ချန်လော့သည် ခေါင်းကို ဖြည်းညင်းစွာ မော့၍ သူ၏ ရှေ့မှ အနီရောင် ဝတ်စုံနှင့် မိန်းမလှလေးကို ကြည့်လိုက်ပြီး ရုတ်တရက် အေးခဲသွားသည်။
ချန်လော့သည် ချန်ရှင်းဂိုဏ်းသို့ မလာမီကတည်းက သတင်းအချက်အလက် အများအပြားကို စုဆောင်းထားခဲ့သော်လည်း အချက်အလက် အများစုက သာမန်လူများထံမှ လာခြင်း ဖြစ်သည်။ တာအိုကျင့်စဉ်အကြောင်း အချက်အလက်များ နည်းပါးရုံသာမက များစွာလည်း တိကျမှု မရှိပေ။
ထိုကြောင့် ယခုအချိန်ထိ ချန်လော့မှာ ချန်ရှင်းဂိုဏ်း အတွင်းရှိ ကိစ္စရပ်များစွာနှင့် ပတ်သက်၍ လုံးဝ သဲသဲကွဲကွဲ မသိသေးချေ။
"အ... အစ်မကြီး... အို မဟုတ်ဘူး... အစ်မချောချောလေး... ခင်ဗျားက ဘယ်သူလဲ"
ချန်လော့က အစပိုင်းတွင် သူမကို "အဒေါ်" ဟု ခေါ်ချင်ခဲ့သော်လည်း သေချာ ကြည့်လိုက်သောအခါ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို သူ အကဲမခတ်နိုင်ကြောင်း သတိပြုမိသွား၏။ သူမ သည် အနည်းဆုံးနတ်ဝိညာဉ်အဆင့်တွင် ရှိလောက်၏။
ပေါ့ပေါ့ဆဆ စကားတစ်ခွန်းကြောင့် တစ်ယောက်ယောက်ကို ဒေါသထွက်စေပြီး သတ်ခံရမည် ဆိုလျှင် အလွန် နစ်နာမည် မဟုတ်လော။
ချန်လော့က သူမကို "အစ်မချောချောလေး" ဟု ခေါ်လိုက်သောအခါ လောချင်းယွီ၏ အပြုံးသည် ပို၍ပင်ထင်ရှားလာခဲ့သည်။
"ပါးစပ်က အချိုတိုက်ပြီး စကားပြောတတ်သားပဲ"
"ငါက ချန်ရှင်းဂိုဏ်း၊ ချင်းယန်တောင်ထွတ်က အကြီးအကဲ လောချင်းယွီပဲ... မင်းရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းတယ်... မင်းကို ငါ့ရဲ့ တိုက်ရိုက်တပည့် အဖြစ် လက်ခံချင်တယ်... မင်း စိတ်ဝင်စားလား"
ဤသည်ကို ကြားသော ချန်လော့မှာ ချက်ချင်း စိတ်ဝင်စားသွားပြီး မြေပြင်ပေါ်မှ "ဝှစ်" ခနဲ မတ်တတ်ရပ်လိုက်၏။ သို့သော်လည်း ချန်လော့သည် အလျင်စလို သဘောမတူသေးဘဲ မေးလိုက်သည်။
"အစ်မလော... အစ်မရဲ့ တိုက်ရိုက်တပည့် ဖြစ်ရတာ ဘာအကျိုးကျေးဇူးတွေ ရှိလဲ"
