"စနစ်... ဒီလိုလုပ်တာ တကယ်ပဲ အဆင်ပြေရဲ့လား..."
ကျမ်းစာဆောင် အတွင်း၌ နင်းဖန်သည် လက်နှစ်ဖက်ကို ပိုက်ထားလျက် မယုံကြည်နိုင်မှု အနည်းငယ် ရောနှောကာ မေးလိုက်၏။
အရာအားလုံးက လွန်ခဲ့သော နှစ်မိနစ်ခန့်က စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က သူသည် ကျင့်ကြံရန် ရည်ရွယ်ထားသော ကျင့်ကြံခြင်းနည်းစနစ်ကို ရွေးချယ်နေစဉ် စနစ်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့၏.....။
[ဂုဏ်ယူပါတယ် ပိုင်ရှင်... ဂိုဏ်းရဲ့ ကျမ်းစာဆောင် ထိပ်ဆုံးထပ်ကို တက်လှမ်းနိုင်ခဲ့ပြီး သေမျိုးခန္ဓာ ကိုယ်ရဲ့ အကန့်အသတ်တွေကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် အပိုဆောင်း လမ်းညွှန်တာဝန် ဆုလာဘ် တစ်ခုဖြစ်တဲ့ တစ်ခါသုံး ပေါင်းစပ်ခြင်း လက်မှတ် x၁ ကို ရရှိသွားပါပြီ...]
ရုတ်တရက် ရရှိလာသော ဆုလာဘ်ကြောင့် နင်းဖန်မှာ အခိုက်အတန့်မျှ မှင်တက်သွားခဲ့၏။
အကျဉ်းချုပ် ရှင်းပြချက်ကို ကြားပြီးနောက် ဤပေါင်းစပ်ခြင်း လက်မှတ်၏ လုပ်ဆောင်ချက်ကို သူ နားလည်သွားခဲ့သည်။
ထိုပစ္စည်းမှာ သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်၏ အောင်မြင်မှုနှုန်းကို ရာခိုင်နှုန်းပြည့် ရောက်ရှိ စေနိုင်သော အံ့ဖွယ်အရာတစ်ခု ဖြစ်ပေသည်။
သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်ဆိုသည်မှာ မည်သည့်အရာလဲ ဆိုသည်နှင့် ပတ်သက်၍ ကျမ်းစာ ဆောင်ရှိ စာအုပ်များစွာကို ဖတ်ရှုပြီးနောက် နင်းဖန်က ထိုအကြောင်း အနည်းငယ် သိရှိထားပြီး ဖြစ်၏။
ရိုးရှင်းစွာ ပြောရလျှင် ဤနည်းစနစ်သည် ကျင့်ကြံခြင်းနည်းစနစ်များစွာကို ပေါင်းစပ်ကာ အဆင့်တက် စေနိုင်သော လျှို့ဝှက်အနုပညာတစ်ခု ဖြစ်ပေသည်။
ထိုအရာ၏ မူလအစနှင့် ဖန်တီးရှင်ကို ခြေရာခံ၍ မရနိုင်တော့ချေ။
သို့သော် နင်းဖန်ကို အံ့အားသင့်ဆုံး ဖြစ်စေခဲ့သောအရာမှာ ဤမျှ ကောင်းကင်ဘုံကို အံတုနိုင်သော အကျိုးသက်ရောက်မှု ရှိသော်လည်း ထိုအရာကို ရရှိရန် ခက်ခဲမှုမှာ မမြင့်မားခြင်းပင်။
ကျပန်း ဈေးဆိုင်တစ်ခုတွင်ပင် ထိုအရာကို ရှာတွေ့နိုင်ပေသည်။
"သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်က ထိန်းချုပ်ရ အရမ်း လွယ်ကူတယ် သေမျိုးတစ်ယောက် တောင် အသုံးပြုလို့ ရတယ်...။"
