ရှေ့တန်းမှ မြင်းစီးစစ်သည်များသည် တမင်တကာပင် သူတို့၏ အရှိန်ကို လျှော့ချလိုက်ကြသည်။
သူတို့ နောက်ထပ် လိုက်မတိုက်ရဲတော့ပေ။
ဘယ်သူကမှ သေမင်းထံ အခမဲ့ သွားမတိုးချင်ကြဘူး မဟုတ်လား။
အဆိုရှိခဲ့သလိုပင်။
အထူးရွေးချယ်ထားသော စစ်သည်တော် အထူးချွန်ဆုံးများသာလျှင် သေအတူရှင်မကွာ တိုက်ခိုက်လိုစိတ် ရှိကြခြင်း ဖြစ်သည်။ ကျန်ရှိသော အုပ်စုများမှာတော့ လူအင်အား မည်မျှပင် များပြားစေကာမူ သေရမှာကို ကြောက်ကြစမြဲပင်။ အထူးသဖြင့် ခုခံဖို့ မဖြစ်နိုင်တော့ဘူးဟု သိလိုက်ရသည့်အခါ သူတို့ လုံးဝ အရှုံးပေးသွားကြတော့သည်။
အကယ်၍ အခြားနည်းလမ်း မရှိတော့လျှင်တော့ ဤရဲတင်းလှသော ရန်သူနှစ်ဦးကို စိတ်ကြိုက် လာချင်သလိုလာ၊ သွားချင်သလိုသွား ခွင့်ပြုလိုက်ရုံသာ ရှိတော့သည်။
သို့သော်လည်း...
ပို၍ မယုံနိုင်စရာကောင်းသော အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။
သူတို့က အရှိန်လျှော့ပြီး လမ်းဖယ်ပေးနေပါသော်လည်း ရှေ့က မြင်းစီးစစ်သည်နှစ်ဦးမှာ ထွက်မပြေးကြပေ။
သူတို့လည်း ရပ်လိုက်ကြသည်။
"နန်ရွှီသူပုန်တွေ... ဘာလို့ လိုက်တာ ရပ်လိုက်တာလဲ။ ငါ ချန်ဆန်းရှီ ကတော့ အားမရသေးဘူး"
မျိုးရိုးအမည် ချန် ဟုတွင်သော ထိုဗိုလ်ချုပ်သည် သူ၏ နေရာတွင် ရပ်မြဲရပ်လျက် မြှားများကို ဆက်တိုက် ပစ်ခတ်နေပြီး ရန်သူများကို သတ်ဖြတ်နေဆဲ ဖြစ်သည်။
"နက်နဲသံမဏိ ဒိုင်းလွှားတွေ"
"မြန်မြန်"
"လမ်းဖယ်ပေးကြ"
"နောက်က ဗိုလ်ချုပ်တွေ မှီလာတဲ့အထိ စောင့်ကြ"
စစ်သည် သောင်းပေါင်းများစွာ ရှိနေသည့်အတွက် အားလုံး တစ်ပြိုင်တည်း လှုပ်ရှားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
အချက်ပေးမြှားသံကို ကြားရလျှင် ကင်းလှည့်နေသော မြင်းစီးတပ်က အရင်ဆုံး လိုက်လံ တိုက်ခိုက်ရပြီးမှ ဗိုလ်ချုပ်ကြီးနှင့် အဓိက တပ်ဖွဲ့ကြီးက လူအုပ်ကြီးထဲမှတစ်ဆင့် ရှေ့တန်းသို့ ရောက်လာရန် အချိန်ယူရသည်။
လက်ရှိ အခြေအနေမှာတော့ ဗိုလ်ချုပ်တွေကိုပဲ အားကိုးရတော့မည့် ပုံစံမျိုး ဖြစ်နေသည်။
"ဘုန်း... ဘုန်း... ဘုန်း.."
