"သူတို့က ကျွန်တော်တို့ကို အချိန်ဆွဲချင်ရုံတင်ပါ"
"တကယ်လို့ သူတို့က တကယ်ပဲ ဆွေးနွေးချင်တာဆိုရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ခဏမျှ စဉ်းစားပြီးနောက် ရန်ကျင်ရွမ်က ဆုံးဖြတ်ချက် တစ်ခု ချလိုက်
သည်။
"ကောင်းပြီ၊ မင်းသားရှစ်... သူတို့ကို ပြောလိုက်ပါ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်တယ်၊ ဒါပေမဲ့ သူတို့ဘက်က အရင်ဆုံး မင်းသား၁၄ကို ပြန်လွှတ်ပေးရမယ်။ ပြီးတော့... နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် အနည်းဆုံး နှစ်ဦးနဲ့အတူ ဖန်ချင်းယွမ် ကိုပါ ကျွန်တော်တို့ရဲ့ စစ်သည် တစ်သိန်းရှိတဲ့ စခန်းထဲကို လာပြီး ညှိနှိုင်းခိုင်းလိုက်"
"တကယ်လို့ သူတို့က အဲ့ဒီလို လုပ်ရဲတယ်ဆိုရင်တော့ သူတို့နဲ့ စကားပြောရတာ အကျိုးမယုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် စာထဲမှာ ပါတဲ့ အလဲအလှယ်က ဟူလောင်တောင်ကြားကို တိုက်ခိုက်တာထက် ကျွန်တော်တို့အတွက် အများကြီး ပိုတန်ဖိုးရှိနေတာပဲ"
"ဒါပေမဲ့ သူတို့ မလာရဲဘူးဆိုရင်တော့ ဒါဟာ လိမ်ညာနေတာဆိုတာ ထင်ရှားသွားလိမ့်မယ်"
"တကယ်ကို ထက်မြက်တဲ့ အကြံပဲ"
ဖန်ရှုကျိန်းက အလွန်ဝမ်းသာသွားပြီး ချက်ချင်းပင် လူလွှတ်၍ အကြောင်းပြန်ခိုင်းလိုက်သည်။
...
ရက်အနည်းငယ်မှာ ခဏချင်းပင် ကုန်ဆုံးသွားခဲ့သည်။
ဤအတောအတွင်း မိုးဖွဲဖွဲလေးများ အဆက်မပြတ် ရွာသွန်းနေခဲ့သည်။ မိုးက မသည်းသော်လည်း စိုစွတ်လှသော အရှေ့တောင်ဘက်ဒေသကို ပို၍ မှုန်မှိုင်းသွားစေသည်။ အထူးသဖြင့် စစ်သည် တစ်သိန်းအတွက်တော့ လေဒဏ် မိုးဒဏ်ကို ကာကွယ်ဖို့ ခိုင်ခံ့တဲ့ ခိုလှုံရာ မရှိဘဲ မြေပြင်ပေါ်မှာ တဲထိုးနေထိုင်ရခြင်းက တကယ့်ကို ရေရှည် နှိပ်စက်မှုတစ်ခုပင် ဖြစ်သည်။
စစ်သည်များကြားတွင်လည်း ညည်းညူသံများ ပျံ့နှံ့နေတော့သည်။
"ဘာလို့ အခုထိ ဘာသတင်းမှ မရှိသေးတာလဲ"
ဖန်ရှုကျိန်းသည် စိတ်ရှည်မှုများ တဖြည်းဖြည်း ကုန်ဆုံးလာကာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ "ညှိနှိုင်းဖို့ သဘောတူထားတာ ရက်တွေသာ ကုန်သွားတယ်၊ ဘာသတင်းမှ မကြားရသေးဘူး။ လီဂုန်း ဘက်ကလည်း နေ့တိုင်း လာတိုက်တွန်းနေတာ ငါ့ခေါင်းတောင် ပေါက်ထွက်တော့မယ်"
ယိုကျင့်ကျီက "ကြည့်ရတာတော့ ဒါဟာ တကယ်ပဲ အချိန်ဆွဲတဲ့ ဗျူဟာ ဖြစ်လိမ့်မယ်" ဟု ဆိုသည်။
"တောက်... ငါ့ကို ကစားရဲတယ်ပေါ့"
ဖန်ရှုကျိန်းက ဒေါသတကြီးဖြင့် "ဗျူဟာမှူး... တိုက်ပွဲစကြရအောင်"
"ချွင်.."
ရန်ကျင်ရွမ်က သူ၏ ခါးရှိ ဓားရှည်ကို ဆွဲထုတ်လိုက်ရင်း "ငါ့အမိန့်ကို နားထောင်ကြ" ဟု ကြွေးကြော်လိုက်သည်။
"ဝီ... ဝုန်း..."
