"ဂျင် တစ်သောင်းက ဒီလောက် လွယ်ကူနေမှတော့...။ ဒါဆိုရင်….။"
နင်းဖန်သည် အလေးမတုံးကို အောက်ချလိုက်ပြီး သူ၏ အကြည့်များက အနီးနားရှိ ပိုမို လေးလံသော ကိရိယာများဆီသို့ ရွေ့လျားသွားကာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ချက်ချင်းပင် သူသည် ဂျင် (၁၃,၀၀၀) ဟု ရေးထိုးထားသော ကျောက်တုံးဘားတစ်ခုဆီသို့ လျှောက် သွားလိုက်လေသည်။
နောက်တစ်ကြိမ် သူသည် လက်တစ်ဖက်တည်းကိုသာ အသုံးပြုခဲ့၏။ ရလဒ်မှာ အံ့သြစရာ မရှိချေ...။ အလေးတုံးသည် သူ၏ ခေါင်းပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ထို့ပြင် နင်းဖန် ခံစားရသည်မှာ အနည်းငယ် အားစိုက်ရုံမျှသာ ဖြစ်၏။၎င်းက သူ့ကို အံ့အားသင့်စေကာ ဝမ်းသာသွားစေခဲ့သည်။
ရူရီဂျင်ဂူဘန် ကိုယ်တိုင်ပင် ဂျင် (၁၃,၅၀၀) သာ လေးကြောင်း မှတ်သားထားပါ။ ဝူချန်အန်၏ အနောက် ဘက်သို့ ခရီးစဉ် ဇာတ်လမ်းထဲသို့ သူ့ကို ယခုချက်ချင်း ပစ်ထည့်လိုက်လျှင်ပင် ထိုနတ်ဘုရား သံတုံးကို သူ မနိုင်သေးပေမည်။
ဤသည်မှာ အမှန်တကယ်ပင် ကြီးမားလှသော နတ်ဘုရားအင်အား ဖြစ်၏။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း တွင် သာမန်လူများသည် ဂျင် (၂,၀၀၀) ခန့်တွင် အဆုံးသတ်သွားတတ်သည်...။ နင်းဖန်သည် သူတို့ကို အဝေးကြီးတွင် ချန်ထားရစ်ခဲ့ပြီ ဖြစ်သည်။
ထို့ပြင် သူသည် သူ၏ အကန့်အသတ်သို့ မရောက်သေးချေ။ မရပ်မနားဘဲ သူ ဆက်လက် စမ်းသပ်နေခဲ့ လေ၏။
သူသည် အကြောလျှော့ကာ အလေးချိန်ကို ပုံမှန် တိုးမြှင့်သွားပြီး နောက်ဆုံးတွင် ဂျင် (၁၈,၀၀၀) ၌ ရပ်တန့်လိုက်သည်။ ထိုအခါတွင်ပင် ကျောက်တုံးဘားသည် သူ၏ ခေါင်းပေါ်သို့ ရောက်ရှိနေဆဲ ဖြစ်၏။
သို့သော် ၎င်းကို သူ အကြာကြီး မကိုင်ထားနိုင်တော့ချေ။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏ ညာဘက်လက်မောင်းသည် ပူလောင်လာပြီး ခံနိုင်ရည်၏ အစွန်အဖျားသို့ ရောက်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။
သို့တိုင် ၎င်းမှာ သူ့အတွက် လုံလောက်သည်ထက် ပိုနေခဲ့ပြီပင် ဖြစ်၏။
မနေ့က ကျမ်းစာဆောင်တွင် မှတ်တမ်းများစွာကို သူ ဖတ်ခဲ့ဖူးသည်။ နာမည်ကြီး ရုပ်ခန္ဓာကိုယ် သန့်စင် ခြင်း ကျွမ်းကျင်သူများပင်လျှင် သူတို့၏ ပထမဆုံး သန့်စင်ပြီးပြီးချင်း လက်တစ်ဖက်တည်းဖြင့် ဂျင် (၁၀,၀၀၀) ကျော်ကို အနည်းငယ်သာ မနိုင်ခဲ့ကြချေ။
မည်သူကမျှ သူ၏ (၂၀,၀၀၀) နီးပါးကို မမီနိုင်ခဲ့ကြချေ။
အကန့်အသတ်မဲ့ တာအိုကျမ်းစာသည် အမှန်တကယ်ပင် အမြင့်ဆုံးဖြစ်သည်ဟုသာ ပြောနိုင်တော့၏။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပထမအလွှာ၊ လက်တစ်ဖက်တည်းဖြင့် ဂျင် (၁၈,၀၀၀)။ အကယ်၍ သူသာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုပါက အင်အား ပေါက်ကွဲထွက်မှုမှာ ပို၍ပင် ပြင်းထန်ပေလိမ့် မည်။