နင်းဖန်က ကျမ်းစာဆောင်၏ ဒုတိယထပ်တွင် သူတွေ့ခဲ့ရသော သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ် ၏ ဖော်ပြချက်ကို ပြန်လည်တွေးတောရင်း သူ့ကိုယ်သူ ရေရွတ်လိုက်၏။
သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်ကို ဖန်တီးခဲ့သူမှာ သေချာပေါက် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေမည်။
ဤနည်းစနစ်ကို မရှိရာမှ တစ်စုံတစ်ရာ ဖန်တီးခြင်းနှင့် ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲခြင်း အနုပညာတစ်ခုဟု ခေါ်ဆိုနိုင်ပေသည်။
သို့တိုင် ၎င်းကို လုပ်ဆောင်ရန် အလွန် လွယ်ကူလှ၏။ သဘာဝကျစွာပင် ထိုအရာတွင် အားနည်းချက် များ မရှိသည်တော့ မဟုတ်ချေ။
ကျင့်ကြံခြင်းနည်းစနစ်များ ပေါင်းစပ်ခြင်း၏ အောင်မြင်မှုနှုန်းသည် နည်းစနစ်များ၏ အဆင့်မြင့်မား လာသည်နှင့်အမျှ တဖြည်းဖြည်း ကျဆင်းသွားမည် ဖြစ်သည်။
ထို့ပြင် ထိုနည်းစနစ်သည် နည်းစနစ်များအပေါ် ကျင့်ကြံသူ၏ နားလည်မှုနှင့် သူတို့၏ ကိုယ်ပိုင် မွေးရာ ပါ ပါရမီအပေါ်တွင် အကြီးအကျယ် မှီခိုနေရ၏။
ဥပမာအားဖြင့် အကယ်၍ တစ်စုံတစ်ဦးသည် အဝါရောင်အဆင့်နိမ့် ကျင့်ကြံခြင်းနည်းစနစ် သုံးခုကို ပေါင်းစပ်ကာ အသစ်စက်စက် အဝါရောင် အလယ်အလတ်အဆင့် တစ်ခုအဖြစ် အဆင့်မြှင့်တင် လိုသည် ဆိုပါစို့။
အကောင်းဆုံး အခြေအနေမှာ ကျင့်ကြံသူသည် အဝါရောင်အဆင့်နိမ့် ကျင့်ကြံခြင်းနည်းစနစ် သုံးခုစလုံးကို ပြီးပြည့်စုံသည့် အခြေအနေအထိ ကျင့်ကြံထားပြီး ထိုအရာများ၏ အနှစ်သာရကို သေချာစွာ နားလည်ထားရန် လိုအပ်သည်ပင်ဖြစ်၏။
ထိုအဆင့်တွင် သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်ကို အသုံးပြုပါက အောင်မြင်မှုနှုန်း အလွန် မြင့်မားမည် ဖြစ်၏။
သို့သော် ကျင့်ကြံသူ အများစုအတွက် အဝါရောင်အဆင့်နိမ့် နည်းစနစ် သုံးခုကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံရန်မှာ အချိန်နှင့် အားစိုက်ထုတ်မှု များစွာ လိုအပ်ပေသည်။
သုံးနှစ်မှ ငါးနှစ်မှာ အများအားဖြင့် ကြာတတ်ပြီး ဆယ်နှစ်ဆိုသည်မှာလည်း ပုံမှန်ပင် ဖြစ်၏။
ကန့်သတ်ချက်ရှိသော သက်တမ်းအတွင်း ပိုမိုမြင့်မားသော အဆင့်တစ်ခုကို ရရှိရန်အတွက်သာ ကွဲပြားသော နည်းစနစ်သုံးခုကို လေ့ကျင့်ရင်း အချိန်များစွာ ဖြုန်းတီးခြင်းမှာ ရိုးရှင်းစွာပင် တွက်ခြေမကိုက်ချေ။
