်လိုက်တာလဲ" ဟု မေးမြန်းလိုက်၏။
ယဲ့ပုဖန်က စိတ်ပျက်ဟန် ဖမ်းကာ "တောက်... ကံကို ညံ့တာပဲ။ ငါ စိတ်ပါနေတုန်း ရှိသေးတယ်... အဲဒီမိန်းကလေးက ကိုယ်လက်မအသန့်ဖြစ်နေတယ်လေ။ နောက်ရက်မှပဲ စောင့်ရတော့မှာပေါ့" ဟု ဆိုသည်။
သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ရှန်းကွမ်ဟုန်ချင်း၏ အသံကို တစ်ပုံစံတည်း တုပလိုက်သဖြင့် အိမ်တော်ထိန်းမှာ အနည်းငယ်မျှပင် သံသယ မဝင်ခဲ့ပေ။
"သခင်လေး... ကျွန်တော် တခြားအစေခံမလေးတွေ ရှာပေးရမလား"
"မလိုပါဘူး။ ဒီလောက် လှတဲ့သူကို မြင်ပြီးမှတော့ တခြားသူတွေကို စိတ်မပါတော့ဘူး။ အခု ငါ အားမွေးထားမှ နောက်ရက်တွေကျရင် ကောင်းကောင်း တိုက်ပွဲဝင်နိုင်မှာပေါ့"
ယဲ့ပုဖန်က ပြောပြီးနောက် ရှန်းကွမ်ဟုန်ချင်း၏ စရိုက်အတိုင်း ရွံစရာကောင်းသော အပြုံးဖြင့် ရယ်မောလိုက်သည်။
"သခင်လေး ပြောတာ မှန်ပါတယ်။ အဲဒီမိန်းကလေးက တကယ်ကို အဆင့်မြင့်တဲ့ ပစ္စည်းလေးပါ"
အိမ်တော်ထိန်းက ရှေ့သို့ လျှောက်သွားသော သူ့ကို ကြည့်ကာ "သခင်လေး... တစ်ခုခု လုပ်မလို့လား။ ကျွန်တော့်ကို ခိုင်းမလို့လား" ဟု မေးသည်။
"မလိုဘူး။ ငါ အပြင်မှာ ခဏ လမ်းလျှောက်မလို့... အစေခံတွေ အလုပ်ခိုနေသလားလို့ ကြည့်မလို့လေ။ သခင်ကြီးသာ စိတ်မရှည်ရင် ငါတို့တွေ ဒုက္ခရောက်ကုန်မယ်"
အိမ်တော်ထိန်းက "ကျွန်တော် လိုက်ခဲ့ရမလား" ဟု မေးရာ ယဲ့ပုဖန်က "မလိုပါဘူး။ ငါ ညစာ စားတာ နည်းနည်း များသွားလို့ လမ်းလျှောက်ရင်း အစာချေမလို့ပါ" ဟု ငြင်းလိုက်သည်။
ထို့နောက် ယဲ့ပုဖန်သည် ရှန်းကွမ်အိမ်တော်အတွင်း၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးလူလူ လမ်းလျှောက်နေတော့သည်။ အိမ်တော်ထိန်းကလည်း ဘာမှ ထူးထူးခြားခြား မတွေးဘဲ သူ၏ အလုပ်များကိုသာ လုပ်ရန် ထွက်သွားခဲ့သည်။
ယဲ့ပုဖန်သည် နေ့ဘက်ကတည်းက ရှန်းကွမ်မိသားစု၏ အခြေအနေကို သေချာ စုံစမ်းထားပြီး ဖြစ်သည်။ တောင်လယ်အောက်ပိုင်းတွင် ရှိသော အလောင်းရုပ်သေးများမှာ အဆင့်နိမ့် တတိယအဆင့် အလောင်းရုပ်သေး များသာ ဖြစ်သဖြင့် ယဲ့ထျန်းအတွက် အကျိုးကျေးဇူး များများစားစား မရှိပေ။ ထို့ကြောင့် သူသည် တောင်လယ်အထက်ပိုင်းသို့ တိုက်ရိုက် ဦးတည်လိုက်သည်။
