သူ့ရှေ့ရှိ ထိုင်းမှိုင်းပြီး ငတုံးပုံပေါက်နေသော သံသားရဲလေးကို ကြည့်ရင်း ၎င်းမှာ အသိဉာဏ် သိပ်ရှိပုံ မပေါ်ချေ...။
နင်းဖန်သည် အတွေးလွန်သွားခဲ့၏။
*ဒီကောင်လေးက ဘယ်က ရောက်လာတာလဲ…။*
*တကယ်လို့ ဒါက ဂိုဏ်းမှာ ကျန်ရစ်ခဲ့တဲ့ရုပ်သေး သားရဲတစ်ကောင်ဖြစ်နေရင် သူ့အပြင်နောက်ထပ် အခြားအကောင်များ ရှိသေးလား..။*
*ပြီးတော့ သူ့မှာ အသိဉာဏ် ရှိသလား…။*
သူ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ လည်ပတ်နေသဖြင့် နင်းဖန်သည် မနေနိုင်တော့ဘဲ လက်လှမ်း ကာ ၎င်း၏ လုံးဝန်းသော ခန္ဓာကိုယ်ကို ဆုပ်ကိုင်ပြီး မျက်လုံးနှင့်တန်းထဲအမြင့်အထိ မချီလိုက်၏။
"မင်းက တိကျတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ငါ့ကို လာရှာတာလား...။"
"ဂိုဏ်းမှာ ဘာတွေဖြစ်သွားလဲဆိုတာ မင်း သိလား...။"
"ငါ ပြောတာကို မင်း နားလည်လား...။"
နင်းဖန်သည် သားရဲလေး၏ ခေါင်းကို လက်ချောင်းဖြင့် ခေါက်ကာ မေးခွန်းသုံးခု ဆက်တိုက် မေးလိုက် လေသည်။ ထိုအချိန်လေး၌ပင်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ ဤမြင်ကွင်းကို မြင်သောအခါ အကြီးအကဲများအုပ်စုမှာ မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားကြ၏။
ဂိုဏ်းချုပ်က ချီလဲ့ကွမ်၏ လက်မောင်းကိုပင် ဆုပ်ကိုင်ကာ အော်ဟစ်လိုက်သည်။
"မြန်မြန်...။ တုံ့ပြန်မှုတစ်ခု ပေးဖို့ ရုပ်သေးကို ထိန်းချုပ်လိုက်...။"
"ငါ ကြိုးစားကြည့်ပါ့မယ်...။"
ဤသည်ကို ကြားသောအခါ ချီလဲ့ကွမ်သည် သူ၏ နတ်ဘုရားစိတ်အာရုံကို အသက်သွင်းရန် လက် သင်္ကေတများကို အလျင်အမြန် ပြုလုပ်လိုက်၏။
သို့သော် သူ ပို၍ စိုးရိမ်လာလေလေ ဤနတ်ဘုရားစိတ်အာရုံ ပို့လွှတ်မှုမှာ ပို၍ မတည်မငြိမ် ဖြစ်လာ လေလေပင်။
အောက်ဘက်ရှိ သားရဲလေး လှုပ်ရှားခြင်း မရှိသည်ကို မြင်သောအခါ နင်းဖန်၏ မျက်မှောင်မှာ တဖြည်း ဖြည်း ကျုံ့လာပြီး ချီလဲ့ကွမ်မှာမူ အလွန် စိုးရိမ်နေသဖြင့် သူ၏ နဖူးမှ ချွေးများ စီးကျလာခဲ့၏။
ယွီရူရွှမ်းက အံ့သြစွာဖြင့် မေးလိုက်သည်။
"ခေါင်းညိတ်ဖို့လေးတင်ကို အဲဒီလောက်တောင် ခက်နေတာလား...။"
နင်းဖန်၏ ဆက်တိုက် မေးခွန်းသုံးခုစလုံးမှာ ဟုတ်သည် သို့မဟုတ် မဟုတ်ဘူး ဟု ဖြေရမည့် မေးခွန်း များ ဖြစ်လေ၏။
