ညဉ့်အချိန်သို့ ရောက်လာခဲ့လေပြီ။
ကျယ်ပြောလှသော ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် သေမင်းတမျှ တိတ်ဆိတ်နေခဲ့၏။ ဂိုဏ်း၏အထက် လွင့်မျောနေသော ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌လည်း အခြေအနေမှာ ပိုမကောင်းလှချေ။
နင်းဖန် အိပ်ပျော်သွားသဖြင့် အားလုံးသည် သူတို့၏ အာရုံစိုက်မှုကို ဆုံးရှုံးသွားကြပြီး ပျင်းရိမှုများ စတင် ဝင်ရောက်လာခဲ့သည်။
အစစ်အမှန်တပည့်များနှင့် အတွင်းစည်းတပည့်များသည် ဆယ်စုနှစ်များစွာ ကျင့်ကြံလာခဲ့သူများဖြစ်ရာ ဆက်လက် သည်းခံနိုင်စွမ်း ရှိကြသေး၏။
သို့သော် ကျင့်ကြံမှု နိမ့်ကျသော အပြင်စည်းတပည့်များမှာမူ အထီးကျန်မှုကို ခံနိုင်ရည်ရှိရန် ခက်ခဲ နေခဲ့လေသည်။ အချိန်အကြာကြီး ပိတ်လှောင်ခံထားရသဖြင့် ကနဦး စိတ်ဝင်စားမှုမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်၏။
ယခု သူတို့သည် တရားထိုင်ခြင်း၊ အိပ်စက်ခြင်း သို့မဟုတ် ထွေရာလေးပါး စကားပြောဆိုခြင်းများသာ ပြုလုပ်နေကြသည်။ သို့တိုင် သူတို့ မည်မျှပင် ပြောဆိုနေကြစေကာမူ စကားဝိုင်းမှာ နင်းဖန်ဆီသို့ အမြဲတမ်း ပြန်ရောက်သွားခဲ့၏။
"မနေ့က ဖြစ်သွားတာတွေက အိပ်မက်တစ်ခုလိုပဲ...။"
"ဟုတ်တယ်...။ ငါ့ဘဝမှာ အဲဒီလို နိမိတ်လက္ခဏာမျိုး တစ်ခါမှ မမြင်ဖူးဘူး...။"
"ပိုရူးသွပ်စရာကောင်းတာက အဲဒါကို သေမျိုးတစ်ယောက်က ဖြစ်ပေါ်စေခဲ့တာပဲ...။"
"နင်းဖန်က ဘာလို့ ထိုက်ရီအကြွင်းအကျန်နယ်မြေထဲ ငါတို့နဲ့အတူ မပါလာတာလဲ...။"
"ဘယ်သူသိမှာလဲ...။ ငါတို့ ဘယ်ရောက်သွားလဲဆိုတာကိုတောင် သူ သိမှာမဟုတ်ဘူး...။"
"ဒါဆို သူ့အမြင်အရဆို သူ နိုးလာတော့ ဂိုဏ်းတစ်ခုလုံး...။ ပျောက်သွားတာပေါ့လေ...။"
"သူ ကံကောင်းတာပဲ...။ ဗလာကျင်းနေတဲ့ ဂိုဏ်းကြီးကို ရင်ဆိုင်ရင်း သူ လိုချင်တာ မှန်သမျှ အကုန်ယူလို့ ရတယ်လေ...။"
"ဟုတ်တယ်...။ အခု မဟာအကြီးအကဲက သူ့ကို တပည့်ခေါင်းဆောင်အဖြစ် နာမည်ပေးလိုက်ပြီဆိုတော့ သူ နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်ရင်တောင် ငါတို့ အပြင်ရောက်ရင် ဂိုဏ်းချုပ်က သူ့ရဲ့ အင်အားကို ချီးကျူးနေဦးမှာပဲ...။"
