တိုက်ပွဲ ဆက်လက် ဖြစ်ပွားလာသည်နှင့်အမျှ ချန်လော့သည် ပြိုင်ဘက်၏ တိုက်ကွက်တိုင်းကို အလွယ်တကူ ရှောင်တိမ်းလိုက်၏။
ချန်ရှင်းဂိုဏ်း၏ အတွင်းဂိုဏ်းသားမှာ သူ၏ တိုက်ကွက်တိုင်း ရှောင်တိမ်းခံရသည်ကို မြင်သောအခါ အတော်လေး ဒေါသထွက်သွားခဲ့သည်။
"မင်းက ပုန်းဖို့နဲ့ ရှောင်ဖို့ပဲ သိတာလား... ဒါက ဘာသိုင်းပညာလဲ."
"သတ္တိရှိရင် ငြိမ်ငြိမ်ရပ်နေစမ်းပါ"
ထိုစကားကို ကြားသောအခါ ချန်လော့ ရုတ်ခြည်း ဒေါသထွက်သွား၏။
သူက ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးကို မျက်နှာပြောင်တိုက် ပြောထွက်ရတာလဲ။
"မင်းကျင့်ကြံခြင်းအဆင့်က ငါ့ထက် အဆင့်ကြီး တစ်ခုလုံး မြင့်နေတာလေ... အဲဒါကရော ဘာသိုင်းပညာပြိုင်ပွဲလဲ..."
"မင်းက သိပ်စွမ်းနေရင် ငါ့ကျင့်ကြံခြင်းအဆင့် မင်းနဲ့ တူညီတဲ့အထိ စောင့်ပြီးမှ လာတိုက်လေ..."
သူ၏ စကားများကြောင့် ထိုအတွင်းဂိုဏ်းသားမှာ ဆွံ့အသွားရသည်။
"ငါ... ငါက အမိန့်ကို နာခံရုံပဲ... ဆရာ့အမိန့်ကို မလွန်ဆန်နိုင်ဘူး..."
ချန်လော့သည် သရော်ပြုံး ပြုံးလိုက်ပြီး ဆက်ပြောလိုက်၏။
"ငါကလည်း အသက်ရှင်သန်ချင်စိတ်ရဲ့ တွန်းအားပေးမှုကြောင့် ငါ့အမိန့်ကို ငါနာခံရုံပဲလေ... ငါ့ကို အပြစ်မတင်နဲ့ကွ"
တစ်ဖက်လူသည် မျက်နှာချင်းဆိုင် တိုက်ခိုက်မည့် အရိပ်အယောင် မပြသေးသည်ကို မြင်သောအခါ ချန်ရှင်းဂိုဏ်းသား၏ မျက်နှာမှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။
"ကောင်းပြီလေ... မင်းဘာသာ အသေခံချင်နေမှတော့လည်း...”
