"ဒီကောင်လေးက တကယ်ပဲ သတ္တမထပ်ကို သွားတော့မှာလား..."
နင်းဖန်၏ လှုပ်ရှားမှုများနှင့်အတူ ထိုက်ရီအကြွင်းအကျန်နယ်မြေသည် ချက်ချင်းပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့၏။
လီချန်မင်၏ မျက်နှာတွင် အံ့အားသင့်မှုများ အပြည့်ဖြစ်နေပြီး ရွှီယိုဝေ၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေခဲ့သည်။
ယွီရူရွှမ်းသည် အတွေးနက်နေကာ တိတ်ဆိတ်နေခဲ့ပြီး ထိုက်ရီ၏ ဂိုဏ်းချုပ်ကမူ မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားခဲ့၏။
အခြားသော အကြီးအကဲများနှင့် အစစ်အမှန်တပည့်များစွာသည်လည်း ဆွေးနွေးမှုများဖြင့် ဆူညံနေကြသည်။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာဆောင်၏ ဆဋ္ဌမထပ်နှင့် သတ္တမထပ်တို့သည် အဆင့်ကွာဟချက်ကြီးမားသည့် အချိုးအကွေ့တစ်ခု ဖြစ်နေသောကြောင့်ပင်။ ပို၍တိကျစွာဆိုရလျှင် သတ္တမထပ်မှစ၍ နောက်ပိုင်းအထပ်တိုင်းသည် ကြီးမားသည့် အချိုးအကွေ့များပင် ဖြစ်လေသည်။
လူတစ်ဦး၏ မွေးရာပါ ပါရမီအတွက် လိုအပ်ချက်များမှာ အလွန် မြင့်မားလှ၏။
ရောက်ရှိနေသော တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများစွာထဲတွင် အများစုမှာ ကျမ်းစာဆောင်၏ ဆဋ္ဌမထပ်သို့သာ ခြေချနိုင်သည့် ပါရမီ ရှိကြသည်။
သတ္တမထပ်သို့ ဝင်ရောက်နိုင်သူများမှာ ထိုက်ရီဂိုဏ်းချုပ်နှင့် လျှို့ဝှက်ဓားတောင်ထိပ်၏ အရှင်သခင် ယွီရူရွှမ်းတို့သာ ဖြစ်ကြ၏။ ယင်းကိုကြည့်၍အခက်အခဲကို တွေ့မြင်နိုင်ပေသည်။
"အခုက နင်းဖန် ကျမ်းစာဆောင်ထဲကို ပထမဆုံးအကြိမ် ဝင်ဖူးတာဆိုတော့ သူ့ရဲ့ အကန့်အသတ်တွေ ဘယ်နေရာမှာ ရှိလဲဆိုတာကို သူ စမ်းသပ်ချင်တာ ဖြစ်နိုင်တယ်... သတ္တမထပ်ကို သွားတဲ့ လှေကားပေါ်မှာ သူ့ခန္ဓာကိုယ်က ထိုက်တောင်လို လေးလံနေတာကို တွေ့လိုက်ရရင် သူက ခက်ခဲမှုရှေ့မှာ ဆုတ်ခွာဖို့ သိသွားမှာ သေချာတယ်..."