လောချင်းယွီက ခဏတာ ရပ်တန့်သွားပြီး ချန်လော့၏ စကားများကြောင့် အံ့အားသင့်သွားပုံရ၏။
အကယ်၍ ချန်ရှင်းဂိုဏ်းမှ တခြား အတွင်းဂိုဏ်းသားသာ ဆိုလျှင် သူမ၏ တိုက်ရိုက်တပည့် ဖြစ်နိုင်သည်ဟု ကြားသည်နှင့် တပည့်အဖြစ် လက်ခံရန် တောင်းပန်နေလောက်ပြီ ဖြစ်သည်။ ဤကောင်လေးမှာ ပထမဆုံး တွေးမိသည်က သူ ဘာအကျိုးကျေးဇူး ရနိုင်မလဲ ဆိုသည်ပင်။
ဒါကလည်း သဘာဝကျပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအကြီးအကဲ တော်တော်များများက ချန်လော့ကို ခေါ်ယူချင်နေကြသောကြောင့် ဖြစ်၏။ ထို့ပြင် ဤသို့ ဖြစ်လေလေ၊ လောချင်းယွီက ချန်လော့ကို ပို၍ စိတ်ဝင်စားလေလေ ဖြစ်သည်။
"အကျိုးကျေးဇူးတွေလား... အဲဒါက အစ်မအတွက် ခက်ခဲတဲ့ မေးခွန်းပဲ"
"အစ်မက တခြား ပညာရပ်တွေကို လေ့လာထားတာ မဟုတ်တော့ မင်းကို ဆေးဖော်စပ်တာတို့၊ ဝင်္ကပါတို့ သင်မပေးနိုင်ဘူး... ပြီးတော့ အဆောင်တွေ၊ အဆိပ်တွေမှာလည်း လုံးဝ မကျွမ်းကျင်ဘူးလေ..."
"ဒါပေမဲ့..."
လောချင်းယွီက ဖြည်းညင်းစွာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ချန်လော့၏ ခေါင်းကို ပုတ်လိုက်၏။
"အစ်မက တော်တော်လေး သန်မာတယ်... ချန်ရှင်းဂိုဏ်း တစ်ခုလုံးမှာ တံခါးပိတ် ကျင့်ကြံနေတဲ့ အဲ့ဒီ ဘိုးဘေးကလွဲရင် ဂိုဏ်းချုပ်တောင် အစ်မရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
"နောင်ကျရင် မင်း ပြဿနာ တစ်ခုခု တက်လာခဲ့ရင် အစ်မက ဖြေရှင်းပေးနိုင်တယ်"
" နောက်ပြီး ချင်းယန်တောင်ထွတ်မှာလည်း လူတစ်ယောက်တည်းပဲ ရှိသေးတာ... အဲဒီမှာ အရင်းအမြစ်တွေက အများကြီး ပုံနေပေမဲ့ အစ်မရဲ့ အဆင့်က အရမ်း မြင့်လွန်းနေတော့ များစုက ပိုနေတဲ့အမှိုက်တွေလိုပဲ"
"မင်းသာ လက်ခံခဲ့ရင် အစ်မရဲ့ ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးသွားအောင် ကူညီပေးနိုင်တာပေါ့"
လောချင်းယွီက ပြုံးလိုက်၏။
"ဒီအကျိုးကျေးဇူးတွေကို မင်း ဘယ်လိုထင်လဲ..."