ရုပ်သေး သားရဲလေးသည် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း ဖြေဆိုရန် ခေါင်းညိတ်ပြရုံသာ လိုအပ်ပြီး ၎င်းက သူ၏ ပေါ်လာမှုမှာ တိုက်ဆိုင်မှု မဟုတ်ကြောင်း နင်းဖန်ကို သဘောပေါက်သွား စေမည် ဖြစ်လေသည်။
သို့သော် ထိုကဲ့သို့ ရိုးရှင်းသော လှုပ်ရှားမှုလေးကိုပင် အချိန်အတော်ကြာအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။
လူအုပ်ကြီးက မည်သို့ မစိုးရိမ်ဘဲ နေနိုင်မည်နည်း။
ချီလဲ့ကွမ်က ခါးသီးစွာ ပြောလိုက်၏။
"ငါလည်း လုပ်ချင်တာပေါ့...။ ဒါပေမယ့် တစ်ညလုံးလုံး သူ့ကို ပျံသန်းအောင် ထိန်းချုပ်ထားရတာက သူ့ရဲ့ အတွင်းပိုင်း ဝင်္ကပါ ပုံစံတွေရဲ့ နောက်ဆုံး ကျန်နေတဲ့ တည်ငြိမ်မှုကို ကုန်ဆုံးသွားစေပြီ...။"
"ဒါကြောင့် အမိန့်တော်တော်များများက တစ်ခါတလေမှပဲ အလုပ်လုပ်တော့တယ်...။"
ဤသည်မှာ မူလကတည်းက ကျရှုံးထားသော ရုပ်သေး သားရဲတစ်ခုဖြစ်ရာ ထွင်းထုထားသော ဝင်္ကပါ မှာလည်း သဘာဝကျစွာပင် ကျရှုံးမှုတစ်ခု ဖြစ်ပေသည်။
၎င်းကို သီသီလေး ထိန်းချုပ်နိုင်ပြီး လှုပ်ရှားအောင် လုပ်နိုင်ခြင်းကပင် မမျှော်လင့်ထားသော ဝမ်းသာ စရာတစ်ခု ဖြစ်နေပြီ ဖြစ်၏။
ခေါင်းညိတ်ခြင်းကဲ့သို့သော အသေးစား လှုပ်ရှားမှုများနှင့် ပတ်သက်၍မူ ၎င်းကို အမိန့်ပေးခြင်းမှာ အမှန်တကယ်ပင် မဖြစ်နိုင်သောအရာကို တောင်းဆိုနေခြင်း ဖြစ်လေသည်။
ဤသည်ကို ကြားသောအခါ ရွှီယိုဝေက ချက်ချင်းပင် မထီမဲ့မြင်ပြုကာ ပြောလိုက်၏။
"ဒါဆိုရင် ဒီအမှိုက်တုံးက လုံးဝ အသုံးမဝင်ဘူး မဟုတ်ဘူးလား...။"
"ဘာစကား ပြောတာလဲ...။ ငါ့ရဲ့ ချုံးချီလေးသာ မရှိရင် အခုအချိန်မှာ ငါတို့ နင်းဖန်နဲ့ ဒီလောက်လေး တောင် ဆက်သွယ်လို့ ရမှာမဟုတ်ဘူး...။"
ချီလဲ့ကွမ်သည် သူ၏ ဘဝတွင် ပထမဆုံး ဖန်တီးခဲ့ဖူးသော ဤရုပ်သေး သားရဲလေးကို အလွန် တန်ဖိုး ထားသဖြင့် မကျေမနပ်ဖြင့် ချက်ချင်း ကာကွယ်ပြောဆိုလိုက်၏။
ထို့နောက် သူက ခေတ္တရပ်ကာ ဆက်ပြောသည်။
"ပြီးတော့ သူက ဘာမှ မလုပ်နိုင်ဘူးလို့တော့ မဟုတ်ပါဘူး...။"
"အခုလေးတင် ငါ စမ်းကြည့်ပြီးပြီ...။ ခေါင်းညိတ်ဖို့ အမိန့်က ပြီးမြောက်ဖို့ ခက်ခဲပေမယ့် ခေါင်းခါတာ ကတော့ ဖြစ်နိုင်တယ်...။"
ဤစကားများ ပြောလိုက်သည်နှင့် အားလုံး မှင်တက်သွားကြ၏။
*ခေါင်းမညိတ်နိုင်ဘူး ဒါပေမယ့် ခေါင်းခါလို့တော့ ရတယ်ပေါ့…။*
*ဒါ ဘယ်လို ယုတ္တိမျိုးမဆန်တာမျိုးလဲ…။*
