"ဒါ ဘယ်သူလဲ"
ရန်ကျင်ရွမ်သည် ကြီးမားသော ခြိမ်းခြောက်မှုကို ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရသည်။
"သူ့လက်ထဲမှာ နဂါးစိမ်းဓားကို ကိုင်ထားတယ်။ ဒါက ငွေရောင်ထင်းရှူးတောင်ကုန်း တိုက်ပွဲတုန်းက လူနဲ့ လုံးဝမတူဘူး"
"လီဂုန်းက ငါ့ကို လိမ်ညာခဲ့တာလား"
ဖန်ရှုကျိန်းက သွားကြိတ်ရင်း ဆိုသည်"ဒါဆိုရင် ဟူလောင်တောင်ကြားထဲမှာ နက်နဲပုံရိပ်အဆင့် ကျင့်ကြံသူ အနည်းဆုံး သုံးယောက် ရှိနေတာပေါ့။ ဒါ့အပြင် ကောင်းကင်ဘုံကျမ်းကို တတ်မြောက်ထားတဲ့ ဝတ်စုံဖြူ ချန်ဆန်းရှီ လည်း ရှိသေးတယ်။ ဖီးနစ်ငှက် ဖန်ချင်းယွမ် ဆီမှာလည်း ဆွန်ဒူရှန် ချန်
ထားခဲ့တဲ့ မသေမျိုးအတတ်ပညာတွေ ကျန်နေဦးမှာပဲ။ ငါတို့တပ်အင်အားက မရေမရာ ဖြစ်နေတာ၊ ဒီစစ်ပွဲကို ဘယ်လိုဆက်တိုက်မလဲ"
"မင်းသားရှစ်... စိတ်အေးအေးထားပါ"
ယိုကျင့်ကျီသည် သူ၏နောက်တွင် သံကြိုးဖြင့် ချိတ်ဆက်ထားသော နက်နဲသံမဏိ ပျံလွှားလက်သည်းကို ဆွဲယူလိုက်ရင်း မျက်လုံးများက ပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေသည်။ "ဒါက ရိုးရှင်းပါတယ်၊ ဒီလူနှစ်ယောက်ကို ဒီနေရာမှာတင် တားဆီးထားလိုက်ရင် ပြီးတာပဲ မဟုတ်လား"
ထိုစကားကြောင့် ဖန်ရှုကျိန်း သတိဝင်လာသည်။
ဒီလူနှစ်ယောက်က တကယ်ကို ရဲတင်းလွန်းလှသည်။ လူတစ်သိန်းရှိတဲ့ စစ်စခန်းထဲကို လူနှစ်ယောက်တည်းနဲ့ ဘယ်လိုတောင် ကျူးကျော်ဝင်ရောက်ရဲရတာလဲ။ ထို့အပြင် ဤနေရာသည် ကွင်းပြင်ကျယ်ကြီး ဖြစ်သဖြင့် ချုံခိုတိုက်ခိုက်ခံရမည့် အခြေအနေလည်း မရှိပေ။
"သတ်ကြ"
"ဘာဘဲပေးရပေးရ၊ ဒီလူနှစ်ယောက်ကို ငါ့အတွက် တားဆီးထားကြစမ်း"
ဖန်ရှုကျိန်းက ရှေ့တန်းရှိ စစ်သည်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။
"ဖုန်အိုကြီး"
ယိုကျင့်ကျီက လှမ်းအော်သည်"မြန်မြန်လုပ်၊ သူ အကြာကြီး တောင့်မခံနိုင်တော့ဘူး"
...
"ဘုန်း... ဘုန်း... ဘုန်း.."
