တီ…
ဒိုင်လူကြီး၏ ခရာသံနှင့်အတူ အိုးထရက်ဖို့ဒ်ကွင်းကြီး ပြန်လည် ဆူညံလာတော့သည်။
“နှစ်သင်းလုံး လူစားလဲတာမျိုး မလုပ်သေးပါဘူး... ထိပ်တန်းပွဲစဉ်တွေမှာ လူစားလဲမှုတိုင်းက အရေးကြီးပါတယ်... တစ်ခါတလေ လူစားလဲမှု တစ်ခုတည်းနဲ့တင် ပွဲရဲ့ လမ်းကြောင်းက လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်...”
“ဥပမာဆိုရင် ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ လူစားလဲမှုမျိုးပေါ့...”
“မန်ယူက ပွဲစကတည်းက အားကုန် တိုက်စစ်မဆင်သေးဘဲ ကွင်းလယ်မှာပဲ ဘောလုံးပေးပို့နေတယ်... လီဗာပူး ကစားသမားတွေကို ရှေ့တိုးလာအောင် ဆွဲဆောင်နေတာလား...”
ဘောလုံးက မက်တော်မီနေး၏ ခြေထောက်အောက်သို့ ရောက်ရှိလာသည်။ စကော့တလန် လူငယ်လေးက ဘောလုံးကို ဆွဲထွက်ကာ အသင်း၏ ကစားကွက်ကို ရှေ့သို့ တွန်းတင်လိုက်သော်လည်း လီဗာပူး၏ ဖိအားပေးဇုန်သို့ ရောက်သောအခါ မာတစ်ထံသို့ ဘောလုံးကို ဘေးတိုက် ပေးပို့လိုက်သည်။
၎င်းက လီဗာပူးကို အခက်တွေ့စေသည်။ ရှေ့တိုးလာလျှင် နောက်တန်းတွင် နေရာလွတ်များ ဖြစ်ပေါ်သွားမည် ဖြစ်သလို ရှေ့မတိုးလျှင်လည်း မန်ယူက စိတ်ကြိုက် ဘောလုံးပေးပို့ ကစားနေမည် ဖြစ်သည်။
လီဗာပူး၏ နည်းဗျူဟာမှာ လှုပ်ရှားမှုအပေါ် အခြေခံထားသည်။ အကယ်၍ မန်ယူ၏ ထိန်းချုပ်မှုကို ခံလိုက်ရပါက သူတို့အတွက် အဆင်မပြေလှပေ။ အဆိုးဆုံးမှာ မန်ယူက ပွဲကို တဖြည်းဖြည်း စိုးမိုးသွားမည်ကို ဖြစ်သည်။ မကြာသေးမီက မန်စီးတီးကို ရှုံးနိမ့်ခဲ့သည်မှာလည်း ပွဲ၏ အရှိန်အဟုန်ကို မထိန်းချုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
ကလော့ပ်က အချက်ပြလိုက်သည်နှင့် လီဗာပူး တစ်သင်းလုံး ရှေ့သို့ တိုးလာတော့သည်။ ကစားကွက်ကို မထိန်းချုပ်နိုင်လျှင် ပွဲ၏ စည်းချက်ကို ဖျက်ဆီးပစ်မည်။ ကိုယ်ချင်းတိုက်ပြီး အရှိန်ကို ထိန်းချုပ်မည် ဟူသော သဘောပင်။
၎င်းက ပွဲကို ဖရိုဖရဲ ဖြစ်သွားစေသည်။
မန်ယူကလည်း အလျှော့မပေးဘဲ ပြန်လည် တိုက်ခိုက်သည်။ ဒုတိယပိုင်း ၅ မိနစ်ပင် မပြည့်သေးမီမှာပင် ဖာဘင်ညိုက ပေါ့ဘာကို တမင်တကာ ဝင်တိုက်မိသဖြင့် အဝါကတ် ပြသခြင်း ခံလိုက်ရသည်။
“မန်ယူက ထိရောက်တဲ့ တိုက်စစ်တွေကို မတည်ဆောက်နိုင်သေးဘူး... ဒီအတိုင်းသာ ဆက်သွားရင်တော့ လီဗာပူးရဲ့ တန်ပြန်တိုက်စစ်ကို ခံရဖို့ပဲ ရှိတယ်”
“ကွင်းလယ်မှာ ရတဲ့ ပြစ်ဒဏ်ဘောကို ကြည့်ရအောင်... မန်ယူ ဒါကို ကြိုတင် လေ့ကျင့်ထားမှာ သေချာပါတယ်... အခွင့်အရေးကို အသုံးချနိုင်မလား...”
