မကြာမီမှာပင် လောချင်းယွီသည် အမြတ်ကြီးစား ရသွားလေသည်။
"တခြား ဘာမှ မရှိတော့ဘူးဆိုရင် ငါ ချန်လော့ကို အရင် ပြန်ခေါ်သွားလိုက်မယ်"
ထိုသို့ ပြောပြီးနောက် သူမသည် တခြား မည်သူ့ထင်မြင်ချက်ကိုမှ မတောင်းခံတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ချန်လော့၏ ရှေ့တွင် လှေငယ်တစ်စင်း ပေါ်လာ၏။
"တပည့်လေး... ဒီပေါ် တက်ခဲ့"
လှေငယ်ကို မြင်သောအခါ ချန်လော့၏ မျက်လုံးများ လင်းလက်သွားသည်။
"ပျံသန်းနိုင်တဲ့ မှော်လက်နက်ပဲ... ဆရာက တကယ် ချမ်းသာတာပဲ"
လှေငယ်ပေါ်တွင် ရပ်နေရင်း လောချင်းယွီသည် သူမ၏ ညာဘက် လက်ချောင်း နှစ်ချောင်းဖြင့် လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ လှေက ဖြည်းညင်းစွာ မြင့်တက်သွားပြီး ချင်းယန်တောင်ထွတ်ဆီသို့ ပျံသန်းသွား၏။
လောချင်းယွီနှင့် ချန်လော့တို့ ထွက်ခွာသွားသည်ကို မြင်သောအခါ ရှိနေသူ အကြီးအကဲများ အားလုံးမှာ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားကြသည်။
"နောက်ဆုံးတော့ သူ ထွက်သွားပြီပဲ..."
"ဒါပေမဲ့ ဘာလို့လဲ မသိဘူး ငါ ပိုပိုပြီး နိမိတ်မကောင်းသလို ခံစားနေရတယ်..."
"ချန်လော့ကို သူ့နောက် လိုက်ခိုင်းလိုက်တာ ငါတို့ ချန်ရှင်းဂိုဏ်းအတွက် နောက်ထပ် အန္တရာယ်ကောင် တစ်ကောင် ထပ်တိုးလာတာတော့ မဟုတ်ဘူးမလား"
…
လေထဲတွင် ချန်လော့သည် လောချင်းယွီ၏ သိုလှောင်အိတ်ကို စိုက်ကြည့်ရင်း ခဏတာ စဉ်းစားခန်း ဝင်နေ၏။
"အမ်... ဆရာ..."
"အင်း..."
"အဲဒီ တပည့်ခံယူခြင်း လက်ဆောင်တွေကို ငါတို့ ဘယ်လို ခွဲဝေကြမလဲ..."
ထိုစကားကို ကြားပြီး လောချင်းယွီသည် ခဏတာ ရပ်တန့်သွားသော်လည်း မရယ်ဘဲ မနေနိုင်တော့ချေ။ နှစ်များစွာ ကြာပြီးနောက် သူမနှင့် "လုယက်ထားသည့် ပစ္စည်းများ" ကို ခွဲဝေရန် ရဲတင်းသူမှာ ချန်လော့က ပထမဆုံးပင်။
သို့သော်လည်း လောချင်းယွီသည် လုံးဝ အနှောင့်အယှက် ဖြစ်ပုံမရဘဲ အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ဒါဆို မင်း ဘယ်လို ခွဲချင်လဲ..."
"ဆရာ ပြောတဲ့အတိုင်း လုပ်ပါ့မယ်" ချန်လော့က ပြုံးလိုက်၏။
"အဲဒါဆိုရင် ဆယ်ပုံ၊ တစ်ပုံ ခွဲကြတာပေါ့..."
ထိုစကားကို ကြားသောအခါ ချန်လော့မှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
"ဟင့်အင်း... လုံးဝ မဖြစ်ဘူး..."
"အို... ဘာလို့လဲ..."
