"တကယ်လို့..."
ဖန်ရှုကျိန်းက စိုးရိမ်တကြီး ရေရွတ်လိုက်သည် "တကယ်လို့ သူတို့က မြို့ပြင်ထွက်ပြီး တိုက်ခိုက်ခြင်း မပြုဘူးဆိုရင်ကော"
"ဒါဆိုရင်တော့ ကျွန်တော်အလိုရှိတဲ့အတိုင်း ဖြစ်လာတာပေါ့" ရန်ကျင်ရွှမ်က အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
"သူတို့ မြို့ပြင်မထွက်ရဲဘူးဆိုတာ သူတို့ ကြောက်နေတယ်လို့ အဓိပ္ပာယ်ရတယ်။ သူတို့သာ ကြောက်ရွံ့နေမယ်ဆိုရင် ကျွန်တော်တို့ ရှေ့တန်းတပ်ဖွဲ့တွေ ဆုံးရှုံးခဲ့ရတဲ့ စိတ်ဓာတ်ခွန်အားတွေဟာ တဖြည်းဖြည်း ပြန်လည်နိုးထလာမှာဖြစ်ပြီး သူတို့ရဲ့ ဟန်ပြခြိမ်းခြောက်မှုတွေဟာလည်း ဖုံးကွယ်လို့ ရမှာမဟုတ်တော့ဘူး။"
"ဒါကတော့ အကောင်းဆုံးဖြစ်မှာပါ" ဖန်ရှုကျိန်းက ဝင်ပြောလိုက်သည်။ "ဒါပေမဲ့ အရေးကြီးဆုံးကတော့ ငါ့ရဲ့ ၁၄ယောက်မြောက် ညီတော်ကို အကာအကွယ်ပေးဖို့ပဲ"
...
ဟူလောင်တောင်ကြားမြို့ရိုးအပြင်ဘက်တွင်၊
ဖုန်ယွင်ဟန်သည် မြင်းစီးစစ်သည် နှစ်ရာကျော်ကို ဦးဆောင်ကာ မြို့ရိုးအောက်တွင် အော်ဟစ်ဆဲဆိုနေလေသည်။
"မြို့ထဲကလူတွေ နားထောင်စမ်း"
"မင်းတို့ဆီမှာ စစ်သည်သုံးထောင်ကျော်နဲ့ ဗိုလ်ချုပ် နှစ်ယောက်ပဲ ရှိတာ"
"အရင်က အောင်ပွဲငယ်လေးတွေ ရခဲ့တာက မင်းတို့ရဲ့ အောက်တန်းကျတဲ့ လှည့်ကွက်တွေကြောင့်ပဲ"
"ဒီနေ့ ငါတို့ရဲ့ တပ်ဖွဲ့ကြီးက မြို့တံခါးဝအထိ ရောက်နေပြီ။ မင်းတို့က ဘာလို့ လိပ်လို ခေါင်းလျှိုနေကြတာလဲ"
"မင်းသား၁၄ကို အမြန်ဆုံး လွှတ်ပေးစမ်း။ ဒါဆိုရင်တော့ မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးမယ်"
"စကားနာထိုးမနေနဲ့"
ရှာဝမ်လုံသည် မြို့ရိုးပေါ်တွင် ရပ်နေရင်း ချန်ဆန်းရှီ ကြိုတင်မှာကြားထားသည့်အတိုင်း တုံ့ပြန်လိုက်သည်။
"ငါတို့မြို့ထဲမှာ စစ်သည် သုံးသောင်းနဲ့ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ်သုံးယောက်ရှိတယ်။ မင်းတို့လိုကောင်တွေကို ဘာလို့ ကြောက်ရမှာလဲ"
"နက်နဲပုံရိပ်အဆင့် သုံးယောက်..." ဖုန်ယွင်ဟန်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။ ရှာဝမ်လုံကတော့ လက်ဗလာနဲ့ တိုက်ခိုက်ရာမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တာ သူသိသော်လည်း၊ တတိယမြောက်လူက ဘယ်သူဖြစ်မလဲဆိုသည်ကို သူ စဉ်းစားမရဖြစ်နေသည်။
