မက်တော်မီနေးက သူ့ခေါင်းကို ပွတ်ရင်း ပြောသည်။ "ခုနက ငါ ဖောင်းဘောလုပ်ဖို့ ခဏ ဝေခွဲမရ ဖြစ်သွားတယ်... နောက်တစ်ခါကျရင်တော့ ပိုပြီး ပြတ်ပြတ်သားသား လုပ်ပါ့မယ်..."
ဆာလာက ဘောလုံးကို အေးအေးဆေးဆေး ထိန်းထားသဖြင့် ဆာလာ ကျော်ထွက်လိမ့်မည်ဟု သူက မထင်ထားခဲ့မိပေ။ ထိုသို့ သတိလစ်သွားစဉ်မှာပင် တိုက်စစ်က ဖောက်ထွက်သွားခြင်း ဖြစ်သည်။
"ငါလည်း ပိုပြီး ရှေ့တိုးနေပြီး စကော့ကို စောစောစီးစီး ကူညီပေးခဲ့သင့်တယ်..." လုခ်ရှောကလည်း အမှားကို ဝန်ခံလိုက်သည်။
"ဟုတ်တယ်... အာနိုးလ် ဒီနေ့ ပွဲမထွက်ဘူးဆိုတော့ လီဗာပူးက တောင်ပံမှာ ထပ်ဆင့်တိုက်စစ် ဆင်တာ နည်းလိမ့်မယ်... ဒါကြောင့် မင်းတို့ ရှေ့ကို နည်းနည်း ပိုတိုးနေလို့ ရတယ်..." ချူဖုန်းက အားပေးလိုက်သည်။
လူတွေက အချင်းချင်း စကားပြောဆို ဆက်သွယ်နေသရွေ့ ပြဿနာမရှိပေ။ သူ ကြောက်သည်မှာ လူတွေ စကားမပြောတော့ဘဲ စိတ်ဓာတ်ကျနေကြမည်ကိုသာ ဖြစ်သည်။
နောက်ဆုံးတွင် သူက ဒီဂီယာကို ကြည့်ကာ ပြောလိုက်သည်။ "ဒေးဗစ်... မင်းလည်း ပိုပြီး အာရုံစိုက်မှ ရမယ်... မင်းက ရွှေလက်အိတ်ရှင်ပဲ။ သူတို့ကို ဒီလောက် လွယ်လွယ်ကူကူ ဂိုးပေးလို့ မဖြစ်ဘူး..."
"ခုနက ကာကွယ်မှုမှာ ငါ အမှားအယွင်း အချို့ ရှိသွားတယ်... နောက်ပိုင်းမှာတော့ ဒါမျိုး မဖြစ်စေရပါဘူး... လီဗာပူးကို အဝေးကန်ချက်တွေ ဆက်တိုက် ကန်ခွင့် မပေးသရွေ့ ငါတို့ အဆင်ပြေမှာပါ..."
ဒီဂီယာက သူ၏ လက်အိတ်များကို ရေဖြင့် ဆေးလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ချူဖုန်းကို ကြည့်ကာ ပြောလိုက်သည်။
"ချူ... မင်းလည်း ပိုပြီး ကြိုးစားမှ ရမယ်... မင်း ရှေ့တန်းမှာ ခြိမ်းခြောက်နိုင်လေလေ၊ ငါတို့ နောက်တန်းမှာ ဖိအား လျော့လေလေပဲ..."
ချူဖုန်းက ခေါင်းညိတ်လိုက်သည်။ သူကလည်း ထိုသို့ပင် တွေးထားသည်။ လီဗာပူးက ဘောလုံး ပေးပို့မည့် လမ်းကြောင်းများကို ပိတ်ထားသော်လည်း သူ ငြိမ်နေရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ဘယ်သူမှ မကူညီနိုင်လျှင် သူကိုယ်တိုင်ပဲ လုပ်ကြည့်မည်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ ကြိုးစားပင် မကြိုးစားဝံ့လျှင် ပရီးမီးယားလိဂ်၏ လစာအများဆုံး ကစားသမား ဖြစ်နေရကျိုး မနပ်ပေ။
ထို့ပြင် သူ၏ ရှေ့တွင် ရှိနေသည်မှာ လိဂ်၏ အကောင်းဆုံး ဗဟိုနောက်ခံလူ ဗန်ဒိုက် မဟုတ်ပါလား။
မော်ရင်ညိုက သူ့ကို ခဏခဏ ပြောလေ့ရှိသည်။
"လူသားတွေရဲ့ စွမ်းဆောင်ရည်က အကန့်အသတ် မရှိဘူး... ဒါပေမဲ့ အဲဒီစွမ်းအားတွေကို သေတ္တာထဲမှာ သော့ခတ်ထားတာ... ယုံကြည်မှုကပဲ အဲဒီသော့ကို ဖွင့်နိုင်မှာ..."