ချန်လော့ စကားတစ်ခွန်းမှ မဆိုတော့ဘဲ လူတိုင်း၏ ရှေ့တွင် တပည့်ခံယူခြင်း အခမ်းအနားကို ချက်ချင်း ပြုလုပ်လိုက်သည်။
"တပည့် ချန်လော့ ဆရာ့ကို ဂါရဝပြုပါတယ်"
လောချင်းယွီမှာ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွား၏။
ချန်လော့အတွက် ဝင်္ကပါ သို့မဟုတ် ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်၍ လမ်းညွှန်မှု ပေးခြင်းက လုံးဝ အသုံးမဝင်ပေ။ သူ့တွင် ကျင့်ကြံမှု အဆတိုးပွားစေသော စနစ် ရှိနေရာ အရာအားလုံးအတွက် စနစ်ကို အားကိုးနိုင်သည်။ ကျင့်ကြံမူမတိုးတက်လျှင်ပင် အချိန် အနည်းငယ် ပိုကြာမည်ဟုသာ ဆိုလိုသည်။
ဤအခြေအနေတွင် သူ အလိုအပ်ဆုံးက အရာမှာ နှစ်ခုရှိ၏။
ပထမတစ်ခုက ဝိညာဉ်ကျောက်တုံးနှင့် ကောင်းကင်နှင့်မြေကြီး ရတနာများကဲ့သို့သော ကျင့်ကြံခြင်း အရင်းအမြစ်ဖြစ်၏။ ထိုအရာများက သူ၏ စွမ်းအားကို တိုးတက်စေနိုင်ပြီး စနစ်နှင့် ပေါင်းစပ်လိုက်သောအခါ နှစ်ဆ ပို၍ ထိရောက်မည် ဖြစ်၏။
ဒုတိယတစ်ခုမှာ သဘာဝကျကျပင် လုံလောက်သော သန်မာသည့် နောက်ခံ သို့မဟုတ် ကျောထောက်နောက်ခံ ရှိထားရန် ဖြစ်သည်။ ထိုနောက်ခံ ရှိနေမှသာ နောင်တွင် ပြဿနာ တက်လာလျှင် ကြောက်နေစရာ မလိုတော့ချေ။
ချန်ရှင်းဂိုဏ်းမှ အခြား အကြီးအကဲများက ထိုမြင်ကွင်းကို ကူကယ်ရာမဲ့သော အမူအရာများဖြင့် ကြည့်နေကြသည်။ အကယ်၍ တခြား အကြီးအကဲများ၊ သို့မဟုတ် ဂိုဏ်းချုပ် ယွီထျန်းစီ ကိုယ်တိုင် ချန်လော့အတွက် ဝင်ပြိုင်ခဲ့လျှင်ပင်၊ သူတို့သည် တပည့် နေရာကို အနိုင်ရရန် သူတို့၏ နှုတ်ရေးစွမ်းရည်များကို အသုံးပြု၍ ငြင်းခုံနိုင်သေးသည်ဟု ခံစားရမည် ဖြစ်၏။
သို့သော်လည်း လောချင်းယွီကတော့ ချွင်းချက် ဖြစ်သည်။ သူမကို မည်သူမျှ စကားများများ မပြောရဲကြပေ။
အကြောင်းရင်းမှာ လောချင်းယွီ ပြောခဲ့သလိုပင်။သူမ၏ စွမ်းအားသည် အလွန် ကြီးမားလွန်းလှသည်။ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့သော ဘိုးဘေး မှလွဲ၍ ဂိုဏ်းထဲတွင် မည်သူမျှ သူမ၏ ပြိုင်ဘက် မဟုတ်ကြချေ။
ထို့ပြင် သူမသည် သဘောထားကွဲလွဲမှု အနည်းငယ် ရှိသည်နှင့် အကြမ်းဖက်ရန် ဝန်မလေးတတ်ဘဲ တိုက်ခိုက်သည့်အခါတွင်လည်း လက်မရှောင်တတ်ချေ။ လူတစ်ယောက်ကို သေသည်အထိ ရိုက်နှက်မည် မဟုတ်သော်လည်း သုံးလမှ ငါးလအထိ အိပ်ရာထဲမှ မထနိုင်အောင် ဖြစ်သွားခြင်းကတော့ အဆန်းတကြယ် မဟုတ်ပေ။
ချန်လော့၏တပည့်ခံယူခြင်း အခမ်းအနားကို တရားဝင် ပြီးမြောက်သွားသည်ကို မြင်သောအခါ လောချင်းယွီမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ သူမ၏ နောက်ကျောဘက်ရှိ လူအုပ်ကို လှည့်ကြည့်လိုက်သည်။
"အကြီးအကဲတို့က သဘောကျတဲ့ တပည့်ကို အလုခံရလို့ မပျော်မရွှင် ဖြစ်မနေကြဘူး မဟုတ်လား..."
