"ကဲကဲ အားလုံး တိတ်တိတ်နေကြပါတော့...။"
စကားများလွန်းသော လီချန်မင်က ချီလဲ့ကွမ်နှင့် နောက်တစ်ကြိမ် ငြင်းခုံတော့မည်ကို မြင်သောအခါ ဂိုဏ်းချုပ်က ချက်ချင်းပင် သူတို့ကို တားဆီးလိုက်၏။
ထို့နောက် သူ၏ အကြည့်များသည် အောက်ဘက်ရှိ တောင်ထိပ်ပေါ်သို့ ကျရောက်သွားပြီး ထိုရုပ်သေး သားရဲလေးကို အကြိမ်ကြိမ် သေချာစွာ အကဲခတ်ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူက တွေဝေစွာဖြင့် မေးလိုက်၏။
"ဂျူနီယာညီလေးချီ...။ မင်းရဲ့ ဒီသားရဲလေးက နင်းဖန်ကို ဘယ်လို သွားတွေ့မှာလဲ...။"
ဤကဲ့သို့ ကျရှုံးထားသော ရုပ်သေး သားရဲတစ်ခုအတွက် ထိုရုပ်သေး၏ အတွင်းပိုင်း ဝင်္ကပါ ပုံစံများ၏ ဆယ်ရာခိုင်နှုန်းပင် အလုပ်လုပ်တော့မည် မဟုတ်ချေ။ စိတ်ဝိညာဉ်ကျောက်တုံး အချက်အချာ ပုံမှန် အလုပ်လုပ်နေခြင်းမှလွဲ၍ ၎င်းသည် အမှိုက်သံတုံးနှင့် ဘာမှမကွာလောက်ချေ။
နင်းဖန်သည် ယခု ချွမ်းကုန်းတောင်ထိပ်ရှိ သိုင်းခန်းမတွင် အိပ်ပျော်နေပြီး ထိုနေရာမှာ သတ္တု အမှိုက် သံတုံး ချုံးချီလေး ရှိနေသော စိတ်ဝိညာဉ်ထိန်းချုပ်ရေး တောင်ထိပ်မှ အလွန် ဝေးကွာပေသည်။
အကယ်၍ ထိုရုပ်သေးက လမ်းပင် သေချာ မလျှောက်နိုင်သော ထိုအလုံးပုံစံ ခြေထောက်လေးဖက် ကိုသာ အားကိုးရမည်ဆိုပါက သူ၏ တစ်သက်တာတွင် နင်းဖန်ကို မြင်တွရတော့မည် မဟုတ်ချေ။
ဤသည်ကို ကြားသောအခါ ချီလဲ့ကွမ်က အလျင်အမြန် ရှင်းပြလိုက်၏။
"စီနီယာအစ်ကိုဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ ဒီရုပ်သေး သားရဲရဲ့ အတွင်းပိုင်း ဝင်္ကပါတွေက လုံးဝ နီးပါး ရပ်တန့်နေပေမယ့် သူ့ရဲ့ အတောင်ပံတွေကိုတော့ ပုံမှန်အသက်သွင်းလို့ ရပါသေးတယ်။ ဒါကြောင့် သူ့မှာ အတိုင်းအတာ တစ်ခုအထိ ပျံသန်းနိုင်စွမ်း ရှိပါတယ်...။"
"အိုး...။ ဒါက တော်တော် စိတ်ဝင်စားစရာပဲ...။"
ဂိုဏ်းချုပ်၏ မျက်လုံးများ လင်းလက်သွားခဲ့၏။
ဤသားရဲလေး၏ မူလပုံစံမှာ ရှေးဟောင်း ဘေးဆိုးလေးခုထဲမှ တစ်ခုဖြစ်သော ချုံးချီ ဖြစ်နေခြင်းကို သူ လျှို့ဝှက်စွာ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ထိုသို့မဟုတ်ဘဲ အတောင်ပံများသာ မရှိပါက ယနေ့ ကိစ္စမှာ နောက်တစ်ကြိမ် လမ်းဆုံးသွားလောက်ပေသည်။
ထို့နောက် သူက ညွှန်ကြားလိုက်၏။
"အဲဒါကို အသက်သွင်းကြည့်ပါ...။ အလုပ်လုပ်တယ်ဆိုရင် ချွမ်းကုန်းတောင်ထိပ်ဆီ ပျံသန်းခိုင်းလိုက်။ သူတို့ တွေ့ဆုံပြီးသွားရင် နင်းဖန်ကို ဘယ်လို ဆက်သွယ်ပြီး သတိပေးရမလဲ ဆိုတာကိုတော့ အဲဒီ ရောက်မှ စဉ်းစားကြတာပေါ့...။"
"ဟုတ်ကဲ့ပါ...။"