ထို့ကြောင့် အောက်ခြေအဆင့် ကျင့်ကြံသူများကြားတွင် နည်းစနစ်အသစ်များ ပေါင်းစပ်ရန် သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်ကို အသုံးပြုသူ လုံးဝ မရှိသလောက်ပင်။
အဝါရောင်အဆင့်သည်ပင် ဤသို့ဖြစ်ပါက လေးနက်သောအဆင့်နှင့် မြေကမ္ဘာအဆင့် ကျင့်ကြံခြင်း နည်းစနစ်များအတွက် ခက်ခဲမှုမှာ စိတ်ကူးကြည့်၍သာ ရနိုင်ပေသည်။
တစ်ခါက မြေကမ္ဘာ အလယ်အလတ်အဆင့် ကျင့်ကြံခြင်းနည်းစနစ် နှစ်ခုကို မြေကမ္ဘာအဆင့်မြင့် တစ်ခုအဖြစ် သန့်စင်ရန် ကြိုးပမ်းခဲ့သော အင်အားကြီးမားပြီး နက်ရှိုင်းသည့် ကျင့်ကြံသူတစ်ဦး ရှိခဲ့ဖူးလေ၏။
ဤရည်ရွယ်ချက်အတွက် သူသည် အောင်မြင်မှုနှုန်းကို တိုးမြှင့်ရန် အမျိုးမျိုးသော လျှို့ဝှက်နည်းလမ်း များကို အသုံးပြုကာ နှစ်ရှစ်ရာတိတိ အချိန်ကုန်ခံခဲ့သည်။
သို့သော် အဆုံးတွင် ထိုအရာသည် ကျရှုံးမှုဖြင့်သာ အဆုံးသတ်သွားခဲ့၏။
ဤစမ်းသပ်မှုက သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်သည် ကောင်းကင်ဘုံကို အံတုနိုင်သော်လည်း ထိုအရာကို လက်တွေ့အသုံးချခြင်းမှာ ခဏတာ အိပ်မက်တစ်ခုနှင့် တူကြောင်းကို ကမ္ဘာကြီးအား ရှင်းလင်းစွာ မြင်တွေ့စေခဲ့သည်ပင်။
ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းနည်းစနစ်များကို သန့်စင်နိုင်သလား ဆိုသည်နှင့် ပတ်သက်၍မူ။ သဘာဝကျစွာပင် သန့်စင်နိုင်ပေသည်။
သို့သော် ရှေးခေတ်ကာလမှ ယနေ့တိုင် ထိုသို့ ပြုလုပ်သူ လုံးဝ မရှိသလောက်ပင်။
အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းနည်းစနစ်များသည် လောက တွင် တစ်ခုတည်းသာ ရှိပေသည်။
သန့်စင်နေစဉ်အတွင်း နည်းစနစ်ကို မှတ်တမ်းတင်ထားသော ရုပ်ဝတ္ထု ကျောက်စိမ်းပြားသည် ဖျက်ဆီး ခံရပြီး ပြန်လည်ဖွဲ့စည်းရမည်ဖြစ်ကာ ထိုအရာ၏ နာမ်ဝိညာဉ်ကို ဖျက်ပစ်ရမည် ဖြစ်၏။
အကယ်၍ အောင်မြင်ပါက အရာအားလုံး အဆင်ပြေမည် ဖြစ်သော်လည်း အကယ်၍ ကျရှုံးပါက ထိုကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းနည်းစနစ်၏ မှတ်တမ်းသည် လောကမှ လုံးဝ ပျောက်ကွယ် သွားမည် ဖြစ်ပေသည်။
နည်းစနစ်ကို သင်ယူပြီးသားသူ တစ်ဦးပင်လျှင် တူညီသော ကျောက်စိမ်းပြားကို ပြန်လည် မဖန်တီး နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သန့်စင်ဖယ်ရှားခံလိုက်ရသော ကျောက်စိမ်းပြားအတွင်းရှိ နာမ်ဝိညာဉ်သည် နည်းစနစ်ကို ဖန်တီးရှင်ထံမှ မြစ်ဖျားခံသောကြောင့်ပင်။