"ငါတို့ ဘယ်တော့မှ အပြင်မထွက်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ...။"
"ဒါဆိုရင်တော့ နင်းဖန်က အထီးကျန်တဲ့ ဘဝတစ်ခုကို ရင်ဆိုင်ရတော့မှာပဲ..။ ဂိုဏ်းကြီးက ကြီးမား ပေမယ့် စကားပြောစရာ ဘယ်သူမှ မရှိဘူး၊ အိမ်မွေးတိရစ္ဆာန်တောင် မရှိဘူးလေ...။ လပိုင်းလောက်ဆို အဆင်ပြေနိုင်ပေမယ့် နှစ်တွေ၊ ဆယ်စုနှစ်တွေ ကြာလာရင် သူ ရူးသွားလိမ့်မယ်ထင်တယ်...။"
အပြင်စည်းတပည့်များသည် မနာလိုမှုနှင့် သနားမှုကြား ကူးလူးကာ အတင်းအဖျင်း ပြောဆိုနေကြ၏။ အပြင်တောင်ထိပ်မှ အကြီးအကဲများနှင့် အုပ်ထိန်းသူများအတွက်မူ ဤစကားများက မျက်လုံးပင့်စရာ သာ ဖြစ်ခဲ့သည်။
*အရူးတွေ… အကယ်၍ ငါတို့ တကယ်ပဲ အပြင်မထွက်နိုင်ဘူးဆိုရင် နင်းဖန်ရဲ့ ခံစားချက်တွေကို ဘေးဖယ်ထားလိုက် ငါတို့က အရင်ဆုံး ရူးသွားမယ့်သူတွေပဲ...။*
သို့တိုင် ထိုဖြစ်နိုင်ခြေမှာ အလွန် ဝေးကွာပုံရ၏။
*မည်သို့ပင်ဆိုစေ မဟာအကြီးအကဲ သုံးဦး ရှိနေသည် လေ။ သူတို့ ဘယ်လိုလုပ် ပိတ်မိနေနိုင်မှာ တဲ့လဲ…။ ဟုတ်တယ်မလား…။*
ဤသည်ကို တွေးမိသောအခါ အပြင်တောင်ထိပ်မှ အကြီးအကဲ အချို့သည် လျှို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ လှမ်းကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားများမှာ ရှင်းပြ၍မရနိုင် လောက်အောင် စိုးရိမ်ပူပန်နေခဲ့ကြလေ၏။
အခြားတစ်နေရာတွင် ထိုက်ရီအကြွင်းအကျန်နယ်မြေ၏ ဗဟိုချက်၌ ဂိုဏ်း၏ အဆင့်မြင့် အရာရှိများ သည် စကားပြောဆိုခြင်း သို့မဟုတ် တိတ်ဆိတ်စွာ တွေးတောခြင်းများ ပြုလုပ်နေကြသည်။
သို့သော် သူတို့၏ စိုးရိမ်ပူပန်မှုများမှာ အပြင်တောင်ထိပ်မှ အကြီးအကဲများနှင့် ကွဲပြလေ၏။ လျှို့ဝှက် နယ်မြေမှ သူတို့ ထွက်နိုင်၊ မထွက်နိုင်ဆိုသည်မှာ သူတို့၏ စိုးရိမ်ပူပန်မှု စာရင်းတွင် မပါဝင်ချေ။
သူတို့ကို နေရာယူထားသောအရာမှာ နင်းဖန်ကို မည်သို့ ဆက်သွယ်ရမည်နည်း။ တောင်ငါးလုံး စစ်မှန် သော ပုံစံ လက်သီး အပေါ် အချိန်ဖြုန်းခြင်းမှ သူ့ကို မည်သို့ လမ်းလွှဲရမည်နည်း ဆိုခြင်းပင်။