ချီလဲ့ကွမ်က အခြေခံအားဖြင့် ပြောခဲ့သည်မှာ စိတ်မပူပါနဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် သူ ခေါင်းခါနိုင်ပါတယ်။
နင်းဖန် တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့ကျလာပြီး ချုံးချီလေးကို မြေကြီးပေါ် ပြန်ချတော့မည်ကို မြင်သောအခါ ဂိုဏ်းချုပ်က အလျင်အမြန် ပြောလိုက်၏။
"ဒါဆိုလည်း သူ့ကို ခေါင်းခါခိုင်းလိုက်စမ်း...။"
"ဂိုဏ်းချုပ်...။ မရဘူးလေ...။ အဲဒီလိုလုပ်လိုက်ရင် နင်းဖန် ခက်ခက်ခဲခဲ ရလာတဲ့ သံသယကို လုံးဝ ပယ်ဖျက်လိုက်သလို ဖြစ်သွားမှာပေါ့...။"
အကြီးအကဲများအုပ်စုမှာ ထိတ်လန့်တကြားဖြင့် မျက်မှာများမှာ ဖြူရော်သွားကြ၏။
နင်းဖန်က မေးခွန်းသုံးခု စုစုပေါင်း မေးခဲ့ကြောင်း သင် သိထားရမည် ဖြစ်သည်။
တိုက်ဆိုင်စွာပင် ဤအရာများအားလုံးမှာ ဂိုဏ်း၏ အဆင့်မြင့် အရာရှိများက သူ့ကို အလွန်အမင်း ပြောပြချင်နေသော အရာများပင် ဖြစ်၏။
ဒီသားရဲလေးက မင်းကို လာရှာတာ ရည်ရွယ်ချက် ရှိတယ်...။
ဒီသားရဲလေးက ဂိုဏ်းမှာ ဘာတွေဖြစ်သွားလဲဆိုတာ သိတယ်...။
အကယ်၍ ၎င်းက ယခု ငြင်းဆိုသည့်အနေဖြင့် ခေါင်းခါပြလိုက်ပါက ၎င်းသည် နှစ်ဖက်ကြား နားလည် မှုလွဲမှားခြင်းကို သေချာပေါက် ပိုမို နက်ရှိုင်းသွားစေမည် ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် အကြီးအကဲများစွာ၏ ဟန့်တားမှုကို ရင်ဆိုင်ရချိန်တွင် ဂိုဏ်းချုပ် စကားမ ပြောမီ ယွီရူရွှမ်းက ပထမဆုံး ရှင်းပြလိုက်၏။
"ဂိုဏ်းချုပ် ပြောတာ မှန်တယ်...။ အခု သူ ခေါင်းမညိတ်နိုင်ရင်တော့ ခေါင်းခါပြလိုက်တာပေါ့...။ ဘာလို့လဲ ဆိုတော့ အဓိက ဦးစားပေးရမှာက ဒီသားရဲလေးမှာ အသိဉာဏ်ရှိပြီး သာမန် ရုပ်သေးတစ်ကောင် မဟုတ်ဘူးဆိုတာကို နင်းဖန် သိအောင်လုပ်ဖို့ပဲလေ...။"
"အကယ်၍ နင်းဖန်က ဒီအကြောင်းကြောင့် သူ့ကို အနားမှာ ထားထားရင် ငါတို့က သူ့ကို ဖြည်းဖြည်း ချင်း ဆက်သွယ်ဖို့နဲ့ အမှန်တရားကို ရှာဖွေတွေ့ရှိအောင် လမ်းပြဖို့အတွက် အခွင့်အရေးက အမြဲတမ်း ရှိနေမှာပဲ...။"
သူတို့၏ စီနီယာအစ်မတော်က စကားကို ဤမျှ ရှင်းလင်းစွာ ရှင်းပြလိုက်သည်ကို မြင်သောအခါ အားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက် သတိဝင်လာကြ၏။
"ဟုတ်တယ်...။ "
"အခု သူ ခေါင်းညိတ်သည်ဖြစ်စေ၊ ခေါင်းခါသည်ဖြစ်စေ တကယ်တော့ အရေးမကြီးပါဘူး...။ တုံ့ပြန်မှု တစ်ခု ပေးဖို့က အရေးအကြီးဆုံးပဲ...။ "