လောချင်းယွီသည် ပြုံး၍ မေးလိုက်ပြီးနောက် သူမ၏ နောက်ကျောဘက်ရှိ ချန်လော့ကို လှည့်ကြည့်လိုက်၏။ သို့သော်လည်း ချန်လော့သည် တည်ငြိမ်နေဆဲ ဖြစ်ပြီး ဆက်လက် သရုပ်ဆောင်လိုက်သည်။
"ဆရာ... ဆရာက အကြီးအကဲတွေ အားလုံးဆီကနေ ပစ္စည်းကောင်းတွေ အများကြီး ရဖို့ ဒီလောက် ကြိုးစားပန်းစား လုပ်ခဲ့ရတာလေ"
"ဆရာက ဆယ်ပုံ တစ်ပုံပဲ ရတယ် ဆိုရင်... ကျွန်တော်က တကယ့်ကို မိုက်မဲတဲ့ တပည့်ပဲ ဖြစ်သွားမှာပေါ့"
"ကျွန်တော့်ကို မေးရင်တော့ အနည်းဆုံး တစ်ဝက်စီလောက်တော့ ခွဲသင့်တယ်"
ချန်လော့၏ စကားများကို ကြားသောအခါ လောချင်းယွီမှာ မရယ်ဘဲ မနေနိုင်အောင် အော်ရယ်လိုက်မိတော့၏။ သို့သော်လည်း သူမသည် ချက်ချင်း ခေါင်းခါလိုက်သည်။
"စိတ်မပူပါနဲ့..."
"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ဒီပစ္စည်းတွေကို မလိုအပ်တော့ပါဘူး"
"ဟင်..." ချန်ေလာ့မှာ ခဏတာ မှင်တက်သွားသည်။
ဒီဈေးပေါတဲ့ ဆရာက ငါ မျှော်လင့်ထားတာထက်တောင် ပိုကောင်းနေတာများလား…
"ဒါပေမဲ့ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင်လည်း ဒီပစ္စည်းတွေ အများစုကို လိုအပ်ဦးမှာ မဟုတ်ဘူး"
"အခု မင်းကို ပေးလိုက်ရင်လည်း အသုံးမဝင်သေးဘူး... လောလောဆယ် ငါ သိမ်းထားလိုက်ဦးမယ်..."
"မင်း လုံလုံလောက်လောက် သန်မာလာတဲ့အခါကျမှ ဒီပစ္စည်းတွေကို မင်းဆီ ပြန်ပေးမယ်..."
လောချင်းယွီ၏ စကားများကို ကြားသောအခါ ချန်လော့မှာ အမိကမ္ဘာမြေသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ကလေးဘဝက နှစ်သစ်ကူး မုန့်ဖိုးများကို ယူသွားတိုင်း၊ မိခင်ဖြစ်သူမှ ပြောခဲ့သည့် စကားများကို ပြန်လည် အမှတ်ရသွား၏။
"ကလေးတွေက အဲဒီလောက် ပိုက်ဆံ အများကြီး ကိုင်ဖို့မလိုဘူး..."