ချီလဲ့ကွမ်က အမိန့်ကို နာခံလိုက်၏။
သူသည် ထိုရုပ်သေးကို ထိန်းချုပ်ရန် နတ်ဘုရားစိတ်အာရုံ အမျှင်တန်းတစ်ခုကို ချက်ချင်း စေလွှတ် လိုက်လေသည်။
အောက်ဘက်တွင် ရုပ်သေး သားရဲလေးသည် ထိုရုပ်သေးလေး၏ ကျောပေါ်ရှိ စုတ်ပြဲနေသော အတောင်ပံများကို ချက်ချင်း ခတ်လိုက်ပြီး အချိုးမကျစွာဖြင့် ပျံသန်းသွားကာ ထိုအရာ၏ လုံးဝန်းသော ခန္ဓာကိုယ်မှာ လေထဲတွင် ယိမ်းထိုးနေခဲ့လေ၏။
ထိုအရာမှာ အချိန်မရွေး ပြုတ်ကျသွားမည့်ပုံ ပေါက်နေခဲ့သည်ပင်။
အကြီးအကဲများ စောင့်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများမှာလည်း မစိုးရိမ်ဘဲ မနေနိုင်ကြချေ။ ဤသည်မှာ နင်းဖန်နှင့် ဆက်သွယ်ရန် သူတို့ စဉ်းစားနိုင်သော တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
အကယ်၍ ထိုအစီအစဉ်သည် မစတင်မီမှာပင် ကျရှုံးသွားပြီး နင်းဖန်ကို မတွေ့မီ ပြုတ်ကျသေဆုံးသွား ပါက ထိုကိစ္စမှာ ကြီးမားသော ရယ်စရာကိစ္စ တစ်ခု ဖြစ်သွားပေလိမ့်မည်။
ဤအချက်ကို သတိထားမိသောအခါ ချီလဲ့ကွမ်က အလျင်အမြန် ရှင်းပြလိုက်၏။
"ဂျူနီယာညီလေးတို့...။ စိတ်ပူစရာ မလိုပါဘူး။ ဒီသားရဲက သန့်စင်မှု ကျရှုံးထားတာ ဆိုပေမယ့် အသုံး ပြု ထားတဲ့ ပစ္စည်းတွေက ထိပ်တန်းအဆင့်တွေပါ။ ဒီအရာကို ကြယ်ကြွေ စီးဆင်းသံ နဲ့ သွန်းလုပ်ထား တာပါ။ သူ့ရဲ့ ခန္ဓာကိုယ်က အရမ်း ခိုင်မာလို့ ခရမ်းစံအိမ်အဆင့်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် ရှိပါတယ်...။"
ဤစကားများကို ကြားသောအခါ အားလုံး နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကြလေ၏။
လီချန်မင် တစ်ယောက်တည်းသာ ဒေါသတကြီးဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
"ကြယ်ကြွေ စီးဆင်းသံ...။ အဲဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင့်ကိုးရာက မြေကမ္ဘာအဆင့် နတ်ဘုရား လက်နက်တစ်ခု ဖန်တီးဖို့ ငါ အသုံးပြုခဲ့တဲ့ ပစ္စည်း မဟုတ်ဘူးလား...။ အဲဒီတုန်းက ဂျင် နှစ်ဆယ် လောက် ဘာလို့ ပျောက်နေတာလဲလို့ ငါ စဉ်းစားနေတာ...။ အဲဒါ မင်း ယူသွားတာကိုး...။"
ဤစကားများ ပြောလိုက်သည်နှင့် အကြီးအကဲများအားလုံး တညီတညွတ်တည်း "အိုး...။" ဟု အသံထွက်သွားကြလေတော့၏။
သူတို့၏ မျက်နှာများတွင် ပြဇာတ်တစ်ခုကို ကြည့်ရသလိုမျိုး အမူအရာမျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။
ချီလဲ့ကွမ်သည် သူ၏ အမှားကို နောက်ကျမှ သိလိုက်ရပြီး သူ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွား ကာ လည်ပင်းကို မတ်ထားလျက် ပြောလိုက်၏။