ထို့ပြင် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် သင်၏ အစပြု အင်အား မြင့်မားလေလေ နောက်ပိုင်း ချိုးဖောက်ဝင်ရောက်မှု တစ်ခုစီတိုင်းမှ ရရှိမည့် အကျိုးကျေးဇူးများက ပို၍ ကြီးမားလေလေ ဖြစ်၏။
ငယ်ရွယ်သော အလွှာငယ် ချိုးဖောက်ဝင်ရောက်မှု တိုင်းနီးပါးသည် ရုပ်ခန္ဓာကိုယ်ကို ဘက်စုံမြှင့်တင် ပေးသည်ပင်။
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပြီးပြည့်စုံသည့် အခြေအနေသို့ ရောက်ရှိချိန်တွင် ထိုစုပုံနေသော မြှင့်တင် မှုများ အားလုံးသည် လုံးဝ အသစ်သော အသိုင်းအဝိုင်းတစ်ခုကို ဖွင့်လှစ်ပေးမည် ဖြစ်၏။
"ကောင်းတယ်...။ ဒါက ကူးပြောင်းလာတဲ့သူတစ်ယောက် ဖြစ်သင့်တဲ့ပုံစံပဲ...။"
နင်းဖန်သည် ထိုခံစားချက်ကို အရသာခံရင်း သူ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့၏။ဤသည်မှာ ကူးပြောင်းလာသူတစ်ဦး ရထိုက်သော ဇာတ်ညွှန်းပင် ဖြစ်သည်။
ယခင်က စိတ်ပျက်စရာကောင်းသော နေ့ရက်များကို ပြန်တွေးကြည့်ပါက ဂိုဏ်းတွင် ခြောက်လတာ နေခဲ့ရသော်လည်း အပြင်စည်း အစမ်းခန့်တပည့် တစ်ယောက်သာ ဖြစ်နေဆဲဖြစ်ပြီး သိုင်းနည်းစနစ် ခန်းမတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ရပ်နေခဲ့ရ၏၊
ယခု စနစ်ကို နိုးထစေပြီးနောက် နေ့တစ်နေ့ ညတစ်ညအတွင်းမှာပင် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းတစ်ခုလုံးသာ မထွက်ခွာသွားခဲ့ပါက ဤ ဂျင် (၁၈,၀၀၀) ရှိသော လက်မောင်းသည် သူ့အား အစစ် အမှန်တပည့် ဟူသော ဂုဏ်ပုဒ်ကို သေချာပေါက် ရရှိစေမည် ဖြစ်၏။ ကံမကောင်းစွာဖြင့် ၎င်းမှာ ဆန္ဒ သက်သက်သာလျင် ဖြစ်လေသည်။
ကြီးမားသော ဘေးအန္တရာယ်က သုံးနှစ်အတွင်း ရောက်လာမည်ဖြစ်ပြီး။ အသက်နှင့်သေဆုံးခြင်း အကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် နင်းဖန်၌ ကိုယ့်ကိုယ်ကိုယ် သနားနေရန် အချိန်မရှိချေ။
ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်အတွက် ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ ကျန်ရှိနေသော အရင်းအမြစ် များကို နောက်ဆုံးအစက်အထိ သူ ညှစ်ထုတ်ရမည် ဖြစ်၏။
*ငါ သေချာပေါက် အသက်ရှင်ရမယ်...။*
ဤသည်ကို တွေးမိသောအခါ သူ၏ မျက်လုံးများတွင် ပြင်းထန်သော ရှင်သန်လိုစိတ်များက လောင်ကျွမ်းနေခဲ့၏။
သူသည် လေ့ကျင့်ရေးကွင်း ရှေ့ရှိ အဆောက်အအုံများဆီသို့ လျှောက်သွားလိုက်လေသည်။ နေ့တစ်နေ့ ညတစ်ည အပြည့်အဝ ပြင်းပြင်းထန်ထန် လေ့လာခြင်းနှင့် ကျင့်ကြံခြင်းက သူ့ကို မောပန်းနွမ်းနယ်စေ ခဲ့ပြီ ဖြစ်၏။