ချူဖုန်းသည် သူ၏ စွမ်းရည်အပေါ် လုံးဝ သံသယ မရှိပေ။
တီ…
ခရာသံနှင့်အတူ ပွဲပြန်လည် စတင်သည်။ ချူဖုန်းက ဘောလုံးကို ပေါ့ဘာထံ ပေးလိုက်ပြီး လီဗာပူး၏ ခံစစ်တန်းဆီသို့ တိုက်ရိုက် ဦးတည်သွားကာ လူကျွံဘောစည်း အနီးတွင် ဝဲပျံနေတော့သည်။ ဗန်ဒိုက် တစ်ယောက်တည်းကသာ သူ့ကို ထိန်းချုပ်ထားနိုင်ပါ့မလား။ လီဗာပူးကသာ ထိုသို့ တွေးလိုက်သည်နှင့် မန်ယူက အဝေးဘော လှမ်းတင်ပေးလိုက်မည် ဖြစ်သည်။
လီဗာပူး၏ ဖိအားပေးမှုမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပုံရသည်။ နဗီးလ်သည် အဖြေကို ရှာမရ ဖြစ်နေသည်။ သူက နည်းပြကောင်း တစ်ယောက် မဟုတ်ခဲ့သည်မှာလည်း ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။
ကွင်းဘေးတွင် ရပ်နေသော မော်ရင်ညိုကမူ ရှင်းပြလိုက်သည်။ "လီဗာပူးရဲ့ လှုပ်ရှားမှုနဲ့ ချူဖုန်းရဲ့ ပြေးလွှားမှုကို ပေါင်းစပ်ကြည့်လိုက်ရင် သူက လီဗာပူးရဲ့ ဖိအားပေးမှုကို ဖျက်ဆီးလိုက်တာကို တွေ့ရလိမ့်မယ်..."
ဖာရီယာက နားမလည်သေးပေ။
"ဥပမာဆိုရင် ငါတို့က ညာဘက်ခြမ်းကနေ တိုက်စစ်ဆင်မယ်ဆိုရင် လီဗာပူးက ရှေ့ကို တိုးလာပြီး လူအင်အား အသာစီးနဲ့ ဖိအားပေးသင့်တယ် မဟုတ်လား... ဒါပေမဲ့ အဲဒီအချိန်မှာပဲ ချူဖုန်းက အဲဒီဘက်ခြမ်းက နေရာလွတ်ထဲကို ပြေးဝင်သွားမယ်... အဲဒီအခါ လီဗာပူး ကစားသမားတွေက ရှေ့ကို မတက်ရဲတော့ဘူး... ဒါကြောင့် သူတို့ရဲ့ ဖိအားပေးမှုက ထိရောက်မှု မရှိတော့တာပဲ..." မော်ရင်ညိုက ရိုးရှင်းစွာ ရှင်းပြလိုက်သည်။
ဖာရီယာက ရုတ်တရက် သဘောပေါက်သွားသည်။ "ဒါက တော်တော်လေး ရိုးရှင်းတာပဲနော်..."
ဒါကိုကြားတော့ မော်ရင်ညိုက ဒေါသထွက်ကာ ရယ်မိသွားသည်။ ဒါက ဘယ်လိုလုပ် ရိုးရှင်းမှာလဲ။
လီဗာပူး၏ ခံစစ်အခြေအနေကို ခန့်မှန်းရမည်ဖြစ်သလို မန်ယူ၏ တိုက်စစ်လမ်းကြောင်းကိုလည်း လမ်းညွှန်ပေးရမည် ဖြစ်သည်။ ထိုကဲ့သို့ ခက်ခဲသော ပြေးလမ်းကြောင်းကို ကြည့်လိုက်လျှင် ဘာလော့တယ်လီသာဆိုလျှင် ဦးနှောက်တောင် ပေါက်ကွဲသွားပေလိမ့်မည်။ ထို့အပြင် လီဗာပူး ကစားသမားများ ပင်ပန်းလာသောကြောင့်သာ ချူဖုန်းက ထိုကဲ့သို့ ဖောက်ထွက်နိုင်ခြင်း ဖြစ်သည်။
"ကွင်းလယ်မှာ နေရာလွတ်တွေ ပိုများလာပြီ..."