နည်းစနစ်ကို သင်ယူခဲ့သော နောင်လာနောက်သားများသည် မှတ်တမ်းတင်ထားသော ကြားခံတစ်ခုကို မထုတ်လုပ်နိုင်ချေ။
အကယ်၍ သူတို့က အခြားသူများကို သင်ကြားပေးလိုပါက ကိုယ်တိုင် ညွှန်ကြားခြင်းဖြင့်သာ ပြုလုပ် နိုင်ပေမည်ဖြစ်၏။
သို့သော် ဤအမွေအနှစ် လက်ဆင့်ကမ်းသည့် နည်းလမ်းက ကျောက်စိမ်းပြားတစ်ခုကဲ့သို့ မည်သို့ လုံခြုံ သို့မဟုတ် အဆင်ပြေနိုင်မည်နည်း။ ရှည်လျားသော နှစ်များတစ်လျှောက် အမျိုးမျိုးသော မတော်တဆ မှုများက ထိုအရာကို လုံးဝ ပျောက်ကွယ်သွားစေရန် မလွှဲမရှောင်သာ ဦးတည်သွားစေမည် ဖြစ်၏။
ကောင်းကင်ဘုံအဆင့် နည်းစနစ်တစ်ခုကို ပြီးပြည့်စုံသည်အထိ လေ့ကျင့်ရန်မှာ ရိုးရှင်းသော အလုပ် တစ်ခု မဟုတ်သည်ကိုတော့ ပြောစရာပင် မလိုတော့ချေ။
ထို့ပြင် ဤအဆင့်ရှိ မည်သည့်နည်းစနစ်က အလွန် အဖိုးမတန်ဘဲ ရှိမည်နည်း။ ကမ္ဘာကြီး တစ်ခုလုံးတွင် များများစားစား မရှိချေ။
ထို့ပြင် ၎င်းတို့ကို ကျင့်ကြံနိုင်သည့် ပါရမီရှိသူများမှာ ပို၍ပင် နည်းပါးလှ၏။
ထို့ကြောင့် မည်သည့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကိုမဆို သန့်စင်ရန် ယူဆောင်ခြင်း မှာ အခြားသူများ၏ အမြင်တွင် ကြီးမားသော အပြစ်တစ်ခုအဖြစ် မှတ်ယူခံရမည် ဖြစ်လေသည်။
၎င်းမှာ ယခင်လူများ အပင်ပန်းခံ ဖန်တီးခဲ့သော ကျင့်ကြံခြင်းအမွေအနှစ်ကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် ယခု သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်ကို လုပ်ဆောင်နေစဉ် နင်းဖန်သည် အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
မည်သို့ပင်ဆိုစေ သူ သန့်စင်မည့်အရာမှာ နည်းစနစ်တစ်ခု သို့မဟုတ် နှစ်ခုကဲ့သို့ ရိုးရှင်းခြင်း မရှိချေ။
သူသည် ကျမ်းစာဆောင်၏ နဝမထပ် တစ်ခုလုံးရှိ ကောင်းကင်ဘုံ အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ် သုံးဆယ့်ခုနစ်ခုစလုံးကို ထည့်သွင်းနေခြင်း ဖြစ်၏။
ဤသည်မှာ ထိုက်ရီအစစ်အမှန်ဂိုဏ်းက ထိပ်တန်းအဆင့် အင်အားစုတစ်ခုအနေဖြင့် ထိုအဖွဲ့၏ အမွေအနှစ် နှစ်သန်းဆယ်ချီတစ်လျှောက် စုဆောင်းထားသော အခြေခံအုတ်မြစ် တစ်ခုလုံးပင် ဖြစ်သည်။
ဒဏ္ဍာရီလာ နတ်ဘုရားကူးဖြတ်ခြင်း အဆင့်ရှိ အင်အားကြီးမားသူတစ်ဦးပင်လျှင် ထိုအရာများကို ဤမျှ ပေါ့ပေါ့တန်တန် ဖြုန်းတီးပစ်ရန် မဝံ့ရဲချေ။
သို့တိုင် သေမျိုးတစ်ဦးဖြစ်သော သူသည် ထိုအရာများအားလုံးကို သန့်စင်ခြင်းဖြင့် စတင်နေခဲ့၏။