"ဟန်မဆောင်စမ်းနဲ့"
ဖုန်ယွင်ဟန်သည် သူ၏ တောင်ဖြိုပုဆိန်ကြီးကို ဝှေ့ယမ်းရင်း အော်ဟစ်
လိုက်သည်။
"စကားကြီးစကားကျယ် ပြောတာကတော့ ဘယ်သူမဆို ပြောနိုင်တာပေါ့။ ငါတောင်မှ ငါတို့ နန်ရွှီစခန်းမှာ စစ်နတ်ဘုရားနှစ်ရာရှိတယ်လို့ ပြောလို့ရတာပဲ။ တကယ်လို့ မင်းတို့မှာ အဲဒီလောက် အစွမ်းရှိတယ်ဆိုရင် ငါတို့လိုပဲ လူနှစ်ရာခေါ်ပြီး မြို့ပြင်ထွက်ရဲသလား"
"ငါတို့ လူနှစ်ရာနဲ့ မင်းတို့ လူနှစ်ရာ... ယောကျ်ားချင်း တိုက်ခိုက်ကြမယ်"
"ငါနိုင်ရင် မင်းသား၁၄ကို အေးအေးဆေးဆေး ပြန်လွှတ်ပေးရမယ်။ မင်းတို့ ရဲသလား၊ မရဲဘူးလား"
ရှာဝမ်လုံမှာ ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားရသည်။ သူ၏ အမြင်တွင် မြို့ပြင်ထွက်တိုက်ရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ ဖုန်ယွင်ဟန်သည် နက်နဲပုံရိပ်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေသူ မဟုတ်ပါလား။ ၎င်းပြင် နိုင်ခဲ့လျှင်ပင် သူတို့အတွက် ဘာမှ အကျိုးအမြတ်မရှိပေ။
တုံ့ပြန်မှု မရရှိသည့်အခါ နန်ရွှီမြင်းစီးတပ်သားများ၏ စိတ်ဓာတ်ခွန်အားမှာ တဖြည်းဖြည်း မြင့်တက်လာသည်။ သူတို့၏ ဆဲဆိုသံများသည်လည်း ပို၍ ပို၍ ရိုင်းစိုင်းလာလေသည်။
မြို့ရိုးပေါ်တွင် တိန့်ဖုန်း၏ မျက်နှာမှာ အလွန်အမင်း တင်းမာနေသည်။ သူသည် အောက်သို့ ဆင်းပြီး ချက်ချင်း တိုက်ခိုက်ချင်သော်လည်း အမိန့်မရသေးသောကြောင့် အောင့်အည်းနေရသည်။
"ဗိုလ်ချုပ်တိန့်"
ချန်ဆန်းရှီရောက်ရှိလာပြီး မြို့ရိုးအောက်ရှိ မြင်ကွင်းကို ကြည့်လိုက်သည်။ "ဒီဖုန်ယွင်ဟန်က နန်ရွှီရဲ့ နာမည်ကြီး စစ်သည်တစ်ယောက်ပဲ။ သူနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်တိန့် ဘယ်လိုထင်လဲ"
"ကျွန်တော် ဒီလူကို သိတာပေါ့"တိန့်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ "သူက တပ်သားဟောင်းတစ်ယောက်ပါ၊ သတင်းကြီးသလောက်တော့ မစွမ်းပါဘူး။ အခြေခံလည်း မခိုင်မာလှပါဘူး။ သူကကျွန်တော့်ရဲ့ ပြိုင်ဘက် မဟုတ်တာကတော့ သေချာပါတယ်"
"အို..."