ဤအချိန်တွင် အကြီးအကဲတစ်ဦးက ပြန်လည် တည်ငြိမ်သွားပြီး ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။
အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
ဆဋ္ဌမထပ်နှင့် သတ္တမထပ်ကြားရှိ ပါရမီ လိုအပ်ချက် ကွာဟချက်မှာ အလွန် ကြီးမားလှ၏။
အကယ်၍ သူသည် ထိုက်ရီဂိုဏ်းချုပ်၏ မိုးအပြာသစ်သား ဝိညာဉ်ခန္ဓာကိုယ် သို့မဟုတ် ယွီရူရွှမ်း၏ ရိုးရှင်းသောနှလုံးသား ဓားခန္ဓာကိုယ်ကဲ့သို့သော အထူးခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားပါက တစ်မျိုး ဖြစ်ပေမည်။
သို့သော် သူတို့သည် နင်းဖန်ကို အချိန်ကြာမြင့်စွာ စောင့်ကြည့်ခဲ့ပြီး ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်၏။
ဤလူတွင် မည်သည့် အထူးခန္ဓာကိုယ်မျိုးမျှ မရှိချေ။
သူသည် လုံးဝကို သာမန် သေမျိုးခန္ဓာကိုယ်တစ်ခုသာ ဖြစ်ပေသည်။
သေမျိုးခန္ဓာကိုယ်၏ အရည်အချင်းဖြင့် ကျမ်းစာဆောင်၏ ဆဋ္ဌမထပ်သို့ ခြေချနိုင်ခြင်းမှာ ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်နေပြီ ဖြစ်၏။
ယခု သူသည် သတ္တမထပ်သို့ တက်လှမ်းရန် ယောင်ယမ်းသော မျှော်လင့်ချက်ကို အမှန်တကယ် ပိုက်ထွေးထားလေရာ အားလုံး၏ အမြင်တွင် ဤသည်မှာ သဘာဝကျစွာပင် အောင်မြင်ရန် မဖြစ်နိုင်ချေ။
ထျန်းကျီးတောင်ထိပ်၏ အရှင်သခင်က ပို၍ ပြုံးကာ ပြောလိုက်သည်။
"သေမျိုးခန္ဓာကိုယ်က အကန့်အသတ်မရှိ ပြုပြင်ပြောင်းလဲနိုင်တဲ့ စက္ကူအလွတ်တစ်ရွက်လို ဖြစ်ပေမယ့် သူ့ရဲ့ အားနည်းချက်တွေကလည်း ထင်ရှားပါတယ်... ဒါကတော့ ညံ့ဖျင်းတဲ့ ပါရမီပဲ..."
"နင်းဖန်က သေမျိုးခန္ဓာကိုယ်ကို အားကိုးပြီး ကျမ်းစာဆောင်ရဲ့ ဆဋ္ဌမထပ်အထိ အဆင့်ဆင့် လျှောက်လှမ်းနိုင်တာက လောကမှာ ရှားပါးနေပြီ..ဒါက သူ့ရဲ့ အကန့်အသတ်လည်း ဖြစ်တယ်..."
ဤစကားများကို ကြားသောအခါ အားလုံးက သဘောတူကြောင်း ဖော်ပြကြ၏။
ဤအံ့ဖွယ်ကောင်းသော သိုင်းပညာကမ္ဘာတွင် ဤမျှ ကြီးမားလှသော လူဦးရေအခြေခံနှင့်အတူ ထူးခြားဆန်းကြယ်သော ခန္ဓာကိုယ်များသည် မကြာခဏဆိုသလို မွေးဖွားလာတတ်ကြောင်း သိထားရမည် ဖြစ်သည်။
ဤခန္ဓာကိုယ်များသည် ကျင့်ကြံခြင်းလမ်းကြောင်း၏ အချို့သော ကဏ္ဍများတွင် အထူး အကျိုးသက်ရောက်မှုများ ရှိတတ်၏။
လျှို့ဝှက်ဓားတောင်ထိပ်၏ အရှင်သခင် ယွီရူရွှမ်း၏ 'ရိုးရှင်းသောနှလုံးသား ဓားခန္ဓာကိုယ်' ကဲ့သို့ပင်။
နာမည်က အကြံပြုထားသည့်အတိုင်း ထိုသို့သော ထူးခြားသည့် ခန္ဓာကိုယ်ဆိုသည်မှာ ဓားတာအိုကို ကျင့်ကြံသောအခါ အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် နှစ်ဆသော ရလဒ်ကို ရရှိခြင်း ဖြစ်ပေသည်။
ယွီရူရွှမ်း မွေးဖွားလာချိန်မှစ၍ သူမ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းကို ဆုံးဖြတ်ပြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။
၎င်းမှာ ဓားကျင့်ကြံသူတစ်ဦး၏ လမ်းကြောင်းပင် ဖြစ်၏။