“ဒေးဗစ်လူးဝစ်က ဘောလုံးကို ဂိုးဧရိယာရဲ့ အဝေးထောင့်ဆီ ကန်တင်လိုက်ပြီ”
ဘောလုံးက ဝေ့ဝဲကာ ချူဖုန်းဆီသို့ ပျံတက်သွားသည်။ သူက ဘောလုံးကို ခေါင်းတိုက်ရန် နေရာယူလိုက်စဉ်မှာပင် ဗန်ဒိုက်က ဘေးမှနေ၍ သူ့ကို ဝင်တိုက်လိုက်သည်။ ထိုထိတွေ့မှုမှာ ဖောင်းဘောအဆင့်အထိ မရောက်သော်လည်း အချိန်ကိုက်မှာ အလွန် ကောင်းမွန်လှသည်။ ချူဖုန်း ခုန်တက်မည့် အချိန်လေးတင် ဖြစ်သည်။
ချူဖုန်း၏ ဟန်ချက် ပျက်သွားသဖြင့် သူ၏ ခုန်နိုင်စွမ်းမှာ လျော့နည်းသွားရသည်။ မာတစ်က ထိုအခွင့်အရေးကို အသုံးချကာ ဘောလုံးကို ဂိုးဧရိယာအပြင်သို့ ခေါင်းတိုက် ထုတ်လိုက်သည်။ ပြီးပြည့်စုံသော ဝေဟင်ဘော ခံစစ်နည်းဗျူဟာကြောင့် ချူဖုန်းမှာ အားမထုတ်နိုင်ဘဲ ဖြစ်သွားရသည်။
“ငါတို့ လီဗာပူးက မန်စီးတီးနဲ့ မတူဘူး... ငါတို့ ဗဟိုနောက်ခံလူ နှစ်ယောက်လုံးက ၁.၉ မီတာကျော် မြင့်တယ်... ဒါကြောင့် ကိုယ်ချင်းတိုက်တဲ့ နေရာမှာ ဘယ်တော့မှ အရှုံးမပေးဘူး... ပြီးတော့ ငါတို့ဆီမှာ ပရီးမီးယားလိဂ်ရဲ့ ဝေဟင်ဘော ဘုရင် မာတစ် ရှိတယ်”
“ဒီနေ့မှာတော့ မန်ယူ နံပါတ် (၇) တောင် ဂိုးရဖို့ မလွယ်လှဘူး...”
“အန်ဖီးလ်ကွင်းကို ပြန်ရောက်ရင်တော့ လီဗာပူးက မန်ယူကို လေကြောင်းရန်ကင်းစင်နယ်မြ ဆိုတာ ဘာလဲဆိုတာ ပြပေးလိမ့်မယ်” ကာရေဂါ၏ အသံက ဝေဖန်ရေးခန်းအတွင်း ဟိန်းထွက်နေသည်။
နဗီးလ်က စိုးရိမ်နေသော်လည်း လျှာသွက်စွာ ပြန်ပြောလိုက်သည်။ “အန်ဖီးလ်မှာ လေကြောင်းခံစစ် မရှိဘူးလား... လီဗာပူးက ခေါင်းတိုက်ဂိုးတွေ ခဏခဏ ပေးနေရတာ မဟုတ်ဘူးလား... ငါ မှတ်မိသလောက်ဆိုရင် အာဆင်နယ်နဲ့ ပွဲမှာလည်း ခေါင်းတိုက်ဂိုး ပေးလိုက်ရတယ် မဟုတ်လား...”