ဤသည်ကို မြင်လျှင် မည်သူက ဒေါသတကြီးဖြင့် ခြေဆောင့်မနေဘဲ ရှိမည်နည်း။
ဤစိုးရိမ်ပူပန်မှု စကားများကို ကြားသောအခါ စနစ်က ချက်ချင်း တုံ့ပြန်လာခဲ့သည်။
[ပိုင်ရှင်... ဒီစနစ်ရဲ့ စွမ်းဆောင်ရည်တွေကို ကျေးဇူးပြုပြီး ယုံကြည်ပါ... အရာအားလုံးက ပိုင်ရှင်ကို နောက်ရက် (၁,၀၂၄) ရက်အကြာမှာ ကျရောက်လာမယ့် ကြီးမားတဲ့ ဘေးအန္တရာယ်ကနေ ရှင်သန်နိုင်ဖို့ ကူညီပေးဖို့ပါပဲ...။]
[ပိုင်ရှင်အတွက် ကျန်ရှိနေတဲ့ အချိန်က အရမ်းတိုတောင်းလွန်းတယ်... ပါရမီ အဆတစ်သောင်း ရှိနေရင် တောင် ကောင်းကင်ဘုံ အဆင့်မြင့် ကျင့်ကြံခြ င်းနည်းစနစ်တွေကိုချည်းပဲ ကျင့်ကြံနေလို့ကတော့ ဒီလောက် အချိန်တိုအတွင်းမှာ ကောင်းကင်အရှင်သခင်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ရောက်ဖို့ ခက်ခဲ ပါလိမ့်မယ်...]
[အရေးပေါ် အခြေအနေတွေမှာ အရေးပေါ် နည်းလမ်းတွေ လိုအပ်တယ်... ပိုင်ရှင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ အခွင့်အရေး ရဖို့ဆိုရင် ကမ္ဘာပေါ်မှာ အသန်မာဆုံး နည်းစနစ်ဖြစ်တဲ့ ကောင်းကင်ဘုံ အဆင့်မြင့်ထက်တောင် ပိုပြီး အင်အားကြီးမားတဲ့ နည်းစနစ်တစ်ခုကို ပိုင်ရှင် ဖန်တီးရမယ်...]
ပုံမှန်အားဖြင့် စက်ဆန်သော စနစ်၏ အသံမှာ ဤအချိန်တွင် အတော်လေး စိတ်အားထက်သန်နေခဲ့၏။
ထိုအသံကို နားထောင်ရင်း နင်းဖန်၏ နှလုံးသားမှာ ထိန်းမရအောင် ခုန်ပေါက်လာခဲ့သည်။
ကမ္ဘာပေါ်ရှိ အသန်မာဆုံး နည်းစနစ်ကို ကိုယ်တိုင် ဖန်တီးရန်။
စနစ်က သူ၏ လမ်းကြောင်းကို ခင်းပေးထားပြီး ဖြစ်၏။ ဤအချိန်တွင် ထိုအရာကို မလုပ်ရန် မည်သည့် အကြောင်းပြချက် ရှိသနည်း။
နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ နင်းဖန်သည် အသက်ပြင်းပြင်းရှူကာ ကျမ်းစာဆောင်၏ ဒုတိယ ထပ်တွင် တစ်ကြိမ်မြင်ရုံဖြင့် သူ သင်ယူခဲ့သော သန့်စင်ပြီး ပေါင်းစည်းခြင်း နည်းစနစ်၏ လည်ပတ်မှု လုပ်ငန်းစဉ်အတိုင်း နည်းစနစ်ကို တရားဝင် စတင် လုပ်ဆောင်ခဲ့၏။
ချက်ချင်းပင် သူ၏ ခေါင်းပေါ်တွင် လှည့်ပတ်နေသော ကျင့်ကြံခြင်းနည်းစနစ် ကျောက်စိမ်းပြားများ အားလုံးသည် လေထဲမှ ဆွဲချခံလိုက်ရပြီး သူ၏ရှေ့ရှိ အဖြူရောင် ချီလေဝဲဆီသို့ ပြေးဝင်သွားကြသည်။
["တစ်ခါသုံး ပေါင်းစပ်ခြင်း လက်မှတ်"ကို အောင်မြင်စွာ အသုံးပြုပြီးပါပြီ...]