သူမသည် ဓားလေ့ကျင့်ခြင်းကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ဤလမ်းကြောင်းအတိုင်းသာ တိုးတက်နိုင်ပေသည်။
အမှန်တကယ်တော့ ယွီရူရွှမ်း ငယ်ရွယ်စဉ်က သူမသည် ဓားများကို အမှန်တကယ် စိတ်မဝင်စားခဲ့ချေ။ သူမသည် 'နတ်ဘုရားကျင့်ကြံသူ' တစ်ဦး ဖြစ်ချင်ခဲ့သည်။
ကျင့်ကြံသူများသည် နတ်ဘုရားအသိကို ပိုင်ဆိုင်ကြ၏။
သာမန် ကျင့်ကြံသူများ၏ နတ်ဘုရားအသိသည် ကင်းထောက်ခြင်းနှင့် အတွင်းပိုင်း စစ်ဆေးခြင်းကဲ့သို့သော လုပ်ဆောင်ချက်များအတွက်သာ အသုံးဝင်သည်။
သို့သော် နတ်ဘုရားအသိ နည်းစနစ်များကို အထူးတလည် ကျင့်ကြံသူအချို့သည် ၎င်းကို မမြင်နိုင်သော လက်နက်များအဖြစ် ပြောင်းလဲနိုင်ပြီး မိုင်ရာချီ အကွာအဝေးမှ လူများကို သတ်ဖြတ်နိုင်ပေသည်။
ထိုသို့သော ကျင့်ကြံသူများကို နတ်ဘုရားကျင့်ကြံသူများဟု ခေါ်ဆိုကြ၏။
ယွီရူရွှမ်း နတ်ဘုရားကျင့်ကြံသူတစ်ဦး ဖြစ်ချင်ရသည့် အကြောင်းရင်းမှာ သူမ၏ လူငယ်ဘဝတွင် ကောင်းကင်ဘုံအဆင့် ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်တစ်ခုကို တိုက်ဆိုင်စွာ ရရှိခဲ့သောကြောင့်ပင်။
ဤသည်မှာ ရေတွက်မရနိုင်သော သာမန် ကျင့်ကြံသူများ အိပ်မက်ပင် မမက်ဝံ့သော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
အကယ်၍ ၎င်းမှာ သေမျိုးခန္ဓာကိုယ်တစ်ခု ဖြစ်ပါက အမျိုးမျိုးသော နည်းစနစ်များကို ကျင့်ကြံခြင်းသည် သဘာဝကျစွာပင် တားမြစ်ချက်များ မရှိဘဲ လွတ်လပ်ပေမည်။
သို့သော် ယွီရူရွှမ်းတွင် ရိုးရှင်းသောနှလုံးသား ဓားခန္ဓာကိုယ် ရှိနေ၏။ အကယ်၍ သူမသည် ဓားလေ့ကျင့်ခြင်း၏ ဖြတ်လမ်းကို စွန့်လွှတ်ကာ နတ်ဘုရားကျင့်ကြံသူတစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းမည်ဆိုပါက ဖြစ်နိုင်သော်လည်း သူမ၏ အနာဂတ် အောင်မြင်မှုများသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်ခြင်းလောက် သေချာပေါက် မြင့်မားမည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ရိုးရှင်းသောနှလုံးသား ဓားခန္ဓာကိုယ်၏ စွမ်းအားဖြင့် ဓားနည်းစနစ်များကို ကျင့်ကြံခြင်းက သီးသန့် အားသာချက်တစ်ခုကို ပေးစွမ်းနိုင်ပြီး အမြန်နှုန်းမှာ အလွန် မြန်ဆန်မည် ဖြစ်သည်။
ထို့ပြင် နောက်ထပ် အချက်တစ်ချက် ရှိသေး၏။ ကျင့်ကြံသူများသည် အောက်ခြေအဆင့်တွင် ရှိနေချိန်၌ သူတို့၏ သက်တမ်းမှာ သာမန် သေမျိုးများနှင့် ကွာခြားမှု မရှိချေ။
ပိုမို မြင့်မားသော အဆင့်များသို့ ချိုးဖောက်ဝင်ရောက်နိုင်မှသာ ပိုမို အသက်ရှည်နိုင်ပေမည်။
ထို့ကြောင့် ကျင့်ကြံခြင်း၏ ကနဦးအဆင့်များတွင် စက္ကန့်တိုင်းက အရေးပါသည်ဟု ဆိုနိုင်ပေသည်။
အကယ်၍ ယွီရူရွှမ်းသည် သူမ၏ ရိုးရှင်းသောနှလုံးသား ဓားခန္ဓာကိုယ်ကို အသုံးမပြုဘဲ ထားခဲ့ကာ နတ်ဘုရားအသိကို ကျင့်ကြံရန် ခေါင်းမာမာဖြင့် ဇွတ်တောင်းဆိုခဲ့မည်ဆိုပါက...