ပြန်လည် နာလန်ထူရန် သူ အချိန်အကြာကြီး အိပ်စက်ရန် အလွန် လိုအပ်နေခဲ့ပြီပင်ဖြစ်သည်။
အနားယူပြီးသည်နှင့် သူသည် တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို အောင်မြင်မှုအသေးစားသို့ တွန်းပို့မည် ဖြစ်၏။ ထို့နောက် တိုက်ခိုက်ရေး စမ်းသပ်မှုများအတွက် နတ်ဆိုးသားရဲများကို အမဲလိုက် ရန် သားရဲတစ်သောင်း တောင်ထိပ်သို့ သူ သွားမည်ဖြစ်ပေသည်။
သူ၏ အစီအစဉ်ကို တွေးတောရင်း သူသည် အထဲသို့ ဝင်သွားကာ မည်သူ့ကုတင်ဖြစ်စေ အနီးဆုံး ကုတင်တစ်ခုကို ရှာလိုက်ပြီး ဟောက်သံများဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေ တော့၏။
တစ်ချိန်တည်းမှာပင် ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ နင်းဖန်၏ လေ့ကျင့်ရေးကွင်းပေါ်ရှိ စွမ်းဆောင်ရည်က အပြင်စည်းနှင့် အတွင်းစည်း တပည့်များ နှစ်ဦးစလုံးကို ပွက်လောရိုက်သွားစေ ခဲ့လေသည်။
"ဘာတွေ ဖြစ်နေတာလဲ...။ သူက လက်တစ်ဖက်တည်းနဲ့ ဂျင် (၁၈,၀၀၀) ကို မလိုက်တာလား...။"
"သေမျိုးခန္ဓာကိုယ်မှာ အထူး မြှင့်တင်မှုတွေ လုံးဝ မရှိဘူးလို့ ငါ ထင်ခဲ့တာ...။ သူက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ...။"
"ဘုရားရေ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပထမအလွှာမှာတင် ဒီလောက် အစွမ်းထက်နေပြီလား...။"
"ဒါက လူတွေနဲ့ နတ်ဘုရားတွေကြားက ကွာဟချက်ပဲ...။"
"နင်းဖန်က မဟာအကြီးအကဲ ကိုယ်တိုင် ရွေးချယ်ထားတဲ့ တပည့်ခေါင်းဆောင်ဆိုတဲ့ နာမည်နဲ့ တကယ် ကို ထိုက်တန်တာပဲ။ တစ်ညတည်းနဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ပြီး ပြီးပြီးချင်း ဂျင် (၁၈,၀၀၀) တဲ့...။ ဒါက ငါတို့ဂိုဏ်းရဲ့ စံချိန်ကို ချိုးဖျက်လိုက်တာပဲ မဟုတ်လား...။"
"ရှူး…. ဒီလူရဲ့ ပါရမီက ငါ့ထက်တောင် သာလွန်လောက်တယ်...။"
"ငါတို့ မသိတာလေး ပြောပါဦး...။"
"ပါရမီရှင်တွေက မျိုးနွယ်စုကြီးတွေ ဒါမှမဟုတ် မြင့်မြတ်နယ်မြေက အစစ်အမှန်တပည့်တွေဆီကနေပဲ ထွက်ပေါ်လာနိုင်တယ်လို့ ဘယ်သူက ပြောလဲ။ အုတ်ကြွပ်တွေတောင် လှန်ရမယ့်နေ့ ရှိသလို အရှေ့လေ ကလည်း တောင်ဘက်ကို ပြောင်းသွားနိုင်တာပဲ။ လွန်ခဲ့တဲ့ ခြောက်လက တပည့်ခေါင်းဆောင် နင်းက ဘယ်သူမှ မသိတဲ့သူတစ်ယောက်လေ။ တစ်ညတွင်းချင်း ကောင်းကင်ကို ထိုးတက်သွားပြီး ဂိုဏ်းတစ်ခု လုံးကို တုန်လှုပ်သွားစေတယ်။ ငါတို့ အပြင်စည်းတပည့်တွေအတွက် စံပြတစ်ယောက်ပဲ...။"
"နင်းဖန်မှာ ငါ့ရဲ့ မွေးစားအဖေ ဖြစ်လာမယ့် အရည်အချင်းတွေ ရှိတယ်ဆိုတာ ငါ အမြဲတမ်း သိနေ ခဲ့တာ...။"
"..."
