"ဝုန်း.."
နက်နဲပုံရိပ်အဆင့်သိုင်းပညာရှင်သူတစ်ဦးသည် စစ်နတ်ဘုရား အဆင့်သို့ မရောက်သေးသော်လည်း သာမန်လူသားတို့၏ အကန့်အသတ်ကို ကျော်လွန်နေပြီ ဖြစ်သည်။
၎င်းတို့နှစ်ဦး ထိတွေ့တိုက်ခိုက်လိုက်တိုင်း နားကွဲမတတ် အသံများ ထွက်ပေါ်လာသည်။ မိုးရွာသွန်းပြီးစ မြေရိုင်းပေါ်တွင် စိုစွတ်နေသော မြေကြီးများသည် သူတို့၏ အားမာန်ပါသော ဂန်းချီရိုက်ခတ်မှုကြောင့် မြက်ခင်းပြင်များနှင့်အတူ လေထဲသို့ လွင့်စင်ထွက်ကုန်သည်။
"တိန့်ဖုန်း"
ဖုန်ယွင်ဟန်၏ လက်ထဲရှိ တောင်ဖြိုပုဆိန်ကြီးနှင့် တိန့်ဖုန်း၏ နဂါးစိမ်းလခြမ်းဓားတို့သည် တစ်ခုနှင့်တစ်ခု ငြိတွယ်နေပြီး ဂန်းချီချင်း အားပြိုင်နေကြသည်။
ဖုန်ယွင်ဟန်က "အလယ်ပိုင်းလွင်ပြင်ရဲ့ အရှေ့တောင်ဘက်မှာ မင်းကို သစ္စာရှိတဲ့သူလို့ ချီးမွမ်းကြပေမဲ့ အခုတော့ ကိုယ့်အသက်ကို ကယ်ဖို့အတွက် အတွေ့အကြုံမရှိတဲ့ လူငယ်လေးတစ်ယောက်ဆီမှာ အစေခံနေတာလား။ မင်းက နာမည်ဂုဏ်သတင်းကိုပဲ မက်ပြီး သေရမှာကြောက်တဲ့ လူဖျင်းတစ်ယောက်ပဲ ဖြစ်ရမယ်" ဟု အော်ဟစ်လိုက်သည်။
"အဘိုးကြီး... မင်း ငါ့ကို ဘယ်လိုတောင် စော်ကားရဲတာလဲ"
တိန့်ဖုန်းမှာ ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားရသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် သစ္စာဖောက်တစ်ဦးအဖြစ် တံဆိပ်ကပ်ခံထားရပြီးသား ဖြစ်သည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း သူ၏ မူလအဆင့်အတန်းကို ဖုံးကွယ်ထားရပြီး စစ်မြေပြင်တွင် လက်နက်ကိုင်ခွင့် မရခဲ့ပေ။ သူ၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေချိန်တွင် ရန်သူ့ဗိုလ်ချုပ်၏ စော်ကားမှုကို ခံလိုက်ရသဖြင့် သူ၏ ဒေါသမှာ မထိန်းနိုင်အောင် ပေါက်ကွဲထွက်လာတော့သည်။
"ဝုန်း..."
နဂါးစိမ်းလခြမ်းဓားပေါ်ရှိ ဂန်းချီများသည် ကြောက်မက်ဖွယ်ကောင်းသော ကျားသစ်တစ်ကောင်ကဲ့သို့ ထင်ရှားလာပြီး တောင်ဖြိုပုဆိန်ကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေတော့မတတ် ဖိနှိပ်ထားလေသည်။
ဖုန်ယွင်ဟန်၏ လက်မောင်းများသည် ထိန်းမနိုင်အောင် တုန်ခါလာသည်။ သူသည် အားကုန်သုံး၍ ချင်နိုင်ငံမှ ဘက်ပြောင်းလာသော ဗိုလ်ချုပ်ကြီးကို တွန်းထုတ်လိုက်ပြီး နောက်ဆုတ်ရင်း အော်ဟစ်လိုက်သည်။
"ငါ့ကို ကာကွယ်ပေးကြစမ်း"
"ဝှစ်... ဝှစ်...ဝှစ်.."