"ဒီနည်းနဲ့မှ နင်းဖန်ရဲ့ စိတ်ဝင်စားမှုကို လှုံ့ဆော်နိုင်မှာ...။ "
သတိဝင်လာသော ချီလဲ့ကွမ်သည်လည်း နတ်ဘုရားစိတ်အာရုံ အမိန့်ကို အလျင်အမြန် ပို့လွှတ်လိုက်၏။
အောက်ဘက်တွင်။
သိုင်းနည်းစနစ် လေ့ကျင့်ရေးကွင်းပေါ်၌ နင်းဖန်က ဤထူးဆန်းသော ရုပ်သေး သားရဲကို စွန့်ပစ် တော့မည့်အချိန်တွင်...။
တစ်ဖက်က ထိုသတ္တုခေါင်းလေးသည် ဖြည်းညင်းစွာ ခါယမ်းနေသည်ကို သူ မြင်လိုက်ရသည်။
ဤသည်က နင်းဖန်ကို ချက်ချင်း မှင်တက်သွားစေခဲ့၏။
"မင်း ငါပြောတာကို တကယ် နားလည်တာပဲ...။"
သူသည် သူ့ရှေ့ရှိ သံသားရဲလေးကို မယုံကြည်နိုင်စွာဖြင့် ကြည့်ရင်း ဤကမ္ဘာကြီးသည် မည်မျှ မှော်ဆန် ကြောင်းကိုတွေးရင် သူ၏ နှလုံးသားထဲတွင် အံ့ဩမိနေခဲ့၏။ ရုပ်သေးလေး တစ်ခုသက်သက်ဖြစ်သော် လည်း ၎င်းသည် AI စက်ရုပ်တစ်ရုပ်ကဲ့သို့ ရိုးရှင်းသော နားလည်နိုင်စွမ်းများကို ပိုင်ဆိုင်ထားနိုင်သည် တကား။
သို့သော် ၎င်းက ခေါင်းခါလိုက်သဖြင့် ၎င်းသည်လည်း ဤသားရဲလေးမှာ အမှန်တကယ် စွန့်ပစ်ခံထားရ သောအရာ ဖြစ်ကြောင်း ဆိုလိုပေသည်။
သူ့လိုပင် ဂိုဏ်းတွင် မည်သည့်အရာများ ဖြစ်ပျက်သွားကြောင်းကို ၎င်း လုံးဝ မသိရှိချေ။
ယခု ဤနေရာသို့ လာရခြင်းမှာ သူသည် ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ကြောင်းကို မြင်တွေ့လိုက်ရပြီး သူ့နောက်သို့ လိုက်ပါက အားကိုးစရာ တစ်ခုခု ရှိမည်ဟု တွေးထင်သွားခြင်း ဖြစ်လောက်ပေသည်။
"ဟင်း...။ မင်းလည်း သနားစရာ သားရဲလေးပါပဲ...။"
နင်းဖန်သည် သူ၏ နှလုံးသားထဲတွင် တိုးညင်းစွာ သက်ပြင်းချလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် ချုံးချီလေးကို ကန်မထုတ်တော့ချေ။
မည်သို့ပင်ဆိုစေ သူကိုယ်တိုင်မှလွဲ၍ ဂိုဏ်းတွင် တစ်ခုတည်းသော လှုပ်ရှားနေသည့်အရာမှာ ဤ ထိုင်းမှိုင်းသော ရုပ်သေး သားရဲလေးသာ ဖြစ်၏။ ၎င်းကို အနားတွင် ထားခြင်းက အဖော်တစ် ယောက် ရှိနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဤသည်ကို တွေးမိသောအခါ နင်းဖန်က စကားပြောလိုက်သည်။
"ကောင်လေး...။ မင်းက ငါ့နောက်ကို လိုက်ချင်တယ်ဆိုတော့လည်း နေပေါ့...။"
"ဒါပေမယ့် ငါ အခု ငါ့ရဲ့ သိုင်းနည်းစနစ်တွေကို လေ့ကျင့်တော့မယ်...။ မင်းကို မထိခိုက်မိအောင် ဘေးဖယ်နေပေး...။"