ချီးမွမ်းသံများနှင့် အံ့သြတုန်လှုပ်သံများ နေရာတိုင်းတွင် ပဲ့တင်ထပ်နေခဲ့၏။
သူ၏ အစောပိုင်း အံ့မခန်း လုပ်ရပ်မှာ ကျမ်းစာဆောင်သို့ ရောက်ရှိခြင်းမျှသာ ဖြစ်ပါက ယခု ထိုမမြင် ရသော ပါရမီသည် မြင်သာသော အင်အားအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် မည်သူကမျှ သူတို့၏ အံ့အားသင့်မှုကို မထိန်းချုပ်နိုင်တော့ချေ။
သေမျိုးမှ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းသို့ ခြောက်နာရီအတွင်း။
ပထမအလွှာသို့ ခြေချလိုက်သည်နှင့် ဂျင် (၁၈,၀၀၀)။
သူတို့ ကိုယ်တိုင် မမြင်တွေ့ခဲ့ရပါက မည်သူက ယုံကြည်ရဲမည်နည်း။
သူ၏ ယခင် အဆင့်အတန်းဖြစ်သော အပြင်စည်း အစမ်းခန့်တပည့် ဆိုသည်ကိုပါ ထည့်ပေါင်းလိုက် ပါက သူ၏ တက်လှမ်းလာမှုမှာ ဒဏ္ဍာရီဆန်လွန်းနေပေသည်။ အပြင်စည်းတပည့်များကြားတွင် သူ၏ နာမည်ကျော်ကြားမှုမှာ ထိုးတက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ထိုက်ရီအကြွင်းအကျန်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာတွင် အခြေအနေများမှာ ငြိမ်သက်မှုမရှိနေခဲ့ချေ။
ဂိုဏ်း၏ အနာဂတ် မျှော်လင့်ချက်ဖြစ်သော အစစ်အမှန်တပည့်များသည် မှင်တက်စွာ ရပ်နေကြပြီး ပါးစပ်များ အဟောင်းသားဖြစ်နေခဲ့၏။
အကြီးအကဲများ၏ မျက်လုံးများမှာလည်း ထိုနည်းတူစွာ ပြူးကျယ်နေကြလေသည်။
ရွှီယိုဝေသည် မိသားစု ရတနာများကို စာရင်းပြုစုနေသကဲ့သို့ လက်ချောင်းများကို ချိုးကာ ပြောလိုက် ၏။
"သမိုင်းမှာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးပြီးချင်း လက်တစ်ဖက်တည်းနဲ့ ဂျင် (၁၅,၀၀၀) ကို ချိုးဖျက်နိုင်တဲ့ ထူးဆန်းတဲ့သူ နှစ်ယောက်ပဲ ရှိခဲ့ဖူးတယ်...။"
"တစ်ယောက်ကတော့ ရှေးခေတ်က ကောင်းကင်ဘုံကို အံတုတဲ့ ဓားပြကြီးပဲ..။. သူက ငါတို့ရဲ့ ဘိုးဘေး တာအိုအရှင်ထိုက်ရီ ကိုယ်တိုင် သတ်ဖြတ်ခဲ့ရတဲ့ ဘေးဆိုးကြီးတစ်ခုပေါ့...။"
"နောက်တစ်ယောက်ကတော့ လွန်ခဲ့တဲ့ နှစ် (၅.၃) သန်းက အလယ်ပိုင်းကုန်းမြေရဲ့ ကျန်းမု လျှို့ဝှက် တရားရုံးက တာအိုကလေးငယ်ပဲ...။ သူက မူလ ကြယ်တာရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ငယ်စဉ် ကတည်းက အရင်းအမြစ်တွေ ကျွေးမွေးခံခဲ့ရလို့ သူ့ရဲ့ အသားက အကန့်အသတ်တွေကို ကျော်လွန် သွားခဲ့တယ်။ ဒဏ္ဍာရီတွေအရ သူ့ရဲ့ လက်တစ်ချက် ဝှေ့ယမ်းမှုက ဂျင် (၁၆,၇၀၀) ကို ထိမှန်နိုင်တယ် တဲ့...။"