ထိုကောင်းကင်ဘုံ အဆင့်မြင့် သိုင်းနည်းစနစ်မှာ ခက်ခဲလွန်းပြီး စွမ်းအင်နှင့် နှစ်ပေါင်းများစွာကို စုပ်ယူ သွားမည် ဖြစ်သည်။ ပျမ်းမျှ သက်တမ်း ရှစ်ဆယ်သာရှိသော ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံသူများ အတွက် ၎င်းကို လိုက်စားခြင်းမှာ ပညာရှိရာ မရောက်ချေ။
သုံးဆယ့်နှစ်ဆက်မြောက် ဂိုဏ်းချုပ်ပင်လျှင် ထိုအရာကို မကြိုးပမ်းမီ ခိုင်မာသော အခြေခံအုတ်မြစ် များဖြင့် စိတ်စိတ်ဝိညာဉ်ပုံသွင်းခြင်းအဆင့် ရောက်သည်အထိ စောင့်ဆိုင်းခဲ့ရ၏။ သို့တိုင် ၎င်းကို အောင်မြင်မှုအသေးစားသို့ ရောက်ရှိရန် နှစ်ငါးဆယ် အချိန်ယူခဲ့ရဆဲ ဖြစ်လေသည်။
ထို့ကြောင့် အသစ်စက်စက် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံသူဖြစ်သော နင်းဖန်သည် သူ၏ အဓိက ကျင့်ကြံခြင်းသိုင်းနည်းစနစ်ထက် လက်သီး အနုပညာကို အာရုံစိုက်ခြင်းမှာ အကြီးအကဲများ အမြင်ချင် ဆုံး အရာသာ ဖြစ်ပေသည်။
"စိတ်ဝိညာဉ်အင်အားနဲ့ အသံပို့လွှတ်တာက အဆင်မပြေဘူး နိမိတ်လက္ခဏာတွေက အတားအဆီးကို မဖောက်ထွင်းနိုင်ဘူး...။ တခြား ဘာကျန်သေးလဲ...။"
ရွှီယိုဝေသည် စိုးရိမ်ပူပန်စွာဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေရင်း သူ၏ မျက်ခုံးများမှာ ရှစ်ဂဏန်း ပုံသဏ္ဌာန် ဖြစ်နေခဲ့၏။ တစ်ညလုံးလုံး တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲ ဆယ့်နှစ်ဦးသည် အစီအစဉ်များ ချခဲ့ကြသော်လည်း မည်သည့် အဆိုပြုချက်မှ အလုပ်မဖြစ်ခဲ့ချေ။
အဆုံးတွင် ထိုက်ရီအကြွင်းအကျန်နယ်မြေကို ပိတ်လှောင်ထားသော ဥပဒေသများမှာ ရိုးရှင်းစွာပင် အလွန် အင်အားကြီးမားလွန်းနေခဲ့ခြင်းပင်ဖြစ်သည်။ လျှို့ဝှက်နယ်မြေနှင့် သေမျိုးကမ္ဘာကြားရှိ နယ်နိမိတ်မှာ သူတို့ ဖောက်ထွင်းနိုင်စွမ်းထက် ကျော်လွန်နေ၏။
ထို့ကြောင့် စိတ်ဝိညာဉ်အသံ၊ ကောင်းကင် နိမိတ်လက္ခဏာများ...။ ထိုသို့သော မည်သည့် နည်းလမ်းမှ မဖြစ်နိုင်ချေ။ အပြင်ကမ္ဘာနှင့် ဆက်သွယ်ရသည်မှာ ကောင်းကင်သို့ တက်လှမ်းရသည်ထက် ပိုမို ခက်ခဲ နေခဲ့သည်ပင်။
"ငါ့ရဲ့ ပန်းပွင့် မြှုပ်နှံခြင်း ဓားကိုသာ အတွင်းထဲ ယူမလာခဲ့ဘူးဆိုရင် နင်းဖန်ရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင် ဖို့ အဲဒါကို အဝေးကနေ ထိန်းချုပ်လို့ ရနိုင်သေးတယ်...။"