"ငါ မလုပ်ဘူး...။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ ငါ မင်းရဲ့ ကြယ်ကြွေ စီးဆင်းသံ အပိုင်းအစကို အသုံးမပြုခဲ့ဘူး...။"
"သောက် လူလိမ်...။ လွန်ခဲ့တဲ့ နှစ်ငါးထောင်အတွင်း အလယ်ပိုင်းကုန်းမြေ တစ်ခုလုံးမှာ ဒီသံ ဂျင် နှစ်ဆယ်ပဲ ထွက်ခဲ့တာ ငါ အကုန်ဝယ်ထားတာလေ...။ မင်းက တခြား ဘယ်ကများ ရနိုင်မှာလဲ...။"
လီချန်မင်သည် ချီလဲ့ကွမ်၏ လှည့်စားမှုကို အလွယ်တကူ မြင်နိုင်ပြီး ဒေါသကြောင့် သူ၏ ဆံပင်များပင် ထောင်ထနေခဲ့၏။
ထိုနှစ်ယောက် ထပ်မံ ငြင်းခုံနေကြသည်ကို မြင်သောအခါ ဂိုဏ်းချုပ်မှာ အလွန်အမင်း မောပန်း သွားသလို ခံစားလိုက်ရသည်။
သူသည် သူ့ကိုယ်သူ တိတ်ဆိတ်ခြင်း မန္တာန်တစ်ခုကို တိတ်တဆိတ် ရွတ်ဆိုလိုက်ပြီး နားမထောင်တော့ ဘဲ အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်လေတော့၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့လေသည်။
နေမင်းကြီး ကောင်းကင်ယံတွင် မြင့်တက်လာသော နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်သည်အထိပင်။ တစ်နေ့ ညတစ်ည အပြည့် အိပ်စက်ခဲ့သော နင်းဖန်သည် နောက်ဆုံးတွင် ကုတင်ပေါ်မှ ထလာခဲ့၏။
ရိုးရှင်းစွာ မျက်နှာသစ်ပြီးနောက် သူသည် လေ့ကျင့်ရေးကွင်းသို့ သွားကာ အချိန်ယူ၍ အကြော လျှော့လိုက်လေသည်။
"ဒီနေ့ ငါ တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို အောင်မြင်မှုအသေးစားအထိ လေ့ကျင့်မယ်။ ပြီးရင် သားရဲတစ်သောင်း တောင်ထိပ်ကို သွားပြီး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာကို မြန်မြန် တက်နိုင်မလား ကြည့်ရမယ်...။"
သူသည် သူ၏ နောက်အစီအစဉ်များအကြောင်း ရေရွတ်နေခဲ့လေ၏။
နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ခြင်းသည် အကန့်အသတ်မဲ့ တာအိုကျမ်းစာရှိ ရုပ်ခန္ဓာကိုယ်သန့်စင် ခြင်းအဆင့်အတွက် လိုအပ်ချက်တစ်ခုသာမက နင်းဖန်၏ အတွင်းစိတ် ဆန္ဒမှလည်း မြစ်ဖျားခံ ပေသည်။
နှစ်ဆယ့်တစ်ရာစုတွင် မွေးဖွားလာသော လူငယ်တစ်ဦးအနေဖြင့် ထူးခြားသော စွမ်းအားများကို ပိုင်ဆိုင် ကာ ကောင်းကင်ယံတွင် ပျံသန်းခြင်း၊ မြေကြီးထဲသို့ တိုးဝင်ခြင်း သို့မဟုတ် အင်အားကြီးမားသော ရန်သူများကို ချက်ချင်း သတ်ဖြတ်ခြင်းအကြောင်း မည်သူက မစိတ်ကူးယဉ်ဖူးဘဲ နေမည်နည်း။
ကမ္ဘာမြေကြီးပေါ်တွင် ဤအရာများကို သူ မတွေ့ကြုံနိုင်ခဲ့သော်လည်း ယခု စိတ်ကူးယဉ် ကမ္ဘာတစ်ခု သို့ ကူးပြောင်းလာပြီဖြစ်ရာ နင်းဖန်သည် သိုင်းလောကတွင် လွတ်လပ်စွာ နေထိုင်ပြီး "ဓား.. လာစမ်း" ဟု အော်ရသည်မှာ မည်သို့ ခံစားရမည်ကို သဘာဝကျစွာပင် သိချင်နေခဲ့၏။