နင်းဖန်ထံမှ ဤစကားများကို ကြားသောအခါ သတ္တု ချုံးချီလေးမှာ မိန်းမောသွားခဲ့၏။ ၎င်းသည် အဓိပ္ပာယ်ကို နားလည်ရန် ကြိုးစားနေပုံရသည်။
တစ်ချိန်တည်းမှာပင် အထက်ရှိ လျှို့ဝှက်နယ်မြေ အတွင်း၌ အကြီးအကဲများ အုပ်စုသည် သက်ပြင်း ရှည်ကြီးတစ်ခုကို ချလိုက်ကြ၏။
"သူ သားရဲကို ထားထားလိုက်ပြီ...။ "
ရုပ်သေး သားရဲသည် နင်းဖန်၏ အနားတွင် အောင်မြင်စွာ နေနိုင်ခဲ့ပြီး ဆိုလိုသည်မှာ နှစ်ဖက်ကြားရှိ တစ်ခုတည်းသော ဆက်သွယ်ရေး လမ်းကြောင်းမှာ ပျောက်ကွယ်မသွားခြင်းပင်။
"ဒါပေမယ့် နောက်ထပ် ဘာဆက်လုပ်ကြမလဲ...။"
အချိန်မရွေး အမိန့်များကို အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေသော လက်သင်္ကေတကို ကိုင်ထား ရင်း ချီလဲ့ကွမ်က မေးလိုက်၏။
အကြီးအကဲများသည် ထိုမေးခွန်းကြောင့် အခက်တွေ့သွားကြပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ ကြပြန်သည်။
စကားမပြောနိုင်၊ စာမရေးနိုင်၊ ခေါင်းမညိတ်နိုင်သော အမှိုက်သံတုံး ချုံးချီလေး တစ်ကောင်။
တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို မကျင့်ကြံရန် နင်းဖန်ကို သူတို့ မည်သို့ သတိပေးနိုင်မည် နည်း။
"ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်...။"
ရုတ်တရက် ထျန်းကျီးတောင်ထိပ်၏ အရှင်သခင် ကျူးကော့မင်သည် လူအုပ်ထဲမှ ထွက်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ဂျူနီယာညီလေးချီက ငါတို့ ပြောပြချင်တဲ့ မက်ဆေ့ခ်ျကို မြေကြီးပေါ်က သူ့ရဲ့ လှုပ်ရှားမှု လမ်းကြောင်း ကတစ်ဆင့် ရေးဖို့ သားရဲလေးရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အသုံးပြုဖို့ ထိန်းချုပ်နိုင်တယ်...။"
"မြင်ကွင်းက ပထမတော့ နည်းနည်း ထူးဆန်းနေနိုင်ပေမယ့် အကြိမ်အနည်းငယ်လောက် ထပ်လုပ်ပြရင် နင်းဖန်ရဲ့ ဉာဏ်ရည်နဲ့ဆို သူ သေချာပေါက် သဲလွန်စကို မြင်တွေ့ရမှာပဲ...။"
အစီအစဉ်ကို အဆိုပြုလိုက်သည်နှင့် အားလုံးက သြဘာပေးလိုက်ကြ၏။
ချီလဲ့ကွမ်သည်လည်း အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပင် ၎င်းကို စတင် ထိန်းချုပ်လိုက်သည်။ ဤ နေရာတွင် နင်းဖန်သည် ကိုယ်နေဟန်ထားကို ယခုလေးတင် စတင်လိုက်ပြီး စိတ်ဝိညာဉ်ချီ ပထမ တစ်ကြိမ် ရှူသွင်းခြင်းပင် မပြီးသေးမီ ထိုသံချေးတက်နေသော ရုပ်သေး သားရဲသည် တက်ကြွနေ သကဲ့သို့ ရုတ်တရက် ဟိုဟိုဒီဒီ ပြေးလွှားနေသည်ကို သူ မြင်လိုက်ရ၏။