အမိန့်တစ်ခုတည်းဖြင့် စစ်သည် တစ်သိန်း။
စစ်သည် အရေအတွက် များပြားလှသည့်အတွက် သူတို့၏ စစ်ကြောင်းကြီးမှာ မိုင်ပေါင်း ၂၀ ကျော်အထိ ရှည်လျားလှသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းစေမည့် အရှိန်အဟုန်ဖြင့် ဟူလောင်တောင်ကြားကို ဖိအားပေးရန် ချီတက်လာကြသည်။
မြို့ရိုးပေါ်တွင်တော့ အကြိမ်ကြိမ် အောင်ပွဲခံထားသော အနက်ရောင်သံချပ်ကာစစ်သည်များပင် ဤမြင်ကွင်းကို ကြည့်ပြီး အနည်းငယ် ထိတ်လန့်သွားကြသည်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အစစ်အမှန် စစ်သည် တစ်သိန်းဖြစ်ပြီး သူတို့ဘက်မှာတော့ သုံးထောင်ပဲ ရှိတာကို သူတို့ သိနေကြသည် မဟုတ်လား။
သို့သော် ဤအရေးကြီးသော အချိန်မှာပင်...
ရန်သူ့စခန်းသို့ သံတမန်တစ်ဦး ရောက်ရှိလာခဲ့သည်။
"သူတို့ သဘောတူတယ် ဟုတ်လား"
ဖန်ရှုကျိန်းက စာပါ အကြောင်းအရာကို ကြည့်ပြီး ပြန်လည် ဝမ်းသာသွားပြန်သည်။ "ဗျူဟာမှူး... မြန်မြန်ကြည့်ပါဦး ဟူလောင်တောင်ကြားက သံတမန်က သူတို့ကခင်ဗျားရဲ့ အခြေအနေတွေကို လက်ခံတယ်လို့ ပြောလာတယ်"
"ဩော်"
ရန်ကျင်ရွမ် အနည်းငယ် အံ့ဩသွားရသည် "သူတို့က နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် နှစ်ယောက်ကို ကျွန်တော်တို့စခန်းဆီ တကယ်ပဲ လွှတ်မှာလား"
"မဟုတ်ဘူး"
ဖန်ရှုကျိန်းက ပြောသည် "တကယ်တော့ လူလေးယောက်တောင် လာမှာပါ။ ရှာဝန်လုံ၊ တိန့်ဖုန်း၊ ပြီးတော့ နာမည်မသိရသေးတဲ့ အဲ့ဒီ ဗိုလ်ချုပ်နဲ့ ဖန်ချင်းယွမ် တို့ပဲ။ ကြည့်ရတာ ဇီဝေတောင်က သူတို့အတွက် တကယ် အရေးကြီးပုံရတယ်၊ သူတို့ တကယ်ကို ရိုးရိုးသားသား ညှိနှိုင်းဖို့ လာကြတာပဲ"
"အားလုံး လာမှာလား"
ယိုကျင့်ကျီက မယုံနိုင်သလို ကြားလိုက်ရသည်"ဒါဆိုရင် ဟူလောင်
တောင်ကြားရဲ့ အင်အား ၉၀ ရာခိုင်နှုန်းလောက်က ငါတို့စခန်းထဲကို ကိုယ်တိုင် လာအပ်သလို ဖြစ်နေမှာပေါ့။ သူတို့ရဲ့ ရိုးသားမှုကတော့ တကယ် လုံလောက်ပါတယ်။ ဗျူဟာမှူး... ငါ့အမြင်တော့ ဆွေးနွေးကြည့်တာ တန်ပါတယ်"
"တကယ်လို့ အဲ့ဒီအတိုင်းသာဆိုရင်..."