ထိုသို့ ပြောပြီးနောက် သူသည် လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏ စိတ်ကို အာရုံပြုလိုက်၏။ ထိုအခိုက်၌ သူ၏ ကိုယ်ပေါ်တွင် မီးခိုးရောင် မြူခိုးများ ရုတ်တရက် ပေါ်လာသည်။ ထိုမြူခိုးများက လူပုံသဏ္ဌာန်အဖြစ် တဖြည်းဖြည်း စုစည်းသွား၏။
"အို... မြူခိုးကိုယ်ပွားပဲ... ဒီတပည့်က တော်တော်လေးရည်ချင်းရှိတာပဲ…. မဆိုးဘူး"
အကြီးအကဲ တစ်ဦးက မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
သို့သော်လည်း ထိုလူ၏ ကိုယ်ပွား စုစည်းတော့မည့်ဆဲဆဲတွင် ချန်လော့သည် သူ၏ ရွေ့လျားမှုသိုင်းကွက်ကို ရုတ်တရက် အသက်သွင်း၍ ပြေးဝင်သွား၏။ ထိုဂိုဏ်းသားက ချက်ချင်း တုံ့ပြန်လိုက်သော်လည်း ကံမကောင်းစွာဖြင့် နောက်ကျသွားပြီ ဖြစ်သည်။
"ထျန်းကန်းလက်သီး"
ချန်လော့သည် လက်သီးတစ်ချက် ထိုးချလိုက်ရာ ပုံပေါ်စပြုနေသော မြူခိုး လူပုံသဏ္ဌာန်မှာ ကြီးမားသော ခွန်အားဖြင့် ထိမှန်သွားခဲ့သည်။
"ဘုန်း"
ခပ်ကြမ်းကြမ်း မြည်သံနှင့်အတူ လူပုံသဏ္ဌာန် မြူခိုးသည် ဖြူလွှလွှ မြူတိမ်တစ်ခုအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားပြီး လွင့်စင်သွားတော့သည်။ ထိုဂိုဏ်းသားမှာလည်း ရုတ်တရက် သွေးတစ်ပွက် အန်ချလိုက်ရသည်။
"မင်းက တော်တော် သတ္တိကောင်းတာပဲ... ပြိုင်ဘက်ရဲ့ ရှေ့မှာ ခွန်အားစုစည်းရဲတယ်"
ချန်လော့ စကားပြောနေစဉ် တစ်ဖက်လူကို ကြည့်သည့် သူ၏ အကြည့်က ဉာဏ်ရည်မမီသူ တစ်ဦးကို စိုးရိမ်ပူပန်ပေးနေသည့်နှယ် ဖြစ်နေခဲ့ချေသည်။
"ခွေးကောင်လေး"
ထိုဂိုဏ်းသားထံမှ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက် သူ၏ လက်သီးကို ဆုပ်၍ ချန်လော့ကို ထိုးချလိုက်သည်။ သို့သော်လည်း ချန်လော့သည် ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ရာ ရုတ်ခြည်း နောက်ဆုတ်လိုက်၏။
ထို့နောက် သူ၏ ဘယ်ဘက်လက်တွင် အဖြူရောင် အမှတ်အသားတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
"လေပြင်းလက်ဝါး"
ချန်လော့၏ လက်ဖဝါးမှ လေဆင်နှာမောင်းတစ်ခု ရုတ်ခြည်း ပေါက်ကွဲထွက်လာပြီး လူပုံသဏ္ဌာန် ဖွဲ့စည်းထားသော အဖြူရောင် မြူခိုးများက တဖက်လူထံသို့ အတားအဆီး တစ်ခုအဖြစ် လွင့်စဉ်သွားခဲ့သည်။ ထိုဂိုဏ်းသား၏ အမြင်အာရုံမှာ သူ ဖန်တီးထားသော အဖြူရောင် မြူခိုးများကြောင့် ခဏတာ ဖုံးကွယ်သွားပြီး ချန်လော့ ဘယ်ရောက်သွားသည်ကို မမြင်ရတော့ချေ။
"မီးလုံးသိုင်းကွက်."