သူမသည် သူမ၏ သက်တမ်း ကုန်ဆုံးသွားသည့်နေ့အထိ နောက်တစ်ဆင့်သို့ပင် ချိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် သူမသည် ဓားတာအိုကို မည်မျှပင် မနှစ်သက်စေကာမူ အဘက်ဘက်မှ စဉ်းစားပြီးနောက် သူမသည် ဓားကျင့်ကြံသူတစ်ဦး၏ လမ်းကြောင်းကိုသာ လျှောက်လှမ်းနိုင်ခဲ့သည်။
ဤသည်ကို အထူးခန္ဓာကိုယ်တစ်ခု နိုးထလာခြင်း၏ အားနည်းချက်တစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။
ကျင့်ကြံရာတွင် အင်အားကြီးမားသော အားသာချက်တစ်ခု ရှိနေသော်လည်း အနာဂတ် လမ်းကြောင်းမှာလည်း ပုံသေဖြစ်နေပြီး ရွေးချယ်စရာ အနည်းငယ်သာ ကျန်ရှိတော့၏။
သေမျိုးခန္ဓာကိုယ်မှာမူ ကွဲပြားသည်။
မွေးရာပါ အားနည်းပြီး ညံ့ဖျင်းသော ပါရမီရှိခြင်းမှလွဲ၍ ၎င်းသည် မြစ်ချောင်းအားလုံးကို လက်ခံသော ပင်လယ်နှင့် တူပေသည်။
မည်သည့် အခွင့်အရေးကို ရရှိသည်ဖြစ်စေ၊ မည်သည့် ကျင့်ကြံခြင်းနည်းစနစ်၏ သတ္တိကို ရရှိသည်ဖြစ်စေ ၎င်းတို့အားလုံးကို ကျင့်ကြံနိုင်ပေသည်။
နင်းဖန်သည် ယခု သေမျိုးခန္ဓာကိုယ်ဖြင့် ကျမ်းစာဆောင်၏ ဆဋ္ဌမထပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဤပါရမီအဆင့်မှာ အထူးခန္ဓာကိုယ်များစွာထက် မညံ့တော့ချေ။
ဤသည်မှာ အကြီးအကဲများစွာက သူ့ကို ဤမျှ တန်ဖိုးထားရသည့် အကြောင်းရင်းပင် ဖြစ်သည်။
ယွီရူရွှမ်းက သူ့အား တပည့်အဖြစ် လက်ခံရန် ဆန္ဒရှိရသည့် အကြောင်းရင်းမှာလည်း ဤအချက်ကြောင့်ပင် ဖြစ်၏။
သေမျိုးခန္ဓာကိုယ်၏ ပြုပြင်ပြောင်းလဲနိုင်စွမ်းက အလွန် အားကောင်းလွန်းလှသည်။
အစစ်အမှန်တပည့်များကြားတွင် ဆဋ္ဌမထပ်သို့ ခြေချနိုင်သူများ မနည်းပါသော်လည်း သူတို့အားလုံးတွင် အထူးခန္ဓာကိုယ်များ ရှိကြကြောင်း သိထားရမည် ဖြစ်၏။
သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းများမှာ အခြေခံအားဖြင့် ပုံသေဖြစ်နေပြီး ဓားလေ့ကျင့်ရန် သင့်တော်သူများမှာ ပို၍ပင် နည်းပါးလှသည်။
နင်းဖန်ကဲ့သို့သော တည်ရှိမှုမျိုးမှာ မီးအိမ်ထွန်းရှာလျှင်ပင် တွေ့ရန် အမှန်တကယ် မဖြစ်နိုင်ချေ။
သို့သော် အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်များ အားလုံးရှိနေသော်လည်း...