သို့သော်လည်း သူ၏ ဘေးပတ်ပတ်လည်ရှိ မြင်းစီးစစ်သည် ထက်ဝက်ကျော်မှာ မသိလိုက်ဘာသာဖြင့် လျော့နည်းသွားသည်ကို ဖုန်ယွင်
ဟန် သတိပြုမိလိုက်သည်။ ချန်ဆန်းရှီ၏ လေးကိုဆွဲသော လက်မောင်းမှာ ဝေဝါးသွားသည်အထိ မြန်ဆန်နေပြီး လေးညှို့သံမှာ တူရိယာတစ်ခု တီးခတ်နေသကဲ့သို့ပင်။ မြှားများသည် အနက်ရောင် မျဉ်းကြောင်းများအလား ပျံသန်းသွားပြီး အကာအကွယ်မဲ့နေသော မြင်းစီးစစ်သည်များကို ချက်ချင်းပင် အသက်ပျောက်စေသည်။
ဒိုင်းလွှားကိုင်ထားသူများသည်လည်း သူတို့၏ မြင်းများ အရင် အသတ်ခံလိုက်ရသည်။ မြင်းစီးစစ်သည်များ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ဟာကွက်ဖြစ်သွားသည်နှင့် အချက်ကျကျ အပစ်ခံလိုက်ရသည်။ နောက်ထပ် မြှားတစ်စင်းကို ခံနိုင်ရည်ရှိရန်သာ ကြိုးစားနေကြရသည်။
"မဟာသွေးကြောအဆင့်တွေနဲ့ ဟွာကျင်းအဆင့်တွေ... ရှေ့ထွက်စမ်း"
ဖုန်ယွင်ဟန်က ဟိန်းဟောက်လိုက်သည်။
"သူက တစ်ယောက်တည်းပဲ။ အဖြူရောင် ဝတ်စုံနဲ့လူကို သတ်နိုင်ရင် ဘယ်အဆင့်မှာပဲရှိရှိ မင်းတို့ကို နယ်စားအဖြစ် ခန့်အပ်မယ်"
"သတ်ကြ"
ကြီးမားသော ဆုလာဘ်များ၏ ဆွဲဆောင်မှုကြောင့် ရဲရင့်သော စစ်သည်များ ထွက်ပေါ်လာသည်။ ဒုဗိုလ်ချုပ်နှစ်ဦးက ဒိုင်းများကို မြှောက်ကိုင်ထားပြီး ၎င်းတို့နောက်တွင် ဟွာကျင်းအဆင့် လေးဦးက ကပ်လျက်လိုက်ပါလာသည်။ ၎င်းတို့မှာ ဖုန်ယွင်ဟန် စိတ်ကြိုက်ရွေးချယ်ထားသော ဗိုလ်ချုပ်များ ဖြစ်ကြသည်။
"ချလွမ်... ချလွမ်..."
မြှားဦးများ ဒိုင်းလွှားကို ထိမှန်သည့် အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ သူတို့၏ မြင်းများ အသတ်ခံရသော်လည်း ထိုဗိုလ်ချုပ်များသည် လျင်မြန်စွာ ပြန်ထလာကြသည်။ ၎င်းတို့မှာ အလယ်အလတ်နှင့် အဆင့်မြင့် အရာရှိများဖြစ်သဖြင့် အနီးကပ်တိုက်ခိုက်ရန် အလျှော့မပေးဘဲ တိုးဝင်လာကြသည်။
"ချန်ဆန်းရှီ... ငါ့ရဲ့ နယ်စားဘွဲ့ကတော့ မင်းအပေါ်မှာ မူတည်နေပြီ"
"သေပေတော့"
ဗိုလ်ချုပ် ခုနစ်ဦးလုံးက အရပ်မျက်နှာအသီးသီးမှ ပြိုင်တူ တိုက်ခိုက်လာကြသည်။
"လူကြီးမင်းတို့... ငါချန်ဆန်းရှီဆီကို မင်းတို့ခေါင်းတွေ လာပေးဖို့ ဘာလို့ အသည်းအသန် ဖြစ်နေကြတာလဲ"
"ချွင်.."