ထို့ကြောင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ သိပ္ပံနည်းကျ မကျသော စွမ်းအားများကို ခံစားလိုက်ရသောအခါ သူ၏ နှလုံးသားမှာ ယုံကြည်နိုင်စရာ မရှိလောက် အောင် ဂနာမငြိမ် ဖြစ်လာခဲ့သည်။
သူ၏ စွမ်းရည်များကို စမ်းသပ်ရန် စစ်မှန်သော တိုက်ပွဲတစ်ခုကို သူ အလွန်အမင်း လိုလားနေခဲ့၏။ ယခုအချိန်တွင် လေ့ကျင့်ရေးကွင်းပေါ်၌ ရပ်နေရင်း သူသည် ကြွက်သားများနှင့် အရိုးများကို ဦးစွာ လျော့ချလိုက်သည်။
ထို့နောက် ဂျင် တစ်သောင်းကျော်ရှိသော ထိုကျောက်တုံး အလေးများကို မလိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းရှိ တိုးပွားလာသော အင်အားများကို နောက်တစ်ကြိမ် ခံစားလိုက်၏။
မနေ့ကနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် အနည်းငယ် ပိုမို အားကောင်းလာခဲ့သည်။
ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အကန့်အသတ်မဲ့ တာအိုကျမ်းစာ ကျင့်ကြံခြင်းသိုင်းနည်းစနစ် တွင် အဟန့်အတားများ မရှိဘဲ ထိုသိုင်းနည်းစနစ်ကသူ့ဘာသာ လည်ပတ်နိုင်သောကြောင့်ပင်။
သူ အိပ်နေလျှင်ပင် ကိစ္စမရှိချေ။
ထိုသိုင်းနည်းစနစ်၏ လည်ပတ်မှု လမ်းကြောင်းကို အလိုအလျောက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးမည် ဖြစ်၏။ လေကို ရှူသွင်း ရှူထုတ်လိုက်တိုင်း ထိုသိုင်းနည်းစနစ်သည် သူ၏ ရုပ်ခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ချီဖြင့် ဖြည်းညင်းစွာ သန့်စင်ပေးပြီး သူ၏ ကလီစာများကို အာဟာရဖြစ် စေခဲ့သည်။
ထို့ကြောင့် နင်းဖန်၏ ကျင့်ကြံမှုမှာ ကြီးထွားလာနေပြီး သူ၏ အင်အားမှာ အချိန်တိုင်း တိုးတက်နေခဲ့၏။
ထိုစွမ်းရည်သည် အမြဲတမ်း အလုပ်လုပ်နေသော စွမ်းရည်တစ်ခု ဖြစ်သဖြင့် အချိန်ကြာလာသည် နှင့်အမျှ စုဆောင်းမှုက သူ့ကိုယ်သူ တိုးတက်စေမှုမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလာမည် ဖြစ်သည်။
သွေးပူလေ့ကျင့်ခန်း ပြီးဆုံးပြီးနောက် နင်းဖန်သည် စနစ်ကို မအားကိုးဘဲ မည်သို့ ခံစားရမည်ကို သိရှိရန် တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို တစ်ကြိမ် လေ့ကျင့်ကြည့်ရန် ပြင်လိုက်၏။
သို့သော် သူ ကိုယ်နေဟန်ထား မပြင်မီမှာပင် အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ သူ့ထံသို့ ပျံသန်းလာသော လုံးဝန်းပြီး ယိမ်းထိုးနေသည့် သံတုံးတစ်တုံးကို သူ မြင်လိုက်ရသည်။
"အဲဒါ ဘာကြီးလဲ...။"