ချန်ဆန်းရှီက"ဒါဆိုရင် ဗိုလ်ချုပ်တိန့်အနေနဲ့ ငါနဲ့အတူ မြို့ပြင်ထွက်ပြီး ဒီအရာရှိကို အတူတူ သွားသတ်ရဲသလား"
"တကယ်လား" တိန့်ဖုန်းသည် ပထမတော့ စိတ်လှုပ်ရှားသွားသော်လည်း၊ ထို့နောက်တွင် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်သွားသည်။
"ဗိုလ်ချုပ်ကြီးချန်... ဒါကတော့ ကျွန်တော့်အပေါ် နည်းနည်း မတရားဘူးထင်
တယ်။ ကျွန်တော့်ကို ဓားလည်း မကိုင်ခိုင်း၊ ချပ်ဝတ်လည်း မဝတ်ခိုင်းဘဲ၊ နက်နဲပုံရိပ်အဆင့်ပြီးပြည့်စုံမှု့က ရန်သူကို လက်ဗလာနဲ့ သွားသတ်
ခိုင်းတာလား"
"အခုတော့ ဖုံးကွယ်ထားဖို့ မလိုတော့ဘူး"ချန်ဆန်းရှီသည် မြို့ပြင်မှ ဟိန်းဟောက်နေသော ရန်သူတပ်ကို ကြည့်လိုက်သည်။
"ဗိုလ်ချုပ်တိန့်... ခင်ဗျားရဲ့ ဓားသွားကို ထုတ်ပြရမယ့်အချိန် ရောက်ပြီ။ တစ်ခါ အိမ်ထဲက ထွက်လိုက်တာနဲ့ နန်ရွှီရဲ့ စစ်သည် တစ်သိန်းဟာ ခြောက်လှန့်ခံလိုက်ရတဲ့ ငှက်အုပ်တွေလို ပြိုကွဲသွားစေရမယ်။"
"အဲဒီလိုသာဆိုရင် ကျွန်တော် သေရမှာတောင် နောင်တမရပါဘူး"တိန့်ဖုန်းသည် သူ၏ မူရင်းအဆင့်အတန်းကို ဖော်ပြခွင့်ရပြီဖြစ်၍ အလွန်ဝမ်းသာသွားသည်။
ချန်ဆန်းရှီသည် လေးနှင့်မြှားကို ကျောတွင်လွယ်ကာ စစ်ဝတ်စုံကို ဝတ်ဆင်လိုက်ရင်း "ရန်သူထောင်ပေါင်းများစွာရဲ့ ဝိုင်းရံမှုကို ခံရနိုင်တယ်။ ဗိုလ်ချုပ်တိန့်... ခင်ဗျားကြောက်သလား"
"ကြောက်တယ် ဟုတ်လား"တိန့်ဖုန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်
သည်။
"စစ်နတ်ဘုရားအဆင့်အောက်မှာဆိုရင် ကျွန်တော် ဘယ်တော့မှ မရှုံးဘူးလို့ ပြောခဲ့ပြီးသားပဲ။ ကျွန်တော့်အတွက်တော့ ဖန်ရှုကျိန်းကလွဲရင် ကျန်တဲ့ ရန်သူ တစ်သိန်းလုံးက အသုံးမကျတဲ့ကောင်တွေချည်းပဲ"
"ကောင်းပြီ"
"ဗိုလ်ချုပ်တိန့်ဖုန်း၊ ငါ့အမိန့်ကို နာခံစေ"
ချန်ဆန်းရှီ၏ အသံဟိန်းထွက်သွားသည် "ငါနဲ့အတူ မြို့ပြင်ကိုလိုက်ခဲ့ပြီး ရန်သူ့ဗိုလ်ချုပ်ရဲ့ ခေါင်းကို သွားဖြတ်ကြမယ်"
ဖုန်ယွင်ဟန်သည် တစ်မနက်လုံး အော်ဟစ်ဆဲဆိုရာမှ အသံများပင် ဝင်လာလေသည်။
"ပြန်ကြစို့"
"အချိန်ဖြုန်းမနေနဲ့တော့။ ငါတို့က လူနှစ်ရာပဲ ရှိတာတောင် သူတို့ မြို့ပြင်မထွက်ရဲတာကို ကြည့်ရင် မြို့ရဲ့ အစောင့်အရှောက်က အလွန်အားနည်းနေပြီဆိုတာ သိသာတယ်။"
"တပ်စခန်းကို ပြန်မယ် မင်းသား၈ကို သွားပြောလိုက်... နောက်သုံးရက်နေရင် စစ်သည် တစ်သိန်းနဲ့ ဒီမြို့ကို တိုက်ရိုက်တိုက်ခိုက်မယ်လို့"
ဖုန်ယွင်ဟန်သည် ပြောပြောဆိုဆိုဖြင့် သူ၏ မြင်းစီးတပ်ကို ဦးဆောင်ကာ ပြန်ဆုတ်လာခဲ့သည်။ တပ်စခန်းနှင့် မိုင်အနည်းငယ်သာ လိုတော့သည့်အချိန်တွင် နောက်ဘက်မှ မြင်းခွာသံများကို ကြားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ... ဟင်းလင်းပြင်တွင် မြင်းဖြူတစ်စီးသည် သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်။
"ဗိုလ်ချုပ်ဖုန်"
ချန်ဆန်းရှီ၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်လာသည်။
"ငါ ခုနက ခဏ နားနေတာ။ နိုးလာတော့ မင်း မြို့ပြင်မှာ လာပြီး ဟောင်နေတယ်လို့ ကြားရလို့ ငါ့ရဲ့ လှံကိုယူပြီး လာရှာတာ။ ဘာလို့ စောစောစီးစီး ထွက်ပြေးရတာလဲမင်းရဲ့ ခေါင်းကို ဒီမှာပဲ ချန်ထားခဲ့စမ်းပါ၊ ငါ လိုက်ဖမ်းနေရတာ ပင်ပန်းလို့"
"မင်းက ချန်ဆန်းရှီလား" ဖုန်ယွင်ဟန်ကမျက်လုံးကို ကျဉ်းလိုက်သည်။ "မင်းက တော်တော် သတ္တိရှိတာပဲ။ တစ်ယောက်တည်းနဲ့ ငါတို့နောက်ကို လိုက်ရဲတယ်ပေါ့... သေပေတော့—"
ဖုန်ယွင်ဟန်က မြင်းကို လှည့်လိုက်ပြီး ပုဆိန်ကြီးကို မြှောက်လိုက်သည်။ ထိုအချိန်မှာပင်...