အားလုံးက နင်းဖန် သတ္တမထပ်သို့ ခြေချနိုင်လိမ့်မည်ဟု မယုံကြည်ကြသေးချေ။
ဤသည်မှာ သူတို့က တစ်စုံတစ်ဦးကို အလွယ်တကူ အထင်သေးသောကြောင့် မဟုတ်ဘဲ သက်သေအဖြစ် ရေတွက်မရနိုင်သော အစဉ်အလာများ ရှိနေသောကြောင့်ပင်။
ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် ရှေးခေတ်ကာလများကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်၏။ ရေတွက်မရနိုင်သော နှစ်များတစ်လျှောက် တပည့်မျိုးဆက်တစ်ခုပြီးတစ်ခု အဆုံးမရှိ ပြောင်းလဲလာခဲ့သည်။
သို့တိုင် သေမျိုးခန္ဓာကိုယ်တစ်ခုက သတ္တမထပ်သို့ ခြေချနိုင်ခဲ့သည့် မှတ်တမ်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။
ဤခိုင်မာသော အမှန်တရားသည် သေမျိုးခန္ဓာကိုယ်၏ အမြင့်ဆုံး အကန့်အသတ်မှာ ဤနေရာတွင်သာ ရပ်တန့်သွားကြောင်းကို လောကကြီးအား တိတ်ဆိတ်စွာ ပြောပြနေသကဲ့သို့ပင်။
ထို့ကြောင့် အားလုံးက နင်းဖန်သည် သေမျိုးခန္ဓာကိုယ်တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်နှင့် ဤသို့ မှတ်ချက်ချလိုက်ကြခြင်း ဖြစ်၏။
ယခုတိုင်အောင် သူတို့သည် နင်းဖန်က လက်လျှော့ရန် ဆန္ဒမရှိဘဲ သူ၏ ကိုယ်ပိုင် အကန့်အသတ်များကို စမ်းသပ်ချင်နေသည်ဟုသာ ခံစားနေကြသည်။
"နင်းဖန်က လှေကားရဲ့ အလယ်ကို ရောက်နေပြီ... ငါ ထင်တာမမှားရင် သူ အခု ထိုက်တောင်လို လေးလံနေတဲ့ သူ့ခန္ဓာကိုယ်ကို ခံစားနေရပြီး တောင့်ခံထားဖို့ ရုန်းကန်နေရပြီ... နောက်တစ်လှမ်း လှမ်းဖို့တောင် ပြဿနာဖြစ်နေလောက်ပြီ..."
ထျန်းကျီးတောင်ထိပ်၏ အရှင်သခင်က သူ၏ လက်ထဲရှိ ခေါက်ယပ်တောင်ကို ဖြန့်လိုက်ကာ သူ၏ စကားများမှာ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
"ဂျူနီယာညီလေးကျူးကော့ရဲ့ စကားတွေက အဓိပ္ပာယ်ရှိပါတယ်..."
" ဘာပဲပြောပြော ငါတို့ ထိုက်ရီအစစ်အမှန်ဂိုဏ်းရဲ့ ထျန်းကျီးတောင်ထိပ်က နည်းစနစ်တွေက အမြဲတမ်း မှားယွင်းမှု မရှိခဲ့ဘူးလေ... ဂျူနီယာညီလေးကျူးကော့က လောကအနှံ့ ကျော်ကြားတဲ့ အလယ်ပိုင်းကုန်းမြေရဲ့ နတ်ဘုရား တွက်ချက်သူလေးလို့တောင် လူသိများတာပဲ... သူ ဘယ်လိုလုပ် မှားနိုင်မှာလဲ..."
"ဟုတ်တယ် ဟုတ်တယ်..."
အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် ထောက်ခံလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် အောက်ဘက်ရှိ ကျမ်းစာဆောင် အတွင်း၌။
လှေကား၏ အလယ်သို့ ရောက်ရှိပြီးနောက် နင်းဖန်သည် အသက်ပြင်းပြင်းရှူကာ အတွင်းစိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။
ဒီလှေကားတွေကို ဘယ်သူ ဒီဇိုင်းဆွဲထားတာလဲ… အထပ်တစ်ထပ်တည်းမှာတင် လှေကားထစ်က နှစ်ဆယ်တောင် ရှိတယ်။
ထို့ပြင် လှေကားအနားယူရာ နေရာ သုံးခုရှိသေး၏။ တစ်နည်းအားဖြင့် ဆဋ္ဌမထပ်မှ သတ္တမသို့ ရောက်ရန် သူသည် လှေကားထစ် ရှစ်ဆယ်တိတိ တက်ရမည် ဖြစ်သည်။
နင်းဖန် ဆွံ့အသွားခဲ့၏။
ကျမ်းစာဆောင်တွင် အထပ်ကိုးထပ်သာ ရှိသော်လည်း အပြင်မှကြည့်လျှင် အဘယ်ကြောင့် ဤမျှ မြင့်မားပြီး ခမ်းနားနေရကြောင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