ကာရေဂါ မျက်နှာ ပျက်သွားသည်။ အမ်မရီ၏ နည်းဗျူဟာမှာ တောင်ပံမှ ဖြတ်တင်ဘောများသာ ဖြစ်သည်ကို လူတိုင်း သိကြသည်။ အူဘာမီယန်းကလည်း ထိုဘောလုံးကို ခေါင်းနှင့် တိုက်သွင်းခဲ့ခြင်း မဟုတ်ဘဲ မျက်နှာနှင့် မှန်ပြီး ဝင်သွားခြင်း ဖြစ်သည်။
“ချူဖုန်း ခေါင်းတိုက်ဂိုး သွင်းပြီးမှ မင်း အဲဒီလို ပြောလို့ရမှာပါ... ဒါပေမဲ့ မင်းမှာ အဲဒီအခွင့်အရေး ရမယ်လို့ ငါ မထင်ဘူး...” ကာရေဂါက မဲ့ပြုံး ပြုံးလိုက်သည်။
သူတို့ နှစ်ယောက် ငြင်းခုံနေစဉ်မှာပင် ပွဲက ဆက်လက် ဖြစ်ပေါ်နေသည်။ မန်ယူ၏ တိုက်စစ်က ရလဒ် မထွက်သဖြင့် လီဗာပူးက တန်ပြန်တိုက်စစ် ဆင်နွှဲသော်လည်း သူတို့၏ နည်းဗျူဟာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ညာဘက်ခြမ်းမှ စတင်မည့်အစား နောက်တန်းမှ တိုက်ရိုက် တိုက်စစ်ဆင်ရန် ကြိုးစားသည်။
ချူဖုန်းက မာတစ်ကို ဖိအားပေးရန် ပြေးဝင်သွားချိန်တွင် မာတစ်က ဗန်ဒိုက်ထံသို့ ဘောလုံး ပေးလိုက်ပြီး ဗန်ဒိုက်က မာနေးထံသို့ အဝေးဘော လှမ်းတင်ပေးလိုက်သည်။ ပြင်းထန်သော ကွင်းလယ်တိုက်ပွဲကို ကျော်ဖြတ်လိုက်ခြင်း ဖြစ်သည်။ ဒါက တစ်ချိန်က မန်ယူ အသုံးပြုခဲ့သော နည်းဗျူဟာ ဖြစ်သော်လည်း ယခုအခါ မန်ယူကိုယ်တိုင် ခံစားနေရပြီ ဖြစ်သည်။
ဝမ်ဘစ်ဆာကာ၏ မာနေးအပေါ် တစ်ဦးချင်း ခံစစ်မှာ အတော်လေး ထိရောက်သည်။ သူက ခံစစ်အတွက်သာ အာရုံစိုက်ထားသူ မဟုတ်ပါလား။
လျင်မြန်သော အရှိန်နှင့် ပေါက်ကွဲအားကို အသုံးချကာ လိုက်လံ ပိတ်ဆို့နိုင်သလို ပြိုင်ဘက် အားနည်းသည့် အချိန်တွင်လည်း တိကျသော ဖျက်ထုတ်မှုများကို ပြုလုပ်နိုင်သည်။ သို့သော် မာနေးကလည်း အတွေ့အကြုံရှိသူ ဖြစ်သဖြင့် တစ်ယောက်တည်း တိုးမဝင်ဘဲ ဖာမီနိုထံသို့ ချဉ်းကပ်သွားသည်။
ဖာမီနိုသည် လီဗာပူး တိုက်စစ်အတွဲ၏ နှလုံးသည်းပွတ် ဖြစ်သည်။ အရပ်အမောင်း ကောင်းသော ဘရာဇီးလ် ဗဟိုတိုက်စစ်မှူး ဖြစ်သော်လည်း သူက ကွင်းလယ်တိုက်စစ် ကစားသမားနှင့် ပိုတူကာ ဘောလုံးများကို တောင်ပံသို့ ဖြန့်ဝေပေးသည့် အခန်းကဏ္ဍတွင် ရှိသည်။
“ဂိုးမသွင်းနိုင်တာ မိနစ် ၄၀၀ ကျော်သွားပြီ ဆိုရင်တောင် သူက လီဗာပူးရဲ့ တကယ့် အမြုတေပါပဲ”
“ကလော့ပ်ရဲ့ ၄-၃-၃ စနစ်မှာ သူက အစားထိုးလို့ မရတဲ့သူပဲ” ကာရေဂါက အော်လိုက်ပြန်သည်။
ဖာမီနိုက မာတစ်ကို အနှောင့်အယှက် ပေးခွင့်မပေးဘဲ ညာဘက်ခြမ်းရှိ ဆာလာထံသို့ တိကျသော ထောင့်ဖြတ်ဘော ပေးပို့လိုက်သည်။ ဝမ်ဘစ်ဆာကာ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ယှဉ်လျှင် ဒဏ်ရာမှ ပြန်လာသော လုခ်ရှောမှာ ဆာလာကို တားဆီးရန် ခက်ခဲလှသည်။ သူက ပထမ ခြေလှမ်း အနည်းငယ်မှာပင် ဆာလာ၏ နောက်သို့ ရောက်သွားပြီး ဆာလာက ဘောလုံးကို ဂိုးရှေ့သို့ ဖြတ်တင်လိုက်သည်။
ဘောလုံးက လှပသော အကွေးနှင့်အတူ ပျံတက်သွားသည်။ လှုပ်ရှားမှု နှေးကွေးသော မက်ဂွိုင်းယားမှာ ဘောလုံးကို မဖြတ်နိုင်ဘဲ ဂိုးဧရိယာ၏ ဘယ်ဘက်ခြမ်းဆီသို့ ရောက်သွားသည်ကိုသာ ကြည့်နေရသည်။ ထိုအချိန်တွင် နှစ်သင်းလုံးမှ ပရိသတ်များမှာ အသက်ရှူရန်ပင် မေ့လျော့နေကြသည်။
ဘုန်း...