နက်နဲသံမဏိ ဒိုင်းလွှားများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ကြေးနီသံမဏိ တံတိုင်းကြီးအလား အခိုင်အမာ ကာကွယ်လိုက်ကြသည်။
ဤတစ်ကြိမ်တွင်တော့ သူတို့ မြှားဒဏ်မှ နောက်ဆုံးတွင် သက်သာရာ ရသွားကြသည်။
ဒါကို မြင်လိုက်ရသောအခါ ရှေ့တန်းမှ ဝတ်စုံဖြူဗိုလ်ချုပ်မှာ မထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်တော့သည်။
"မြက်ခင်းပြင်ပေါ်က လူရိုင်းတွေက ဝက်တွေ၊ ခွေးတွေကို 'အာကီနာ' 'ဆိုင်းစီဟေး'လို့ ခေါ်ကြတယ်။ မင်းတို့ကိုယ်မင်းတို့ အဲ့ဒီလိုပဲ ပြောကြတာဆိုတော့ တကယ်လည်း 'အာကီနာ'စစ်စစ် 'ဆိုင်းစီဟေး'တွေပဲ ဖြစ်ရမယ်။ ငါတို့ကို လိုက်ဖမ်းရင်းနဲ့ ဘယ်လိုဖြစ်ပြီး မင်းတို့ဘာသာ ဝက်ခြံထဲ ပိတ်မိနေတဲ့ ဝက်တွေလို ဖြစ်သွားရတာလဲ"
"တိန့်ဖုန်း... သူတို့ရဲ့ ဝက်ခြံကို ဖျက်ဆီးပစ်လိုက်စမ်း"
"အမိန့်အတိုင်းပါ"
မြင်းစိမ်းကြီးမှာ အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားပြီး တိန့်ဖုန်းသည် တစ်ကိုယ်တော် ရန်သူ့တပ်ထဲသို့ တိုးဝင်သွားသည်။ သူ၏ ဓားချက်မှာ မြို့ရိုးဖြိုစက်ကြီး တစ်ခုအလား ပြင်းထန်လှပြီး နက်နဲသံမဏိ ဒိုင်းတံတိုင်းကြီးကို ဟာကွက်အကြီးကြီး ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်သည်။ ထို့နောက်တွင်တော့ သူသည် တစ်ရှိန်ထိုး တိုက်ခိုက်ပြီး ရန်သူ့ကာကွယ်ရေး အစီအစဉ်များကို အစိပ်စိပ်အမြွှာမြွှာ ဖြစ်အောင် လုပ်ဆောင်ကာ မြင်းစီးတပ်များ ဝန်းရံမလာခင် အချိန်မီ ပြန်လည် ထွက်ခွာနိုင်ခဲ့သည်။
ဝက်ခြံ ပျက်စီးသွားပြီးနောက်တွင်တော့ မြှားများသည် နောက်ကနေ အစီအရီ လိုက်ပါလာပြန်သည်။
နန်ရွှီစစ်သည်များ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်သည်။ အကယ်၍ ဗိုလ်ချုပ်များသာ အနားမှာ မရှိလျှင် လူတစ်သိန်းရှိသော တပ်ဖွဲ့ကြီး၏ ရှေ့တန်းတပ်များသည် စခန်းသို့ ပြန်ပြေးကြလောက်ပြီ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင်...
နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ်ကြီး သုံးဦးမှာ နောက်ဆုံးတွင် မှီလာခဲ့ကြသည်။
"ငါ့ဓားကို မြည်းစမ်းကြည့်စမ်း"
ယိုကျင့်ကျီသည် မြင်းပေါ်မှ ခုန်ဆင်းကာ လေထဲတွင် ကိုက်နှစ်ဆယ်ကျော် အကွာအဝေးကို ပျံသန်းပြီး ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။
"ဘုန်း.."
နောက်တစ်စက္ကန့်မှာပင် သူကိုယ်တိုင် နောက်သို့ လွင့်စင်သွားရသည်။ လေထဲတွင် အကြိမ်ပေါင်းများစွာ လိမ့်သွားပြီးနောက် မြေပေါ်သို့ ကျရောက်သွားကာ ဒိုင်းကိုင်တပ်သားတစ်ဦး၏ အကူအညီဖြင့် သူ၏ အနေအထားကို မနည်း ပြန်လည် ထိန်းလိုက်ရသည်။
"မင်းသားရှစ်"
"ဒီလူက တကယ်ကို သန်မာလွန်းတယ်"
"မင်းသား တစ်ယောက်တည်းပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်"
"သူတို့ကို ဒီနေရာမှာတင် တားထားပေးပါ"
ရန်ကျင်ရွမ်က "မင်းသားရှစ်... သူတို့ကို ခဏလောက် တားထားနိုင်သရွေ့တော့ ကျွန်တောိတို့ တပ်ဖွဲ့ကြီးရဲ့ ဝန်းရံမှုအောက်မှာ သူတို့ သေရမှာ သေချာတယ်။ သူတို့ကို လုံးဝ လွတ်မသွားစေနဲ့၊ မဟုတ်ရင်တော့..."