အမြင့် မီတာနှစ်ရာရှိသော အဆောက်အအုံကို ကိုးထပ်တည်းသာ ခွဲခြားထားသဖြင့် အလယ်တွင် လှေကားများစွာ ရှိမည်မှာ သေချာပေသည်။
သနားစရာကောင်းသော သာမန် သေမျိုးဖြစ်သည့် နင်းဖန်မှာ တက်ရလွန်းသဖြင့် မောပန်းနေခဲ့ပြီ ဖြစ်၏။
တည်ဆောက်သူ၏ ဦးနှောက်ထဲတွင် ချီးများ ရှိနေသည်ဟုသာ သူ ဆက်တိုက် ကျိန်ဆဲနိုင်တော့သည်။
အကယ်၍ နှစ်ပေါင်းမည်မျှကြာအောင် သေဆုံးနေခဲ့ပြီမှန်း မသိသော ဂိုဏ်း၏ ဘိုးဘေး တာအိုအရှင်ထိုက်ရီသာ နင်းဖန်၏ ညည်းတွားသံများကို သိရှိခဲ့ပါက သူလည်း အတော်လေး အသက်ရှူကျပ်သွားလောက်ပေသည်။
မည်သို့ပင်ဆိုစေ နည်းစနစ်တစ်ခု ရွေးချယ်ရန် ကျမ်းစာဆောင်ထဲသို့ ဝင်ရောက်နိုင်သူများထဲတွင် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ မဟုတ်သူ မည်သူရှိမည်နည်း။
တစ်နေ့တွင် သေမျိုးတစ်ဦးက ကျမ်းစာဆောင်အတွင်း၌ ဤမျှ အမြင့်အထိ လျှောက်လှမ်းလာလိမ့်မည်ဟု မည်သူက စိတ်ကူးနိုင်မည်နည်း။
ထို့ကြောင့် တာအိုအရှင်ထိုက်ရီကို အပြစ်တင်၍ မရနိုင်ပေ။
သူသည် တည်ဆောက်စဉ်အတွင်း အနည်းငယ် ထင်ရာစိုင်းခဲ့သော်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်နေသရွေ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံမှုသာ ရှိလျှင်ပင် လှေကားတက်ရ၍ မောပန်းသည်ဟု ညည်းတွားရန် မဖြစ်နိုင်ချေ။
ခဏတာ အနားယူပြီးနောက် နင်းဖန်သည် နောက်ဆုံးတွင် ဆက်လက် တက်သွားခဲ့၏။
သူသည် အနည်းငယ်မျှ ခုခံမှုမရှိဘဲ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် ရှေ့ရှိ လှေကားအနားယူရာ နေရာသို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့၏။
ဤနေရာတွင် သတ္တမထပ်သို့ ရောက်ရန် နောက်ဆုံး လှေကားထစ် နှစ်ဆယ်သာ ကျန်ရှိတော့သည်။
သို့သော် သူ မသိရှိခဲ့ချေ။
ဤလှုပ်ရှားမှု အဆက်ဆက်ကြောင့် ကောင်းကင်ယံရှိ အကြီးအကဲတစ်စု၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ပြီ ဖြစ်ကြောင်းကိုပင်။
ထျန်းကျီးတောင်ထိပ်၏ အရှင်သခင် ကျူးကော့မင်သည်ပင် အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြီးနောက် မျက်နှာရဲရဲဖြင့် ချောင်းဟန့်ကာ ပြောလိုက်၏။
"ကြည့်ရတာ နင်းဖန်က ငါတို့ စိတ်ကူးထားတာထက်တောင် ပိုပြီး ခံနိုင်ရည်ရှိပုံပဲ... ဒါပေမယ့် သတ္တမထပ်ကို တက်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးပါဘူး... ရှေးခေတ်ကတည်းက အခုချိန်အထိ ဂိုဏ်းမှာ ဒီလိုမျိုး ဖြစ်ရပ် တစ်ခါမှ မရှိခဲ့ဖူးဘူး..."
"နင်းဖန်ရဲ့ ခန္ဓာကိုယ်ပေါ်က ဖိအားက အခု သူ့ရဲ့ အကန့်အသတ်ကို ရောက်သွားပြီလို့ ငါ တွက်ချက်ထားတယ်... အသက်ရှူဖို့ ရုန်းကန်နေရတဲ့ သူ့ကို ကြည့်ပါဦး... သူ့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေက ဝန်ကို ထမ်းထားရုံတင်မကဘဲ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေတောင် အလွန်အမင်း နာကျင်မှုကို ခံစားနေရပြီလို့ ငါ စိုးရိမ်တယ်..."
