"သတ္တမထပ်..."
"နင်းဖန်က ကျမ်းစာဆောင်ရဲ့ သတ္တမထပ်ကို တက်သွားတာလား..."
"..."
အချိန်အတော်ကြာပြီးနောက် ရုန်းရင်းဆန်ခတ်မှုတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။
တောင်ထိပ်အရှင်သခင်အဆင့် ရှိသူများ အပါအဝင် အကြီးအကဲများစွာမှာ သူတို့၏ တည်ငြိမ်မှုကို ဆက်လက် မထိန်းသိမ်းနိုင်တော့ချေ။
ယွီရူရွှမ်းက နင်းဖန်၏ မတ်မတ်ရပ်နေသော ပုံရိပ်ကို စိုက်ကြည့်ရင်း သူမ၏ နှုတ်ခမ်းနီနီလေးများကို ဖွဖွလေး စေ့ကာ သူ့အား တပည့်အဖြစ် လက်ခံရန် သူမ၏ ဆုံးဖြတ်ချက်က ပို၍ပင် ခိုင်မာလာခဲ့သည်။
ထိုက်ရီ၏ ဂိုဏ်းချုပ်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး သူ၏ အသံမှာ ထိန်းမရအောင် ကျယ်လောင်လာကာ ပြောလိုက်၏။
"သာမန် သေမျိုးခန္ဓာကိုယ်လေးနဲ့ ကျမ်းစာဆောင်ရဲ့ သတ္တမထပ်ကို တက်လှမ်းနိုင်ခဲ့တာပဲ..."
"ရှေးခေတ်ကတည်းက သေမျိုးခန္ဓာကိုယ် အများအပြား မလုပ်နိုင်ခဲ့တဲ့ အရာကို သူက ဒီနေ့ ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီ..."
သေမျိုးခန္ဓာကိုယ်တစ်ခုအနေဖြင့် သူ၏ ကျင့်ကြံခြင်း ပါရမီသည် အထူးခန္ဓာကိုယ်များစွာထက် အမှန်တကယ်ပင် ပိုမို အားကောင်းနေခဲ့၏။
ယခုအခါ ကျမ်းစာဆောင်၏ သတ္တမထပ်သို့ ခြေချလိုက်ခြင်းဖြင့် သူသည် သေမျိုးခန္ဓာကိုယ်၏ 'အမြင့်ဆုံး အကန့်အသတ်' ဆိုသည်ကို ချိုးဖျက်လိုက်ပြီ ဖြစ်သည်။
ဤလုပ်ရပ်သည် အားလုံး၏ နားလည်မှုကို ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်ဟု ဆိုနိုင်ပေသည်။
၎င်းက ဖြစ်ပေါ်စေသော လှုပ်ခတ်မှုမှာ သဘာဝကျစွာပင် ကြီးမားလှ၏။
ဂိုဏ်းချုပ်မှာ ဝမ်းသာနေပြီး အကြီးအကဲများမှာ အံ့အားသင့်နေကြကာ အစစ်အမှန်တပည့်များက အပြင်းအထန် ဆွေးနွေးနေကြသည်။
ထို့ပြင် ဤရုန်းရင်းဆန်ခတ်မှု လှိုင်းတံပိုးသည် အပြင်ဘက် နယ်မြေများဆီသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့၏။
အသက်ရှူအကြိမ် အနည်းငယ်အတွင်း ၎င်းသည် ထိုက်ရီအကြွင်းအကျန်နယ်မြေ တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
အတွင်းစည်းနှင့် အပြင်စည်း နှစ်ခုလုံးမှ ရာနှင့်ချီသော တပည့်များသည် တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြ၏။
"ငါ အမြင်မှားနေတာများလား... ကျမ်းစာဆောင်ရဲ့ သတ္တမထပ်တဲ့လား..."
"ဒါက အစစ်လား အတုလား... အကြီးအကဲတွေက ငါတို့ကို ဖျော်ဖြေဖို့ စိတ်ကူးယဉ်ပုံရိပ်တွေ ဖန်တီးနေတာများလား..."