ပေါ့ဘာ ဘောလုံးကို ထပ်မံရရှိချိန်တွင် သူက ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ယခင်က သူ ခြေစွမ်းမပြနိုင်ခဲ့သည်မှာ ဘောလုံးထိန်းရန် နေရာလွတ် နည်းလွန်းသောကြောင့် ဖြစ်သော်လည်း အခုတော့ သူ လွတ်လွတ်လပ်လပ် ကစားနိုင်ပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် လီဗာပူးသည် ထပ်မံ အနှောင့်အယှက် မခံလိုသဖြင့် ပေါ့ဘာထံမှ ဘောလုံးကို အတင်းလုယူရန် ကြိုးစားသည်။ ပေါ့ဘာက V ပုံစံ ဘောလုံးလိမ်ကွက်ကို အသုံးပြု၍ ဖာဘင်ညိုကို ကျော်ဖြတ်ကာ နောက်သို့ ဆင်းပေးနေသော ချူဖုန်းထံသို့ မျှောပေးလိုက်သည်။
"မင်းရဲ့ ဘယ်ဘက်ကို သတိထား"
ဗန်ဒိုက်က ပြတ်ပြတ်သားသား သတိပေးလိုက်သည်။ ရောဘတ်ဆန်က ရှေ့သို့ အလွန် တိုးနေသဖြင့် မာရက်ဇ်ကို မမီတော့ပေ။ ချူဖုန်းကသာ ဘောလုံးကို လှည့်၍ ထောင့်ဖြတ် ပေးပို့လိုက်မည်ဆိုလျှင် မန်ယူအတွက် တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံမည့် အခွင့်အရေး ရရှိသွားပေလိမ့်မည်။
ဒါကို ဖျက်ဆီးရမည်။ မာတစ်က ဗန်ဒိုက်၏ အတွေးကို သိနေပုံရသည်။ သူသည် ချူဖုန်းထံမှ ဘောလုံးကို လုယူရန် ယုံကြည်မှု မရှိသော်လည်း လူကိုတော့ တားဆီးနိုင်သည်။ ထို့ကြောင့် သူက ချူဖုန်းကို ဆွဲလှဲလိုက်တော့သည်။
ဒိုင်လူကြီးက ခရာမှုတ်၍ ဖောင်းဘော သတ်မှတ်ပေးလိုက်ပြီး မန်ယူကို တိုက်စစ်ဇုန်အတွင်း ပြစ်ဒဏ်ဘော ရရှိစေသည်။
"လီဗာပူးအနေနဲ့ အဝါကတ် တစ်ကတ် အထိခံပြီး မန်ယူရဲ့ တိုက်စစ်ကို တားဆီးလိုက်တာက လက်ခံနိုင်စရာပါပဲ..."
"ကံမကောင်းတာက ဂိုးနဲ့ အရမ်းနီးနေလို့ ကန်သွင်းဖို့ ခက်ခဲသွားတာပါပဲ..." နဗီးလ်က ခေါင်းခါလိုက်သည်။
သူ ခန့်မှန်းသည့်အတိုင်းပင် အလီဆန်က ဘောလုံးကို ဖမ်းယူလိုက်သည်။ ချူဖုန်းက အသက်ကို ပြင်းပြင်း ရှူရင်း LED ဘုတ်ကို ကြည့်လိုက်သည်။ ပထမပိုင်း ပြီးတော့မည်ဖြစ်သဖြင့် အချိန်ပို များစွာ ရလိမ့်မည် မဟုတ်ဟု သူ ခန့်မှန်းထားသည်။
မန်ယူက အရှိန်ရလာသည်ကို မြင်သောအခါ လီဗာပူးက အခြေအနေကို ထိန်းသိမ်းရန်အတွက် ခံစစ်ကို ပို၍ တည်ငြိမ်အောင် ကစားလိုက်သည်။ ပထမပိုင်း အပြီးတွင် မန်ယူသည် လီဗာပူးကို ၀-၁ ဖြင့် ရှုံးနိမ့်နေပြီး လီဗာပူးက အသာစီးဖြင့် အနားယူချိန်သို့ ရောက်ရှိသွားလေတော့သည်။
“ပထမပိုင်းမှာ လီဗာပူးကို တစ်ဂိုးပဲ ပေးလိုက်ရတာက တကယ်တော့ မဆိုးလှပါဘူး... မင်းတို့ကိုယ် မင်းတို့ ဖိအားတွေ အများကြီး မပေးထားကြနဲ့...”