မာနေးက ဝမ်ဘစ်ဆာကာထက် အရင် ပြေးတက်လာပြီး သူ၏ ဘယ်ခြေဖြင့် အားပါပါ ကန်သွင်းလိုက်သည်။
အရေးကြီးသည့် အချိန်တွင်တော့ မန်ယူအသင်းသည် ဒီဂီယာကိုသာ အားကိုးရပြန်သည်။ သူ၏ ထူးခြားသော ကာကွယ်မှုဖြင့် ဘောလုံးကို ပုတ်ထုတ်နိုင်ခဲ့သည်။ ဒေးဗစ်လူးဝစ်ကလည်း ပြေးလာပြီး ဘောလုံးကို ဘေးစည်းအပြင်သို့ ကန်ထုတ်လိုက်သည်။
“လှတယ်... ဒီဂီယာ”
“သူ့ရဲ့ ဂိုးစည်းပေါ်က စွမ်းဆောင်ရည်က မန်ယူရဲ့ ခံစစ်အားနည်းချက်တွေကို ဖုံးကွယ်ပေးနိုင်ပေမဲ့ ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်ဘူး... မော်ရင်ညို တစ်ခုခု ပြောင်းလဲမှ ဖြစ်မယ်” နဗီးလ်က သက်ပြင်းချလိုက်သော်လည်း သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသည်။
မန်ယူ ဘာကြောင့် ဒီလောက်အထိ အဖိခံနေရတာလဲ။ တန်ပြန်တိုက်စစ်လည်း မဆင်နိုင်သလို ခံစစ်ကလည်း အပေါက်ပေါက် ဖြစ်နေသည်။
တကယ်တော့ လီဗာပူးက အရမ်း အားကောင်းနေသောကြောင့် ဖြစ်နိုင်ပါသည်။ မာနေးရော ဆာလာပါ သူတို့၏ အကောင်းဆုံး အခြေအနေတွင် ရှိနေကြသည်။
လုခ်ရှောသည် သူ၏ ဒူးကို ကိုင်ကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ ဆာလာကို မိနစ် ၅၀ သာ ထိန်းရသေးသော်လည်း ပွဲတစ်ခုလုံး ကစားရသကဲ့သို့ ပင်ပန်းနေပြီ ဖြစ်သည်။
သို့သော် ဆာလာ၏ ကြံ့ခိုင်မှုလည်း သိသိသာသာ ကျဆင်းလာသည်ကို သူ သတိပြုမိသည်။ လီဗာပူးတွင် အရန်တောင်ပံကစားသမား ကောင်းကောင်း မရှိသဖြင့် သူသာ နောက်ထပ် ၁၀ မိနစ်လောက် တောင့်ခံနိုင်ပါက အက်ရှ်လေယန်း ဝင်လာလျှင် အခြေအနေ ပိုကောင်းလာပေလိမ့်မည်။
“မန်ယူတို့ ကံကောင်းတယ်လို့ပဲ ပြောရမယ်... မဟုတ်ရင် ရလဒ်က ဒီထက် ပိုပြတ်နေလောက်ပြီ”
“ဒါပေမဲ့ အရင်ပွဲနဲ့ ယှဉ်ရင် လီဗာပူး တိုးတက်လာတာကို ကျွန်တော် မြင်ရတယ်... သူတို့က မန်ယူရဲ့ တိုက်စစ်အောက်မှာ အဖိခံမနေတော့ဘဲ သူတို့ရဲ့ အသာစီးရမှုကို အသုံးချနိုင်နေပြီ...”