ကျန်းယွဲ့ဓားသည် ဓားအိမ်အတွင်းမှ လျှပ်ခနဲ ထွက်ပေါ်လာသည်။ ဓားအလင်းတန်း တစ်ချက်အတွင်းမှာပင် ဟွာကျင်းအဆင့် နှစ်ဦး၏ ခေါင်းများ ပြတ်ထွက်သွားတော့သည်။
ဘယ်ဘက်မှ မဟာသွေးကြောအဆင့် ဗိုလ်ချုပ်တစ်ဦးက မိုဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သော်လည်း သံဏိအူတိုင်လေးဖြင့် အဟန့်အတား ခံလိုက်ရသည်။ ထိုလေးသည် ခိုင်မာရုံသာမက စွမ်းအင်များဖြင့် ပတ်ရစ်ထားသဖြင့် ထိုဗိုလ်ချုပ်မှာ ကြီးမားသော အားဒဏ်ကြောင့် နောက်သို့ လွင့်စင်သွားရသည်။
နက်နဲသံမဏိဖြင့် သွန်းလုပ်ထားပြီး လေးကိုင်းတွင် ဓားသွားများ တပ်ဆင်ထားသော ထိုလေးသည် နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ပင်။ ချန်ဆန်းရှီသည် ထိုလေးကြီးကို မြှားပစ်ခြင်းထက် ပိုမို ထိရောက်စွာ အသုံးချနေသည်။ အပြန်အလှန် တိုက်ခိုက်မှု အကြိမ်အနည်းငယ်အတွင်းမှာပင် အလယ်အလတ်နှင့် အဆင့်မြင့် ဗိုလ်ချုပ် ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ မြင်းခွာအောက်တွင် အသက်ပျောက်ကုန်ကြသည်။
ထို့နောက်တွင်တော့ အစုလိုက်အပြုံလိုက် အမဲလိုက်ပွဲကြီး စတင်လေတော့သည်။
မြင်းစီးစစ်သည် နှစ်ရာကျော်အနက် ဒါရှန် တပ်စခန်းနှင့် ခုနစ်မိုင်၊ ရှစ်မိုင်ခန့် အကွာအဝေးသို့ ရောက်သောအခါ အယောက် နှစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်။
ထိုအချိန်မှာပင် တိန့်ဖုန်းသည် ဖုန်ယွင်ဟန်ကို ထပ်မံ မှီသွားပြန်သည်။ သူ၏ ဓားရှည်မှာ ကောင်းကင်ယံမှ ကျဆင်းလာသကဲ့သို့ ဖြစ်ပြီး ဓားသွားများမှာ မြေပြင်ကိုပင် အစိတ်စိတ်ကွဲအက်စေတော့မတတ် ဖြစ်နေသည်။
"ဘုန်း.."
ဖုန်ယွင်ဟန်က သူ၏ ပုဆိန်ဖြင့် ထပ်မံ ခုခံလိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ၏ မြင်းကို ဂန်းချီဖြင့် အကာအကွယ်ပေးရန် အင်အား မရှိတော့ပေ။ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် မြင်း၏ အရိုးများမှာ လက်မအလိုက် ကြေမွသွားပြီး ရွှံ့နွံထဲသို့ ကျွံဝင်သွားတော့သည်။
မြင်းမရှိတော့သဖြင့် ဖုန်ယွင်ဟန်သည် မြေပြင်ပေါ်တွင် ခြေလျင် တိုက်ခိုက်ရတော့သည်။ ဤအခြေအနေတွင် မြင်းစီးထားသူက အသာစီးရမြဲ ဖြစ်သည်။ အရှိန်အဟုန်နှင့် အမြင့်မှ ဖိနှိပ်တိုက်ခိုက်နိုင်မှုကြောင့် ဖုန်ယွင်ဟန်မှာ အထိနာလာသည်။
သူသည် နက်နဲပုံရိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဟုန်ကို အသုံးပြု၍ ရိပ်ခနဲ ပျောက်ကွယ်သွားကာ သူ၏ တပ်ဖွဲ့ကြီးဆီသို့ အသည်းအသန် ပြေးတော့သည်။ အကွာအဝေး အနည်းငယ်သာ လိုတော့ချိန်တွင် မဟာသွေးကြောအဆင့် ဗိုလ်ချုပ်ကြီး သုံးဦးက သူ့ကို လာရောက်ကြိုဆိုကြသည်။