"သတ္တမထပ်ကို ခြေချနိုင်တဲ့ တပည့်မျိုး... ဒါ ဂိုဏ်းမှာ မပေါ်လာတာ နှစ်အတော်ကြာပြီ"
"အတွင်းစည်းရဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ ငါက တတိယထပ်ကိုပဲ ရောက်ခဲ့တယ်ဆိုတာ တွေးကြည့်စမ်း... ဒီကလေးရောက်တဲ့ တစ်ဝက်တောင် မရှိဘူး..."
"နင်းဖန်မှာ ဘယ်လို ခန္ဓာကိုယ်မျိုး ရှိနေတာလဲ... ဒါက အရမ်း အားကောင်းရမယ်မလား..."
"ဒါက အထူးခန္ဓာကိုယ် မဟုတ်ဘူးလို့ ကြားတယ်..."
"ဘာကို ဆိုလိုတာလဲ..."
"နင်းဖန်က သေမျိုးခန္ဓာကိုယ် ဖြစ်နေတာများလား..."
"ငါ မယုံဘူး... သာမန် သေမျိုးခန္ဓာကိုယ်က ကျမ်းစာဆောင်ရဲ့ သတ္တမထပ်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ..."
"သတင်းထူး... ငါက နင်းဖန်နဲ့ အပြင်စည်းတောင်ထိပ် အစမ်းခန့်တပည့် အတူတူလုပ်နေတာ ပြီးတော့ ငါတို့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ... ဂုဏ်ပြုမှတ် တစ်ထောင်တည်းနဲ့ ငါတို့ အပြင်ထွက်ရင် မင်းကို သူ့ဆီ ခေါ်သွားပေးမယ်..."
လေးနက်တည်ကြည်သော ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ ယခင်က မရှိခဲ့ဖူးသော ဆွေးနွေးမှု လှိုင်းတံပိုးတစ်ခု ရောက်ရှိလာခဲ့၏။
အမည်မသိ အပြင်စည်း အစမ်းခန့်တပည့်တစ်ဦးက အားလုံး၏ ရှေ့မှောက်တွင် ခေတ်အဆက်ဆက် တည်ရှိခဲ့သော သေမျိုးခန္ဓာကိုယ် ပါရမီ၏ အကန့်အသတ်ကို ရုတ်တရက် ချိုးဖျက်လိုက်ခြင်း ဖြစ်သည်။
ဤကိစ္စက မည်မျှ ထူးဆန်းသနည်း။
၎င်းက တပည့်များအား သမိုင်းကို ကိုယ်တိုင် တွေ့မြင်ရသည့် တုန်လှုပ်မှုနှင့် အိပ်မက်မက်နေသကဲ့သို့ အစစ်အမှန်မဟုတ်သော ခံစားချက်ကိုပါ ဖြစ်ပေါ်စေခဲ့၏။
အပေါ်မှ အောက်ခြေအထိ ထိုက်ရီအစစ်အမှန်ဂိုဏ်း တစ်ခုလုံးက ၎င်းအကြောင်းကို ဆွေးနွေးနေကြသည့် အတိုင်းအတာအထိပင်။
အချို့က မှင်တက်နေကြပြီး အချို့က သံသယဝင်နေကြကာ အချို့ကမူ ၎င်းကို အသုံးပြု၍ လူများထံမှ ငွေလိမ်လည်ရန်ပင် ကြိုးစားနေကြသည်... လှုပ်ရှားမှု အတိုင်းအတာမှာ ဂိုဏ်းစတင် တည်ထောင်ကတည်းက ရှားပါးလှ၏။
တစ်ချိန်တည်းမှာပင် ဂိုဏ်း၏ အဆင့်မြင့်အရာရှိများ ရပ်နေသော ဗဟိုနယ်မြေအတွင်း၌။
ထိုက်ရီဂိုဏ်းချုပ်၏ မျက်လုံးများတွင် ကျေနပ်အားရမှုများနှင့်အတူ စိတ်လှုပ်ရှားမှုများလည်း ရှိနေခဲ့ပြီး ပြောလိုက်၏။
"သတ္တမထပ်ကို ရောက်ရှိသွားတဲ့ သေမျိုးခန္ဓာကိုယ်... ဒီလုပ်ရပ်က ထာဝရအတွက် စံနမူနာတစ်ခုကို ဖန်တီးလိုက်တာပဲ… ငါတို့ဂိုဏ်းအတွက် နောက်ထပ် အမြင့်ဆုံး ပါရမီရှင်တစ်ယောက် ထပ်တိုးလာပြီ ထိပ်တန်း အစစ်အမှန်တပည့် ဆယ်ယောက်စာရင်းမှာတောင် ပါဝင်ဖို့ ထိုက်တန်တယ်..."