“ချူဖုန်း ဘောလုံး မထိရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ ကြည့်ဦး... အွန်လိုင်းမှာ တစ်ယောက်က မန်ယူ နံပါတ် (၇) က မမြင်ရအောင် လုပ်တဲ့ဆေး သောက်ထားတာလားလို့ မေးထားတာ တွေ့တယ်... ဒါက တကယ့် အကြောင်းပြချက်ကောင်းပဲ” ကာရေဂါသည် သူ ယခင်က ခံစားခဲ့ရသော အရှက်ရမှုများကို ယခုအခါ ပြန်လည် လှောင်ပြောင်ခြင်းဖြင့် ဖြေဖျောက်နေသည်။
“လီဗာပူး ထောင့်ကန်ဘော ရပြီ”
ကာရေဂါ ပြောသကဲ့သို့ပင် လီဗာပူးသည် ကွင်းလယ်မှ ချူဖုန်းကို လုံးဝ လျစ်လျူရှုထားပြီး မန်ယူဂိုးဧရိယာထဲသို့ တိုးဝင်ကာ ခေါင်းတိုက်ရန် ပြင်ဆင်နေကြသည်။ မာတစ်က မက်ဂွိုင်းယားကို ကျော်ဖြတ်ပြီး ဘောလုံးကို ခေါင်းတိုက်နိုင်ခဲ့သော်လည်း ထောင့်ကတော့ မကောင်းလှပေ။ ဒေးဗစ်လူးဝစ်က ဘောလုံးကို ပိတ်ဆို့လိုက်ပြီး အပြင်သို့ ကန်ထုတ်လိုက်သည်။
ကင်မရာက ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ နောက်တန်းမှ ပြေးတက်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက လီဗာပူး၏ ထာဝရ အသင်းခေါင်းဆောင် ဂျရတ်ကို ပြေးမြင်ယောင်စေသည်။
ဖာဘင်ညိုက အဝေးကန်ချက်ဖြင့် ဂိုးသွင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူ ဂိုးနှင့် မနီးသော်လည်း လူတိုင်းက ထိုဘောလုံး ဂိုးဝင်သွားတော့မည်ဟု ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ လီဗာပူး ပရိသတ်များမှာလည်း ရင်ခုန်စွာဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။
ဘုန်း…
သို့သော် သူတို့ မျှော်လင့်ထားသည့် မြင်ကွင်း ဖြစ်မလာဘဲ ဖာဘင်ညိုမှာ ဘေးသို့ လွင့်စင်သွားကာ ချူဖုန်းက ဘောလုံးကို ရယူသွားသည်ကို တွေ့လိုက်ရသည်။
သူက အဲဒီနေရာကို ဘယ်လို ရောက်သွားတာလဲ။
ကာရေဂါ တစ်ယောက် စဉ်းစားမရ ဖြစ်နေစဉ်မှာပင် ချူဖုန်းက ဘောလုံးနှင့်အတူ လှည့်ထွက်ကာ အရှိန်အဟုန်ဖြင့် စတင် ပြေးထွက်လိုက်တော့သည်။
မန်ယူ၏ တန်ပြန်တိုက်စစ်မှာ ဘယ်တုန်းကမှ အားမနည်းခဲ့ပေ။ သူတို့က အင်အားကို စုဆောင်းနေခြင်းသာ ဖြစ်သည်။
အခုတော့ ပေါက်ကွဲထွက်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။ မန်ယူနံပါတ် (၇) ဂျာစီနှင့် သူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော မန်ယူကစားသမားများဆီသို့ ကင်မရာက အာရုံစိုက်ထားလေပြီ
ဖာဘင်ညိုက နောက်မှ လိုက်လံ တားဆီးရန် ကြိုးစားသလို မီလ်နာကလည်း ဘေးမှ ကပ်လိုက်လာသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ချူဖုန်းက သူ၏ အရှိန်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ရာ သူ၏ အနီရောင် ဝတ်စုံစများသည် လေထဲတွင် မီးလျှံတစ်ခုကဲ့သို့ တဖျတ်ဖျတ် လွင့်နေတော့သည်။ ခဏချင်းအတွင်းမှာပင် ဖာဘင်ညိုမှာ အဝေးကြီးတွင် ကျန်ရစ်ခဲ့ပြီး ကွင်းဘေးမှ ကြော်ငြာဘုတ်များပင် ဝေဝါးသွားတော့သည်။
***