"ဒါပေမယ့် အဲဒီ ဓားပြပဲဖြစ်ဖြစ် တာအိုကလေးငယ်ပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက ငါတို့ရဲ့ တပည့် ခေါင်းဆောင် နင်းရဲ့ ရှေ့မှာတော့ နိမ့်ကျနေဆဲပဲ...။"
ရွှီယိုဝေသည် ပို၍ပို၍ စိတ်လှုပ်ရှားလာခဲ့၏။
ကျန်ရှိနေသူများကလည်း တူညီသော ဂနာမငြိမ်မှုများဖြင့် နားထောင်နေကြသည်။
ကျင့်ကြံခြင်းကမ္ဘာသည် ခေတ်အဆက်ဆက် ရှည်လျားခဲ့ပြီး ရေတွက်မရနိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်များ ပေါ်ထွက်ခဲ့ဖူးလေ၏။
ကောင်းကင်ဘုံကို အံတုသော ဓားပြ သို့မဟုတ် ဂိုဏ်းကြီးများ၏ တာအိုကလေးငယ်များကဲ့သို့သော ပုဂ္ဂိုလ်များသည် ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း၏ သူတော်စင်များ ဖြစ်ကြပြီး အထူးသဖြင့် ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်တွင် တောက်ပလေ့ရှိကြသည်။
သို့သော် နင်းဖန်၏ ဘေးတွင် ထားလိုက်သောအခါ သူတို့ပင်လျှင် အရောင်မှိန်သွားခဲ့၏။
ရှေးဟောင်း ဓားပြကြီးမှာ အလွန် ဝေးကွာလွန်းနေပြီဖြစ်ရာ သူ့ကို ဘေးဖယ်ထားလိုက်စို့။
ကျန်းမု လျှို့ဝှက်တရားရုံး၏ တာအိုကလေးငယ်ကိုသာ ကြည့်ပါ။ ယနေ့အချိန်နှင့် နှစ်ငါးသန်းသာ ကွာကွာနေပြီး သူ့အကြောင်း ပုံပြင်များနှင့် မှတ်တမ်းများ အများအပြား ရှိနေပေသည်။
ထိုကျန်းမု လျှို့ဝှက်တရားရုံးသည် အလယ်ပိုင်းကုန်းမြေ မြင့်မြတ်နယ်မြေ အတွင်း တည်ရှိပြီး ၎င်း၏ အဆင့်အတန်းမှာ ထိုက်ရီအစစ်အမှန်ဂိုဏ်းနှင့် တန်းတူ ဖြစ်၏။
၎င်း၏ ကိုယ်ပိုင် မှတ်တမ်းများအရ ထိုတာအိုကလေးငယ်သည် ကျင့်ကြံခြင်း သမိုင်းတွင် လူသား မျိုးနွယ်၏ အမြင့်ဆုံး စံပြပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ပေသည်။
သူ၏ မူလ ကြယ်တာရာ ခန္ဓာကိုယ်ဖြင့် သူသည် ကလေးဘဝတွင်ပင် အံ့မခန်း နတ်ဘုရားစွမ်းအားကို ပြသခဲ့ပြီး နတ်ဆိုးသားရဲ ကလေးငယ်ဟုပင် နာမည်ပြောင် ပေးခံခဲ့ရ၏။
ကျန်းမု လျှို့ဝှက်တရားရုံး၏ ကျောထောက်နောက်ခံဖြင့် နာမည်ကြီး ဆရာများ၏ လမ်းညွှန်မှု အောက်တွင် သူသည် စံပြ ခန္ဓာကိုယ်တစ်ခု ဖန်တီးရန် အရင်းအမြစ်များကို ဝါးမျိုခဲ့သည်။
အရေးအကြီးဆုံးမှာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းသို့ မချိုးဖောက်မီလေးတွင် သူသည် အဖိုးမဖြတ်နိုင် သော သွေးအစားထိုး မသေမျိုးအပင်တစ်ခုကို မျိုချခဲ့ခြင်းပင်။
ထိုကောင်းကင်နှင့်မြေကြီး ရတနာသည် ယခုအခါ ထာဝရ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သေမျိုးများကို ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ရာတွင် ကြီးမားသော အကူအညီများ ပေးစွမ်းနိုင်ခဲ့လေ၏။
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းတွင် ထိုတာအိုကလေးငယ်၏ တောက်ပသော စွမ်းဆောင်ရည်မှာ သူ၏ မူလ ကြယ်တာရာ ခန္ဓာကိုယ်အပြင် ထိုသွေးအစားထိုး မသေမျိုးအပင်ကြောင့် အများဆုံး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ထိုအချက်က ပိုမို ရှင်းလင်းလာလေလေ နင်းဖန်က ပို၍ ကြောက်မက်ဖွယ် ကောင်းလေလေပင်။
မည်သို့ပင်ဆိုစေ နင်းဖန်သည် ငယ်စဉ်ကတည်းက အရင်းအမြစ်များ ကျွေးမွေးခံခဲ့ရခြင်း မရှိသလို မည်သည့် ကောင်းကင်နှင့်မြေကြီး ရတနာကိုမျှလည်း မမြည်းစမ်းခဲ့ရဖူးချေ။ ဂိုဏ်းတွင် ခြောက်လကြာ အောင် သူသည် သာမန် သေမျိုးတစ်ဦးသာ ဖြစ်နေခဲ့သည်ပင်။
ယနေ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းတွင် သူ၏ အောင်မြင်မှုမှာ အကန့်အသတ်မဲ့ တာအိုကျမ်းစာ ကျင့်ကြံ ခြင်းသိုင်းနည်းစနစ် တစ်ခုတည်းမှသာ လာခြင်း ဖြစ်သည်။ ထို့ပြင် ဤသိုင်းနည်းစနစ်မှာ သူ ကိုယ်တိုင် ဖန်တီးခဲ့သောအရာဖြစ်ပြီး ထိုက်ရီအစစ်အမှန်ဂိုဏ်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိချေ။
ထိုအရာများ အားလုံးကို ထည့်သွင်းစဉ်းစားပါက သူသည် ထို ဂျင် (၁၈,၀၀၀) ရှိသော ဘားကို မလိုက် သည်ကို ကြည့်ရင်း ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များ မည်သို့ မအံ့သြဘဲ နေနိုင်မည်နည်း။
ဂိုဏ်းချုပ် ဖေ့ချင်းယွီပင်လျှင် ထုံကျင်နေခဲ့ပြီ ဖြစ်၏။ သူ၏ ကိုယ်ပိုင် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပထမအလွှာကို ပြန်လည်တွေးတောကြည့်ရာ...။ သူ...။ ထားလိုက်ပါတော့လေ။
ပြောလေလေ မျက်ရည်ကျလေလေပါပဲ။
နာကျင်လိုက်တာ။
***