ဖုန်ယွင်ဟန်သည် အစပိုင်းတွင် ဂန်းချီနှင့် ကိုယ်ခန္ဓာခွန်အားကို ပေါင်းစပ်ပြီး အကွာအဝေးတစ်ခုအထိ နောက်ဆုတ်နိုင်ခဲ့သော်လည်း ၎င်းမှာ ရေရှည်
ဗျူဟာ မဟုတ်ပေ။ မကြာမီမှာပင် မြင်းစိမ်းကြီး၏ မှီလာခြင်းကို ခံလိုက်ရပြီး အပြန်အလှန် တိုက်ခိုက်မှုများ ပြင်းထန်လာသည်။
သူ ဒဏ်ရာများ စတင်ရရှိလာတော့သည်။
ခြေတစ်လှမ်း မှားသည်နှင့် အရာအားလုံး မှားတော့သည်။ တိုက်ပွဲတွင် ဟာကွက်တစ်ခု ပေါ်လာသည်နှင့် တစ်ပြိုင်နက် နောက်ဆက်တွဲ အားနည်းချက်များစွာ အစီအရီ ပေါ်ထွက်လာစမြဲပင်။
မကြာမီမှာပင် ဖုန်ယွင်ဟန်၏ နက်နဲသံမဏိ သံချပ်ကာမှာ စုတ်ပြတ်သတ်ကုန်ပြီး ဓားချက်ပေါင်းများစွာကြောင့် သွေးများ စီးကျလာသည်။
ဤ လိုင်ပြည်နယ်မှ တိန့်ဖုန်းသည်... နက်နဲပုံရိပ်အဆင့်ကြီးမားသောအောင်မြင်မှု့ မဟုတ်ပေ။ သူသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ နောက်ထပ်တစ်လှမ်းဆိုလျှင် စစ်နတ်ဘုရား ဖြစ်လာတော့မည်ဖြစ်သည်။
"ဝုန်း.."
တိန့်ဖုန်း၏လက်ထဲရှိ နဂါးစိမ်းလခြမ်းဓားမှာ တကယ့်နဂါးစိမ်းတစ်ကောင်အလား တောင်ဖြိုနိုင်သော အရှိန်အဟုန်ဖြင့် ကောင်းကင်ယံမှ ကျဆင်းလာသည်။ ဖုန်ယွင်ဟန်၏ ပုဆိန်ချီများကို အရင်ဖြတ်ကျော်ပြီးနောက် ကာကွယ်ရေးဂန်းချီကိုပါ ဖောက်ထွက်ကာ ပြင်းထန်စွာ ကျရောက်သွားသည်။ သူ၏ ပုဆိန်ကြီး မြေပေါ်သို့ လွတ်ကျသွားပြီး ခန္ဓာကိုယ်မှာ ကိုက်တစ်ရာခန့် လွင့်စင်သွားကာ သွေးများအန်ထုတ်ရင်း မြေပေါ်သို့ ကျရောက်သွားသည်။
သူ အသက်ရှူပင် မဝသေးခင်မှာပင် ရန်သူ့ဗိုလ်ချုပ်ကြီးက သူ့ဆီသို့ ထပ်မံ ရောက်ရှိလာပြန်သည်။
"အား"
ဖုန်ယွင်ဟန်က အော်ဟစ်ရင်း ဘေးရှိ ကျောက်တုံးကြီးကို မကာ ရန်သူ့ထံ ပစ်ပေါက်ပြီး အသည်းအသန် ထွက်ပြေးတော့သည်။ သူ၏ရှေ့တွင် နန်ရွှီတပ်ဖွဲ့မှ စစ်သည် ထောင်ပေါင်းများစွာ ရှိနေပြီး လူအုပ်ကြားထဲတွင် ဖန်ရှုကျိန်းကိုပင် မြင်တွေ့နေရပြီ ဖြစ်သည်။
"မင်းသားရှစ်"
"ကျွန်တော့်ကို ကယ်ပါဦး"
"မြန်မြန်"
ရန်ကျင်ရွမ်က အကျယ်ကြီး တိုက်တွန်းနေသည်။
သို့သော်... နောက်ကျသွားခဲ့ပြီ။
သူတို့ကြား အကွာအဝေး နှစ်မိုင်ခန့်သာ လိုတော့ချိန်တွင် တိန့်ဖုန်းက မှီသွားခဲ့သည်။
"အဘိုးကြီး... မင်း ဘယ်ကို ပြေးနိုင်ဦးမှာလဲ"
ဓားကျဆင်းလာသည်။
သေသည်။