မော်ရင်ညိုက ကစားသမားတွေကို နှစ်သိမ့်ပေးနေခြင်း မဟုတ်။ သူ၏ နည်းဗျူဟာ အစီအစဉ်အရ နှစ်ဂိုးအထိ ပေးလိုက်ရလျှင်ပင် လက်ခံနိုင်သည့် အနေအထားတွင် ရှိနေသည်။ အကြောင်းမှာ ကလော့ပ်၏ ဟဲဗီးမက်တယ် တိုက်စစ်နှင့် လီဗာပူး၏ အထူးအဆန်း ဖိအားပေးမှုဒဏ်ကို ဥရောပတွင် တောင့်ခံနိုင်သည့်အသင်းမှာ လက်ချိုးရေတွက်၍ ရနိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် ချန်ပီယံလိဂ်သည် လိဂ်ပြိုင်ပွဲနှင့် မတူဘဲ အသင်း၏ တည်ငြိမ်မှုထက် တိုတောင်းသော အချိန်အတွင်း အစွမ်းကုန် ပေါက်ကွဲနိုင်စွမ်းကို ပို၍ ဦးစားပေးရသည်။ ထို့ကြောင့်ပင် မော်ရင်ညိုက ချန်ပီယံလိဂ်တွင် လီဗာပူးသည် မန်စီးတီးထက် ပို၍ ကြောက်စရာကောင်းသည်ဟု ယူဆထားခြင်း ဖြစ်သည်။
“ဒုတိယပိုင်းမှာ လီဗာပူးရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရမယ်... သူတို့ရဲ့ တိုက်စစ်အရှိန် နည်းနည်း လျော့သွားတာနဲ့ ငါတို့က ရှေ့ကို တိုးပြီး ခံစစ်ကနေ တိုက်စစ်ကို ချက်ချင်း ပြောင်းရမယ်... သူတို့ကို အသက်ရှူခွင့် လုံးဝ မပေးရဘူး...”
မန်ယူကစားသမားများ စိတ်တည်ငြိမ်သွားသည်နှင့် မော်ရင်ညိုက နည်းဗျူဟာများကို စတင် ရှင်းပြတော့သည်။
“ချူ... ရှေ့တန်းက တိုက်စစ်ဆင်မှုတွေကို မင်းပဲ ဦးဆောင်ရမယ်... ဘယ်နေရာ၊ ဘယ်အချိန်မှာ တိုက်စစ်စမလဲ ဆိုတာကိုတော့ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်...”
ချူဖုန်း၏ ပွဲဖတ်နိုင်စွမ်းကို မော်ရင်ညိုက အပြည့်အဝ ယုံကြည်ထားသည်။
“ကျွန်တော် ညာဘက်ခြမ်းမှာပဲ နေမယ်... မာတစ်နားမှာပေါ့... သူက အဝါကတ် တစ်ကတ် ထိထားပြီးသားဆိုတော့ သူ့ဆီကနေ စဖောက်တာ ပိုကောင်းမယ်...” ချူဖုန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
လီဗာပူး၏ ဗဟိုနောက်ခံလူ နှစ်ယောက်လုံးမှာ အဆင့်အတန်း မြင့်မားလှသဖြင့် အတင်း တိုးဖောက်ရန်မှာ ခက်ခဲလှသည်။ ချူဖုန်းအနေဖြင့် မိမိကိုယ်ကိုယ် မယုံကြည်ခြင်း မဟုတ်ဘဲ ဘောလုံးကွင်းသည် တစ်ကိုယ်တော် စွမ်းရည် ပြရမည့် နေရာ မဟုတ်ဟု သူ ခံယူထားသောကြောင့် ဖြစ်သည်။ အနည်းဆုံးသော ပေးဆပ်မှုဖြင့် ပြိုင်ဘက်၏ ခံစစ်ကို ဖျက်ဆီးပြီး ဂိုးသွင်းနိုင်ရန်ကသာ အဓိက ဖြစ်သည်။
“သူတို့ရဲ့ ညာနောက်ခံလူ မီလ်နာက သိပ်မသန်မာဘူး... ငါ ကွင်းလယ်ဘက်ကို တိုးဝင်ပြီး မင်းကို ကူညီပေးမယ်... မာတစ်ကို လူအုပ်နဲ့ ဝိုင်းထားဖို့ ကြိုးစားကြည့်ရအောင်...” ရက်ရှ်ဖို့ဒ်ကလည်း သူ၏ အကြံဉာဏ်ကို ထုတ်ဖော်ပြောဆိုသည်။
“နောက်ဆုံးအနေနဲ့ တစ်ခု ထပ်ပြောချင်တာက... လီဗာပူးက တကယ် သန်မာတယ်။ ငါတို့ ထင်ထားတဲ့ အတိုင်း ဖြစ်လာမှာ မဟုတ်ဘူး... ပွဲထဲမှာ သူတို့ရဲ့ နည်းဗျူဟာ အပြောင်းအလဲတွေကလည်း ချက်ချင်း ဖြစ်လာနိုင်တယ်... တစ်ခုခု မမျှော်လင့်တာ ဖြစ်လာရင်လည်း မတုန်လှုပ်ကြနဲ့”
မော်ရင်ညိုက ကစားသမားများ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူ မန်ယူကို စတင် ကိုင်တွယ်ကတည်းက အရာရာ အဆင်ပြေနေခဲ့သဖြင့် ယခုကဲ့သို့ အခြေအနေတွင် အနည်းငယ် စိုးရိမ်နေမိခြင်း ဖြစ်သည်။
“စိတ်မပူပါနဲ့ ဆရာ...”