"ဂျူနီယာညီလေးတို့... ထပ်မငြင်းကြနဲ့တော့….ဒီကိစ္စပြီးလို့ ငါတို့ ထွက်သွားရတာနဲ့ နင်းဖန်က ငါ့ရဲ့ လမ်းစဉ်ကို ဝင်ရောက်ပြီး ငါ ကိုယ်တိုင် သင်ကြားပေးမယ်..."
ထိုက်ရီဂိုဏ်းချုပ်၏ စကားများကို ကြားသောအခါ အကြီးအကဲတစ်စုမှာ အံ့အားသင့်သွားကြ၏။
"ဘာလို့ စီနီယာအစ်ကိုဂိုဏ်းချုပ်ကပါ သူ့ကို လုယူဖို့ ဝင်လာရတာလဲ..."
ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်အနေဖြင့် ဂိုဏ်းချုပ်၏ ရာထူးမှာ မည်မျှမြင့်မားသနည်း။
ထိုက်ရီအစစ်အမှန်ဂိုဏ်းတွင် တိကျသော စည်းမျဉ်းများ မရှိသော်လည်း နှစ်များစွာတစ်လျှောက် ဆက်ခံသူ ဂိုဏ်းချုပ်များသည် ကိုယ်တိုင် စံပြအဖြစ် နေထိုင်ကာ မမြင်ရသော သံမဏိစည်းမျဉ်းတစ်ခုကို တည်ဆောက်ခဲ့ကြသည်။
ဂိုဏ်းချုပ်တစ်ဦးသည် သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့ကို တပည့်အဖြစ် လက်ခံခြင်းအပြင် အခြားမည်သည့် ကျောင်းသားကိုမျှ ထပ်မံ လက်ခံ၍ မရနိုင်ချေ။
ပထမအချက်မှာ ဂိုဏ်းချုပ်သည် တရားဝင် တာဝန်များနှင့် အလုပ်ရှုပ်နေပြီး သင်ကြားပေးရန် အချိန်များများစားစား မရှိသောကြောင့် ဖြစ်၏။
ဒုတိယအချက်မှာ ဂိုဏ်းချုပ်၏ တပည့်သည် သူတို့၏ အဆင့်အတန်းကြောင့် မာနထောင်လွှားလာကာ သူတို့၏ လိုအင်ဆန္ဒများ ကြီးထွားလာပြီး သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့နှင့် အာဏာလုမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့သည် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထား၏။ သူတို့သည် ဂိုဏ်း၏ အနာဂတ်ကို ကိုယ်စားပြုသော တပည့်မျိုးဆက်တစ်ခုစီ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သူတို့သည် နောက်လာမည့် ဂိုဏ်းချုပ်အတွက် လျာထားခံရသူများပင် ဖြစ်ပေသည်။
ထို့ကြောင့် ဂိုဏ်းချုပ်သည် တပည့် မလက်ခံရ သို့မဟုတ် သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့ကိုသာ တပည့်အဖြစ် လက်ခံနိုင်ပေသည်။
အကယ်၍ သူတော်စင် သို့မဟုတ် သူတော်စင်မိန်းမပျို မဟုတ်သော တပည့်တစ်ဦးကို ကျောင်းသားအဖြစ် လက်ခံပါက အချိန်ကြာလာသည်နှင့်အမျှ နောက်ကွယ်မှ ရည်ရွယ်ချက်များ ပေါ်ပေါက်မလာဟု အာမခံရန် ခက်ခဲပေသည်။
မည်သို့ပင်ဆိုစေ သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့ထံမှ နောက်ထပ် ဂိုဏ်းချုပ်ကို ရွေးချယ်ခံရခြင်းထက် မိမိ၏ ကိုယ်ပိုင်တပည့်ထံသို့ အာဏာလွှဲပြောင်းပေးလိုက်ခြင်းက ပို၍ ကောင်းမွန်မည် ဖြစ်သည်။
ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် မြင့်မားသော ကိုယ်ကျင့်တရားရှိသည့် ဖြောင့်မတ်သော လမ်းစဉ်၏ ကြီးမားသော ဂိုဏ်းတစ်ခု ဖြစ်သော်လည်း လူသားတို့၏ နှလုံးသားများကို နောက်ဆုံးတွင် ခန့်မှန်း၍ မရနိုင်ချေ။
သို့သော် ယခုအခါ အမြဲတမ်း အကျိုးအကြောင်း အသင့်မြတ်ဆုံးဖြစ်သော ထိုက်ရီဂိုဏ်းချုပ်သည် နင်းဖန်ကို တပည့်အဖြစ် လက်ခံလိုသဖြင့် ကိုယ်တိုင် ပါဝင်ရန် ဆန္ဒကို အမှန်တကယ်ပင် မထိန်းချုပ်နိုင်တော့ချေ။
အကြီးအကဲများစွာ မည်သို့ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။
သို့သော် ၎င်းမှာ ဤနင်းဖန်က အလွန် ထူးခြားလွန်းနေသောကြောင့်သာ ဖြစ်ကြောင်းကိုလည်း သူတို့၏ နှလုံးသားထဲတွင် နားလည်ထားကြ၏။
သေမျိုးခန္ဓာကိုယ် ပါရမီ၏ အကန့်အသတ်ကို ချိုးဖျက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး... ကောင်းစွာ သင်ကြားပေးပါက သူ၏ အနာဂတ်မှာ အမှန်တကယ်ပင် ခန့်မှန်း၍ မရနိုင်ချေ။
ယွီရူရွှမ်း၏ ဖီးနစ်ငှက်မျက်လုံးများက ထိုက်ရီဂိုဏ်းချုပ်ကို စိုက်ကြည့်လိုက်၏။
သူတို့နှစ်ဦးစလုံးသည် သူတို့မျိုးဆက်၏ တပည့်များထဲတွင် အစီနီယာအကျဆုံးဖြစ်ပြီး အထက်မြက်ဆုံးလည်း ဖြစ်ကြသည်။
အကယ်၍ ထိုက်ရီဂိုဏ်းချုပ်ကသာ ယခု ဝင်မပြောပါက နင်းဖန်သည် ယွီရူရွှမ်း၏ လက်ထဲသို့ သေချာပေါက် ကျရောက်သွားမည် ဖြစ်၏။
အခြားအကြီးအကဲများတွင် ယှဉ်ပြိုင်နိုင်ရန် အဆင့်အတန်း မရှိချေ။
ထို့ကြောင့် ယွီရူရွှမ်း မည်သို့ စိတ်မဆိုးဘဲ နေနိုင်မည်နည်း။
ထိုက်ရီဂိုဏ်းချုပ်သည် စိုက်ကြည့်ခံရသဖြင့် သူ၏ မျက်နှာ ပူထူလာသည်ကို ခံစားလိုက်ရ၏။
သူ ကျော်လွန်လုပ်ဆောင်မိကြောင်း သူ သိထားသည်။ ဤရာထူးဖြင့် သူသည် တပည့်များ ဆက်လက်မခံသင့်ချေ။
အမှားလုပ်မိသည်ဟု ခံစားရသဖြင့် ယွီရူရွှမ်းကို သူ မကြည့်ဝံ့ချေ။
လူအုပ်ထဲတွင် နောက်ဆုံး၌ ထျန်းကုန်းတောင်ထိပ်မှ လီချန်မင်က ဦးစွာ စကားပြောကာ အကြံပေးလိုက်၏။
"စီနီယာအစ်ကိုဂိုဏ်းချုပ်... ထပ်စဉ်းစားပါဦး... ဂိုဏ်းချုပ်တစ်ယောက်က တပည့်လက်ခံတဲ့ အစဉ်အလာမျိုး ငါတို့ဂိုဏ်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူး... တကယ်လို့ ဒါကို ခွင့်ပြုလိုက်ရင် သူတော်စင်နဲ့ သူတော်စင်မိန်းမပျိုက ဘယ်လို တွေးကြမလဲ..."