ရန်ကျင်ရွမ်က "ဆွေးနွေးကြည့်တာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ တစ်ခုခုတော့ မှားနေသလို ခံစားနေရတုန်းပဲ" ဟု ဆိုသည်။
"ဗျူဟာမှူး... ဒီတစ်ခါတော့ စဉ်းစားလွန်းနေပြီ ထင်တယ်"
ယိုကျင့်ကျီက အလောတကြီး ပြောလိုက်သည်။
"နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် သုံးယောက်လုံး ငါတို့ရဲ့ စစ်ဗျူဟာတဲနန်းထဲကို ရောက်လာမှာလေ၊ ဖန်ချင်းယွမ် လည်း ပါသေးတယ်။ ငါတို့စခန်းထဲ ရောက်လာပြီဆိုရင် သူတို့က အသတ်ခံရမယ့် သိုးကလေးတွေလိုပဲ မဟုတ်လား၊ သူတို့က သူတို့အသက်ကို မနှမြောဘူးလား"
"ဒါ့အပြင် ဒီလူတွေသာ အပြင်ထွက်လာရင် နောက်မှာ ကျန်ခဲ့တဲ့ ချန်ဆန်းရှီ က ဘယ်လောက်ပဲ ကောက်ကျစ်ပါစေ၊ သူ့အစွမ်းကို ထုတ်ပြနိုင်ပါဦးမလား"
နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ်တွေ မရှိဘဲနဲ့။
အားလုံးကို ခြုံကြည့်ရလျှင် ချန်ဆန်းရှီ ဆိုတာ မဟာသွေးကြောအဆင့် တစ်ယောက်သာ ဖြစ်သည်။
အရင်က ငွေရောင်ထင်းရှူးတောင်ကုန်းမှာ ကောင်းကင်ဘုံကျမ်းကဗျူဟာကို သုံးနိုင်ခဲ့တာကလည်း အဲ့ဒီ သိုင်းပညာရှင်ကြောင့်ဖြစ်ပြီး နောက်ပိုင်း မြင်းစီးတပ်နဲ့ ဝင်တိုက်ခဲ့တာကလည်း တိန့်ဖုန်း ရဲ့ အစွမ်းကို အားကိုးခဲ့ရတာ မဟုတ်လား။
သူတို့သာ မရှိရင် ချန်ဆန်းရှီ က ဘာလုပ်နိုင်မှာလဲ။
"အဲ့ဒီအချက်ကတော့ မှန်ပါတယ်"
ရန်ကျင်ရွမ်ကတော့ တွန့်ဆုတ်နေဆဲပင်"ဒါပေမဲ့လည်း..."
"ဗျူဟာမှူး... ဒါက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးပါ"
ဖန်ရှုကျိန်းက ပြောသည်"ဒါရှန် ဧကရာဇ်လုံချင်က အရည်အချင်းမရှိသလို ကိုယ်ကျင့်တရားလည်း ပျက်ပြားနေတာပဲ။ လွန်ခဲ့တဲ့ ဆယ်ရက်က ယွမ်ကျိုး မှာ ဘာဖြစ်ခဲ့သလဲဆိုတာ မှတ်မိသေးလား။ အဲ့ဒါ သူလုပ်တာ ဖြစ်ဖို့က ၈၀၊ ၉၀ ရာခိုင်နှုန်း သေချာတယ်။ တကယ်လို့ ဇီဝေတောင်ပေါ်မှာ ရတနာတွေ ရှိနေရင် သူ့အတွက်တော့ ပြည်နယ် နှစ်ခုနဲ့ လဲတာက ဘာမှ မဟုတ်ဘူး"
ရန်ကျင်ရွမ် ပြန်စဉ်းစားကြည့်တော့လည်း ထိုသို့ပင် ဖြစ်နိုင်သည်။
ထို့အပြင် ရန်သူကိုယ်တိုင်က ကျားတွင်းထဲကို ဆင်းလာတာဖြစ်ပြီး ဒါဟာ ညှိနှိုင်းမှုတစ်ခုသာ ဖြစ်ကာ အဆုံးအဖြတ် တိုက်ပွဲလည်း မဟုတ်ပေ။ တကယ်လို့ ညှိနှိုင်းမှု မအောင်မြင်ရင်လည်း စစ်ကို ချက်ချင်း ပြန်တိုက်လို့ ရနေတာပဲ မဟုတ်လား။
"ဗျူဟာမှူး"
ဖန်ရှုကျိန်းက ဘေးကနေ ထပ်ပြီး တိုက်တွန်းသည်။
"မမေ့ပါနဲ့၊ ငါရဲ့ ညီတော်၁၄က သူတို့လက်ထဲမှာ ရှိနေတုန်းပဲလေ။ ညှိနှိုင်းမှု မအောင်မြင်ရင်တောင် အနည်းဆုံးတော့ သူ့ကို ပြန်ကယ်လို့ ရတာပေါ့ မဟုတ်ဘူးလား"
"ကောင်းပြီ"
ရန်ကျင်ရွမ် နောက်ဆုံးတော့ သဘောတူလိုက်သည်။
"ဒါဆိုရင်တော့ သူတို့ကို အရင်ဝင်လာခိုင်းပြီး စကားပြောကြည့်ကြတာပေါ့။ ဒါပေမဲ့ ငါတို့ သဘောမတူနိုင်ဘူးဆိုရင်တော့..."