ချူဖုန်းက ပြုံးလျက် ပြောလိုက်ပြီး သူ၏ ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ “ညီအစ်ကိုတို့... လီဗာပူးကို အလဲထိုးဖို့ ငါတို့ အစွမ်းကုန် ကြိုးစားကြရအောင်”
“လာထားဟေ့”
လက်ဝါးပေါင်း တစ်ဒါဇင်ကျော် ထပ်တူကျသွားသည့်အချိန်တွင် အဝတ်လဲခန်းအတွင်းမှ ဟိန်းထွက်လာသော အော်ဟစ်သံက လှိုဏ်ခေါင်းအတွင်း ပဲ့တင်ထပ်သွားသည်။ ချူဖုန်း တံခါးကို တွန်းဖွင့်ပြီး ထွက်လာချိန်တွင် လီဗာပူး ကစားသမားများနှင့် ဆုံမိသည်။ သူသည် အသင်းခေါင်းဆောင် လက်ပတ် ပတ်ထားသော ဟန်ဒါဆန်ကို မော့ကြည့်လိုက်သည်။
ဆန်းဒါးလန်းသား လီဗာပူး အသင်းခေါင်းဆောင်သည် တစ်ချိန်က မန်ယူပရိသတ် အမာခံဖြစ်ခဲ့ဖူးသလို သရဲနီ တပ်ဖွဲ့ထဲသို့ ဝင်ရောက်ရန်ပင် စဉ်းစားခဲ့ဖူးသူ ဖြစ်သည်။ သို့သော် မန်ယူ ဆေးအဖွဲ့က ဖာဂူဆန်ကို အကြံပေးခဲ့သည်မှာ - ဟန်ဒါဆန်၏ အပြေးဟန်မှာ ထူးဆန်းလွန်းသဖြင့် ဒဏ်ရာ မကြာခဏ ရနိုင်ခြေ ရှိသည် ဟူ၍ ဖြစ်သည်။ နောက်ဆုံးတွင် မန်ယူက ဟန်ဒါဆန်ကို ခေါ်ယူရန် လက်လျှော့ခဲ့သည်။
သို့သော် မန်ယူက စွန့်ပစ်ခဲ့သော ထိုကောင်လေးသည် ပြိုင်ဘက် လီဗာပူး၏ ခေါင်းဆောင်တစ်ဦးအဖြစ် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ထို့ပြင် ၂၀၁၆-၁၇ ရာသီတွင် သူသည် ကွင်းအတွင်း အများဆုံး ပြေးလွှားနိုင်သူအဖြစ် စံချိန်တင်ခဲ့သည်။
သို့သော် မန်ယူဆေးအဖွဲ့၏ ခန့်မှန်းချက်မှာလည်း လုံးဝ မမှားခဲ့ပေ။ ဟန်ဒါဆန်သည် ခြေဖဝါး ရောင်ရမ်းသည့် ရောဂါကို ခံစားနေရပြီး ယခုအခါ မတ်တပ်ရပ်နေလျှင်ပင် အမြဲတမ်း နာကျင်နေရသူ ဖြစ်သည်။
ထိုနာကျင်မှုမျိုးမှာ လူတိုင်း သည်းခံနိုင်သည့်အရာ မဟုတ်ပေ။ သို့သော် ဟန်ဒါဆန်ကမူ တည်ငြိမ်နေဆဲ ဖြစ်ကာ အကောင်းဆုံး အခြေအနေတွင် ရှိနေသယောင်ပင်။ သူတို့ကြားတွင် မည်သည့် စကားတစ်ခွန်းမျှ မဟကြပေ။ နှစ်သင်းလုံးမှ ကစားသမားများ ကွင်းထဲသို့ ပြန်လည် ရောက်ရှိလာကြပြီး ဘက်ပြောင်းကာ နေရာယူလိုက်ကြသည်။
***