ထောင်ပေါင်းများစွာသော စစ်သည်တို့၏ ရှေ့မှောက်နှင့် အားလုံး၏ မျက်စိရှေ့မှာပင် သူတို့၏ဗိုလ်ချုပ် ဤစစ်ပွဲ၏ အသန်မာဆုံးသူမှာ ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဂန်းချီအောက်တွင် ခန္ဓာကိုယ်တစ်ခြမ်းမှာ အစိပ်စိပ်အမြွှာမြွှာ ကွဲထွက်သွားပြီး ကျန်တစ်ခြမ်းမှာ လွင့်စင်သွားတော့သည်။
ရှေ့ဆုံးမှ လာနေသော နန်ရွှီမြင်းစီးတပ်သားများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တပ်လှန့်သံများ ထွက်ပေါ်လာပြီး အရှိန်သေသွားကြသည်။ ထို့နောက်မှ နောက်ဘက်မှ တွန်းအားပေးမှုကြောင့် ရှေ့သို့ ဆက်တိုးလာသော်လည်း သူတို့၏ စိတ်ဓာတ်မှာ သုံးပုံတစ်ပုံခန့် ကျဆင်းသွားပြီ ဖြစ်သည်။
"ဒီလောက်တောင် အများကြီးလား"
တိန့်ဖုန်းက ရှေ့မှ တိုးဝင်လာသော မြင်းစီးတပ်လှိုင်းကြီးကို ကြည့်ပြီး "ဗိုလ်ချုပ်ကြီးချန်... ဘာဆက်လုပ်ကြမလဲ" ဟု မေးလိုက်သည်။
"ငါ့ဘေးကနေ မခွာနဲ့"
"ရန်သူတွေ ငါတို့ကို ဝိုင်းမထားနိုင်အောင် သတိထား၊ ပြီးရင်တော့..."
"စစ်သည် တစ်ထောင်ကို သတ်မယ်"
"သွားကြစမ်း"
ချန်ဆန်းရှီသည် ဆုတ်ခွာမည့်အစား ရန်သူ့တပ်ထဲသို့ မြင်းကို ပြေးဝင်ခိုင်းလိုက်သည်။ တစ်မိုင်ခန့်အကွာတွင် အရှိန်လျှော့လိုက်ပြီး သူ၏ လေးကြီးကို အစွမ်းကုန် အသုံးချလိုက်ပြန်သည်။ လူတစ်ယောက်၊ လေးတစ်စင်းတည်း ဖြစ်သော်လည်း သူပစ်လိုက်သော မြှားများသည် ကောင်းကင်ယံတွင် မြစ်တစ်စင်းအလား စီးဆင်းသွားပြီး ရန်သူ့တပ်ထဲသို့ မိုးရွာသလို ကျဆင်းသွားသည်။
"ဝှစ်... ဝှစ်.."
ခဏချင်းမှာပင် မြင်းစီးစစ်သည် တစ်ဒါဇင်ကျော် လဲကျသွားသည်။
ထိုအချိန်မှာပင် ဟိန်းဟောက်သံကြီး တစ်ခုက တောရိုင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။
"ငါ ချန်ဆန်းရှီ က မူလက မုဆိုးတစ်ယောက်ပဲ။ စစ်ထဲဝင်ကတည်းက တောထဲမှာ အမဲလိုက်ဖို့ အခွင့်အရေး သိပ်မရခဲ့ဘူး။ ဒီနေ့တော့ ငါ့ရဲ့ လက်မှုပညာတွေ မမေ့သွားအောင် မင်းတို့ လူတစ်သိန်းဆိုတဲ့ ဝက်တွေ၊ ခွေးတွေကို သုံးပြီး လေ့ကျင့်ခန်း လုပ်ရတာပေါ့"
လူတစ်သိန်းဆိုတဲ့ ဝက်တွေနဲ့ ခွေးတွေ။
ဤတစ်ကြိမ်တွင် ဖန်ရှုကျိန်း အပါအဝင် ဗိုလ်ချုပ်သုံးဦးသာမက သာမန်တပ်သားများပါ ကြီးမားသော အရှက်ရမှုကို ခံစားလိုက်ရသည်။ သူတို့ ဒေါသထွက်လွန်းသဖြင့် ချန်ဆန်းရှီကို အရှင်ဖမ်းပြီး အရေခွံခွာပစ်ချင်နေကြသည်။ သို့သော် သူတို့၏ ဒေါသများသည် ကျဆင်းလာသော မြှားမိုးများအောက်တွင် ပျောက်ကွယ်သွားရသည်။