ကုန်းစောင်းထက်မှ အစိမ်းရောင်မြင်းတစ်စီးသည် လေထဲသို့ ပျံတက်လာပြီး မြင်းပေါ်တွင် ခန့်ညားထည်ဝါသော စစ်သူကြီးတစ်ဦး ပါလာလေသည်။
"ဘယ်သူလဲ"
"ငါက တိန့်ဖုန်းဘဲ"
"တိန့်ဖုန်း"
ဖုန်ယွင်ဟန် တုန်လှုပ်သွားသည်။
"လိုင်ပြည်နယ်က တိန့်ဖုန်း... မင်းက ဘာလို့ ရှန်လူမျိုးတွေနောက်ကို လိုက်နေတာလဲ"
"လီဂုန်း ရှုံးနိမ့်သွားပြီ ချင်နိုင်ငံကလည်း မကောင်းဘူး ငါ တိန့်ဖုန်းဟာ ဗိုလ်ချုပ်ကြီးချန်ကို သစ္စာခံထားတာ ကြာပြီ။ အဘိုးကြီး... သေဖို့ပြင်ထားလိုက်တော့—"
"ဝုန်း—"
တစ်ကြိမ်တည်း ထိတွေ့တိုက်ခိုက်ရုံဖြင့် ဤလူသည် တကယ်ပင် တိန့်ဖုန်းဖြစ်ကြောင်း ဖုန်ယွင်ဟန်အတည်ပြုနိုင်ခဲ့သည်။ သူသည် ထိတ်လန့်သွားပြီး ဆုတ်ခွာရန် ကြိုးစားသော်လည်း မဖြစ်နိုင်တော့ပေ။ အကြောင်းမှာ တိန့်ဖုန်း စီးထားသည့် မြင်းမှာ ဖန်ရှုကျိန်း၏ အစိမ်းရောင်မြင်း ဖြစ်နေသောကြောင့်ပင်။
"ချန်ဆန်းရှီ၊ တိန့်ဖုန်း"
"ငါ့တပ်စခန်းက ရှေ့မှာပဲ ရှိတော့တာ။ မင်းတို့ နှစ်ယောက်လုံး ဒီမှာပဲ အသေခံကြစမ်း"
ဖုန်ယွင်ဟန်၏ ဘေးမှ မြင်းစီးစစ်သည်များသည် ကောင်းကင်သို့ အချက်ပြမြှားများကို ပစ်လွှတ်လိုက်ကြသည်။ နန်ရွှီ တပ်စခန်းအတွင်းမှ စစ်သည် သောင်းပေါင်းများစွာသည် ချက်ချင်း လှုပ်ရှားလာကြသည်။
ချန်ဆန်းရှီသည် မြေပြင်တုန်ခါလာမှုကို ခံစားမိသည်။
"ဗိုလ်ချုပ်တိန့်... ခင်ဗျား ကြောက်သလား"
"ဘာကြောက်စရာ ရှိလို့လဲ"တိန့်ဖုန်းက တိုက်ခိုက်ရင်း ပြန်ဖြေလိုက်သည်။
"ကောင်းပြီ"ချန်ဆန်းရှီသည် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ သူကလေးကို ဆွဲကာ ရန်သူ့စစ်သည်များကို တစ်ယောက်ပြီးတစ်ယောက် ပစ်ချနေလေသည်။
ဤတတိယမြောက် လှည့်ကွက်ကို—
"နန်ရွှီ စစ်သည် တစ်သိန်းအား တုန်လှုပ်စေခြင်း" ဟု ခေါ်ဆိုရပေမည်။
***