သူက ဘေးက တပ်သားတွေကို တစ်ချက်ကြည့်ပြီး ခဏရပ်ကာ ဆက်ပြောလိုက်သည်။ "စစ်သည်တွေရဲ့ စိတ်ဓာတ်က လုံးဝ ပြိုလဲသွားလိမ့်မယ်။ အဲ့ဒီ စိတ်ဓာတ်ကို ပြန်တည်ဆောက်ဖို့ အနည်းဆုံး တစ်လခွဲလောက် အချိန်ယူရလိမ့်မယ်"
"ငါ့ကို လွှတ်ထားလိုက်"
ဖန်ရှုကျိန်းက မြင်းစီးလျက် ရှေ့ဆုံးမှ ထွက်လာပြီး စစ်ကြောင်းထဲမှ လျင်မြန်စွာ ခွဲထွက်လာသည်။
"ရွှတ်... ရွှတ်... ရွှတ်..."
သူ့ထံသို့ မြှားများ အဆက်မပြတ် ပျံသန်းလာသော်လည်း သူ၏ လက်ထဲရှိ အသွားမပါသော ဓားကြီးဖြင့် ကာကွယ်လိုက်သည်။
သူတို့ကို တားထားစမ်း။
လူနှစ်ယောက်တည်းလို့ ပြောကြပေမဲ့ မြင်းစီးပြီး လိုက်တာတောင် ဘယ်လိုမှ မှီအောင် မလိုက်နိုင်ဘဲ ဖြစ်နေသည်။
"အား"
ဖန်ရှုကျိန်းက ဟိန်းဟောက်လိုက်သည်။ သူ၏ ကြွက်သားများ ဖောင်းကားလာပြီး အကြောများ ပြိုင်းပြိုင်းထလာကာ ခန္ဓာကိုယ်မှာလည်း ရုတ်တရက် ကြီးထွားလာသည်။ သူ၏ နက်နဲသံမဏိ သံချပ်ကာပင် လျှံထွက်လာတော့မတတ် ဖြစ်နေသည်။ မည်သည့် သိုင်းပညာကို သုံးလိုက်သည် မသိသော်လည်း သူ မြေကြီးကို နင်းလိုက်သည့်အခါ နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်သွားရသည်။ ထို့နောက်တွင်တော့ သူသည် အတောင်ပံပေါက်နေသော ကျားတစ်ကောင်အလား အလွန်မြန်ဆန်လှပြီး မြင်းစီးသူ နှစ်ဦးကို ခဏချင်းမှာပင် အံ့ဩဖွယ် မှီသွားခဲ့သည်။
"ဒါ ငါ့ရဲ့ မြင်းစိမ်းကြီး မဟုတ်လား"
နီးကပ်သွားသည့်အခါ သူ၏ ကိုယ်ပိုင်စစ်မြင်းကို နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။ "မင်း ဝက်... အခုချက်ချင်း ရပ်စမ်း"
မြင်းစိမ်းကြီးမှာ သူ၏ သခင်ဟောင်းကို မြင်လိုက်ရသဖြင့် တွန့်ဆုတ်သွားသည်။
သို့သော်လည်း ချန်ဆန်းရှီ၏ အကြည့်အောက်တွင်တော့...