ကိုက် ၁၀၀ ခန့် နီးကပ်လာတိုင်း သူတို့၏ ရဲဘော် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် လဲကျကုန်သည်။ သူတို့ရင်ထဲက ဒေါသနှင့် အရှက်ရမှုများသည် ကြောက်ရွံ့မှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။
"ဒိုင်းလွှားတွေ"
"ဒိုင်းကိုင် မြင်းစီးတပ်သားတွေ ရှေ့ထွက်"
ဗိုလ်ချုပ်တစ်ဦးက အော်ဟစ်အမိန့်ပေးလိုက်သည်။ နန်ရွှီတပ်ဖွဲ့သည် ချက်ချင်းပင် အပြောင်းအလဲ လုပ်လိုက်ကြသည်။
"ဒိုင်းလွှားတွေလား"
ချန်ဆန်းရှီက ကွင်းပြင်ကျယ်ထဲတွင် မြင်းစီးရင်း ရယ်မောလိုက်သည်။
ဒိုင်းလွှားကိုင်ထားရင် ဝိညာဉ်မြှားတွေက လူကို မသတ်နိုင်ရင်တောင် မြင်းတွေကိုတော့ သတ်နိုင်တာပဲ မဟုတ်လား။
မင်းတို့ နန်ရွှီမြင်းစီးတပ်မှာ ငါသတ်ဖို့ မြင်းဘယ်နှကောင် ရှိသလဲ ကြည့်ကြတာပေါ့။
"ဝီ... ဝီ..."
လေးညှို့သံမှာ အဆက်မပြတ် မြည်ဟည်းနေသည်။
ကြီးမားသော အရင်းအမြစ်များဖြင့် ပြုစုပျိုးထောင်ထားရသော တန်ဖိုးကြီး စစ်မြင်းများမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျကုန်သည်။ တစ်ကောင်သေလျှင် တစ်ကောင် လျော့သွားခြင်းဖြစ်ပြီး အချိန်တိုအတွင်း ပြန်လည် အစားထိုးနိုင်စရာ မရှိပေ။
ခဏအတွင်းမှာပင် မြင်းပေါင်း ဒါဇင်များစွာ သေဆုံးသွားသည်။ နန်ရွှီစစ်သည်များသည် ကြောက်မက်ဖွယ်ကောင်းသော အမှန်တရားတစ်ခုကို သိလိုက်ရသည်။ သူတို့ ရန်သူကို လုံးဝ မမှီနိုင်ပေ။
သူတို့မှာ စစ်သည် ထောင်ပေါင်းများစွာ ရှိနေသော်လည်း တစ်မိုင်ကျော် အကွာအဝေးကနေ မြှားဒဏ်ကို အလူးအလဲ ခံနေရပြီး ဘာမှ ပြန်မလုပ်နိုင်ဘဲ ဖြစ်နေသည်။ သူတို့မှာ လူနှစ်ယောက်ရဲ့ ကစားစရာ ဖြစ်နေရသည်။ လူတစ်သောင်းကျော်ကို လူနှစ်ယောက်က ကစားနေခြင်းပင်။
သူတို့ တကယ်ပဲ... လူတစ်သိန်းဆိုတဲ့ ဝက်တွေ၊ ခွေးတွေ ဖြစ်နေပါပြီ။
ဝက်နဲ့ခွေးဆိုတဲ့ အသုံးအနှုန်းကို ကြားရတဲ့အခါ သူတို့မှာ အစက ဒေါသထွက်ခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ထိုစကားမှာ မှန်ကန်နေသလို ခံစားလာရသည်။
မုဆိုးတစ်ယောက်ကို လိုက်ဖမ်းနေတဲ့ ဝက်အုပ်၊ ခွေးအုပ်တွေ မဟုတ်ပါလား။
ထိုသို့သော စိတ်ဓာတ်ကျဆင်းမှုများအောက်တွင် လူတစ်သိန်းအင်အားရှိသော တပ်ဖွဲ့ကြီးသည် ရှေ့က လူနှစ်ယောက်ကို ရင်ဆိုင်ရန် တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။
***