"နောက်ဆို သူက တစ်လှမ်းတောင် လှမ်းနိုင်တော့မှာ မဟုတ်ဘူး..."
ကျူးကော့မင်က နောက်ထပ် အကဲဖြတ်မှုတစ်ခု ပြုလုပ်သည်ကို ကြားလိုက်ရပြီး အောက်ဘက်တွင် အမှန်တကယ် မောဟိုက်နေသော နင်းဖန်ကို ကြည့်ကာ...
အကြီးအကဲများသည်လည်း ယခင်က သူတို့၏ အရှက်ရမှုမှ ပြန်လည် တည်ငြိမ်သွားကြပြီး အားလုံးက နင်းဖန်သည် ဤတစ်ကြိမ်တွင် သူ၏ အကန့်အသတ်သို့ အမှန်တကယ် ရောက်ရှိသွားပြီဟု သူတို့၏ နှလုံးသားထဲတွင် ခံစားလိုက်ကြ၏။
ထို့ကြောင့် သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ပြီးနောက် ထပ်မံ၍ အလုအယက် သဘောတူလိုက်ကြသည်။
"ဂျူနီယာညီလေးကျူးကော့မှာ ဉာဏ်ပညာ မျက်လုံးရှိတာပဲ..."
"ဒီကလေး သူ့ရဲ့ အကန့်အသတ်ကို ရောက်သွားပြီဆိုတာ ငါလည်း သတိထားမိတယ်..."
"နင်းဖန် သတ္တမထပ်ကို မတက်နိုင်ရင်တောင်မှ သူ့ရဲ့ သေမျိုးခန္ဓာကိုယ် ပါရမီနဲ့ဆိုရင် သူက ငါတို့ဂိုဏ်းက ထိပ်တန်း ပါရမီရှင်တွေထဲမှာ ပါဝင်တယ်..."
"ဂျူနီယာညီလေးက ငါတို့ ထျန်းကျီးတောင်ထိပ်ရဲ့ မျိုးဆက်အဆက်ဆက်မှာ အထက်မြက်ဆုံး တောင်ထိပ်အရှင်သခင်ပဲ... အလယ်ပိုင်းကုန်းမြေရဲ့ နတ်ဘုရား တွက်ချက်သူလေးဆိုတဲ့ ဂုဏ်ပုဒ်က လုံးဝကို အလကားရထားတာ မဟုတ်ဘူး..."
"..."
ပတ်ဝန်းကျင်ရှိ အကြီးအကဲများသည် ကြီးကြီးကျယ်ကျယ် ပြောဆိုနေကြပြီး ယုံကြည်ချက်ရှိရှိ လက်ဟန်အမူအရာများ ပြုလုပ်နေကြ၏။
ရုတ်တရက် အစစ်အမှန်တပည့်တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"နင်းဖန် လှုပ်သွားပြီ..."
အားလုံးမှာ ချက်ချင်းပင် မှင်တက်သွားပြီး အောက်သို့ တစ်ယောက်ပြီးတစ်ယောက် ငုံ့ကြည့်လိုက်ကြ၏။
ထို့နောက် တိုက်ဆိုင်စွာပင် နင်းဖန်သည် တောင်ပံများဖြင့် လျှောက်နေသကဲ့သို့ လှေကားနှစ်ထစ်ကို တစ်ပြိုင်နက်တည်း ကျော်ကာ သူ၏ ပုံရိပ်သည် လှေကားထိပ်သို့ တိုက်ရိုက် ပြေးတက်သွားပြီး ကျမ်းစာဆောင်၏ သတ္တမထပ်သို့ ခြေချသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ကျူးကော့မင်"..."
အကြီးအကဲများ "..."
ထိုက်ရီဂိုဏ်းချုပ် "..."
တစ်နေရာလုံးသည် အရာအားလုံး ရပ်တန့်သွားသည့်အလားအပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွားလေ၏။
ထျန်းကျီးတောင်ထိပ်၏ အရှင်သခင် ကျူးကော့မင်၏ လက်ထဲရှိ ခေါက်ယပ်တောင်မှာ လွတ်ကျသွားပြီး မြေကြီးပေါ်သို့ ကျသွားသောကြောင့် ကြည်လင်သော "ဒေါက်" ဟူသည့် အသံတစ်ခုသာ ပဲ့တင်ထပ်သွားခဲ့သည်။
***