"မင်းသား၈"
"ကျွန်တော့်ကို ကယ်ပါဦး"
သူ၏ အသံသည် တောရိုင်းပြင်တစ်ခွင် ဟိန်းထွက်သွားသည်။ မိုင်
အနည်းငယ်အကွာမှ မြင်းစီးလာသော နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ်ကြီး သုံးဦးနှင့် စစ်သည် သောင်းပေါင်းများစွာသည် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
"ဒါ ဗိုလ်ချုပ်ဖုန်ရဲ့ အသံ မဟုတ်လား"
ဖန်ရှုကျိန်း၏ မျက်မှောင်များ ကြုတ်သွားသည်။
"ရန်သူကို သွားရောက် စိန်ခေါ်ခိုင်းတာကို သူက ဒီလောက်အထိ အခြေအနေ ဆိုးနေရတာလား။ အဲဒီ လက်နက်မဲ့ စစ်သူကြီးက အဲဒီလောက်တောင် အစွမ်းထက်နေတာလား"
"ဒုက္ခပဲ"
ရန်ကျင်ရွမ်၏ မျက်နှာမှာ တည်ကြည်သွားသည်။ တပ်သားများ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ရှိနေသည်ကို သူ သတိထားမိလိုက်သည်။ "ကျွန်တော်တို့ တစ်ခါ ထပ်အလှည့်စားခံရပြီ။ သူတို့က ဟူလောင်တောင်ကြား အပြင်ဘက်မှာ မတိုက်ဘဲ ဒီစစ်မြေပြင်ကို ရွေးချယ်ခဲ့တာက တပ်သားတွေအားလုံးရှေ့မှာ ဗိုလ်ချုပ်ဖုန် အရှက်ကွဲတာကို မြင်စေချင်လို့ပဲ"
"ဖုန်အိုကြီးက ဘယ်လိုဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ" ယိုကျင့်ကျီက မယုံနိုင်သလို ပြောလိုက်သည်။
"အဲဒီလူက သူ့ကို အကူအညီတောင်းရတဲ့အထိ တကယ်ပဲ ဖိအားပေးနိုင်တာလား"
"ချီတက်စမ်း"
ဖန်ရှုကျိန်းက ပြတ်သားစွာ အမိန့်ပေးလိုက်သည်"ဒါရှန် ရဲ့ အဓိကတပ်တွေ ရှေ့မှာ ရှိနေနိုင်တယ်လို့ တပ်သားတွေကို ပြောလိုက်။ ရန်သူကို အပြီးအပိုင် ချေမှုန်းပစ်မယ်။ ဒါဆိုရင် ဟူလောင်တောင်ကြားဟာ တိုက်စရာမလိုဘဲ ငါတို့လက်ထဲ ကျရောက်လာလိမ့်မယ်"
တပ်ဖွဲ့ကြီးသည် ကုန်းစောင်းပေါ်သို့ လျင်မြန်စွာ တက်လာကြသည်။ ငါးမိုင်ခန့်အကွာတွင် ဖြစ်ပျက်နေသည်များကို သူတို့ ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။
သို့သော်...
ရန်သူ့တပ်ဖွဲ့ကြီးက ဘယ်မှာနည်း။
အဲဒီမှာ ဒါရှန် ရဲ့ မြင်းစီးစစ်သည် နှစ်ယောက်တည်းသာ ရှိသည်။
တစ်ယောက်က ဖုန်ယွင်ဟန်ကို တိုက်ခိုက်နေပြီး၊ နောက်တစ်ယောက်က ကျန်ရှိနေတဲ့ မြင်းစီးစစ်သည်တွေကို လိုက်လံ သတ်ဖြတ်နေသည်။
လူနှစ်ယောက်တည်း။
ဖုန်ယွင်ဟန် ဦးဆောင်သွားတဲ့ မြင်းစီးစစ်သည် နှစ်ရာကျော်ကို လူနှစ်ယောက်တည်းက ခုနစ်ယောက်၊ ရှစ်ယောက်ပဲ ကျန်တော့တဲ့အထိ ချေမှုန်းပစ်လိုက်တာလား။
***