ထိုစကားကို ကြားသော အကြီးအကဲများက အလျင်အမြန် အတင်းအကျပ် ပြုံးပြလိုက်ကြပြီး သူတို့၏ လက်များကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ကြ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ချန်လော့က ဒီလောက် ပါရမီ ပါတာ၊ ငါတို့နောက် လိုက်ရင် နှမြောစရာ ဖြစ်သွားမှာပေါ့... ညီမလေးလော နောက်ကို လိုက်မှသာ သူ့ပါရမီတွေ အလဟဿ မဖြစ်မှာ"
"ဟုတ်တယ်... ဟုတ်တယ်... ငါတို့က ချန်လော့ကို ဘယ်လိုလုပ် သေချာ သင်ပေးနိုင်မှာလဲ..."
"ညီမလေးလော နောက်ကို လိုက်မှသာ ချန်လော့က ဆရာကောင်း သမားကောင်း ဆုံခွင့်ရမှာ"
…
အကြီးအကဲများသည် ရှင်းရှင်းလင်းလင်းကို ဆန္ဒမရှိကြသော်လည်း သူတို့အချင်းချင်း ရယ်မောပြောဆိုနေကြသည်။ သို့သော်လည်း လောချင်းယွီနှင့် ရင်ဆိုင်ရသောအခါ နှိမ့်ချ၍ ရိုသေလေးစားစွာ ပြောဆိုရမည် ဖြစ်၏။
လူတိုင်းကို ကြည့်ပြီးနောက် လောချင်းယွီက ပြောလိုက်သည်။
"ကောင်းပြီလေ... လူတိုင်းက ကောင်းတယ်လို့ ထင်နေမှတော့ ငါ့တပည့်အသစ်အတွက် တပည့်ခံယူခြင်း အထိမ်းအမှတ်အနေနဲ့ လက်ဆောင်လေး ဘာလေး ပေးကြလေ"
အခန်းထဲရှိနေသူအားလုံး မှင်တက်သွားကြ၏။ ဘာကြီးလဲ... တပည့်ခံယူခြင်း အခမ်းအနားလား..
သူတို့က တပည့်ခံယူတာလည်း မဟုတ်ဘူး၊ တပည့် လက်ခံတာလည်း မဟုတ်ဘူး... ဘာလို့ သူတို့က တပည့်ခံယူတဲ့ လက်ဆောင်တွေ ပေးနေရဦးမှာလဲ...ဒါက တရားမျှတမှု မရှိတော့ဘူးလား..ဘယ်မှာလဲ တရားမျှတမှု…ဘယ်မှာလဲ ဥပဒေရော…
မည်သူမှ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ လောချင်းယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလဲ... ငါက တပည့်ကောင်း မရဘူးလို့ မင်းတို့ အားလုံးက ထင်နေကြတာလား"
"ဒါမှမဟုတ် ငါ လောချင်းယွီက ဆရာတစ်ယောက် ဖြစ်ဖို့ မလုံလောက်ဘူးလို့ ထင်နေတာလား"
လောချင်းယွီ ဒေါသထွက်နေပုံရသည်ကို မြင်သောအခါ လူတိုင်းက အလျင်အမြန် လက်ဝှေ့ယမ်းလိုက်ကြ၏။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ငါတို့ အဲဒီလို ဆိုလိုတာ လုံးဝ မဟုတ်ပါဘူး"
"ဟုတ်တယ်... ဟုတ်တယ်... ငါတို့ တကယ် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး... ငါတို့ကို ယုံကြည်ပေးပါ..."
"အဲဒါဆို မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ..."