သံတုံးမှာ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ နင်းဖန်သည် စဉ်းစားပင် မစဉ်းစားတော့ ချေ။ သူသည် ပြင်းထန်သော ကန်ချက်တစ်ခုအတွက် ခြေထောက်ကို မြှောက်လိုက်ပြီး ‘‘ဝှစ်’‘ ဟူသော အသံနှင့်အတူ သံတုံးကို လာရာလမ်းအတိုင်း ပြန်ကန်ထုတ်လိုက်၏။
တစ်ချိန်တည်းမှာပင်။
ဂိုဏ်း၏အထက် ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။
အကြီးအကဲများအားလုံး တောင့်တင်းသွားကြပြီး သူတို့၏ မျက်နှာများမှာ ရှုံ့တွနေခဲ့၏။ သူတို့အားလုံး တညီတညွတ်တည်း မှင်တက်သွားကြလေ သည်။
ရုပ်သေး သားရဲလေး ပျံသန်းနေသည်ကို တစ်ညလုံးလုံး သူတို့ စောင့်ကြည့်နေခဲ့ပြီး ယခု နောက်ဆုံးတွင် ချွမ်းကုန်းတောင်ထိပ်သို့ ရောက်ရှိလာခဲ့သော်လည်း နင်းဖန်နှင့် တရားဝင် မဆက်သွယ်နိုင်မီမှာပင် ကန်ထုတ်ခံလိုက်ရလေသည်တကား။
ဒါ ဘယ်လို အခြေအနေမျိုးလဲ။ ဂိုဏ်းချုပ်က ပထမဆုံး တုံ့ပြန်လာပြီး စိုးရိမ်တကြီး အမိန့်ပေးလိုက်၏။
"မြန်မြန်...။ အဲဒါကို ချက်ချင်း ပြန်ပျံသန်းခိုင်းလိုက်...။ နင်းဖန် တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို မကျင့်ကြံခင် မင်း သူ့ကို တားရမယ်...။"
"ငါ အကောင်းဆုံး ကြိုးစားပါ့မယ်...။"
ချီလဲ့ကွမ်က အံ ကြိတ်ကာ ပြန်ဖြေလိုက်၏။
အမှိုက်သံတုံး ချုံးချီလေးကို တစ်ညလုံး ထိန်းချုပ်ပြီးနောက် သူတို့ကြားရှိ နတ်ဘုရားစိတ်အာရုံ ချိတ်ဆက်မှုမှာ အားနည်းလာခဲ့ပြီ ဖြစ်သည်။ တည်ငြိမ်သော ထိန်းချုပ်မှုကို မထိန်းသိမ်းနိုင်သော အကြိမ်များပင် များစွာ ရှိခဲ့၏။
အဆိုးဆုံးမှာ သူ၏ နတ်ဘုရားစိတ်အာရုံကို တိုးမြှင့်၍ မရခြင်းပင်...။ ထိုသို့လုပ်ပါက ထိုက်ရီအကြွင်း အကျန်နယ်မြေ အတားအဆီး၏ ပိတ်ဆို့မှုကို သေချာပေါက် ခံရမည်ဖြစ်ပြီး ချိတ်ဆက်မှု ပြတ်တောက် သွားမည် ဖြစ်၏။
ဤအချိန်တွင် သူသည် ထိုမှေးမှိန်သော တုံ့ပြန်မှုများကိုသာ ဂရုတစိုက် ခံစားနိုင်ပြီး ရုပ်သေး သားရဲ လေးကို ချွမ်းကုန်းတောင်ထိပ်သို့ အမြန် ပြန်သွားစေရန် အကောင်းဆုံး ကြိုးစားနိုင်တော့၏။
အခြားတစ်ဖက်တွင်။
နင်းဖန်သည် မေးစေ့ကို ပွတ်သပ်ကာ ဇဝေဇဝါ ဖြစ်နေခဲ့သည်။
"ခုနက အရာက...။ ရုပ်သေး သားရဲတစ်ကောင်နဲ့ တူသလိုပဲ...။"
ထိုကန်ချက်၏ ခံစားချက်နှင့် သူ အနီးကပ် မြင်တွေ့လိုက်ရသည်ကို ပြန်လည်တွေးတောကြည့်ရင်း သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ပို၍ပို၍ ခံစားလာရ၏။
ရုပ်သေး သားရဲများကို အခြားနေရာများတွင် လူသိနည်းသော ပစ္စည်းများအဖြစ် သတ်မှတ်ကြသည်။