ယွီရူရွှမ်းသည် သူမ၏ သိုလှောင်လက်စွပ်မှ ပန်းဖတ်ပုံစံ စိတ်ဝိညာဉ်အလင်းများ ရစ်ပတ်နေသော ဓားရှည်တစ်လက်ကို ထုတ်ယူကာ သက်ပြင်းချလိုက်လေ၏။
နှစ်တစ်ထောင်ကြာအောင် သူမ၏ သွေးများဖြင့် ပြုစုပျိုးထောင်ထားသော ထိုလက်နက်သည် သူမ၏ နှလုံးသား၊ ဓားဆန္ဒတို့နှင့် တစ်သားတည်း ဖြစ်နေခဲ့သည်။
ပုံမှန်အားဖြင့် ၎င်းသည် ကွယ်ဝှက်ဓားတောင်ထိပ်၏ အနောက်ဘက်ရှိ စိတ်ဝိညာဉ်စမ်းရေတံခွန် အတွင်း အစောင့်အကြပ် ဓားအဖြစ် တည်ရှိနေပြီး အတွေးတစ်ချက်တည်းဖြင့် ခေါ်ယူနိုင်ပေသည်။
ဤတစ်ကြိမ်တွင် သူမပင်လျှင် နာမည်မတပ်နိုင်သော အကြောင်းပြချက်များကြောင့် ၎င်းကို ထိုက်ရီ အကြွင်းအကျန်နယ်မြေ အတွင်းသို့ ယူဆောင်လာခဲ့ရာ...။ အပြင်ကမ္ဘာသို့ ရောက်ရှိရန် အဖိုးတန် အခွင့် အရေးတစ်ခုကို ဆုံးရှုံးသွားခဲ့ရလေ၏။
သူမ၏ စကားများမှာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့်အနေဖြင့် ရည်ရွယ်ခြင်း ဖြစ်သော်လည်း ပြောသူ၏ ရည်ရွယ်ချက်မှာ နားထောင်သူ၏ ရည်ရွယ်ချက် မဟုတ်ချေ။
တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲ ဆယ့်နှစ်ဦးထဲတွင် ကျန်းဟွမ်တောင်ထိပ်၏ အရှင်သခင် ချီလဲ့ကွမ် သည် ရုတ်တရက် လင်းလက်သွားပြီး အော်ဟစ်လိုက်၏။
"စီနီယာအစ်ကိုတို့...။ စီနီယာအစ်မတော်ယွီရဲ့ စကားက ငါ့ကို သတိရစေတယ်...။ ဂိုဏ်းထဲမှာ ငါတို့ ချန်ထားခဲ့တဲ့ ရုပ်သေး သားရဲတွေကော...။ ငါတို့ တစ်ကောင်ကောင်ကို ထိန်းချုပ်လို့ ရနိုင်မလား...။"
"ရုပ်သေးတွေလား…။"
အခန်းမှာ တိတ်ဆိတ်သွားခဲ့၏…။
ကျင့်ကြံခြင်းလမ်းကြောင်းသည် ဘေးထွက်လမ်းကြောင်းများစွာကို လက်ခံထားသည်။ ဆေးပညာ၊ မှော်လက်နက်ဖန်တီးခြင်း၊ အဆောင်လက်ဖွဲ့များနှင့် အခြားအရာများအပြင် လူသိနည်းသော အသေး စား အနုပညာများလည်း ရှိပေသည်။
ရုပ်သေးပညာသည် တစ်ခုအပါအဝင် ဖြစ်လေ၏။
ရုပ်သေးတစ်ခုကို ထိန်းချုပ်ရန် နတ်ဘုရားစိတ်အာရုံ တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး ၎င်းအတွင်း ထည့်သွင်းရမည်ဖြစ်ကာ ပြီးပြည့်စုံသော ထိန်းချုပ်မှုကို ရရှိစေသည်။ ဤနတ်ဘုရားစိတ်အာရုံ ခွဲထုတ်ခြင်း အနုပညာသည် သွေးဖြင့် သန့်စင်ထားသော နတ်ဘုရားလက်နက်များလောက်နီးပါး အဆင့်မြင့်ပေသည်။