"အမေ ဒါကို အရင် သိမ်းထားပေးမယ်... မင်း ကြီးလာလို့ အိမ်ထောင်ကျရင် အိမ်ဝယ်ဖို့ သုံးလို့ ရတာပေါ့"
ချန်လော့ ခေါင်းခါလိုက်သည်။ "ချီးး... မိန်းမတွေက တစ်ယောက်ကို တစ်ယောက် လိမ်တဲ့အခါ အားလုံး ဒီဖန်တေရာထပ်နေတဲ့ဇာတ်ညွှန်း တစ်ခုတည်းကိုပဲ သုံးကြတာလားမသိဘူး"
ဆယ်မိနစ် အကြာတွင် လောချင်းယွီသည် ချန်လော့ကို ချင်းယန်တောင်ထွတ်၏ အဓိကနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ ချန်လော့ သည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ လှေငယ်၏ အောက်တွင် ငှက်ကလေးများ တေးသီကျူးပြီး ပန်းများ ဖူးပွင့်နေသည်ကို မြင်လိုက်ရသည်။ ထိုနေရာတွင် နတ်ဆိုးဂိုဏ်းတစ်ခု၏ အသွင်အပြင်မျိုး လုံးဝ မရှိပေ။
"ငါက ပုံမှန်ဆို ချင်းယန်တောင်ထွတ်မှာ တစ်ယောက်တည်း နေပေမဲ့ တခြား အထူးတလည် တားမြစ်ချက်တွေတော့ မရှိပါဘူး"
"မင်း နေရာအနှံ့ လျှောက်သွားလို့ ရတယ်... ဒါပေမဲ့ နောက်ဘက်တောင်က ဆေးပင်ခြံကိုတော့ မသွားနဲ့... မင်း ဆေးဖက်ဝင်အပင်တွေကို ဖျက်ဆီးပစ်မှာ ကြောက်လို့ မဟုတ်ဘူး... အဲဒီမှာ ပဉ္စမအဆင့် သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခု ရှိလို့ပဲ... မင်း အဲဒီကို သွားရင် သေလိမ့်မယ်"
"ကျင့်ကြံခြင်းနဲ့ ပတ်သက်လို့ မေးစရာ ရှိရင် တောင်ထိပ်ကို လာမေးလို့ ရတယ်... ဒါပေမဲ့ ဝင်္ကပါ ဒါမှမဟုတ် ဆေးဖော်စပ်ခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းဆိုရင်တော့ ဆေးတောင်ထွတ်နဲ့ ဝင်္ကပါတောင်ထွတ်ဆီကို တိုက်ရိုက် သွားမေးလိုက်..."
"တကယ်လို့ သူတို့က သင်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင် ငါ့နာမည်ကိုသာ ပြောလိုက်... သူတို့က နားမထောင်သေးဘူးဆိုရင် ငါ့ဆီ ပြန်လာခဲ့... ငါ မင်းကို ခေါ်ပြီး သူတို့ဆီကနေ အကြံဉာဏ် သွားတောင်းပေးမယ်."
လောချင်းယွီသည် စကားပြောရင်း သူမ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး အချို့ကို ထုတ်ယူလိုက်သည်။
"ဒီဝိညာဉ်ကျောက်တုံးတွေက မင်းအတွက် အချိန်တော်ကြာ သုံးလို့ ရလောက်ပါတယ်... ပြီးတော့ တိုက်ရိုက်တပည့် တစ်ယောက်အနေနဲ့ မင်းက တစ်လကို ဝိညာဉ်ကျောက်တုံး ၅၀ နဲ့ ဆေးလုံး ၅ လုံး ရနိုင်သေးတယ်"
"သိုင်းခန်းမလို နေရာမျိုးတွေက သာမန်ဆိုတော့ မင်းကို သိပ်ပြီး ကန့်သတ်ထားမှာ မဟုတ်ဘူး... မင်း သွားချင်တဲ့နေရာ သွားလို့ ရတယ်..."
"ဂိုဏ်းထဲမှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရင်... ရွှေမြုတေအဆင့်အောက် ဆိုရင် ပြန်သာရိုက်... မင်း မနိုင်ဘူးဆိုရင်တော့ သွားကျင့်ကြံနေလိုက်... ငါ့ဆီ လာမရှာနဲ့"
"ဒါပေမဲ့ သူ့ကျင့်ကြံခြင်းအဆင့်က ရွှေမြုတေအဆင့် အထက်မှာ ရှိနေရင်တော့ ငါ့ဆီ လာရှာ... ငါ မင်းကို ကူညီပြီး ပြန်ရိုက်ပေးမယ်"
ချန်လော့သည် လောချင်းယွီ၏ စကားများကို နားထောင်ပြီး အဆက်မပြတ် ခေါင်းညိတ်လိုက်၏။
"ဒါနဲ့ မင်း အခြေခံတည်ဆောက်ခြင်းအတွက် ပြင်ဆင်ပြီးပြီလား" လောချင်းယွီသည် ချန်လော့ကို ရုတ်တရက် ကြည့်၍ မေးလိုက်သည်။
ချန်လော့ ခေါင်းညိတ်လိုက်၏။
"ဘယ်လို အခြေခံတည်ဆောက်ခြင်း မျိုးနဲ့ တည်ဆောက်ဖို့ စီစဉ်ထားလဲ..."
"ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း ကို ကြိုးစားကြည့်ချင်တယ်..."
လောချင်းယွီသည် ခဏတာ အံ့အားသင့်သွားသော်လည်း သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း အတွက် ငါ့မှာ အကြံဉာဏ်တစ်ခု ရှိတယ်..."
လောချင်းယွီသည် သူမ၏ သိုလှောင်အိတ်ကို ဖွင့်၍ အတန်ကြာအောင် ရှာဖွေလိုက်၏။ မိနစ်အနည်းငယ် အကြာပြီးနောက် သူမသည် အိတ်ငယ်တစ်လုံးကို ထုတ်ယူ၍ ချန်လော့ထံသို့ ပစ်ပေးလိုက်သည်။
"ဒါတွေက ငါ ကောင်းကင်တာအို အခြေခံတည်ဆောက်ခြင်း လုပ်တုန်းက ပြင်ဆင်ခဲ့တဲ့ ပစ္စည်းတွေပဲ... အကြွင်းအကျန် တချို့ ရှိသေးတယ်... မင်း ယူသွားလိုက်..."
"အဲဒါ မလုံလောက်ဘူးဆိုရင်တော့ မင်းဘာသာမင်း ဆက်ရှာကြည့်ပေါ့..."
ထိုသို့ ပြောပြီးနောက် သူမသည် လှည့်၍ ထွက်ခွာရန် ပြင်လိုက်၏။ ဤအခိုက်၌ ချန်လော့သည် တစ်စုံတစ်ရာကို သတိပြုမိသွားပုံရပြီး ရုတ်ခြည်း သတိဝင်လာသည်။
"ဆရာ... မေးခွန်း တစ်ခုလောက် မေးလို့ ရမလား..."
ထွက်သွားတော့မည့် လောချင်းယွီသည် ခဏတာ စဉ်းစားလိုက်သော်လည်း ခေါင်းညိတ်ပြလိုက်၏။
"မေးလေ..."
"အာ... ဘာလို့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံခဲ့တာလဲ..."
ချန်လော့၏ မေးခွန်းကို ကြားသောအခါ လောချင်းယွီမှာ အံ့အားသင့်သွားပြီး ချန်လော့ကို အံ့သြသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာ၏။
"မင်း မေးနေတဲ့ ပုံစံက ငါ မင်းကို တပည့်အဖြစ် လက်ခံခဲ့တာ တခြား ရည်ရွယ်ချက် တစ်ခုခု ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ပေါက်နေတယ်နော်"
ချန်လော့သည် အနေခက်စွာ ရယ်မောလိုက်သည်။
အကယ်၍ တကယ်ကို တပည့်တစ်ယောက် အဖြစ် လက်ခံချင်ရုံ သက်သက်ဆိုလျှင် သေသေချာချာ သင်ပေးမည် ဖြစ်သည်။ ယခုကဲ့သို့ ချန်လော့အပေါ်သို့ ပစ္စည်းများစွာ ပုံချပေးခဲ့ပြီးနောက် ကိစ္စများအားလုံးကို လက်ဆေးတော့မည့်သဖွယ် ပြုမူနေမည် မဟုတ်ပေ။
ထို့ကြောင့် ရှင်းပြစရာ အကြောင်းပြချက် တစ်ခုတည်းသာ ကျန်တော့၏။ လောချင်းယွီတွင် အခြား ရည်ရွယ်ချက်များ ရှိနေသည်။ သေချာသည်မှာ ထိုအကြီးအကဲများထံမှ ပစ္စည်းများကို လိမ်ညာယူရန် သက်သက်ဖြင့် လောချင်းယွီသည် ချန်လော့ကို ခေါ်ယူခဲ့ခြင်း ဖြစ်နိုင်ခြေ ရှိသော်လည်း ၊ သို့သော် ချန်လော့သည် ထိုဖြစ်နိုင်ခြေမှာ နည်းပါးသည်ဟု ခံစားမိ၏။
ချန်လော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ လောချင်းယွီက ပြုံးလိုက်သည်။
"မင်း ခန့်မှန်းတာ မှန်တယ်... မင်းကို တပည့်အဖြစ် လက်ခံရတဲ့ အခြား အကြောင်းရင်းတွေ ငါ့မှာ တကယ် ရှိတယ်..."