အဖြူရောင် မြူခိုးများ၏ အပြင်ဘက်မှ မီးလုံးတစ်လုံး ပျံသန်းလာသံကို သူ ကြားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သူ၏ ရှေ့၌ မီးတောက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း ထိုအရာကို မြင်သည်နှင့် ဂိုဏ်းသားသည် အံကြိတ်၍ လက်သီးကို မြှောက်ကာ မီးလုံး လာရာ လမ်းကြောင်းဆီသို့ ပြေးဝင်သွားလိုက်သည်။
"ငါ မင်းကို သတ်မယ်"
“ ဘုန်း'’
ထို့နောက် ကျယ်လောင်သော အသံနှင့်အတူ၊ လက်သီးသည် မီးလုံးကို ဖြိုခွဲလိုက်ပြီး မီးတောက်များက ထိုဂိုဏ်းသား တစ်ကိုယ်လုံးကို ချက်ချင်း ဝါးမျိုသွား၏။ ထိုသို့ ဖြစ်နေသည့်တိုင် ဂိုဏ်းသားသည် ရပ်တန့်မသွားသေးဘဲ သူ၏ လက်သီးအား ပစ်မှတ်ဆီသို့ တည့်တည့်မတ်မတ် ပစ်သွင်းလိုက်သည် ။
သို့သော်လည်း အဖြူရောင် မြူခိုးများကို ဖြတ်သန်းပြီးနောက် ချန်လော့သည် သူ၏ ရှေ့တွင် မရှိတော့ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ အောက်ကို ငုံ့ကြည့်လိုက်သောအခါ တိုက်ပွဲစင်မြင့်ပေါ်တွင် တွင်းငယ်တစ်ခု ပေါ်နေကြောင်း တွေ့လိုက်ရသည်။
"မြေလျှိုးကျင့်စဉ်..."
ထိုဂိုဏ်းသားသည် ချက်ချင်း နားလည်သွားသော်လည်း နောက်ကျသွားပြီ ဖြစ်၏။ နောက်တစ်စက္ကန့်တွင် ချန်လော့သည် သူ၏ နောက်ကျောဘက် မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ညာဘက် လက်မောင်းကို အမြင့်သို့ မြှောက်လိုက်သည်။
"စွမ်းအားမြှင့် ဝင်္ကပါ... စုစည်းစမ်း"
"တိမ်လိပ်ဓားသိုင်း..."
ထိုအခိုက်၌ ချန်လော့၏ ဘယ်ဘက်လက်သည် ဝင်္ကပါတစ်ခု ဖွဲ့စည်းလိုက်ပြီး ညာဘက်လက်က ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ တည့်မတ်စွာ ဆန့်တန်းသွား၏။ သူ၏ တစ်ကိုယ်လုံးတွင် ကြေးဝါရောင် အလင်းတန်း တစ်လွှာ တောက်ပသွားပြီး ၊ ဘယ်ဘက်လက်မှ ဖွဲ့စည်းထားသော ဝင်္ကပါက ညာဘက် လက်မောင်းကို လုံးဝ ဖုံးလွှမ်းသွားသည်။
တစ်မုဟုတ်ချင်းပင် သူ၏ ညာဘက် လက်မောင်းသည် ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်လာပြီး ၊ ပြိုင်ဘက်၏ ကျောပြင်ဆီသို့ တည့်မတ်စွာ ခုတ်ပိုင်းချလိုက်သည်။
ဤသည်ကို မြင်သောအခါ ယွီထျန်းစီ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားပြီး တားဆီးရန် အလျင်အမြန် ဝင်ရောက်လာ၏။ သူ၏ လက်ထဲမှ အဖြူရောင် အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး ချန်ရှင်းဂိုဏ်းသားကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုချက်ချင်းပင် ချန်လော့၏ လက်မောင်းသည် ဂိုဏ်းသား၏ ကျောပြင်ပေါ်သို့ ခုတ်ပိုင်းကျလာ၏။ သို့သော်လည်း ထိမှန်သွားသည့် အခိုက်အတန့်တွင် စူးရှေတာက်ပသော အလင်းတန်းတစ်ချက် ထွက်ပေါ် လာပြီး ချန်လော့အနေဖြင့် မတုံ့ပြန်နိုင်မီပင် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
"ဘာလဲ…ခင်ဗျား ညစ်ပတ်တာလား"
ချန်လော့သည် အော်ဟစ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူ၏ ကျောပြင်သည် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွား၏။
"ဘုန်း..."