လီသောင်းချီ ကွာဝေးနေလျှင်ဖြစ်စေ၊ ဝင်္ကပါများဖြင့် ပိတ်ဆို့ခံထားရလျှင်ဖြစ်စေ ဆက်သွယ်မှုမှာ တည်ရှိနေဆဲပင် ဖြစ်၏။ ထို့ကြောင့် ကျန်းဟွမ်တောင်ထိပ်၏ အရှင်သခင်၏ စကားများက အားလုံး၏ မျက်လုံးများတွင် မီးပွားများ လင်းလက်သွားစေခဲ့လေသည်။
ထျန်းကုန်းတောင်ထိပ်မှ လီချန်မင်က တိုက်တွန်းလိုက်၏။
"အဘိုးကြီးချီ...။ မြန်မြန်။ မင်း အဲဒီ အမှိုက်ပုံကြီးတွေကို ဆက်သွယ်လို့ရမလား စမ်းကြည့်စမ်း...။"
"မင်း ဘာပြောလိုက်တာလဲ...။"
ချီလဲ့ကွမ်မှာ ဒေါသထွက်သွားပြီး သူ၏ အသံမှာ ကျယ်လောင်သွားခဲ့၏။ ရွှီယိုဝေက မျက်မှောင်ကြုတ် လိုက်သည်လေ။
"စီနီယာအစ်ကိုလီ...။ ချီရဲ့ နာကျင်တဲ့နေရာကို ဆက်ပြီး ထိုးဆွနေဖို့ လိုလို့လား...။ အဲဒါတွေက အမှိုက်တွေ ဆိုတာ ငါတို့ အားလုံး သိပါတယ်...။ ပြောဖို့ မလိုပါဘူး...။"
"ဂျူနီယာညီလေးရွှီ မင်းလည်း ပါးစပ်ပိတ်ထားလိုက်စမ်း...။"
ဂိုဏ်းချုပ် ဖေ့ချင်းယွီမှာ ဆက်၍ နားမထောင်နိုင်တော့ချေ။ ဤနှစ်ယောက်၏ ခွေးပါးစပ်မှ ဆင်စွယ် မထွက်နိုင်ချေ။
သူ ရင့်ကျက်မှုကို မျှော်လင့်ခဲ့သော်လည်း နောက်ထပ် မှတ်ချက်က ချီလဲ့ကွမ်ကို နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်သည်။
ထိုက်ရီအစစ်အမှန်ဂိုဏ်း တစ်ခုလုံးတွင် အကြီးအကဲချီသည် ရုပ်သေးလေးများကို ဝါသနာပါပြီး...။ ထိုပါရမီ မရှိကြောင်းကို မည်သူက မသိဘဲ နေမည်နည်း။
အဲဒါကို ပြောဖို့ လိုလို့လား။
ချီလဲ့ကွမ်သည် မျက်နှာသေဖြင့် ထိုနှစ်ယောက်ကို လျစ်လျူရှုကာ ဖေ့ချင်းယွီဆီသို့ ဦးညွှတ်လိုက်၏။
"ဂိုဏ်းချုပ်...။ ငါ စတင်လိုက်ပါ့မယ်...။"
"ကောင်းပြီ...။ မင်း အကောင်းဆုံး ကြိုးစားပါ...။ ကျရှုံးရင်လည်း ရှက်စရာ မဟုတ်ပါဘူး...။"
ဖေ့ချင်းယွီက မျှော်လင့်ချက်များဖြင့် စောင့်ကြည့်နေခဲ့၏။ ယွီရူရွှမ်းလည်း ထိုနည်းတူပင် ဖြစ်သည်။
ချီလဲ့ကွမ်သည် လက်ချောင်းနှစ်ချောင်းကို ပူးကာ သူ၏ နတ်ဘုရားစွမ်းရည်ကို တိတ်တဆိတ် လည်ပတ်လိုက်၏။ ရုပ်သေးပညာသည် အလွန် ရှားပါးပြီး အချို့သော စိတ်ဝိညာဉ်ကျင့်ကြံခြင်း သိုင်းနည်းစနစ်များတွင်သာ ဖော်ပြထားခြင်းရှိလေသည်။