"ဒါပေမဲ့ စိတ်မပူပါနဲ့... အဲဒါက မင်းအတွက် မကောင်းတဲ့ ကိစ္စတော့ မဟုတ်လောက်ပါဘူး..."
ထိုစကားကို ကြားသောအခါ ချန်လော့တစ်ယောက် ခဏတာ စဉ်းစားခန်း ဝင်သွား၏။
"ဒါဆို... ဖြစ်နိုင်တာက..."
"သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေလေ..."
ချန်လော့၏ မေးခွန်း မဆုံးမီမှာပင် လောချင်းယွီက ကြားဖြတ် ပြောလိုက်သည်။
"အဲဒီ လျှို့ဝှက်နယ်မြေက နှစ်တစ်ရာမှာ တစ်ကြိမ်ပဲ ပွင့်တာ... နောက်တစ်ကြိမ် ပြန်ပွင့်ဖို့ ခြောက်လလောက် လိုသေးတယ်..."
"ဒါပေမဲ့ ရွှေမြုတေအဆင့်အောက် ကျင့်ကြံသူတွေပဲ အဲဒီကို ဝင်လို့ ရတယ်..."
"အဲဒီအချိန်ရောက်ရင် ဖြောင့်မတ်တာအိုဂိုဏ်းတွေရော နတ်ဆိုးဂိုဏ်းတွေကပါ သူတို့ရဲ့ အထူးချွန်ဆုံး တပည့်တွေကို လွှတ်ကြလိမ့်မယ်..."
လောချင်းယွီ၏ စကားများကို နားထောင်ပြီးနောက် ချန်လော့သည် တစ်စုံတစ်ရာကို နားလည်သွားပုံရ၏။
"ဒါဆို ဆရာက ကျွန်တော့်ကို အဲဒီထဲ ဝင်ပြီး တစ်ခုခု ရှာခိုင်းချင်တာလား..."
လောချင်းယွီသည် ပြုံး၍ ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး... ငါ့အတွက် လူတစ်ယောက် သတ်ပေးဖို့ မင်းကို လိုအပ်တာ..."
ချန်လော့သည် ခဏတာ ရပ်တန့်သွားပြီး လောချင်းယွီကို အနည်းငယ် အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။
လူသတ်ရမယ်... သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲ ဝင်ပြီး လူသတ်ရမယ်ပေါ့…
လောချင်းယွီ ပြောခဲ့သည်က လျှို့ဝှက်နယ်မြေထဲသို့ ရွှေမြုတေအဆင့်အောက် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည်ဟု ဖြစ်သည်။ တခြားစကားနှင့် ပြောရလျှင် သူသတ်ရမည့် လူသည် ချီသန့်စင်ခြင်းအဆင့် သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်သည်။
သို့သော်လည်း ထိုမျှသာ ကျင့်ကြံခြင်းအဆင့် ရှိသူတစ်ယောက်ကို သတ်ဖြတ်ရန်မှာ လောချင်းယွီအတွက် အလွန် လွယ်ကူသည်။
ဘာလို့များ ငါ့ကို အလုပ်ရှုပ်ခံပြီး ခိုင်းနေရဦးမှာလဲ။
***