မြင်းစိမ်းကြီးမှာ ချက်ချင်းပင် အရှိန်ကို မြှင့်လိုက်ပြီး ပို၍ မြန်မြန် ပြေးတော့သည်။
"မင်း ဝက်"
မိမိ၏ စစ်မြင်းက သူစိမ်းနောက်ပါသွားပြီး ကိုယ့်ရဲ့ ညီအစ်ကိုတွေကို ပြန်သတ်ဖို့ ကူညီပေးနေသည်ကို မြင်ရသဖြင့် ဖန်ရှုကျိန်းမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ် ဖြစ်နေသည်။
ကံကောင်းသည်မှာ မြင်းစိမ်းကြီး တွန့်ဆုတ်သွားသည့် ခဏလေးက သူ့ကို အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။ အသွားမပါသော ဓားကြီးက ထစ်ချုန်းသံနှင့်အတူ ကျဆင်းလာပြီး တိန့်ဖုန်းနှင့် အားပြိုင်မိကြသည်။ နှစ်ဦးလုံး အားချင်း မျှနေကြသည်။
ထိုကဲ့သို့ အရှိန်မြှင့်ထားသော စွမ်းအားမှာ အချိန်အကန့်အသတ် ရှိလှပြီး အကြာကြီး ဆက်မလုပ်နိုင်ပေ။ ခဏအကြာမှာပင် ဖန်ရှုကျိန်း အားနည်းလာသလို ခံစားလိုက်ရပြီး သူ၏ အရှိန်မှာလည်း မလိုလားဘဲ လျော့နည်းသွားရသည်။ အဖြူရောင်မြင်းတစ်စီးနှင့် အစိမ်းရောင်မြင်းတစ်စီးတို့ ဝေးရာသို့ ပြေးထွက်သွားသည်ကို သူ မတတ်သာဘဲ ကြည့်နေရတော့သည်။
နောက်ထပ် မြှားအချို့မှာ သူ၏ ခေါင်းပေါ်မှ ဖြတ်ကျော်ပျံသန်းသွားသည်။
သူ့နောက်မှ မြင်းစီးစစ်သည် အချို့ကို တိုက်ရိုက် သတ်ဖြတ်လိုက်ပြန်သည်။
ထို့နောက်တွင်တော့...
ဝတ်စုံဖြူ စစ်သူကြီး၏ မောက်မာလှသော အသံကြီး ထွက်ပေါ်လာသည်။
"ဝက်တွေ၊ ခွေးတွေက အရမ်းများပြီး ထက်မြက်တဲ့ မြှားတွေက အရမ်းနည်းနေတယ်။ ဒီနေ့တော့ ငါ ချန်ဆန်းရှီ လည်း ပင်ပန်းနေပြီ၊ နောက်ရက်မှ ပြန်လာခဲ့ဦးမယ်"
ရည်ရွယ်ချက်ကတော့ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ချန်ဆန်းရှီက တိန့်ဖုန်းကို လိုက်လာရန် အချက်ပြလိုက်သည်။
ဒီနေ့တော့ သူတို့ နှစ်ယောက်တည်း။
လူတစ်သိန်းရှိတဲ့ တပ်ဖွဲ့ကြီးရဲ့ ရှေ့မှာ ဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ စစ်သည် တစ်ထောင်နီးပါးကို အတင်းအဓမ္မ သတ်ဖြတ်နိုင်ခဲ့ခြင်းက နန်ရွှီတပ်ဖွဲ့ကို သံသယတွေ၊ တွန့်ဆုတ်မှုတွေ ပြည့်နှက်သွားစေဖို့ လုံလောက်လှသည်။ ဒါဆိုရင်တော့ သူတို့ နောက်ဆုံးအဆင့်ကို ချောမွေ့စွာ ဆက်သွားနိုင်ပြီ ဖြစ်သည်။
...
"ငါ့မြင်း"
ဖန်ရှုကျိန်းမှာ ဘာမှ မတတ်နိုင်ဘဲ ဒေါသတကြီးဖြင့် သူ၏ နေရာမှာတင် ရမ်းခုတ်နေတော့သည်။
လူတစ်သိန်းရှိသော တပ်ဖွဲ့ကြီး။
မြှားဒဏ်ကို ပြင်းထန်စွာ ခံလိုက်ရပြီး စခန်းသို့ ပြန်လာသည့်အခါ သူတို့၏ စိတ်ဓာတ်များမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ရသည်။
"တိန့်ဖုန်း"
စစ်ဗျူဟာတဲနန်းအတွင်းမှာ ဖန်ရှုကျိန်းက သူ၏ လက်နက်ကို ပစ်ချလိုက်ပြီး မထိန်းနိုင်သော ဒေါသများဖြင့် ဆဲဆိုလိုက်သည်။ "ဒီ တိန့်ဖုန်း က ငါနဲ့ ယှဉ်နိုင်တဲ့အထိ အစွမ်းထက်နေတာလား။ ဟူလောင်တောင်ကြား အပြင်ဘက်မှာ ဘယ်လိုဖြစ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ စစ်သည်တော် ရှိနေရတာလဲ။ ခေါ်ခဲ့... လီဂုန်းရဲ့ သားကို ငါ့ဆီ ခေါ်လာခဲ့ကြစမ်း"
***