သို့သော် ထိုက်ရီအစစ်အမှန်ဂိုဏ်း အတွင်း၌ စိတ်ဝိညာဉ်ထိန်းချုပ်ရေး တောင်ထိပ် ရှိနေခြင်းကြောင့် ထိုရုပ်သေးများမှာ အမှန်တကယ်တော့ ထိုမျှ မရှားပါးလှချေ။
နင်းဖန် ဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်လာစဉ်က အပြင်တောင်ထိပ်တွင် ရုပ်သေး သားရဲတစ်ကောင်ကို သူ မြင်တွေ့ခဲ့ဖူး၏။
ထိုအရာမှာ သံပစ္စည်းများဖြင့် လုံးဝ သွန်းလုပ်ထားသော ဧရာမ ငှက်ကြီးတစ်ကောင်ဖြစ်ပြီး ဂိုဏ်းသို့ ယခုလေးတင် ပြန်ရောက်လာသော အစစ်အမှန်တပည့် အချို့က ထိုငှက်ကြီးပေါ်တွင် ရပ်နေကြသည်။
သဘာဝကျစွာပင် ထိုအချိန်က ထိုအရာသည် မည်သည့် ရုပ်သေးမျိုးဖြစ်ကြောင်း သူ မသိခဲ့ချေ။
အပြင်စည်း စီနီယာအစ်ကို အချို့ စကားပြောနေသည်ကို ကြားပြီးနောက်မှသာ သူ သိရှိခဲ့ရပြီး ဤကမ္ဘာရှိ ကျင့်ကြံခြင်းနည်းလမ်း အမျိုးမျိုးကို အချိန်အတော်ကြာ သူ အံ့အားသင့်ခဲ့ရလေ၏။
"ရုပ်သေး သားရဲတွေကို ကျင့်ကြံသူတွေရဲ့ နတ်ဘုရားစိတ်ဝိညာဉ်တွေကို အသုံးပြုပြီး ဖန်တီးထား တာဖြစ်ပြီး သူတို့မှာ ကျမ်းစာဆောင်က ကျောက်စိမ်းပြားတွေနဲ့ ဆင်တူတဲ့ နာမ်စိတ်ဝိညာဉ် သဘာဝ ရှိတယ်ဆိုတာ ငါ မှတ်မိတယ်...။"
"အခု ဂိုဏ်းတစ်ခုလုံး ထွက်ခွာသွားပြီဆိုတော့ ရုပ်သေး ယန္တရားတွေ အားလုံးကို ယူသွားသင့်တာပေါ့...။ ဒါပေမယ့် အခုလေးတင်က သံတုံးက ကျန်နေခဲ့တယ်...။ အဲဒါက ငါ့လိုပဲ ‘‘ဘတ်စ်ကား’‘ ပေါ် မပါဘဲ အဓိက အဖွဲ့နဲ့ လွဲသွားတာများ ဖြစ်နိုင်မလား...။"
"ပြီးတော့ အဲဒါက ငါ့ကို အမှတ်မထင် တွေ့သွားလို့ ငါနဲ့အတူ နွေးနွေးထွေးထွေး နေဖို့ ပြေးလာတာ များလား...။"
နင်းဖန် သိချင်နေခဲ့၏။
သို့သော် သူ ထိုအကြောင်းကို သိပ်မတွေးခဲ့ချေ...။ မည်သို့ပင်ဆိုစေ ထိုအရာမှာ ရုပ်သေး သားရဲ တစ်ကောင်သာ ဖြစ်သည်ပင်။
ခေါင်းခါလျက် သူသည် ကိုယ်နေဟန်ထား ပြင်ကာ စတင် လေ့ကျင့်ရန် ပြင်လိုက်၏။
ထိုအချိန်တွင် သူ၏ မျက်လုံးထောင့်မှနေ၍ လေ့ကျင့်ရေးကွင်း၏ လှေကားထစ်များမှ သံတုံးတစ်တုံး ပေါ်လာသည်ကို သူ မြင်လိုက်ရပြီး ထိုရုပ်သေး၏ ထူးခြားသော ပုံသဏ္ဌာန်ရှိသည့် ခန္ဓာကိုယ်မှာ လမ်း တစ်လျှောက်လုံး လိမ့်လာစဉ် ယိမ်းထိုးနေခဲ့၏။
နောက်ဆုံးတွင် ‘‘ဒုတ်’‘ ဟူသော အသံနှင့်အတူ ထိုသံတုံးသည် သူ၏ ခြေသလုံးကို ဝင်တိုက်မိပြီး လဲကျ သွားခဲ့လေသည်။ ထိုအရာ၏ လုံးဝန်းသော သံခြေထောက်လေးဖက်က လေထဲတွင် အရမ်းကာရော ကန်နေပြီး တံမြက်စည်းဖြင့် ပြုလုပ်ထားသော ထိုအရာ၏ အမြီးမှာ မြေကြီးကို ဆက်တိုက် ရိုက်ခတ် နေခဲ့၏။
နင်းဖန် မျက်တောင်ခတ်လိုက်ပြီး မိန်းမောစွာ စိုက်ကြည့်နေခဲ့မိလေသည်။
"နေပါဦး သူငယ်ချင်း...။ မင်း ဘာလို့ ပြန်ရောက်လာတာလဲ...။"
***