စနစ်၏ အသိပေးသံက သူ၏ စိတ်ထဲတွင် တိုးညင်းစွာ မြည်ဟည်းသွားခဲ့၏။
ကျမ်းစာဆောင်၏ နဝမထပ် တစ်ခုလုံးသည် ထူးခြားဆန်းကြယ်လာကာ အမျိုးမျိုးသော သတ္တိများ ရှိသည့် တာအိုစည်းချက်များက လှိုင်းထနေခဲ့သည်။ ထိုအရာမှာ ကျောက်စိမ်းပြားများ အတွင်းရှိ နာမ်ဝိညာဉ်များ ပျောက်ကွယ်သွားခြင်းပင် ဖြစ်၏။
ကောင်းကင်ဘုံ အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ် သုံးဆယ့်ခုနစ်ခုစလုံးသည် ချွင်းချက်မရှိ သန့်စင်ခံ နေရသည်။
နင်းဖန်သည် ဆူညံသံများကို လျစ်လျူရှုကာ နည်းစနစ်ကို လည်ပတ်ရန်သာ အာရုံစိုက်နေခဲ့၏။
သူ မသိခဲ့သောအရာမှာ.....
ဤအချိန်လေး၌ပင် အထက်ရှိ ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း လေထုမှာ အဆုံးစွန်အထိ တင်းမာနေခဲ့ခြင်းပင်။
တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများ အားလုံးသည် ပေါက်ကွဲထွက်လုမတတ် ဒေါသ ထွက်နေကြပြီး အစစ်အမှန်တပည့်နှင့် အတွင်းစည်းတပည့်များစွာမှာလည်း သွားများကို ကြိတ်နေ ကြ၏။
နင်းဖန်အပေါ် အမြဲတမ်း အကောင်းမြင်ဆုံးဖြစ်ခဲ့သည့် ယွီရူရွှမ်းပင်လျှင် တိတ်ဆိတ်နေခဲ့သည်။
ဂိုဏ်းချုပ်၏ မျက်လုံးများတွင် သတ်ဖြတ်ချင်သော အလင်းရောင်များ တောက်ပနေပြီး သူ၏ ပြန့်ကား သောဝတ်ရုံများသည် လေမတိုက်ဘဲ လွင့်ခါနေခဲ့၏။ ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းပြီး ပင်လယ် ပြင်ကဲ့သို့ ကျယ်ပြောလှသော ဖိအားတစ်ခုက လျှို့ဝှက်နယ်မြေကို ဖြတ်သန်းသွားကာ သူ၏ အသံမှာ ပြင်းထန်သော စိတ်ပျက်မှုနှင့် အေးစက်မှုတို့ သယ်ဆောင်လာလျက်.....
"နင်းဖန်က ငါတို့ရဲ့ ထိုက်ရီ အမွေအနှစ်ကို ဖြတ်တောက်လိုက်ပြီ... သူ့ရဲ့ ပြစ်မှုက ကြီးမားလှပြီးတော့ သူ... အသတ်ခံရမယ်..."
***