၎င်း၏ ခြေထောက်လေးဖက်မှာ အလုံးများဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသဖြင့် ဤပြေးလွှားမှုမှာလည်း ယိမ်းထိုးခြင်း၊ လိမ့်ခြင်းနှင့် တွားသွားခြင်းများ ဖြစ်နေခဲ့သည်။
၎င်းမှာ ရူးသွပ်သွားသကဲ့သို့ပင်။
၎င်းက နင်းဖန်၏ မျက်နှာကို မေးခွန်းထုတ်စရာ သင်္ကေတများဖြင့် ပြည့်နှက်သွားစေရုံသာမက ထိုက်ရီ အကြွင်းအကျန်နယ်မြေ အတွင်းရှိ ဂိုဏ်း၏ အဆင့်မြင့် အရာရှိများကိုပါ သူတို့၏ အမြင်အာရုံများ မှောင်မိုက်သွားသလို ခံစားရစေခဲ့၏。
"အဘိုးကြီးချီ...။ မင်း ဘာကို ထိန်းချုပ်နေတာလဲ...။ အဲဒါ စာရေးနေတာလို့ ဘယ်သူက ပြောနိုင်မှာ လဲ...။"
ဟု လီချန်မင်က ဝေဖန်လိုက်သည်။
အခြားသူတစ်ယောက်က ပြောလျှင် အဆင်ပြေပေလိမ့်မည်။
သို့သော် ချီလဲ့ကွမ်သည် လီချန်မင် စကားပြောသည်ကို ကြားသည်နှင့် ချက်ချင်း ပြန်လည် ချေပလိုက် ၏။
"မင်း လုပ်ကြည့်ပါလား...။ ချုံးချီလေးက သူ့ခြေထောက်ပေါ် သူတောင် မရပ်နိုင်ဖြစ်နေတာကို အခု ငါက စာလုံးတွေ အများကြီး ရေးဖို့ သူ့ကို ထိန်းချုပ်ရသေးတယ်...။ အခုလို ဖြစ်အောင် လုပ်နိုင်တာက တောင် ငါ တော်တော် ကောင်းကောင်း လုပ်ထားပြီးပြီ...။"
လီချန်မင်သည် ပြန်လည် ပြောဆိုရန် ပြင်လိုက်သော်လည်း ဂိုဏ်းချုပ်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရ လေ၏။
ထို့နောက် ဂိုဏ်းချုပ်က မေးလိုက်သည်ကို သူတို့ ကြားလိုက်ရသည်။
"ဂျူနီယာညီလေးချီ...။ မင်း ဘာအကြောင်းအရာတွေကို ရေးနေတာလဲ...။"
"ဂိုဏ်းက အဆင်ပြေပါတယ်၊ တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို မကျင့်ကြံပါနဲ့ လို့ ရေးနေ တာ...။"
"မရဘူး...။ စာလုံးတွေ အရမ်းများတယ်...။ မကျင့်ကြံပါနဲ့ ဆိုတဲ့ စကားလုံး လေးလုံးပဲ အတိုချုံး လိုက်...။"
"ကောင်းပါပြီ...။"
ချီလဲ့ကွမ်သည် အမိန့်ကို ချက်ချင်း အကောင်အထည်ဖော်လိုက်၏။
အောက်ဘက်ရှိ စိတ္တဇဆန်နေပြီဖြစ်သော အမှိုက်သံတုံး ချုံးချီလေးသည် မူလ စကားလုံးများကို ပုံဖော် ၍ပင် မပြီးသေးမီ လမ်းတစ်ဝက်တွင် စာလုံးများကို ပြောင်းလဲပစ်လိုက်သည်။
"မင်းက...။ စာလုံးတွေ ရေးနေတာလား...။"
နင်းဖန်သည် မူလက ဤအမှိုက်သံတုံး ရုပ်သေးမှာ တက်ကြွနေခြင်းသာ ဖြစ်သည်ဟု ထင်ခဲ့သော်လည်း သူ ကြည့်နေစဉ် ၎င်း၏ လှုပ်ရှားမှု လမ်းကြောင်းမှာ ပုံစံတစ်ခုအတိုင်း ဖြစ်နေပုံရကြောင်း သူ ရုတ် တရက် ခံစားလိုက်ရ၏။