ရှန်းကွမ်မိသားစု၏ အဓိက အဝန်းအဝိုင်းအတွင်းတွင် လှည့်လည်ကြည့်ရှုနေခြင်းမှာ သူ၏ ရာထူးအရ ပုံမှန်ကိစ္စ တစ်ခု ဖြစ်သဖြင့် မည်သူမှ သတိမထားမိကြချေ။ မိနစ်အနည်းငယ်အတွင်းမှာပင် သူ၏ ပထမဆုံး ပစ်မှတ်ကို တွေ့ရှိခဲ့သည်။ ၎င်းမှာ ရှန်းကွမ်မိသားစု၏ တတိယမျိုးဆက် တပည့်တစ်ဦး ဖြစ်ပြီး စတုတ္ထအဆင့် ငွေအလောင်း တစ်ရုပ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ယေဘုယျအားဖြင့် အလောင်းရုပ်သေး ပိုင်ရှင်များသည် ၎င်းတို့၏ အလောင်းရုပ်သေးထက် ကျင့်ကြံမှု အဆင့် များစွာ နိမ့်ကျလေ့ရှိသည်။ ထို့ကြောင့် ထိုအရှင်သခင်မှာ ကောင်းကင်အဆင့် အစောပိုင်းအဆင့်သာ ရှိသဖြင့် ယဲ့ပုဖန် အနားသို့ ရောက်လာသည်ကိုပင် မသိရှိခဲ့ချေ။
မကြာမီမှာပင် သူသည် အလောင်းရုပ်သေး၏ အဆီအနှစ်ကို လုံးဝ စုပ်ယူလိုက်သဖြင့် ၎င်းမှာ သာမန် အလောင်းတစ်လောင်း ဖြစ်သွားတော့သည်။ သူ ထွက်ခွာသွားသည့်တိုင် ထိုလူမှာ အခန်းထဲတွင် ဂျပန်ဗီဒီယိုကား ကြည့်ရင်း စိတ်ပါလက်ပါ ဖြစ်နေသဖြင့် အပြင်ဘက်မှ အပြောင်းအလဲကို လုံးဝ သတိမပြုမိခဲ့ပေ။
အရာအားလုံးမှာ အလွန်ပင် ချောမွေ့လှသည်။ ယဲ့ပုဖန်၏ စိတ်ဝိညာဉ်အာရုံမှာ ရေဒါတစ်ခုအလား အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သလို မိစ္ဆာသန့်စင်အိုး၏ စုပ်ယူမှုမှာလည်း အသံတိတ်လှသဖြင့် မည်သူမှ ရိပ်မိရန် ခက်ခဲလှသည်။
တစ်နာရီအတွင်းမှာပင် သူသည် ငွေအလောင်း ၆၀ ကျော်၏ အဆီအနှစ်များကို စုပ်ယူပြီးစီးသွားခဲ့သည်။ ထိုအခိုက်တွင် သိုလှောင်လက်စွပ်အတွင်းရှိ ယဲ့ထျန်းမှာ ငွေရောင်အလင်းတန်းများ တောက်ပနေပြီး ပထမအဆင့် ငွေအလောင်း နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ပထမအဆင့် ငွေအလောင်းမှာ မြေကမ္ဘာအဆင့် ပြည့်စုံခြင်းအဆင့်နှင့် အစွမ်းချင်း တူညီသော်လည်း ယဲ့ပုဖန်အတွက်မူ ဤမျှနှင့် မလုံလောက်သေးချေ။ ရှန်းကွမ်မိသားစုကို ဖြေဆေးပေးအောင် ဖိအားပေးနိုင်ရန်မှာ အနည်းဆုံး အာကာသအဆင့် ရှိသော အစွမ်းမျိုး လိုအပ်ပေလိမ့်မည်။
ထို့ကြောင့် သူသည် လုပ်ဆောင်ချက်များကို ပိုမိုမြန်ဆန်စွာ ဆက်လက် လုပ်ဆောင်နေတော့သည်။ မဟုတ်ပါက ထိုလူများ သူတို့၏ အလောင်းရုပ်သေးများ ပုံမှန်မဟုတ်တော့ကြောင်း သတိထားမိသွားလျှင် ဒုက္ခရောက်နိုင်သောကြောင့်ပင်။