ဤစကားများ ပြောလိုက်သည်နှင့် အခြားအကြီးအကဲများကလည်း တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လာကြသည်။
အနည်းငယ် ပိုဝေးသော နေရာရှိ အစစ်အမှန်တပည့်များအုပ်စု၏ အရှေ့ဆုံးတွင်မူ...
ဤမျိုးဆက်၏ အမျိုးသား တပည့်များ၏ ခေါင်းဆောင်အနေဖြင့် ထိုက်ရီ သူတော်စင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
ယနေ့ အဖြစ်အပျက်များနှင့် ပတ်သက်၍ ထိုက်ရီအကြွင်းအကျန်နယ်မြေထဲတွင် မထင်မှတ်ဘဲ ပိတ်မိသွားသည်ဖြစ်စေ နောက်ပိုင်းတွင် ဂိုဏ်းတစ်ခုလုံးက နင်းဖန်၏ တစ်ကိုယ်တော် တင်ဆက်မှုကို စောင့်ကြည့်နေရသည်ဖြစ်စေ မည်သည့်အရာကမျှ သူ၏ စိတ်ခံစားမှုများကို အနည်းငယ်မျှ မတုန်လှုပ်စေခဲ့ချေ။
သူ၏ အမြင်တွင် နင်းဖန်သည် အပြင်စည်းမှ အရေးမပါသော ဖွဲဆန်ကွဲတစ်ခုမျှသာ ဖြစ်၏။
နောက်ပိုင်းတွင် သူက အံ့မခန်း ပါရမီကို ပြသခဲ့ပြီး ဖွဲဆန်ကွဲ အဆင့်အတန်းမှ လွတ်မြောက်သွားခဲ့သော်လည်း သူသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာရန် ဝေးကွာနေဆဲ ဖြစ်သည်။
နင်းဖန် ကျမ်းစာဆောင်၏ သတ္တမထပ်သို့ တက်သွားသည်ကို မြင်ရလျှင်ပင် သူသည် ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေခဲ့၏။
မည်သို့ပင်ဆိုစေ လက်ရှိ သူတော်စင်တစ်ဦးအနေဖြင့် သူ၏ ပါရမီမှာ အလွန် မြင့်မားလှပြီး ထိုအချိန်က သူသည် အဋ္ဌမထပ်သို့ပင် ရောက်ရှိခဲ့သည်။
နင်းဖန်၏ ပါရမီမှာ အထင်ကြီးစရာ ကောင်းသော်လည်း သူ့နှင့် နှိုင်းယှဉ်လျှင် တစ်ဆင့် နိမ့်နေသေး၏။
သို့သော် ယခု ထိုက်ရီဂိုဏ်းချုပ်၏ တပည့်လက်ခံမည်ဟူသော ရုတ်တရက် စကားများက အမြဲတမ်း ဂရုမစိုက်တတ်သော ဤသူတော်စင်ကို ပထမဆုံးအကြိမ် တည်ငြိမ်မှု ပျက်ပြားသွားစေခဲ့သည်။
ဤအချိန်တွင် သူ၏ နားများကို စွင့်ထားလျက် ဂရုမစိုက်ဟန်ပြသော အမူအရာအောက်တွင် သူသည် အကြီးအကဲများ၏ စကားဝိုင်းကို အနီးကပ် စောင့်ကြည့်နေခဲ့၏။
အကြီးအကဲများက ဂိုဏ်းချုပ်ကို ဖျောင်းဖျ၍ မရနိုင်ဘဲ သူက အမှန်တကယ်ပင် နင်းဖန်ကို ကိုယ်ပိုင်တပည့်အဖြစ် လက်ခံလိုက်မည်ကို သူ အလွန် စိုးရိမ်နေခဲ့သည်။
***