သူ၏ နှလုံးသားထဲတွင် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။
*ဒီရုပ်သေးက တကယ်ပဲ အဲဒီလောက် အသိဉာဏ် ရှိတာလား…။*
ရိုးရှင်းပြီး သာမန်ပုံပေါက်နေသော သားရဲလေးတစ်ကောင်၊ အောက်ခြေအဆင့် ရုပ်သေးများထဲတွင် တတိယ သို့မဟုတ် စတုတ္ထတန်းစားပင် ဖြစ်နိုင်သောအရာက လူတစ်ယောက်လို စာရေးရန် တကယ်ပဲ သင်ယူနိုင်ပါသလား။
*ရုပ်သေးနဲ့ ယန္တရား တာအိုက သင်ယူဖို့ တန်ပုံရတယ်...။ဒါပေမယ့် အဲဒါက ဘာရေးနေတာလဲ…။*
နင်းဖန်သည် ထိုနေရာတွင် ရပ်ကာ ဂရုတစိုက် မလေ့လာဘဲ မနေနိုင်ခဲ့ချေ။
ကောင်းကင်ယံတွင်မူ...။
အကြီးအကဲများစွာမှာ ဤသည်ကို မြင်သောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားကြ၏။
"ကောင်းကင်ဘုံက သိတယ်၊ ဘိုးဘေးက ငါတို့ကို စောင့်ရှောက်တယ်...။ ဒီကလေး မြင်သွားပြီ...။"
"ဒီကလေး နင်းဖန်က တကယ်ပဲ မွေးရာပါ ဉာဏ်ကောင်းတာပဲ...။ သားရဲလေး စာရေးနေတယ်လို့ သူ ခန့်မှန်းမိကတည်းက သူ အဲဒီစာလုံးတွေကို သေချာပေါက် နားလည်နိုင်မှာပဲ...။"
"ဂျူနီယာညီလေးချီ...။ မင်းရဲ့ စွမ်းဆောင်ရည် ပြရမယ့် အချိန်ရောက်ပြီ...။ မင်းရဲ့ နတ်ဘုရားစိတ်အာရုံ ကို တိမ်းဆောင်းမသွားစေနဲ့...။"
"ဟုတ်တယ်...။ စာလုံးတွေကို သေချာရေးဖို့ မင်း အကောင်းဆုံး ကြိုးစားရမယ်...။"
ချီလဲ့ကွမ်သည်လည်း ယခုအချိန်တွင် ကြီးမားသော ဖိအားအောက်တွင် ရောက်ရှိနေ၏။ အကယ်၍ ဤချုံးချီလေး၏ ခြေတိုလေးဖက်က တည်ငြိမ်နေနိုင်ပါက ၎င်း၏ လုံးဝန်းသော ခြေထောက်များဖြင့် မြေကြီးပေါ်တွင် စာရေးရန်မှာ အမှန်တကယ်တော့ မခက်ခဲချေ။
သို့သော် ပြဿနာမှာ ဤသားရဲလေး၏ ခြေလက်အဆစ်လေးခုမှာ သီးခြားစီဖြစ်ပြီး ထူးခြားစွာ ပျော့ ပျောင်းနေခြင်းပင်။
ခေါင်းညိတ်ခြင်းကိုပင် သူ လွတ်လပ်စွာ မထိန်းချုပ်နိုင်ခဲ့ချေ။ ယခုမူ မြေကြီးပေါ်တွင် စာလုံး ပုံသဏ္ဌာန် များ ရေးဆွဲရန် ယိမ်းထိုးနေသော ခြေတိုလေးဖက်ကို အသုံးပြုရမည်ဖြစ်ရာ ခက်ခဲမှုမှာ အမှန်တကယ် ပင် အံ့မခန်း ဖြစ်နေခဲ့သည်။
"မကျင့်ကြံပါနဲ့" ဟူသော စကားလုံး လေးလုံးကို ကောက်ကွေ့ပြီး တုန်ယင်နေသော ပုံစံဖြင့် ပုံဖော်နေ ခဲ့၏။
ယခု သူတို့သည် နင်းဖန်က ဤအလွန် စိတ္တဇဆန်သော ပုံရိပ်ကို အမှန်တကယ် နားလည်နိုင်ရန်သာ မျှော်လင့်နိုင်တော့သည်။
***