တဖြည်းဖြည်းနှင့် သူသည် သတိမထားမိဘဲ ရှန်းကွမ်အိမ်တော်၏ တောင်ထိပ်ပိုင်းသို့ ရောက်ရှိလာ၏။ ဤနေရာတွင် ရှန်းကွမ်ရှုံနှင့် ရှန်းကွမ်ကျိုးတို့အပြင် ကျန်ရှိနေသောသူများမှာ မိသားစု၏ ဒုတိယ မျိုးဆက်များသာ ဖြစ်သည်။
ယဲ့ပုဖန်သည် အစေခံများကို စစ်ဆေးသည့် ပုံစံဖြင့် အေးအေးဆေးဆေး လမ်းလျှောက်နေသော်လည်း သူ၏ စိတ်ဝိညာဉ်အာရုံမှာမူ ပစ်မှတ်ထားရမည့် ငွေအလောင်းများကို ရှာဖွေနေသည်။
ရုတ်တရက် သူ၏ စိတ်ဝိညာဉ်အာရုံထဲတွင် ကုတင်ပေါ်၌ ကိုယ်လုံးတီးဖြင့် လုံးထွေးနေသော အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ အမျိုးသမီးမှာ အသက် ၃၀ ခန့်ရှိသော အိမ်ထောင်သည် အမျိုးသမီး တစ်ဦး ဖြစ်ပြီး အမျိုးသားမှာမူ အသက် ၄၀ ကျော်၊ ၅၀ နီးပါးခန့် ရှိပေသည်။
မူလက သူသည် ထိုကိစ္စကို စိတ်မဝင်စားသော်လည်း ကုတင်ဘေးတွင် ရပ်နေသော အလောင်းရုပ်သေးမှာ ပထမအဆင့် ငွေအလောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏ ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
ယဲ့ပုဖန်သည် အခွင့်အရေးကို စောင့်ဆိုင်းရင်း ထိုဝါးအိမ်အနီးသို့ တိုးကပ်သွားစဉ်မှာပင် အမျိုးသမီး၏ အသံကို ကြားလိုက်ရသည်။ "ရှင်ကလည်း လူဆိုးကြီးပဲ... ဘာလို့ ဒီလောက် စောစောလာတာလဲ။ ရှင့်အဖေ တွေ့သွားမှာကို မကြောက်ဘူးလား"
ထိုလူလတ်ပိုင်း အမျိုးသားက ရယ်မောကာ "ငါ့အဖေက အခုမှ မိန်းမငယ်လေး နှစ်ယောက် ထပ်ယူထားတာလေ... သူက မင်းလို ခုနစ်ယောက်မြောက် မယားငယ်ကို ဘယ်မှာ ဂရုစိုက်နိုင်တော့မှာလဲ"
"ပြီးတော့ သူက အခု အရမ်းအိုနေပြီလေ... သူ့မှာ ဘာလိုအပ်ချက်တွေ ရှိဦးမှာလဲ။ မင်းတို့ကို အလှပြရုပ်လေးတွေ အဖြစ်ပဲ ထားထားတာနေမှာပါ။ မဟုတ်ရင် သူက တောင်ထိပ်ပေါ်မှာပဲ တစ်ချိန်လုံး အောင်းမနေဘဲ တစ်ပတ်တစ်ခါ၊ ဆယ်ရက်တစ်ခါလောက်တော့ ဆင်းလာမှာပေါ့"
အမျိုးသမီးက တခိခိ ရယ်မောရင်း "ရှင့်အဖေအကြောင်းကို ဒီလိုပြောရဲတယ်ပေါ့... သခင်ကြီးသာ စိတ်တိုပြီး ရှင့်ကို ဒုက္ခပေးလိုက်ရင် ဘယ်လိုလုပ်မလဲ"
သူတို့၏ စကားဝိုင်းမှာ တိုတောင်းလှသော်လည်း ယဲ့ပုဖန်အတွက်မူ လုံလောက်သော သတင်း အချက်အလက်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။ ရှေ့မှ လူနှစ်ဦးမှာ ပုံမှန် လင်မယား မဟုတ်ကြဘဲ တစ်ဦးမှာ ရှန်းကွမ်ရှုံ၏ သားဖြစ်ပြီး ကျန်တစ်ဦးမှာမူ ရှန်းကွမ်ရှုံ၏ ခုနစ်ယောက်မြောက် မယားငယ် ဖြစ်နေကြခြင်းပင်…။
***