နတ်ဘုရားစိတ်ဝိညာဉ် ဆိုသည်မှာ နတ်ဘုရားစိတ်အာရုံနှင့် စိတ်ဝိညာဉ်ကို ရည်ညွှန်းခြင်း ဖြစ်၏။ ထိုက်ရီ အစစ်အမှန်ဂိုဏ်း တစ်ခုလုံးတွင် ကျန်းဟွမ်တောင်ထိပ် တစ်ခုတည်းသာ ၎င်း၏ လေ့ကျင့် ရေးကို ကြီးကြပ်ပေသည်။
ထို့ကြောင့် အခြားအကြီးအကဲများသည် ရုပ်သေး အနုပညာများနှင့် ပတ်သက်၍ ဘာမှ မသိကြချေ။
သူတို့သည် ချီလဲ့ကွမ်၏ ဂါထာမန္တာန်ကို စောင့်ကြည့်နေခဲ့သည်။ သူ၏ မျက်နှာမှာ ဖြူရော်သွားပြီး ချွေးသီးချွေးပေါက်များ ကျလာခဲ့၏။အချိန်အတော်ကြာပြီးနောက် သူသည် ရုတ်တရက် အနုပညာကို ရပ်တန့်လိုက်ပြီး ပင့်သက်ကိုရှိုက်လိုက်လေသည်။
ယွီရူရွှမ်းက မေးလိုက်၏။
"ဂျူနီယာညီလေးချီ...။ ရလဒ် တစ်ခုခု ရလား...။"
"ဘိုးဘေး ဖန်တီးခဲ့တဲ့ ဥပဒေသ အတားအဆီးက အရမ်း အားကောင်းလွန်းတယ်...။ ငါ့ရဲ့ နတ်ဘုရား စိတ်အာရုံက အဲဒါကို မဖောက်ထွင်းနိုင်ဘူး...။" ဟု သူက ပြောလိုက်၏။
ဤသည်ကို ကြားသောအခါ အားလုံး စိတ်ပျက်သွားကြလေသည်။ ဖေ့ချင်းယွီက သက်ပြင်းချကာ ချီ၏ ပခုံးကို ပုတ်ပြီး သူ့ကို နှစ်သိမ့်ရန် ပြင်လိုက်၏။
သို့သော် ချီလဲ့ကွမ်က ဆက်ပြောလိုက်သည်။
"ဒါပေမယ့်...။ စွန့်ပစ်ထားတဲ့ ရုပ်သေး သားရဲလေး တစ်ကောင်နဲ့တော့ သီသီလေး ချိတ်ဆက်မိလိုက် တယ်...။"
"စွန့်ပစ်ထားတဲ့...။"
အကြီးအကဲများ မျက်တောင်ခတ်လိုက်ကြ၏။
ချီလဲ့ကွမ်က ခါးသီးစွာ ပြုံးလိုက်သည်။
"ငါ ရုပ်သေးပညာကို ပထမဆုံး စမ်းသပ်တုန်းက လက်ဝါးအရွယ်အစား ချုံးချီလေး တစ်ကောင်ကို ဖန်တီးခဲ့ဖူးတယ်...။"
"ကျွမ်းကျင်မှု မရှိတော့ အဲဒါက ကျရှုံးပြီး အမှိုက်ဖြစ်သွားကာ ကျန်းဟွမ်တောင်ထိပ်ရဲ့ သိုလှောင်ရုံထဲ ပစ်ထည့်ခံလိုက်ရတယ်...။"
"အခုလေးတင် အဆင့်မြင့် ရုပ်သေးတွေ အားလုံးကို ထိုက်ရီအကြွင်းအကျန်နယ်မြေက ပိတ်ဆို့ထား တယ်။ ဖြစ်နိုင်တာက အဲဒါတွေက ကြီးမားတဲ့ နတ်ဘုရားစိတ်အာရုံ စီးဆင်းမှု လိုအပ်လို့ ဖြစ်မယ်...။"
"နတ်ဘုရားစိတ်အာရုံ လုံးဝနီးပါး မလိုအပ်တဲ့ ဒီစွန့်ပစ်ထားတဲ့ သားရဲလေး တစ်ကောင်ပဲ ဖြတ်ဝင်သွား နိုင်ခဲ့တယ်...။"
ထိုစကားများကြောင့် ချီလဲ့ကွမ် ကိုယ်တိုင်ပင် ရှက်ရွံ့သွားခဲ့၏။ သူ ဂရုတစိုက် ဖန်တီးခဲ့သော အဆင့် မြင့် ရုပ်သေးများသည် ဆက်သွယ်၍ မရခဲ့ချေ။
ယင်းအစား အမှိုက်တစ်စကသာ သူ၏ ခေါ်ဆိုမှုကို တုံ့ပြန်ခဲ့သည်ပင်။
***