ချန်လော့ ကျလာသည့် နေရာတွင် မြေပြင်၌ တွင်းငယ်တစ်ခု ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ ကြမ်းပြင်များမှာ အက်ကွဲသွားသည်။ ထိုအချိန်တွင် ကြည့်ရှုနေကြသော အကြီးအကဲများအားလုံး၏ မျက်နှာပေါ်တွင် မှင်တက်နေသည့် အမူအရာများ ပေါ်လွင်နေခဲ့သည်။
"သူ လေပြင်းလက်ကွက်၊ မီးလုံးသိုင်းကွက်နဲ့ မြေလျှိုးကျင့်စဉ် တွေက ခုနက ချက်ချင်း ထုတ်သုံးသွားသလိုပဲ..."
"ဒါဆို သူက မန္တာန် သုံးခုစလုံးကို ပြီးပြည့်စုံအဆင့်ထိ ကျွမ်းကျင်နေတာလား..."
"အဲဒီ လက်မောင်းရဲ့ ပုံစံက ခန္ဓာကိုယ်ကျင့်ကြံမှု လုပ်ထားတဲ့ပုံပဲ... အဆင့်ကလည်း တော်တော် မြင့်တယ်..."
"ဝင်္ကပါကို ချက်ချင်း ဖွဲ့စည်းနိုင်တာက အနည်းဆုံးတော့ ပထမအဆင့် ဝင်္ကပါဆရာရဲ့ အထွတ်အထိပ်ပဲ..."
လူတိုင်းမှာ အထိတ်တလန့်ဖြင့် အသက်ရှူမှားသွားကြ၏။
ချန်လော့ ပြသလိုက်သည့် စွမ်းအားက လူတိုင်း၏ မျှော်လင့်ထားမှုထက် များစွာ ကျော်လွန်နေသည်။ ပထမအဆင့် အထွတ်အထိပ် ဝင်္ကပါပညာရပ်၊ ခန္ဓာကိုယ်ကျင့်ကြံမှု ကျွမ်းကျင်သူ၊ ချီသန့်စင်ခြင်းအဆင့် နဝမအဆင့် အထွတ်အထိပ် ဖြစ်သည့်အပြင် အနည်းဆုံး သိုင်းကွက်နှင့် မန္တာန် ငါးခု၊ ခြောက်ခုခန့်ကိုလည်း ပြီးပြည့်စုံအဆင့်ထိ ကျင့်ကြံထားသေးသည်။
ဒါက တကယ်ကို အံ့မခန်းပင်... သူက အမှန်တကယ်ကို ပါရမီရှင်ပဲ…
"မဖြစ်ဘူး... ဒီကောင်လေးက ထူးခြားတဲ့ ပါရမီ ပါတယ်... ငါ့ရဲ့ သိုင်းတောင်ထွတ်ကို ခေါ်ပြီး သင်ပေးရမယ်..."
"ထွက်သွားစမ်း... မင်းတို့ဆီ ခေါ်သွားရင် သူ့ပါရမီကို ဖြုန်းတီးပစ်ရာ ကျလိမ့်မယ်... ခန္ဓာတောင်ထွတ်ကိုသာ ပေးလိုက်"
"မင်းတို့ နှစ်ယောက်လုံး လစ်လိုက်တော့... သူ့ရဲ့ ခြွင်းချက်ဖြစ်နေတဲ့ ဝင်္ကပါပါရမီနဲ့ဆိုရင် သဘာဝကျကျ ဝင်္ကပါတောင်ထွတ်ကပဲ ခေါ်ယူသင့်တယ်..."
…
အကြီးအကဲ အများအပြားသည် တစ်ယောက်နှင့် တစ်ယောက် တွန်းထိုးနေကြပြီး အားလုံးက ချန်လော့ကို သူတို့၏ တောင်ထွတ်များသို့ ခေါ်ယူရန် ရည်ရွယ်နေပုံရ၏။ တခြား မတတ်နိုင်ပေ... ချန်လော့ ယခုလေးတင် ပြသလိုက်သည့် ပါရမီသည် အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလွန်းနေသည်။
ပြီးပြည့်စုံအောင် ကျင့်ကြံထားသည့် မန္တာန် အနည်းငယ် ဖြစ်စေ၊ ခန္ဓာကိုယ်ကျင့်ကြံမှု နည်းစနစ် ဖြစ်စေ….