သူ၏ အကြည့်များက ရုတ်တရက် ရက်စက်သွားကာ "သူတို့ ပြန်ထွက်သွားဖို့ မလိုတော့ဘူး" ဟု ဆိုလိုက်သည်။
"ငါ့အမိန့်ကို နားထောင်ကြ"
"စစ်ဗျူဟာတဲနန်းတဝိုက်မှာ ထောင်ချောက်အစီရင်ကို ကြိုတင် ပြင်ဆင်ထားလိုက်။ ငါ ခွက်ကို ပစ်ချလိုက်တဲ့ အချက်ပေးသံကို စောင့်ကြ"
"ပြီးရင်တော့..."
"ဧည့်သည်တွေကို ကြိုဆိုကြတာပေါ့"
"ဝုန်း..."
ဟူလောင်တောင်ကြား မြို့တံခါးကြီး ပွင့်သွားသည်။
ဖန်၊ တိန့်၊ ရှာ၊ ဝမ်... ထိုလူလေးယောက်သည် မည်သည့် အခြွေအရံမျှ မပါဘဲ စစ်သည် တစ်သိန်းရှိသော တပ်ဖွဲ့ကြီးဆီသို့ တည့်တည့် လျှောက်လှမ်းသွားကြသည်။ သံချပ်ကာဝတ် စစ်သည်များမှာ ဒီရေအလား လမ်းဖယ်ပေးလိုက်ကြပြီး နောက်ဆုံးတွင်တော့ သူတို့ လေးယောက်မှာ လူအုပ်ကြီးထဲတွင် နစ်မြုပ်သွားတော့သည်။
"အရှင်..."
"ဒါ... ဒါက အရမ်း အန္တရာယ် မများလွန်းဘူးလား"
ကျောက်ကန် နှင့် အခြားသူများမှာတောင် စိုးရိမ်ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
"ဟုတ်ပါတယ်"
"ဗိုလ်ချုပ်ဖန် တို့ အားလုံးက ဟိုဘက်ကို ရောက်သွားကြပြီလေ၊ အဲ့ဒါ စစ်သည် တစ်သိန်းရှိတဲ့ စခန်းကြီးပါ"
"တကယ်လို့ တစ်ခုခု ဖြစ်သွားရင်..."
ဘယ်သူမှ ပြန်ထွက်လာနိုင်မှာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ်။
ရန်သူ့ဘက်မှာ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် သုံးဦး ရှိနေသေးပြီး ဖန်ရှုကျိန်း ရဲ့ အစွမ်းကလည်း တိန့်ဖုန်း ထက် မနိမ့်ပေ။ ရှာဝန်လုံ တစ်ယောက်တည်းပဲ ကျန်နေတဲ့ အခြေအနေမှာ တစ်ခုခု မှားယွင်းသွားရင် ဟူလောင်တောင်ကြားအတွက် တကယ်ပဲ အဆုံးသတ်သွားမှာ မဟုတ်လား။
ချန်ဆန်းရှီသည် ကွင်းပြင်ကျယ်ကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။ သူ၏ မျက်ဝန်းများထဲတွင်တော့ အောင်နိုင်ရမည်ဟူသော ပြတ်သားသည့် သန္နိဋ္ဌာန်များဖြင့် ပြည့်နှက်နေသည်။
"ရှာချုံ... အမိန့်ကို နားထောင်စမ်း"
"တပ်ဖွဲ့ တစ်ခုလုံး တိုက်ပွဲအတွက် ပြင်ဆင်ထားကြ"
"မနက်ဖြန် မနက်မှာ အဆုံးအဖြတ် တိုက်ပွဲအတွက် ချီတက်မယ်"
"အဆုံးအဖြတ် တိုက်ပွဲ ဟုတ်လား"
ရှာချုံသည် သူ နားကြားမှားသလားဟုပင် ထင်သွားရသည်။
"အရှင်... ကျွန်တော်တို့ ညှိနှိုင်းနေကြတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် အဆုံးအဖြတ် တိုက်ပွဲ ဖြစ်သွားရတာလဲ။ ဗိုလ်ချုပ်ဖန် တို့လည်း ဟိုဘက်မှာ ရှိနေကြတာလေ"
ချန်ဆန်းရှီ၏ တိတ်ဆိတ်မှုကပင် အဖြေဖြစ်နေခဲ့သည်။
ရှာချုံ နှင့် အခြားသူများမှာ ထပ်ပြီး မငြင်းဆိုရဲတော့ဘဲ အမိန့်ကို အကောင်အထည်ဖော်ရန် ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။
ဤအစီအစဉ်။
ညှိနှိုင်းမှု ဖြစ်သလို အဆုံးအဖြတ် တိုက်ပွဲလည်း ဖြစ်သည်။
ဒါဟာ ဟူလောင်တောင်ကြား တိုက်ပွဲရဲ့ စတုတ္ထမြောက် လှုပ်ရှားမှုနဲ့ နောက်ဆုံး လှုပ်ရှားမှုပင် ဖြစ်သည်။
***