လောချင်းယွီသည် ဤမျှအထိ လုပ်လာသည်ကို မြင်သောအခါ လူတိုင်းမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရုံမှလွဲ၍ သူတို့၏ သိုလှောင်အိတ်များထဲမှ "တပည့်ခံယူခြင်း လက်ဆောင်" အချို့ကို ထုတ်ပေးလိုက်ကြရသည်။
ပထမဆုံး "တပည့်ခံယူခြင်း လက်ဆောင်" ကို မြင်သောအခါ လောချင်းယွီက ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
"ရှင်က ဆေးတောင်ထွတ် အကြီးအကဲ ဖြစ်ပြီးတော့ ဒီလောက် ကပ်စီးနှဲနေရတာလဲ... ငါ့တပည့်အတွက် လက်ဆောင်အနေနဲ့ တန်ဖိုးမရှိတဲ့ ဆေးလုံး အနည်းငယ်နဲ့ ဝိညာဉ်ကျောက်တုံးလေးတွေ ပေးရဲတယ်လား"
ဆေးတောင်ထွတ် အကြီးအကဲမှာ ထိုစကားကို ကြားပြီး အံ့အားသင့်သွားသည်။
"ဒါပေမဲ့ ချန်လော့က ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်မှာပဲ ရှိသေးတာလေ... ငါ့ဆီမှာက ချီသန့်စင်ခြင်းအဆင့်မှာ သုံးလို့ရတာ နည်းနည်းလေးပဲ ရှိတာ... သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ကျန်တာတွေကို အသုံးမှ မပြုနိုင်တာ"
"နောက်ကျရင် သူ လိုအပ်လာမှာပဲဟုတ်ဘူးလား"
"ငါ..."
“ဟုတ်ပါပြီ..."
လောချင်းယွီက ဆေးတောင်ထွတ် အကြီးအကဲကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
"ငါ ပေးပါ့မယ်... ပေးပါ့မယ် ဟုတ်ပြီလား..."
ဆေးတောင်ထွတ် အကြီးအကဲသည် စကားပြောရင်း သူ၏ သိုလှောင်အိတ်ထဲမှ အဖိုးတန် မှော်ရတနာများစွာနှင့် ဆေးအပင် အနည်းငယ်ကို ခါးသီးသော မျက်နှာဖြင့် ထုတ်ယူလိုက်သည်။
"ငါ ဒီနဂါးကျား ဆေးရည်ကို အောင်မြင်အောင် ဖော်စပ်ဖို့ နှစ်ဝက်လောက် အချိန်ယူခဲ့ရတာ..." ဆေးတောင်ထွတ် အကြီးအကဲက ခံစားချက်ကြောင့် တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။
တခြား တောင်ထွတ်များမှ အကြီးအကဲများမှာ မတုန်ယင်ဘဲ မနေနိုင်တော့ချေ။ သူတို့သည် ဂိုဏ်းချုပ် ယွီထျန်းစီ အား အကူအညီပေးရန် တောင်းဆိုလိုသော အကြည့်များဖြင့် လှည့်ကြည့်လိုက်ကြသည်။
သို့သော်လည်း ယွီထျန်းစီကို ကြည့်လိုက်သောအခါ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ကောင်းကင်နှင့်မြေကြီး ရတနာ များစွာကို ထုတ်ယူထားပြီး လောချင်းယွီကို ဖားယားသည့် အမူအရာဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရ၏။ ကျန် အကြီးအကဲများမှာ သက်ပြင်းချလိုက်ကြပြီး သူတို့၏ ကိုယ်ပိုင် စုဆောင်းထားမှုများကို ထုတ်ပြရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ချန်လော့သည် လောချင်းယွီ၏ အပြုအမူကို မှင်တက်စွာ စိုက်ကြည့်နေသော်လည်း သူ၏ မျက်လုံးများထဲတွင် အလင်းရောင်များ ပြည့်နှက်နေသည်။
"ဒီဆရာကို ရွေးလိုက်တာ မှန်သွားပြီပဲ..."
"သူက လက်တွေ့မှာတော့ ငါ့အိမ်မက်ထဲက ချစ်သူပဲ..."
***