ဘေးတွင် ရပ်နေသော ကျောက်မန်မှာ ဤမြင်ကွင်းကို မြင်ပြီး လုံးဝ ဆွံ့အနေသည်။
'မဟုတ်သေးပါဘူး... ဘာလို့ ချန်လော့က ငါ့ရဲ့ အဆိပ်တစ်သောင်းခန္ဓာထက် ပိုပြီး တန်ဖိုးရှိနေသလို ခံစားနေရတာလဲ…’
သို့သော်လည်း ထိုအခိုက်အတန့်၌ အဆိပ်တောင်ထွတ် အကြီးအကဲက သူမ၏ ပခုံးကို ပုတ်၍ ပြောလိုက်၏။
"အဲဒီ ကောင်လေးက မင်းထက် ပိုသာတယ်လို့ တွေးနေစရာ မလိုပါဘူး... သူက ပါရမီတချို့ ပြသနိုင်ပေမဲ့ မင့်ရဲ့ အဆိပ်တစ်သောင်းခန္ဓာကိုတော့ ဘယ်လိုမှ မမီသေးဘူး"
"မင်းကို ဘယ်သူမှ လုမခေါ်ကြတဲ့ အကြောင်းရင်းက မင်းရဲ့ အဆိပ်တစ်သောင်းခန္ဓာ ကျင့်စဉ်က အဆိပ်တောင်ထွတ်မှာပဲ ရှိလို့လေ... တခြားသူတွေ မင်းကို ခေါ်သွားရင်တောင် ဘာမှ သင်ပေးနိုင်မှာ မဟုတ်ဘူးလေ"
"ဒါကြောင့် သဘာဝကျကျပဲ ငါနဲ့ ဘယ်သူမှ လာမပြိုင်ကြတာပေါ့... ဒါပေမဲ့ ဒါက မင်းက တခြားသူတွေထက် ညံ့တယ်လို့ ဆိုလိုတာ မဟုတ်ဘူး"
"ဆန့်ကျင်ဘက်အနေနဲ့ မင်းရဲ့ အဆိပ်တစ်သောင်းခန္ဓာက အဖိုးတန်ဆုံးပဲ"
အဆိပ်တောင်ထွတ် အကြီးအကဲ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျောက်မန်သည် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမ ပြန်မော့ကြည့်လိုက်သောအခါ အဆိပ်တောင်ထွတ် အကြီးအကဲက တခြား အကြီးအကဲများဆီသို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရ၏။
"ငါ မင်းအတွက် ဆရာတူညီလေး တစ်ယောက် သွားရှာပေးလိုက်ဦးမယ်..."
ထိုသို့ ပြောပြီးနောက် သူသည် တခြား အကြီးအကဲများနှင့်အတူ ငြင်းခုံမှုထဲသို့ ဝင်ပါသွားခဲ့သည်။
ထိုစဉ် ဘေးမှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေသော လောချင်းယွီက ချန်လော့ထံသို့ တည့်မတ်စွာ လျှောက်လာ၏။ ၄င်းကို မြင်သောအခါ ငြင်းခုံနေကြသော အကြီးအကဲများမှာ ချက်ချင်း မှင်တက်သွားကြသည်။ လောချင်းယွီသည် ချန်လော့ အနားသို့ လျှောက်သွားသည်ကို မြင်ပြီး သူတို့၏ အကြည့်များက မြေပြင်ပေါ်တွင် လဲကျနေဆဲ ဖြစ်သော ချန်လော့ထံသို့ ကျရောက်သွားခဲ့သည်။
"ချန်လော့ မဟုတ်လား.. မင်း ငါ့တပည့် လုပ်မလား"
***